ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • es25 စာ. ၇-၁၇
  • ဇန်နဝါရီ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဇန်နဝါရီ
  • ကျမ်းစာကို နေ့စဉ် ဆန်းစစ်ပါ—၂၀၂၅
  • ခေါင်းစ‎ဥ်ငယ်များ
  • ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီ ၁
  • ကြာသပတေးနေ့၊ ဇန်နဝါရီ ၂
  • သောကြာနေ့၊ ဇန်နဝါရီ ၃
  • စနေနေ့၊ ဇန်နဝါရီ ၄
  • တနင်္ဂနွေနေ့၊ ဇန်နဝါရီ ၅
  • တနင်္လာနေ့၊ ဇန်နဝါရီ ၆
  • အင်္ဂါနေ့၊ ဇန်နဝါရီ ၇
  • ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီ ၈
  • ကြာသပတေးနေ့၊ ဇန်နဝါရီ ၉
  • သောကြာနေ့၊ ဇန်နဝါရီ ၁၀
  • စနေနေ့၊ ဇန်နဝါရီ ၁၁
  • တနင်္ဂနွေနေ့၊ ဇန်နဝါရီ ၁၂
  • တနင်္လာနေ့၊ ဇန်နဝါရီ ၁၃
  • အင်္ဂါနေ့၊ ဇန်နဝါရီ ၁၄
  • ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီ ၁၅
  • ကြာသပတေးနေ့၊ ဇန်နဝါရီ ၁၆
  • သောကြာနေ့၊ ဇန်နဝါရီ ၁၇
  • စနေနေ့၊ ဇန်နဝါရီ ၁၈
  • တနင်္ဂနွေနေ့၊ ဇန်နဝါရီ ၁၉
  • တနင်္လာနေ့၊ ဇန်နဝါရီ ၂၀
  • အင်္ဂါနေ့၊ ဇန်နဝါရီ ၂၁
  • ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီ ၂၂
  • ကြာသပတေးနေ့၊ ဇန်နဝါရီ ၂၃
  • သောကြာနေ့၊ ဇန်နဝါရီ ၂၄
  • စနေနေ့၊ ဇန်နဝါရီ ၂၅
  • တနင်္ဂနွေနေ့၊ ဇန်နဝါရီ ၂၆
  • တနင်္လာနေ့၊ ဇန်နဝါရီ ၂၇
  • အင်္ဂါနေ့၊ ဇန်နဝါရီ ၂၈
  • ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီ ၂၉
  • ကြာသပတေးနေ့၊ ဇန်နဝါရီ ၃၀
  • သောကြာနေ့၊ ဇန်နဝါရီ ၃၁
ကျမ်းစာကို နေ့စဉ် ဆန်းစစ်ပါ—၂၀၂၅
es25 စာ. ၇-၁၇

ဇန်နဝါရီ

ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီ ၁

မုဆိုးမရဲ့ တစ်ဦးတည်းသောသားကို သင်္ဂြိုဟ်ဖို့ ထမ်းလာတဲ့လူတွေနဲ့ ဆုံတယ်။—လု. ၇:၁၂။

ဝမ်းနည်းပူဆွေးနေတဲ့ မုဆိုးမကို ယေရှု “မြင်” တယ်။ အဲဒီနောက် “သနားစိတ် ယိုဖိတ်လာ” တယ်။ (လု. ၇:၁၃) ယေရှု သနားစိတ် ဝင်ရုံလောက်ပဲ မဟုတ်ဘူး။ ကရုဏာ ရှိကြောင်း ပြတယ်။ “မငိုပါနဲ့တော့” ဆိုပြီး နှစ်သိမ့်ပေးတဲ့ လေသံနဲ့ ပြောတယ်။ အဲဒီနောက် မုဆိုးမရဲ့ သားကို အသက်ပြန်ရှင်စေပြီး “မိခင်ဆီ အပ်လိုက်တယ်။” (လု. ၇:၁၄၊ ၁၅) မုဆိုးမရဲ့ သားကို ရှင်ပြန်ထမြောက်ပေးတဲ့ ယေရှုရဲ့ အံ့ဖွယ်အမှုကနေ ဘာသင်ယူနိုင်သလဲ။ ဝမ်းနည်းပူဆွေးနေသူတွေကို ကရုဏာ ပြရမယ်ဆိုတာ သင်ယူရတယ်။ ဝမ်းနည်းပူဆွေးနေသူတွေကို ယေရှုလိုပဲ အကင်းပါးပါး ကရုဏာ ပြနိုင်တယ်။ ကရုဏာ ပြနိုင်တဲ့ တစ်နည်းကတော့ သူတို့ကို ကူညီပေးဖို့၊ နှစ်သိမ့်ပေးဖို့ ကိုယ့်ဘက်က အစပြုပြီး တစ်ခုခု ပြောပေး၊ လုပ်ပေးခြင်းပါ။ (ပညာ. ၁၇:၁၇။ ၂ ကော. ၁:၃၊ ၄။ ၁ ပေ. ၃:၈) နှစ်သိမ့်မှု ဖြစ်စေတဲ့ စကား တစ်ခွန်း၊ နှစ်ခွန်း ဖြစ်ပါစေ၊ အသေးအဖွဲ လုပ်ရပ် ဖြစ်ပါစေ သူတို့အတွက် အားပေးမှု ဖြစ်နိုင်တယ်။ w23.04 ၅-၆ ¶၁၃-၁၅

ကြာသပတေးနေ့၊ ဇန်နဝါရီ ၂

သူ အခုလိုဖျားတာ သေဖို့ မဟုတ်ဘူး၊ ဘုရားသခင့်ဘုန်းတော် ထင်ရှားဖို့ပဲ။—ယော. ၁၁:၄။

မိတ်ဆွေ လာဇရု ဆုံးသွားပြီဆိုတာ သိပေမဲ့ နှစ်ရက်ကြာမှ ဗေသနိရွာကို ယေရှု လာတယ်။ ဒီတော့ ယေရှု ရောက်တဲ့အချိန်မှာ လာဇရု ဆုံးတာ လေးရက် ရှိသွားပြီ။ မိတ်ဆွေတွေရဲ့ အကျိုးအတွက်၊ ဘုရားဘုန်းတော် ထင်ရှားဖို့အတွက် ယေရှု တစ်ခုခု လုပ်ပေးတော့မယ်။ (ယော. ၁၁:၆၊ ၁၁၊ ၁၇) မိတ်ဆွေစစ်ဆိုတာ ဘာကို ဆိုလိုကြောင်း ဒီမှတ်တမ်းကနေ သိရတယ်။ စဉ်းစားကြည့်ပါ– လာဇရု ဖျားတဲ့အကြောင်းပဲ ယေရှုဆီ မာရိနဲ့ မာသ သတင်းပို့တာ။ ဗေသနိရွာကို လာဖို့ မပြောဘူး။ (ယော. ၁၁:၃) လာဇရု ဆုံးသွားတော့လည်း အဝေးကနေပဲ လှမ်းပြီး ယေရှု ပြန်ထမြောက်ပေးလိုက်လို့ ရတယ်။ ဒါပေမဲ့ မိတ်ဆွေ မာရိ၊ မာသတို့နဲ့အတူ ရှိနေပေးချင်လို့ ဗေသနိရွာကို ရောက်လာတယ်။ သင့်မှာကော တောင်းဆိုစရာ မလိုဘဲ အလိုက်တသိ ကူညီပေးမယ့် မိတ်ဆွေမျိုး ရှိသလား။ ရှိတယ်ဆိုရင် “ဒုက္ခရောက်ချိန်မှာ” အားကိုးလို့ ရသူ ဖြစ်မှန်း သင် သိနေမှာပဲ။ (ပညာ. ၁၇:၁၇) ကျွန်တော်တို့လည်း ယေရှုလိုပဲ တခြားသူတွေအတွက် မိတ်ဆွေစစ် ဖြစ်ကြရအောင်။ w23.04 ၁၀ ¶၁၀-၁၁

သောကြာနေ့၊ ဇန်နဝါရီ ၃

ကတိပေးထားတဲ့ အရှင်ဟာ သစ္စာရှိ [တယ်။] —ဟီ. ၁၀:၂၃။

အခက်အခဲ ကြုံနေရချိန်အတွင်း ကမ္ဘာသစ် ရောက်ကို ရောက်မလာနိုင်တော့ဘူးလို့ ခံစားရနိုင်တယ်။ အဲဒီလိုခံစားရတာ ယုံကြည်ခြင်း အားနည်းသွားလို့လား။ မဟုတ်ပါဘူး။ ဗိုက်ဆာနေတုန်း ထမင်းအိုး တည်ထားတယ်လို့ မြင်ယောင်ကြည့်ပါ။ ‘ထမင်း ကျက်ကို မကျက်နိုင်တော့ဘူး’ လို့ ခံစားမိနိုင်တယ်။ ဒါပေမဲ့ အချိန်တန်တော့လည်း ကျက်သွားတာပါပဲ။ အဲဒီလိုပဲ၊ ကမ္ဘာသစ် ရောက်ကို မရောက်နိုင်တော့ဘူးလို့ စိတ်ပျက်အားငယ်နေချိန်တွေမှာ ခံစားမိနိုင်တယ်။ ဒါပေမဲ့ ယုံကြည်ခြင်းသာ ခိုင်မာနေမယ်ဆိုရင် အချိန်တန်တဲ့အခါ ဘုရားကတိတွေ ပြည့်စုံလာမယ်ဆိုတာ စိတ်ချနေမှာပဲ။ (ဆာ. ၉၄:၃၊ ၁၄၊ ၁၅။ ဟီ. ၆:၁၇-၁၉) အဲဒီလို စိတ်ချလို့ ဝတ်ပြုရေးကို ဘဝမှာ ဆက်ဦးစားထားနိုင်ကြတယ်။ ခိုင်မာတဲ့ ယုံကြည်ခြင်း ရှိဖို့ လိုတဲ့ နောက်ကဏ္ဍ တစ်ခုကတော့ ဟောပြောခြင်း လုပ်ငန်းပါ။ ကမ္ဘာသစ် ရောက်လာတော့မယ်ဆိုတဲ့ “သတင်းကောင်း” က လက်တွေ့မကျဘူးလို့ လူတွေ တွေးနိုင်တယ်။ (မ. ၂၄:၁၄။ ယေဇ. ၃၃:၃၂) သူတို့လို မတွေးမိဖို့ ကျွန်တော်တို့ သတိထားရမယ်။ ယုံကြည်ခြင်း ခိုင်မာနေမှ အဲဒီလို မတွေးမိမှာ။ w23.04 ၂၇ ¶၆-၇။ ၂၈ ¶၁၄

စနေနေ့၊ ဇန်နဝါရီ ၄

တောင်းလျှောက်တဲ့အရာတွေ ရမယ်ဆိုတာကို . . . ယုံကြည်စိတ်ချတယ်။—၁ ယော. ၅:၁၅။

ကိုယ့်ဆုတောင်းချက်တွေကို ယေဟောဝါ ဖြေပေးနေမနေ ဇဝေဇဝါ ဖြစ်ဖူးသလား။ ညီအစ်ကို/မများစွာ ဇဝေဇဝါ ဖြစ်ဖူးကြတယ်။ အထူးသဖြင့်၊ အခက်အခဲ ကြုံရချိန်မှာ ဆုတောင်းချက်တွေကို ဘုရား ဘယ်လို ဖြေပေးနေသလဲဆိုတာ သတိထားမိဖို့ ခက်တတ်တယ်။ ဝတ်ပြုသူတွေရဲ့ ဆုတောင်းချက်တွေကို ယေဟောဝါ ဖြေပေးတယ်ဆိုတာ ဘာကြောင့် ယုံကြည်စိတ်ချနိုင်သလဲ။ ကျွန်တော်တို့ကို ယေဟောဝါ သိပ်ချစ်ပြီး တန်ဖိုးထားတယ်။ (ဟဂ္ဂဲ ၂:၇။ ၁ ယော. ၄:၁၀) မိမိနဲ့ ရင်းနှီးနေဖို့၊ အခက်အခဲတွေ ခံရပ်နိုင်ဖို့ ကူညီပေးချင်တယ်။ ဒါကြောင့် အကူအညီ ရဖို့ မိမိဆီ ဆုတောင်းစေချင်တာ။ (၁ ပေ. ၅:၆၊ ၇) ဝတ်ပြုသူတွေရဲ့ ဆုတောင်းချက်တွေကို ယေဟောဝါ ဖြေပေးကြောင်း ကျမ်းစာမှာ မကြာခဏ ဖတ်ရတယ်။ ဥပမာတစ်ခုလောက် စဉ်းစားကြည့်နိုင်မလား။ w23.05 ၈ ¶၁-၄

တနင်္ဂနွေနေ့၊ ဇန်နဝါရီ ၅

မာရိက “ယေဟောဝါဘုရားကို ကျွန်မ ဂုဏ်တင် ချီးမွမ်းပါတယ်။”—လု. ၁:၄၆။

မာရိဟာ ယေဟောဝါနဲ့ ဆက်ဆံရေးကောင်း ရှိဖို့ ယောသပ်ကို မှီမနေဘူး။ ကိုယ်တိုင် ကြိုးစားတယ်။ ကျမ်းစာ နှံ့စပ်တယ်။ အချိန်ယူ တွေးတောဆင်ခြင်တယ်။ (လု. ၂:၁၉၊ ၅၁) ဘုရားနဲ့ ဆက်ဆံရေးကောင်း ရှိလို့ မာရိ ဇနီးကောင်း ဖြစ်နေတာ။ ဒီနေ့ခေတ် ဇနီး တော်တော်များများ မာရိကို အတုယူကြတယ်။ “အိမ်ထောင် မကျခင်က ကိုယ့်ဘာသာ ဆုတောင်း၊ ကျမ်းစာ ဖတ်၊ တွေးတောဆင်ခြင်တယ်။ အိမ်ထောင်လည်း ကျရော ခင်ပွန်းကပဲ ဆုတောင်းပေး၊ ဝတ်ပြုရေးမှာ ဦးဆောင်ပေးတာဆိုတော့ ဒီကဏ္ဍတွေမှာ သူ့ကို မှီလာမိတယ်။ ဒါပေမဲ့ ဘုရားရေးရာနဲ့ပတ်သက်လာရင် ကိုယ့်ဝန်ကိုယ် ထမ်းရမယ်ဆိုတာ ကျွန်မ သဘောပေါက်လာတယ်။ ဒါကြောင့် အခုဆိုရင် တစ်ယောက်တည်း ဆုတောင်း၊ ကျမ်းစာ ဖတ်၊ တွေးတောဆင်ခြင်ဖို့ အချိန် ဖယ်ထားလိုက်ပြီ” လို့ ညီအစ်မ အဲမီကို ပြောတယ်။ (ဂလ. ၆:၅) ဇနီးတို့၊ ယေဟောဝါနဲ့ ဆက်ဆံရေး ပိုခိုင်မြဲလေ သင့်ကို ခင်ပွန်း ချစ်လေ၊ သင့်အတွက် ဂုဏ်ယူလေ ဖြစ်နေမှာ။—ပညာ. ၃၁:၃၀။ w23.05 ၂၁ ¶၆

တနင်္လာနေ့၊ ဇန်နဝါရီ ၆

ယေဟောဝါကို ကြောက်ရွံ့တတ်အောင် သင်ပေးမယ်။—ဆာ. ၃၄:၁၁။

ယေဟောဝါကို ကြောက်ရွံ့တဲ့ စိတ်ဟာ မွေးရာပါ မဟုတ်ဘူး။ ကြောက်တတ်လာအောင် သင်ယူရတာမျိုး။ သင်ယူနိုင်တဲ့ တစ်နည်းကတော့ ဖန်ဆင်းရာတွေအကြောင်း တွေးတောခြင်းပါ။ “ဖန်ဆင်းထားရာတွေ” မှာ ပေါ်လွင်နေတဲ့ ဘုရားရဲ့ ဉာဏ်ပညာ၊ တန်ခိုး၊ မေတ္တာကို မြင်လာလေ ဘုရားကို ပိုချစ်၊ ပိုလေးစားလာလေပဲ။ (ရော. ၁:၂၀) ဘုရားကို ကြောက်ရွံ့တတ်လာဖို့ ကူညီပေးမယ့် နောက်တစ်နည်းကတော့ မှန်မှန် ဆုတောင်းခြင်းပါ။ ဆုတောင်းလေ ယေဟောဝါကို တကယ့် ပုဂ္ဂိုလ်အဖြစ် မြင်လာလေပဲ။ ဥပမာ၊ အခက်အခဲတွေ ခံရပ်နိုင်အောင် ခွန်အားပေးပါလို့ ဆုတောင်းတာဟာ ယေဟောဝါ သိပ်တန်ခိုးကြီးကြောင်း ကိုယ့်ကိုယ်ကိုယ် သတိပေးရာ ရောက်တယ်။ ရွေးဖိုး လက်ဆောင်အတွက် ကျေးဇူးတင်ကြောင်း ဆုတောင်းတာက ကိုယ့်ကို ယေဟောဝါ သိပ်ချစ်တယ်ဆိုတာ အမှတ်ရစေတယ်။ ပြဿနာ ဖြေရှင်းနိုင်ဖို့ ကူညီပေးပါလို့ ဆုတောင်းတာဟာ ယေဟောဝါ ဉာဏ်ပညာ ကြီးမားကြောင်း အသိအမှတ်ပြုရာ ရောက်တယ်။ ဒီလိုဆုတောင်းချက်တွေက ယေဟောဝါကို ပိုလေးစားလာစေတယ်။ ဘုရားနဲ့ ဆက်ဆံရေး ထိခိုက်စေမယ့် ဘယ်အရာမဆို ရှောင်ဖို့ ဆုံးဖြတ်ချက် ပိုခိုင်မာလာစေတယ်။ w23.06 ၁၅ ¶၆-၇

အင်္ဂါနေ့၊ ဇန်နဝါရီ ၇

ယေဟောဝါဟာ ပညတ်ပြဋ္ဌာန်းရှင် . . . ပဲ။ —ဟေရှာ. ၃၃:၂၂။

အကြီးမြတ်ဆုံး ပညတ်ပြဋ္ဌာန်းရှင် ယေဟောဝါက မိမိလူမျိုးကို ပညတ်တွေ အမြဲ ရှင်းရှင်းလင်းလင်း ပေးတယ်။ ဥပမာ၊ ခရစ်ယာန်တွေ ပြတ်ပြတ်သားသား ရပ်တည်ရမယ့် ကဏ္ဍ သုံးခုကို ပထမရာစု အုပ်ချုပ်ရေး အဖွဲ့ကတစ်ဆင့် ဖော်ပြတယ်။ (၁) ရုပ်တုကိုးကွယ်မှုကို ရှောင်ပြီး ယေဟောဝါ တစ်ပါးတည်းကိုပဲ ကိုးကွယ်ဖို့၊ (၂) သွေးရဲ့ မြင့်မြတ်မှုကို လေးစားဖို့၊ (၃) ကျမ်းစာပါ မြင့်မားတဲ့ ကိုယ်ကျင့်တရား စံနှုန်းကို လိုက်နာဖို့ ဖြစ်တယ်။ (တ. ၁၅:၂၈၊ ၂၉) ဒီကဏ္ဍ သုံးခုမှာ ဒီနေ့ခေတ် ခရစ်ယာန်တွေ ဘယ်လို ပြတ်ပြတ်သားသား ရပ်တည်နိုင်သလဲ။ ရုပ်တု မကိုးကွယ်ခြင်း၊ ယေဟောဝါ တစ်ပါးတည်းကိုပဲ ကိုးကွယ်ခြင်းအားဖြင့်ပါ။ မိမိတစ်ပါးတည်းကိုပဲ ကိုးကွယ်ဆည်းကပ်ဖို့ အစ္စရေးလူမျိုးကို ဘုရား ပညတ်ထားတယ်။ (တရား. ၅:၆-၁၀) ဒါ့အပြင် မာရ်နတ် လာသွေးဆောင်တုန်းက ယေဟောဝါကိုပဲ ကိုးကွယ်ရမယ့်အကြောင်း ယေရှု ရှင်းရှင်းလင်းလင်း ပြန်ပြောတယ်။ (မ. ၄:၈-၁၀) ဒါကြောင့် ကျွန်တော်တို့ ရုပ်တု မကိုးကွယ်ကြဘူး။ ဘာသာရေး ခေါင်းဆောင်၊ နိုင်ငံရေးသမား၊ အားကစားလောက၊ ဖျော်ဖြေရေးလောက အကျော်အမော်တွေကို ဘုရားလို ကိုးကွယ်လုမတတ် မဖြစ်ကြဘူး။ ‘အရာခပ်သိမ်း ဖန်ဆင်းရှင်’ ယေဟောဝါ ကိုပဲ ကိုးကွယ်ကြတယ်။—ဗျာဒိတ် ၄:၁၁။ w23.07 ၁၄-၁၅ ¶၃-၄

ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီ ၈

ယေဟောဝါကို ကြောက်ရွံ့ရိုသေခြင်းက မကောင်းမှုကို ရှောင်စေတယ်။—ပညာ. ၁၆:၆။

လိင်မှု၊ ညစ်ညမ်းရုပ်ပုံတွေနဲ့ပတ်သက်လာရင် စာတန့်လောက ငမ်းငမ်းတက် ဖြစ်နေတယ်။ (ဧ. ၄:၁၉) ဒါကြောင့် ကျွန်တော်တို့ ဘုရားကို အမြဲ ကြောက်ရွံ့ရိုသေဖို့၊ မကောင်းမှု ရှောင်ဖို့ သိပ်အရေးကြီးတယ်။ ပညာအလိမ္မာ အခန်းကြီး ၉ မှာ မိန်းမနှစ်ယောက်အကြောင်း ဖော်ပြထားတယ်။ တစ်ယောက်က ဉာဏ်ပညာ၊ နောက်တစ်ယောက်က မိုက်မဲမှုကို ကိုယ်စားပြုတယ်။ အိမ်ကို လာပြီး စားသောက်ဖို့ အတွေ့အကြုံ မရှိသူ၊ “ဆင်ခြင်ဉာဏ် မရှိသူတွေ” ကို မိန်းမနှစ်ယောက်စလုံး လိုက်ခေါ်ကြတယ်။ (ပညာ. ၉:၁၊ ၄-၆) ဒါပေမဲ့ လိုက်သွားရင် ရမယ့် အကျိုးဆက် တော်တော်လေး ကွာတယ်။ “မိုက်မဲတဲ့ မိန်းမ” ရဲ့ ဖိတ်ခေါ်ချက်အကြောင်း သုံးသပ်ကြည့်ပါ။ (ပညာ. ၉:၁၃-၁၈) အိမ်ကို လာပြီး စားသောက်ဖို့ ဆင်ခြင်ဉာဏ် မရှိသူတွေကို အရှက်မရှိ လိုက်ခေါ်တယ်။ ခေါ်ရာနောက် လိုက်သူတွေ ဘာဖြစ်သွားသလဲ။ “အစွမ်းမရှိတော့တဲ့ လူသေတွေ သူ့အိမ်မှာ ရှိနေ” တယ်တဲ့။ ပညာအလိမ္မာ ၂:၁၁-၁၉ မှာ “ထင်ရာစိုင်းတဲ့ မိန်းမ၊” “မိန်းမပျက်” အကြောင်း၊ “သူ့အိမ်က သေတွင်းထဲ နစ်ဝင်နေ” ကြောင်း သတိပေးထားတယ်။ ပညာအလိမ္မာ ၅:၃-၁၀ မှာလည်း “ထင်ရာစိုင်းတဲ့ မိန်းမ” နောက်တစ်ယောက်အကြောင်း ပါတယ်။ “သူ့ခြေက သေမင်းဆီ ဆင်းသွားတယ်” လို့ သတိပေးထားတယ်။ w23.06 ၂၂ ¶၆-၇

ကြာသပတေးနေ့၊ ဇန်နဝါရီ ၉

ခင်ဗျားတို့ရဲ့ အကျိုးသင့်အကြောင်းသင့်သဘောကို လူတိုင်း သိမြင်စေပါ။—ဖိ. ၄:၅။

အကြီးအကဲတွေဟာ အကျိုးသင့်အကြောင်းသင့် ရှိရာမှာ စံနမူနာကောင်း ပြရမယ်။ (၁ တိ. ၃:၂၊ ၃) ဥပမာ၊ တခြားအကြီးအကဲတွေထက် အသက်ပိုကြီးတာနဲ့ပဲ ကိုယ့်အမြင်ကို အမြဲ လက်ခံကြမယ်လို့ မမျှော်လင့်သင့်ဘူး။ အကြီးအကဲအဖွဲ့ ပညာရှိ ဆုံးဖြတ်ချက်တွေ ချဖို့ အထောက်အကူ ပြုမယ့် အချက်တစ်ခုခု ပြောနိုင်အောင် အဖွဲ့ထဲက ဘယ်သူ့ကိုမဆို စွမ်းအားတော် လှုံ့ဆော်ပေးနိုင်တယ်ဆိုတာ သဘောပေါက်သင့်တယ်။ ကိုယ့်သဘောထား၊ အမြင်နဲ့ မတူရင်တောင် ကျမ်းစာမူနဲ့ မငြိသရွေ့ အကြီးအကဲ အဖွဲ့ဝင် အများစု သဘောတူတဲ့ ဆုံးဖြတ်ချက်ကို လိုလိုလားလား ထောက်ခံသင့်တယ်။ ခရစ်ယာန်တွေ အကျိုးသင့်အကြောင်းသင့် ရှိတဲ့အခါ ကောင်းချီး အများကြီး ရတယ်။ ညီအစ်ကို/မတွေနဲ့ ဆက်ဆံရေး ပိုကောင်းလာတယ်။ အသင်းတော် ငြိမ်သက်တယ်။ ယေဟောဝါရဲ့ အဖွဲ့အစည်းမှာ စရိုက်၊ ယဉ်ကျေးမှု ပေါင်းစုံ ရှိတာကို ကျွန်တော်တို့ နှစ်သက်ကြတယ်။ တစ်ယောက်နဲ့ တစ်ယောက် မတူပေမဲ့ စည်းလုံးတဲ့ မိသားစုအဖြစ် ယေဟောဝါကို ဝတ်ပြုနေရတာ အခွင့်ထူးပါပဲ။ ဒါ့အပြင် အကျိုးသင့်အကြောင်းသင့် ရှိတဲ့ ဘုရား ယေဟောဝါကို ကြိုးစားတုပနေတယ်ဆိုတဲ့ အသိက ကျေနပ်ပျော်ရွှင်စေတယ်။ w23.07 ၂၅ ¶၁၆-၁၇

သောကြာနေ့၊ ဇန်နဝါရီ ၁၀

ထိုးထွင်းဉာဏ် ရှိသူတွေကတော့ နားလည် လိမ့်မယ်။—ဒံ. ၁၂:၁၀။

အမှန်တရား သိဖို့ဆိုတဲ့ သဘောထားမှန်နဲ့ ကျမ်းစာ ကြိုဟောချက်တွေ ဒံယေလ လေ့လာတယ်။ နှိမ့်ချမှုလည်း ရှိတယ်။ ဘုရားကို သိကျွမ်းသူ၊ ဘုရားရဲ့ သန့်ရှင်းတဲ့ စံနှုန်းတွေအတိုင်း နေသူကို ကြိုဟောချက်တွေ နားလည်ဖို့ ဘုရား ကူညီပေးမယ်ဆိုတာ သိတယ်။ (ဒံ. ၂:၂၇၊ ၂၈) အကူအညီ ရဖို့ ယေဟောဝါကို အားကိုးခြင်းအားဖြင့် နှိမ့်ချမှု ရှိကြောင်း ပြတယ်။ (ဒံ. ၂:၁၈) ဒါ့အပြင် နှံ့နှံ့စပ်စပ် လေ့လာတယ်။ သူ့ခေတ်သူ့အခါမှာ ရနိုင်တဲ့ ကျမ်းစောင်တွေကနေ ရှာဖွေလေ့လာတယ်။ (ယေ. ၂၅:၁၁၊ ၁၂။ ဒံ. ၉:၂) ဒံယေလကို ဘယ်လို အတုယူနိုင်သလဲ။ ကိုယ့်သဘောထားကို ဆန်းစစ်ပါ။ ကျမ်းစာ ကြိုဟောချက်တွေ သင် ဘာကြောင့် လေ့လာသလဲ။ အမှန်တရား တကယ် သိချင်လို့လား။ ဒါဆိုရင် ယေဟောဝါ ကူညီပေးလိမ့်မယ်။ (ယော. ၄:၂၃၊ ၂၄။ ၁၄:၁၆၊ ၁၇) တချို့ကျတော့ ကျမ်းစာဟာ ဘုရားဆီက လာတာ မဟုတ်ဘူးဆိုပြီး ထောက်ပြချင်လို့ လေ့လာကြတာ။ ကျမ်းစာဟာ ဘုရားဆီက လာတာ မဟုတ်ဘူးဆိုမှ အမှားအမှန် သူတို့ဘာသာ စိတ်ကြိုက် ဆုံးဖြတ်နိုင်ကြမှာကိုး။ ကျွန်တော်တို့ကတော့ သဘောထားမှန် ရှိရမယ်။ w23.08 ၉-၁၀ ¶၇-၈

စနေနေ့၊ ဇန်နဝါရီ ၁၁

စိတ်ဓာတ်ကျနေရင် အားလျော့သွားလိမ့်မယ်။—ပညာ. ၂၄:၁၀။

တခြားသူတွေနဲ့ လိုက်ယှဉ်ရင် ကိုယ်ပဲ ဝန်ပိမယ်။ (ဂလ. ၆:၄) မနာလိုစိတ်၊ အပြိုင်အဆိုင်စိတ်တွေ ဝင်လာမယ်။ (ဂလ. ၅:၂၆) တခြားသူတွေ လုပ်တာ မြင်တာနဲ့ပဲ ကိုယ့်အစွမ်းအစ၊ အခြေအနေနဲ့ လက်လှမ်းမမီတာတွေ လိုက်လုပ်ရင် မနိုင်ဝန် ထမ်းရာ ရောက်မယ်။ “မျှော်လင့်နေတဲ့အရာက ကြန့်ကြာနေရင် စိတ်အားလျော့စေတယ်” လို့ ကျမ်းစာမှာ ဆိုထားတယ်။ (ပညာ. ၁၃:၁၂) ဖြစ်နိုင်တာတွေတောင် မျှော်ရတာ ကြာလို့ စိတ်အားလျော့စေတတ်တယ်ဆိုရင် မဖြစ်နိုင်တာတွေ မျှော်လင့်တာ ပိုစိတ်အားလျော့စေနိုင်တယ်။ စိတ်ပင်ပန်းပြီး အသက်ပြေးပွဲမှာ အရှိန်လျော့လာစေနိုင်တယ်။ ကိုယ့်ဆီကနေ ယေဟောဝါတောင် မတောင်းဆိုတဲ့အရာတွေကို ကိုယ့်ကိုယ်ကိုယ် မတောင်းဆိုပါနဲ့။ မတတ်နိုင်တာ ပေးဖို့ ဘုရား မတောင်းဆိုဘူး။ (၂ ကော. ၈:၁၂) သင့်ကို တခြားသူတွေနဲ့ မယှဉ်ဘူး။ (မ. ၂၅:၂၀-၂၃) သင် စိတ်နှလုံး အကြွင်းမဲ့ အမှုဆောင်တာ၊ သင် သစ္စာရှိတာ၊ သင် ခံနိုင်ရည် ရှိတာကို တန်ဖိုးထားတယ်။ w23.08 ၂၉ ¶၁၀-၁၁

တနင်္ဂနွေနေ့၊ ဇန်နဝါရီ ၁၂

ကျွန်တော် ရေငတ်သေ . . . ရတော့မှာလား။ —သူကြီး. ၁၅:၁၈။

အံ့ဖွယ်နည်းနဲ့ ရေ ရအောင် လုပ်ပေးခြင်းအားဖြင့် ရှံဆုန်ရဲ့ ဆုတောင်းချက်ကို ယေဟောဝါ ဖြေပေးတယ်။ ရေသောက်ပြီးနောက် ရှံဆုန် “အားပြည့်လန်းဆန်းလာတယ်။” (သူကြီး. ၁၅:၁၉) နောက်ပိုင်း နှစ်အတော်ကြာ တရားသူကြီးကျမ်းကို ပရောဖက် ရှမွေလ ရေးတဲ့အချိန်ထိ ဒီစမ်းရေတွင်း ရှိတုန်းပဲ။ ယေဟောဝါကိုသာ အားကိုးရင် လိုအပ်ချိန်မှာ ကူညီပေးမယ်ဆိုတာ ဒီစမ်းရေတွင်း တွေ့တိုင်း အစ္စရေးတွေ အမှတ်ရနေကြမှာ။ ကျွန်တော်တို့လည်း ဘာအစွမ်းအစပဲ ရှိပါစေ၊ အမှုတော်မှာ ဘာကြီးပဲ လုပ်နိုင်ပါစေ ကျိုးနွံရမယ်။ ဘုရားကို အားကိုးရမယ်။ ဘုရားကို အားကိုးမှပဲ စစ်မှန်တဲ့ အောင်မြင်မှု ရမယ်ဆိုတာ အသိအမှတ်ပြုရမယ်။ ယေဟောဝါ ပြင်ဆင်ပေးတဲ့ ရေ သောက်ပြီးနောက် ရှံဆုန် အားပြည့်လာသလို ကျွန်တော်တို့လည်း ယေဟောဝါ ပြင်ဆင်ပေးတာတွေကနေ အကျိုးရယူမယ်ဆိုရင် ဘုရားရေးရာမှာ အားပြည့်လန်းဆန်းလာမယ်။—မ. ၁၁:၂၈။ w23.09 ၄ ¶၈-၁၀

တနင်္လာနေ့၊ ဇန်နဝါရီ ၁၃

ညင်ညင်သာသာ ပြန်ပြောတဲ့ စကားက ဒေါသကို ပြေစေတယ်။ ကြမ်းတမ်းတဲ့ စကားကတော့ ဒေါသကို ဆွပေးတယ်။—ပညာ. ၁၅:၁။

ယေဟောဝါအကြောင်း တစ်ယောက်ယောက် မကောင်းပြောတာ၊ ကျမ်းစာကို သရော်တာလိုမျိုး ခံပြင်းစရာ အခြေအနေ ကြုံရရင် ဘာလုပ်နိုင်သလဲ။ သိမ်သိမ်မွေ့မွေ့ တုံ့ပြန်နိုင်ဖို့ စွမ်းအားတော်နဲ့ ဉာဏ်ပညာကို ယေဟောဝါဆီ တောင်းခံပါ။ သိမ်သိမ်မွေ့မွေ့ မတုံ့ပြန်မိဘူးဆိုရင်ကော။ ဒီအကြောင်း ဘုရားဆီ ဆုတောင်းပြောပြပါ။ နောက်တစ်ခါ ဘယ်လို နူးညံ့သိမ်မွေ့နိုင်မလဲ စဉ်းစားပါ။ ဒေါသ ထိန်းနိုင်ဖို့၊ နူးညံ့သိမ်မွေ့နိုင်ဖို့ သန့်ရှင်းသော စွမ်းအားတော်ကို ယေဟောဝါ ပေးပါလိမ့်မယ်။ နှုတ်စောင့်စည်းဖို့ ကူညီပေးနိုင်တဲ့ ကျမ်းပိုဒ် အများကြီး ရှိတယ်။ အဲဒီကျမ်းပိုဒ်တွေ မှတ်မိဖို့ စွမ်းအားတော် ကူညီပေးနိုင်တယ်။ (ယော. ၁၄:၂၆) ဥပမာ၊ နူးညံ့သိမ်မွေ့တတ်လာဖို့ ကူညီပေးနိုင်တဲ့ အခြေခံမူတွေ ပညာအလိမ္မာကျမ်းမှာ ပါတယ်။ (ပညာ. ၁၅:၁၈) ခံပြင်းစရာ အခြေအနေမှာ ကိုယ်နှုတ်စောင့်စည်းရင် ရမယ့် အကျိုးကျေးဇူးတွေကိုလည်း ဖော်ပြထားတယ်။—ပညာ. ၁၀:၁၉။ ၁၇:၂၇။ ၂၁:၂၃။ ၂၅:၁၅။ w23.09 ၁၅ ¶၆-၇

အင်္ဂါနေ့၊ ဇန်နဝါရီ ၁၄

ဒီအကြောင်းတွေနဲ့ပတ်သက်ပြီး ခင်ဗျားတို့ကို အမြဲတမ်း သတိပေးချင်တယ်။—၂ ပေ. ၁:၁၂။

တမန်တော် ပေတရု နှစ်ပေါင်းများစွာ သစ္စာရှိရှိ အမှုဆောင်တယ်။ ယေရှုနဲ့အတူ လိုက်ဟောတယ်။ လူမျိုးခြားတွေကို ဟောဖို့ လမ်းဖောက်တယ်။ နောက်ပိုင်းမှာ အုပ်ချုပ်ရေး အဖွဲ့ဝင် ဖြစ်လာတယ်။ ဘဝ နေဝင်ချိန် ရောက်တော့မယ်ဆိုတာ သိလိုက်ရတဲ့ အေဒီ ၆၂-၆၄ လောက်မှာပဲ ယေဟောဝါဘုရားဆီကနေ နောက်ထပ် တာဝန် ရတယ်။ ပေတရု ပထမစောင်နဲ့ ဒုတိယစောင် ရေးဖို့ပါ။ (၂ ပေ. ၁:၁၃-၁၅) ဒီစာနှစ်စောင်ကို ပေတရု ရေးတဲ့အချိန်အကြောင်း စဉ်းစားကြည့်ပါ။ ညီအစ်ကို/မတွေ “စမ်းသပ်မှု အမျိုးမျိုး ကြုံ” နေကြရတယ်။ (၁ ပေ. ၁:၆) သွန်သင်ချက် အမှားတွေ၊ မသန့်ရှင်းတဲ့ အမူအကျင့်တွေ ခရစ်ယာန် အသင်းတော်ထဲ ရောက်လာအောင် ဆိုးညစ်သူတွေ လုပ်နေကြတယ်။ (၂ ပေ. ၂:၁၊ ၂၊ ၁၄) ဒါ့အပြင် “အရာခပ်သိမ်းရဲ့ အဆုံး” ကို ဂျေရုဆလင်မြို့က ခရစ်ယာန်တွေ ရင်ဆိုင်ကြရတော့မယ်။ အဲဒါကတော့ ဂျေရုဆလင်မြို့နဲ့ ဗိမာန်တော်ကို ရောမစစ်တပ် ဖျက်ဆီးပစ်မယ့်အချိန်ပါ။ (၁ ပေ. ၄:၇) လက်ရှိ စမ်းသပ်မှုတွေ ခံရပ်နိုင်အောင်၊ အနာဂတ် စမ်းသပ်မှုတွေအတွက် အသင့်ဖြစ်နေအောင် ဘာလုပ်ရမလဲဆိုတာ သိဖို့ ပေတရုရဲ့ စာတွေက ခရစ်ယာန်တွေကို ကူညီပေးခဲ့မှာ သေချာတယ်။ w23.09 ၂၆ ¶၁-၂

ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီ ၁၅

ဆင်းရဲဒုက္ခခံခြင်းအားဖြင့် နာခံတတ်ဖို့ [ခရစ်တော်] သင်ယူခဲ့တယ်။—ဟီ. ၅:၈။

ယေရှုလိုပဲ ကျွန်တော်တို့လည်း အကျဉ်းထဲ အကျပ်ထဲ ရောက်ချိန်မှာ နာခံတတ်ဖို့ သင်ယူရနိုင်တယ်။ ကိုဗစ်-၁၉ ကပ်ရောဂါ စတော့ နိုင်ငံတော်ခန်းမမှာ မစည်းဝေးဖို့၊ တစ်အိမ်တက်ဆင်း မသွားဖို့ လမ်းညွှန်တုန်းက နာခံဖို့ ခက်ခဲ့သလား။ ခက်ပေမဲ့ နာခံခဲ့လို့ သင် ကာကွယ်ခံရတယ်။ အသင်းတော် စည်းလုံးတယ်။ ယေဟောဝါ စိတ်ရွှင်လန်းတယ်။ ကြီးစွာသောဒုက္ခအတွင်း ဘာလမ်းညွှန်ချက်ပဲ ရရ နာခံတတ်ဖို့ အကျင့်ရသွားပြီ။ နာခံမှ ကယ်တင်ခံရမှာ။ (ယောဘ ၃၆:၁၁) ယေဟောဝါကို ကျွန်တော်တို့ နာခံရတဲ့ အဓိက အကြောင်းရင်းက ချစ်လို့၊ စိတ်ရွှင်လန်းစေချင်လို့ပဲ။ (၁ ယော. ၅:၃) ယေဟောဝါ လုပ်ပေးတဲ့ ကောင်းမှုအားလုံးအတွက် ကျေးဇူးဆပ်လို့ မကုန်နိုင်ဘူး။ (ဆာ. ၁၁၆:၁၂) ဒါပေမဲ့ သင် လုပ်နိုင်တာ ရှိတယ်။ ယေဟောဝါနဲ့ အခွင့်အာဏာ ရှိသူတွေကို နာခံနိုင်တယ်။ နာခံတာက ဉာဏ်ပညာ ရှိကြောင်း ပြနေတာပဲ။ ဉာဏ်ပညာ ရှိတဲ့အခါ ယေဟောဝါ စိတ်ရွှင်လန်းတယ်။—ပညာ. ၂၇:၁၁။ w23.10 ၁၁ ¶၁၈-၁၉

ကြာသပတေးနေ့၊ ဇန်နဝါရီ ၁၆

ကောင်းကင်၊ မြေကြီး . . . ဖန်ဆင်းတဲ့ အရှင်ကို ကိုးကွယ်ကြပါ။—ဗျာ. ၁၄:၇။

ကောင်းကင်တမန် တစ်ခုခု လာပြောတယ်ဆိုရင် နားထောင်မလား။ ဒီနေ့၊ “လူမျိုး၊ လူမျိုးနွယ်၊ ဘာသာစကားအမျိုးမျိုး ပြောတဲ့ လူတွေ၊ လူစုတွေကို” ကောင်းကင်တမန်တစ်ပါး ပြောနေတယ်။ ‘ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး ဘုန်းတော်ကို ချီးမွမ်းကြဖို့၊ ကောင်းကင်၊ မြေကြီး ဖန်ဆင်းတဲ့အရှင်ကို ကိုးကွယ်ကြဖို့’ ပါ။ (ဗျာ. ၁၄:၆၊ ၇) ယေဟောဝါဟာ လူတိုင်း ဝတ်ပြုကိုးကွယ်သင့်တဲ့ တစ်ဆူတည်းသော ဘုရားစစ် ဘုရားမှန် ဖြစ်တယ်။ ဒီလိုဘုရားမျိုးကို ကြီးမြတ်တဲ့ ပုံဆောင် ဗိမာန်တော်မှာ ဝတ်ပြုခွင့် ရတာ ကျေးဇူးတင်စရာပဲ။ ပုံဆောင် ဗိမာန်တော်ဆိုတာ ဘာလဲ။ အသေးစိတ် ဘယ်မှာ ရှင်းပြထားသလဲ။ ပုံဆောင် ဗိမာန်တော်ဆိုတာ ပကတိ အဆောက်အအုံ မဟုတ်ဘူး။ ယေရှုရဲ့ ရွေးဖိုး ပူဇော်သက္ကာကို အခြေခံပြီး ဘုရား နှစ်သက်လက်ခံတဲ့ နည်းနဲ့ ဝတ်ပြုနိုင်အောင် ပြင်ဆင်ပေးထားတဲ့ အစီအစဉ်ပါ။ ယုဒပြည်က ပထမရာစု ဟီဘရူး ခရစ်ယာန်တွေဆီ ရေးတဲ့ စာမှာ တမန်တော် ပေါလု ဒီအကြောင်း ရှင်းပြထားတယ်။ w23.10 ၂၄ ¶၁-၂

သောကြာနေ့၊ ဇန်နဝါရီ ၁၇

ယေဟောဝါ ပြောတာက “ဒါတွေအားလုံးဟာ စစ်အင်အားကြောင့် မဟုတ်ဘူး။ တန်ခိုးအာဏာကြောင့်လည်း မဟုတ်ဘူး။ ငါ့စွမ်းအားတော်ကြောင့်သာ ဖြစ်လာလိမ့်မယ်။”—ဇာ. ၄:၆။

ဘီစီ ၅၂၂ မှာ ဗိမာန်တော် ပြန်ဆောက်တဲ့ အလုပ်ကို ပိတ်ပင်ဖို့ အစိုးရကို ဂျူးတွေရဲ့ ရန်သူတွေ သွေးထိုးတာ အောင်မြင်သွားတယ်။ ဒါပေမဲ့ တန်ခိုးကြီး စွမ်းအားတော် သုံးပြီး အခက်အခဲမှန်သမျှ ယေဟောဝါ ဖယ်ရှားမယ်လို့ ဂျူးတွေကို ဇာခရိ အားပေးတယ်။ တကယ်လည်း ဗိမာန်တော် ပြန်ဆောက်တဲ့ လုပ်ငန်း ပိတ်ပင်ထားတာကို ဘီစီ ၅၂၀ မှာ ဒါရိမင်း ရုပ်သိမ်းလိုက်တယ်။ ငွေကြေး ထောက်ပံ့ပေးတယ်။ ဝိုင်းဝန်းထောက်မပေးဖို့ ဒေသခံ အာဏာပိုင်တွေကို အမိန့်ပေးတယ်။ (ဧဇ. ၆:၁၊ ၆-၁၀) ဗိမာန်တော် ပြန်ဆောက်တဲ့ အလုပ်ကို ဦးစားထားရင် ထောက်မပေးမယ်လို့ ဟဂ္ဂဲနဲ့ ဇာခရိကတစ်ဆင့် ယေဟောဝါ ကတိပေးတယ်။ (ဟဂ္ဂဲ ၁:၈၊ ၁၃၊ ၁၄။ ဇာ. ၁:၃၊ ၁၆) ပရောဖက်တွေရဲ့ အားပေးမှုကြောင့် ဘီစီ ၅၂၀ မှာ ပြည်တော်ပြန် ဂျူးတွေ ဗိမာန်တော် ဆောက်တဲ့ အလုပ် ပြန်စကြတယ်။ ငါးနှစ် မပြည့်ခင်မှာပဲ ဆောက်ပြီးသွားတယ်။ အခက်အခဲတွေ ရှိပေမဲ့ ဘုရားရဲ့ လုပ်ငန်းကို ဦးစားထားတဲ့အတွက် ယေဟောဝါ ကူညီပေးတယ်။ ဒါကြောင့် ယေဟောဝါကို ရွှင်ရွှင်လန်းလန်း ဝတ်ပြုလာနိုင်ကြတယ်။—ဧဇ. ၆:၁၄-၁၆၊ ၂၂။ w23.11 ၁၅ ¶၆-၇

စနေနေ့၊ ဇန်နဝါရီ ၁၈

ဘိုးဘေး အာဗြဟံ . . . ရဲ့ ယုံကြည်ခြင်း ခြေရာအတိုင်း လိုက်လျှောက် [ပါ။]—ရော. ၄:၁၂။

အာဗြဟံအကြောင်း လူတော်တော်များများ ကြားဖူးနားဝ ရှိပေမဲ့ ကောင်းကောင်း မသိကြဘူး။ ညီအစ်ကို/မတို့ကတော့ အများကြီး သိကြတယ်။ ဥပမာ၊ “ယုံကြည်ခြင်းကြောင့် ဖြောင့်မတ်သူအဖြစ် သတ်မှတ်ခံရသူတွေရဲ့ ဖခင်” ဆိုတာ သိကြတယ်။ (ရော. ၄:၁၁) ‘ငါကော အာဗြဟံရဲ့ ခြေရာ နင်းပြီး ခိုင်မာတဲ့ ယုံကြည်ခြင်း ရှိနိုင်သလား’ လို့ စဉ်းစားမိမှာပဲ။ ရှိနိုင်ပါတယ်။ အာဗြဟံလို ယုံကြည်ခြင်း ရှိလာနိုင်တဲ့ တစ်နည်းကတော့ အာဗြဟံရဲ့ စံနမူနာကို လေ့လာခြင်းပါ။ အာဗြဟံဟာ ဘုရား မိန့်မှာတဲ့အတိုင်း အိမ်နဲ့ ဝေးရာ ဒေသ ပြောင်းတယ်။ ဆယ်စုနှစ်ချီ တဲထိုးပြီး နေတယ်။ ချစ်သား အိဇက်ကို ပူဇော်ဖို့တောင် အသင့်ရှိခဲ့တယ်။ ခိုင်မာတဲ့ ယုံကြည်ခြင်း ရှိကြောင်း ပြတဲ့ လုပ်ရပ်တွေပါပဲ။ ယုံကြည်ခြင်းကို လုပ်ရပ်နဲ့ ပြလို့ ဘုရားနှစ်သက်မှု ရတယ်။ မိတ်ဆွေလို့ အခေါ်ခံရတယ်။ (ယာ. ၂:၂၂၊ ၂၃) သင် အပါအဝင် ကျွန်တော်တို့အားလုံးကို အဲဒီကောင်းချီးတွေ ယေဟောဝါ ရစေချင်တယ်။ ဒါကြောင့် အာဗြဟံရဲ့ စံနမူနာအကြောင်း ရေးသားဖော်ပြဖို့ ကျမ်းရေးသူ ပေါလုနဲ့ ယာကုပ်ကို စွမ်းအားတော်နဲ့ လမ်းညွှန်တာ။ w23.12 ၂ ¶၁-၂

တနင်္ဂနွေနေ့၊ ဇန်နဝါရီ ၁၉

လူတိုင်းဟာ နားထောင်ဖို့ အမြဲ အသင့်ဖြစ်နေရမယ်။ စကားပြောတဲ့အခါမှာ မစဉ်းစားမဆင်ခြင်ဘဲ မပြောရဘူး။—ယာ. ၁:၁၉။

ညီအစ်မတို့၊ ပြေပြေပြစ်ပြစ် ဆက်ဆံတတ်အောင် သင်ပါ။ ခရစ်ယာန်တွေ ဆက်ဆံရေး ပြေပြစ်ရမယ်။ အထက်ပါအတိုင်း ယာကုပ် အကြံပေးတယ်။ တခြားသူတွေ စကားပြောတဲ့အခါ သေသေချာချာ နားထောင်ပါ။ ဒါ “ကိုယ်ချင်းစာ” ကြောင်း ပြတာပဲ။ (၁ ပေ. ၃:၈) တခြားသူ ပြောတာ၊ ခံစားနေရတာ နားမလည်ဘူးဆိုရင် ရိုင်းရာ မကျမယ့် နည်းနဲ့ မေးပါ။ မပြောခင် စဉ်းစားပါ။ (ပညာ. ၁၅:၂၈) ‘ငါ ပြောမယ့်စကားက မှန်သလား။ အားပေးမှု ဖြစ်ရဲ့လား။ တစ်ဖက်သားကို မလေးစားရာ၊ ရိုင်းရာ ကျမလား’ လို့ စဉ်းစားပါ။ ဆက်ဆံရေး ပြေပြစ်တဲ့ ရင့်ကျက်တဲ့ ညီအစ်မတွေဆီကနေ သင်ယူပါ။ (ပညာ. ၃၁:၂၆) သူတို့ရဲ့ ပြောပုံဆိုပုံ သတိထားကြည့်ပါ။ ဆက်ဆံရေး ပြေပြစ်ရင် ပေါင်းရသင်းရ လွယ်သူ ဖြစ်လာမယ်။ w23.12 ၂၁ ¶၁၂

တနင်္လာနေ့၊ ဇန်နဝါရီ ၂၀

တစ်သီးပုဂ္ဂလနေတဲ့သူဟာ . . . လက်တွေ့ကျ ဉာဏ်ပညာမှန်သမျှကို ငြင်းပယ်တတ်တယ်။ —ပညာ. ၁၈:၁။

ကျွန်တော်တို့ကို ထောက်မဖို့ မိသားစု၊ မိတ်ဆွေတွေ၊ အကြီးအကဲတွေကို ယေဟောဝါ သုံးနိုင်တယ်။ စိတ်ထိခိုက်နေချိန်မှာ တခြားသူတွေနဲ့ ခပ်ခွာခွာ၊ တစ်ယောက်တည်း နေချင်နိုင်တယ်။ ဒါ သဘာဝပဲ။ ဒါပေမဲ့ ဘုရားအကူအညီ ရဖို့ ဘာလုပ်ရမလဲ။ တစ်သီးပုဂ္ဂလ နေချင်စိတ်ကို တိုက်ထုတ်ပါ။ တစ်သီးပုဂ္ဂလ နေတဲ့အခါ အမြင် ကျဉ်းလာမယ်။ ကိုယ့်အကြောင်း၊ ကိုယ့်ပြဿနာအကြောင်းပဲ တွေးမိလာမယ်။ အဲဒီလိုချည်း တွေးရင် ကောင်းကောင်း ဆုံးဖြတ်နိုင်မှာ မဟုတ်ဘူး။ စိတ်ဒဏ်ရာ ရတဲ့အခါ တစ်ယောက်တည်း နားအေးပါးအေး နေဖို့ အချိန် လိုတာ မှန်ပါတယ်။ ဒါပေမဲ့ တစ်သီးပုဂ္ဂလ နေတာ ကြာလာရင် ထောက်မပေးဖို့ ယေဟောဝါ သုံးသူတွေကို တွန်းထုတ်ရာ ရောက်သွားမယ်။ ဒါကြောင့် မိသားစု၊ မိတ်ဆွေတွေ၊ အကြီးအကဲတွေဆီက အကူအညီ လက်ခံပါ။ ကိုယ့်ကို ထောက်မပေးဖို့ ယေဟောဝါ သုံးနေသူတွေလို့ မြင်ပါ။—ပညာ. ၁၇:၁၇။ ဟေရှာ. ၃၂:၁၊ ၂။ w24.01 ၂၄ ¶၁၂-၁၃

အင်္ဂါနေ့၊ ဇန်နဝါရီ ၂၁

သူ ဆံပင် မဖြတ်ရဘူး။—တော. ၆:၅။

နာဇရိလူဟာ ယေဟောဝါဆီ အပြည့်အဝ သစ္စာခံထားကြောင်း ပြတဲ့အနေနဲ့ ဆံပင် မဖြတ်ရဘူး။ ဒါပေမဲ့ အစ္စရေးသမိုင်းမှာ နာဇရိလူတွေကို မလေးစားတဲ့၊ အားမပေးတဲ့ အချိန်တွေ ရှိတယ်။ ဒါကြောင့် နာဇရိလူတွေ သစ္စာကတိ တည်ဖို့၊ အများနဲ့ မတူ ကွဲထွက်နေနိုင်ဖို့ သတ္တိ တကယ် လိုတယ်။ (အာ. ၂:၁၂) ယေဟောဝါကို နာခံလို့ လောက,က လူတွေနဲ့ မတူဘဲ ကျွန်တော်တို့လည်း ကွဲထွက်နေကြတယ်။ အလုပ်မှာ၊ ကျောင်းမှာ ယေဟောဝါသက်သေပါလို့ ပြောရဲဖို့ သတ္တိ လိုတယ်။ လောက,က လူတွေရဲ့ သဘောထား၊ အကျင့်အကြံ ဆိုးသည်ထက် ဆိုးလာလို့ ကျမ်းစာစံနှုန်းအတိုင်း အသက်ရှင်ဖို့၊ သတင်းကောင်း ပြောပြဖို့ ပိုခက်လာနိုင်တယ်။ (၂ တိ. ၁:၈။ ၃:၁၃) ဒါပေမဲ့ ဘုရားအမှု မဆောင်သူတွေနဲ့ မတူဘဲ သတ္တိရှိရှိ ကွဲထွက်နေရဲတာဟာ “[ယေဟောဝါ] စိတ်ကို ရွှင်လန်းစေ” တာ ဖြစ်ကြောင်း အမြဲ သတိရပါ။—ပညာ. ၂၇:၁၁။ မာလ. ၃:၁၈။ w24.02 ၁၆ ¶၇။ ၁၇ ¶၉

ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီ ၂၂

အချင်းချင်းကို ကြိုဆိုလက်ခံကြပါ။ —ရော. ၁၅:၇။

ရောမမြို့က အသင်းတော်အကြောင်း စဉ်းစားကြည့်ပါ။ မောရှေပညတ်အောက်မှာ ကြီးပြင်းလာတဲ့ ဂျူးတွေ၊ နောက်ခံ လုံးဝ မတူတဲ့ လူမျိုးခြားတွေနဲ့ အသင်းတော်ကို ဖွဲ့စည်းထားတယ်။ ဒါ့အပြင် တချို့က ကျွန်တွေ၊ တချို့က ကျွန်ပိုင်ရှင်တွေ၊ လွတ်လပ်သူတွေ။ ဒီလို မတူကွဲပြားမှုတွေကြား အချင်းချင်း မေတ္တာ ဘယ်လို တိုးများစေကြသလဲ။ “အချင်းချင်းကို ကြိုဆိုလက်ခံကြပါ” လို့ တမန်တော် ပေါလု အားပေးတယ်။ ဘာကို ဆိုလိုသလဲ။ “ကြိုဆို” လို့ ပြန်ဆိုထားတဲ့ စကားလုံးဟာ တစ်ယောက်ယောက်ကို ကိုယ့်အိမ်မှာ ဖော်ဖော်ရွေရွေ ဧည့်ခံတာ၊ မိတ်ဆွေစာရင်း သွင်းလိုက်တာကို ဆိုလိုတယ်။ ဥပမာ၊ ကျွန်ပြေး သြနေသိမ်ကို “ကြည်ကြည်ဖြူဖြူ လက်ခံပေး” ဖို့ ဖိလေမုန်ကို ပေါလု ပြောတယ်။ (ဖိလေ. ၁၇) ပြစ်ကိလနဲ့ အာကုလလည်း ခရစ်ယာန်ဘာသာအကြောင်း ကိုယ့်လောက် သိပ်မသိတဲ့ အာပေါလုကို “ခေါ်သွားပြီး တရင်းတနှီး ပေါင်း” ပေးတယ်။ (တ. ၁၈:၂၆) မတူကွဲပြားလို့ ခွဲခွဲခြားခြား ဆက်ဆံမယ့်အစား အချင်းချင်း ကြိုဆိုကြတယ်။ ရင်းရင်းနှီးနှီး ပေါင်းကြတယ်။ w23.07 ၆ ¶၁၃

ကြာသပတေးနေ့၊ ဇန်နဝါရီ ၂၃

ယေဟောဝါကို သစ္စာကတိပြုထားတဲ့အတိုင်း . . . လုပ်ဆောင်မယ်။—ဆာ. ၁၁၆:၁၄။

ဆက်ကပ်အပ်နှံရတဲ့ အဓိက အကြောင်းရင်းဟာ ဘုရားကို ချစ်လို့ပဲ။ ဘုရားကို ချစ်တာဟာ ခံစားချက်ကိုပဲ အခြေမခံဘူး။ ဘုရားအကြောင်း၊ ဘုရားရည်ရွယ်ချက်အကြောင်း “တိကျမှန်ကန်စွာ သိကျွမ်း” ခြင်းကို အခြေခံတယ်။ (ကော. ၁:၉) သင် ကျမ်းစာလေ့လာလို့ ဘာတွေ တိတိကျကျ သိလာသလဲ။ (၁) ယေဟောဝါ တကယ် ရှိတယ်၊ (၂) ကျမ်းစာဟာ ဘုရားရဲ့ တရားစကား ဖြစ်တယ်၊ (၃) အလိုတော် ပြီးမြောက်ဖို့ အဖွဲ့အစည်းကို ဘုရား သုံးနေတယ်ဆိုတာ သိလာတယ်။ ယေဟောဝါဆီ မဆက်ကပ်ခင်ကတည်းက အခြေခံ ကျမ်းစာသွန်သင်ချက်တွေ သိနေသင့်တယ်။ ဘုရားစံနှုန်း လိုက်နာနေသင့်တယ်။ တခြားသူတွေကို ကိုယ့်ယုံကြည်ချက် အတတ်နိုင်ဆုံး ပြောပြနေသင့်တယ်။ (မ. ၂၈:၁၉၊ ၂၀) ဒီလိုနဲ့ ဘုရားကို ချစ်သည်ထက် ချစ်လာတဲ့အခါ ဘုရားတစ်ပါးတည်းကိုပဲ ဝတ်ပြုချင်လာမယ်။ သင်ကော ဘုရားကို ချစ်ပါသလား။ w24.03 ၄-၅ ¶၆-၈

သောကြာနေ့၊ ဇန်နဝါရီ ၂၄

သူတို့ဟာ တစ်သားတစ်ကိုယ်တည်း ဖြစ်လိမ့်မယ်။—က. ၂:၂၄။

အဘိဂဲလရဲ့ ခင်ပွန်း နာဗလဟာ ခက်ထန်တဲ့အပြင် စရိုက်လည်း ကြမ်းတယ်။ (၁ ရှ. ၂၅:၃) ဒီလိုလူနဲ့ နေရတာ အဘိဂဲလအတွက် တော်တော် ခက်မှာ။ နာဗလ စော်ကားမော်ကား ပြောလိုက်လို့ အစ္စရေးမင်းလောင်း ဒါဝိဒ်နဲ့ လူတွေ သတ်ဖို့ လာချိန်မှာ အဘိဂဲလ လွတ်လမ်း ရှာဖို့ အခွင့်အရေး ပေါ်လာတယ်။ (၁ ရှ. ၂၅:၉-၁၃) ဒါဝိဒ်လက်ထဲ နာဗလ ဖြစ်ချင်ရာဖြစ်ဆိုပြီး ကိုယ်လွတ်ရုန်းပြေးလို့ ရတယ်။ ဒါပေမဲ့ ကိုယ်လွတ်မရုန်းဘူး။ နာဗလကို အသက်ချမ်းသာပေးဖို့ ဒါဝိဒ်ဆီ အသနားခံတယ်။ (၁ ရှ. ၂၅:၂၃-၂၇) ဘာကြောင့် အသနားခံပေးသလဲ။ ယေဟောဝါဘုရားကို အဘိဂဲလ ချစ်တယ်။ အိမ်ထောင်နဲ့ပတ်သက်တဲ့ ဘုရားစံနှုန်းကို လေးစားတယ်။ အိမ်ထောင်ရေးကို မြင့်မြတ်တဲ့ အစီအစဉ်လို့ ဘုရား ရှုမြင်မှန်း သိတယ်။ ဘုရားစိတ် ရွှင်လန်းစေချင်လို့ ခင်ပွန်းကော အိမ်သူအိမ်သားတွေပါ အသက်ဘေး လွတ်အောင် လုပ်နိုင်တာ မှန်သမျှ လုပ်ခဲ့တာ။ နာဗလကို အသက်ချမ်းသာပေးဖို့ ဒါဝိဒ်ဆီ ချက်ချင်း သွားတောင်းပန်တယ်။ w24.03 ၁၆ ¶၉-၁၀

စနေနေ့၊ ဇန်နဝါရီ ၂၅

အားပေးစကား . . . ပြော . . . မှာပါ။ —ယောဘ ၁၆:၅။

ဘုရားအမှု ပိုဆောင်ချင်လို့ ဘဝကို ရိုးရိုးရှင်းရှင်း ဖြတ်သန်းနေသူတွေ အသင်းတော်မှာ ရှိသလား။ မလွယ်ပေမဲ့ ကျောင်းမှာ အများနောက် မလိုက်ဘဲ သတ္တိရှိရှိ ရပ်တည်နေတဲ့ လူငယ်လေးတွေကို သိသလား။ မိသားစု အတိုက်အခံ ကြုံရပေမဲ့ ဆက်သစ္စာရှိဖို့ ကြိုးစားနေသူတွေ ရှိသလား။ အခွင့်အရေး ယူပြီး အားပေးစကား ပြောကြရအောင်။ သူတို့ရဲ့ ကိုယ်ကျိုးစွန့်စိတ်ဓာတ်၊ သတ္တိကို တန်ဖိုးထားကြောင်း ပြကြရအောင်။ (ဖိလေ. ၄၊ ၅၊ ၇) ကျွန်တော်တို့ ဘုရားစိတ်နဲ့ တွေ့ချင်ကြတယ်၊ ဆက်ကပ်အပ်နှံခြင်းကတိ တည်ဖို့ လိုလိုလားလား ကိုယ်ကျိုးစွန့်ချင်ကြတယ်ဆိုတာ ဘုရား စိတ်ချတယ်။ မိမိကို ချစ်ကြောင်း ဘယ်လို ပြမလဲဆိုတာ ရွေးချယ်ခွင့် ပေးခြင်းအားဖြင့် ကျွန်တော်တို့ကို ဂုဏ်တင်တယ်။ (ပညာ. ၂၃:၁၅၊ ၁၆) ဒါကြောင့် လိုလိုလားလား အကောင်းဆုံး ပေးဆက်ခြင်းအားဖြင့် ဘုရားအမှု ဆက်ဆောင်ဖို့ ဆုံးဖြတ်ထားကြရအောင်။ w24.02 ၁၈ ¶၁၄။ ၁၉ ¶၁၆

တနင်္ဂနွေနေ့၊ ဇန်နဝါရီ ၂၆

ယေရှုက မြို့ရွာအနှံ့ လှည့်လည်သွားလာပြီး . . . ရောဂါဝေဒနာ အမျိုးမျိုးကို ကုသပေးတယ်။ —မ. ၉:၃၅။

အေဒီ ၂၉ နှောင်းပိုင်း၊ ယေရှုရဲ့ အမှုဆောင်ချိန် အစပိုင်းမှာ ယေရှုနဲ့ မိခင် မာရိဟာ မင်္ဂလာ ဧည့်ခံပွဲတစ်ပွဲ ဖိတ်ခေါ်ခံရကြတယ်။ ဧည့်သည်တွေကို မာရိ ဝိုင်းဧည့်ခံနေပုံရတယ်။ ဒါပေမဲ့ ဧည့်ခံပွဲ ကျင်းပနေတုန်း စပျစ်ဝိုင် ကုန်သွားပြီ။ ဒါနဲ့ “သူတို့မှာ ဝိုင် မရှိတော့ဘူး” ဆိုပြီး ယေရှုကို မာရိ လာပြောတယ်။ (ယော. ၂:၁-၃) ယေရှု ဘာလုပ်သလဲ။ ရေကို “ဝိုင် အကောင်းစား” ဖြစ်အောင် အံ့ဖွယ်နည်းနဲ့ ပြောင်းလဲပေးလိုက်တယ်။ (ယော. ၂:၉၊ ၁၀) အမှုဆောင်ချိန်တစ်လျှောက် တခြားအံ့ဖွယ်အမှု အများကြီးကိုလည်း ယေရှု လုပ်ခဲ့တယ်။ အံ့ဖွယ်တန်ခိုး သုံးပြီး လူသောင်းချီကို ကူညီပေးတယ်။ ဥပမာ၊ အံ့ဖွယ်အမှု နှစ်ခုကိုပဲ စဉ်းစားကြည့်ပါ။ ယောက်ျား ၅,၀၀၀ ကို တစ်ခေါက်၊ ၄,၀၀၀ ကို တစ်ခေါက် အံ့ဖွယ်နည်းနဲ့ ကျွေးမွေးတယ်။ အဲဒီမှာ ရှိတဲ့ အမျိုးသမီးတွေ၊ ကလေးတွေကိုပါ ထည့်တွက်မယ်ဆိုရင် စုစုပေါင်း ၂၇,၀၀၀ ကျော် ရှိတယ်။ (မ. ၁၄:၁၅-၂၁။ ၁၅:၃၂-၃၈) နှစ်ခေါက်စလုံးမှာ လူနာတွေကိုပါ ကုသပေးတယ်။—မ. ၁၄:၁၄။ ၁၅:၃၀၊ ၃၁။ w23.04 ၂ ¶၁-၂

တနင်္လာနေ့၊ ဇန်နဝါရီ ၂၇

မင်းရဲ့ဘုရား ယေဟောဝါဟာ မင်းရဲ့ ညာလက်ကို ဆုပ်ကိုင်ပြီး “မကြောက်နဲ့။ ငါကူညီမယ်” လို့ ပြောတဲ့အရှင်ပဲ။—ဟေရှာ. ၄၁:၁၃။

အဖြစ်ဆိုး ကြုံရရင် ကိုယ်ရော စိတ်ပါ နုံးသွားနိုင်တယ်။ ဧလိယလိုပဲ အိပ်ရာ မထချင်လောက်တဲ့အထိ ခွေပဲ ခွေချင်နေနိုင်တယ်။ (၁ ဘု. ၁၉:၅-၇) ဘုရားအမှုတော်မှာ တက်တက်ကြွကြွ ဆက်ပါဝင်နိုင်ဖို့ အကူအညီ လိုနိုင်တယ်။ ကူညီပေးမယ်လို့ ဒီနေ့ ကျမ်းချက်ပါ စကားတွေနဲ့ ယေဟောဝါ အာမခံထားတယ်။ စမ်းသပ်မှုတွေ ကြုံရတဲ့အခါ၊ ရန်သူတွေ အဝိုင်းခံရတဲ့အခါ ယေဟောဝါ “ညာလက်ရုံးတော်နဲ့ ထောက်မတယ်” လို့ ဘုရင် ဒါဝိဒ် ပြောတယ်။ (ဆာ. ၁၈:၃၅) ကူညီချင်စိတ် ပေါ်လာအောင် တခြားသူတွေကို လှုံ့ဆော်ခြင်းအားဖြင့် ယေဟောဝါ ထောက်မပေးတယ်။ ဥပမာ၊ ဒါဝိဒ် စိတ်အားငယ်နေချိန် မိတ်ဆွေ ယောနသန် ရောက်လာပြီး အားပေးတယ်။ (၁ ရှ. ၂၃:၁၆၊ ၁၇) ဧလိယကို ထောက်မဖို့ ဧလိရှဲကို ယေဟောဝါ ရွေးတယ်။—၁ ဘု. ၁၉:၁၆၊ ၂၁။ ၂ ဘု. ၂:၂။ w24.01 ၂၃-၂၄ ¶၁၀-၁၂

အင်္ဂါနေ့၊ ဇန်နဝါရီ ၂၈

ယေဟောဝါက ဉာဏ်ပညာကို ပေးတယ်။ နှုတ်တော်ထွက်စကားဟာ အသိပညာနဲ့ ပိုင်းခြားသိမြင်နိုင်စွမ်းကို ပေးတယ်။—ပညာ. ၂:၆။

ယေဟောဝါဟာ ရက်ရောတယ်။ ကျွန်တော်တို့ကို ကောင်းမွန်ရာတွေ ကြွယ်ဝစွာ ပေးတယ်။ ပညာအလိမ္မာ အခန်းကြီး ၉ မှာ ပါတဲ့ “စစ်မှန်တဲ့ ဉာဏ်ပညာ” ကို ကိုယ်စားပြုတဲ့ မိန်းမအကြောင်း ဖော်ပြချက်ကနေ ဒီအချက်ကို သိရတယ်။ အဲဒီမိန်းမက အသားတွေ ကောင်းကောင်း ပြင်ဆင်၊ စပျစ်ဝိုင် ရောစပ်ပြီး စားပွဲမှာ ခင်းကျင်းထားတယ်။ (ပညာ. ၉:၂) အခန်းငယ် ၄ နဲ့ ၅ အရ “လာကြ။ ငါ ပြင်ဆင်ထားတဲ့ အစားအစာကို လာစားကြ” ဆိုပြီး ဆင်ခြင်ဉာဏ် မရှိသူတွေကို ခေါ်တယ်။ စစ်မှန်တဲ့ ဉာဏ်ပညာရဲ့ အိမ်ကို သွားပြီး ကျွန်တော်တို့ ဘာကြောင့် စားသောက်သင့်သလဲ။ ယေဟောဝါက မိမိသားသမီးတွေကို ဉာဏ်ပညာ ရှိစေချင်တယ်။ ဘေးကင်းစေချင်တယ်။ နောင်တတွေ တစ်ပွေ့တစ်ပိုက်နဲ့ ခါးသီးတဲ့ အတွေ့အကြုံတွေကနေ သင်ခန်းစာ မယူစေချင်ဘူး။ ဒါကြောင့်လည်း “လက်တွေ့ကျ ဉာဏ်ပညာကို စိတ်ရိုးဖြောင့်သူတွေအတွက် သိုမှီးထား” တာ။ (ပညာ. ၂:၇) ယေဟောဝါကို ကျွန်တော်တို့ ချစ်ကြောက်ရိုသေမယ်ဆိုရင် ဘုရား မကြိုက်တာ လုပ်မှာ မဟုတ်ဘူး။ ဘုရားရဲ့ ပညာရှိ အကြံပေးချက်ကို နားထောင်မှာ၊ လိုလိုလားလား လိုက်လျှောက်မှာ ဖြစ်တယ်။—ယာ. ၁:၂၅။ w23.06 ၂၃ ¶၁၄-၁၅

ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီ ၂၉

ဘုရားသခင်ဟာ ဖြောင့်မတ်တဲ့ဘုရား ဖြစ်လို့ ခင်ဗျားတို့ရဲ့ လုပ်ရပ်ကို . . . ဘယ်တော့မှ မမေ့ပါဘူး။—ဟီ. ၆:၁၀။

ဘုရားအမှုတော်မှာ လုပ်နိုင်တာ သိပ်မရှိဘူးလို့ ခံစားနေရရင်တောင် စိတ်ရင်းမှန်နဲ့ ကျွန်တော်တို့ လုပ်သမျှ ယေဟောဝါ တန်ဖိုးထားတယ်ဆိုတာ သိရတယ်။ ဘယ်လို သိရသလဲ။ ဇာခရိခေတ်တုန်းက ဗာဗုလုန်က ပြည်နှင်ခံတွေ ပို့လိုက်တဲ့ ရွှေငွေတွေ ယူပြီး ယေဟောဝါ သရဖူ လုပ်ခိုင်းတယ်။ (ဇာ. ၆:၁၁) အဲဒီ “သရဖူ” ဟာ ပြည်နှင်ခံတွေရဲ့ ရက်ရောတဲ့ အလှူကို “ပြန်အောက်မေ့စေတဲ့အရာ” ဖြစ်တယ်။ (ဇာ. ၆:၁၄) ခက်ခဲချိန်မှာ ဘုရားအမှု ဆောင်ဖို့ တတ်နိုင်တဲ့ဘက်က ကြိုးစားတာ ယေဟောဝါ ဘယ်တော့မှ မမေ့ဘူး။ နောက်ဆုံးကာလမှာ အခက်အခဲတွေ ကြုံနေရဦးမယ်။ အနာဂတ်မှာ အခြေအနေတွေ ပိုတောင် ဆိုးလာနိုင်တယ်။ (၂ တိ. ၃:၁၊ ၁၃) ဒါပေမဲ့ အစိုးရိမ်လွန်ဖို့ မလိုပါဘူး။ “မင်းတို့နဲ့အတူ ငါ ရှိနေတယ်။ . . . မကြောက်ကြနဲ့” ဆိုပြီး ဟဂ္ဂဲခေတ်တုန်းက မိမိလူမျိုးကို ယေဟောဝါ ပြောတဲ့ စကားတွေ သတိရပါ။ (ဟဂ္ဂဲ ၂:၄၊ ၅) အတတ်နိုင်ဆုံး ဘုရားအလို ဆောင်နေသရွေ့ ယေဟောဝါ အတူ ရှိမယ်ဆိုတာ စိတ်ချနိုင်တယ်။ w23.11 ၁၉ ¶၂၀-၂၁

ကြာသပတေးနေ့၊ ဇန်နဝါရီ ၃၀

ကျွန်တော်ဟာ အပြစ်များတဲ့သူပါ။—လု. ၅:၈။

တမန်တော် ပေတရုရဲ့ အမှားတွေကို ကျမ်းစာမှာ ယေဟောဝါ ထည့်မရေးခိုင်းလို့ ရတယ်။ ဒါပေမဲ့ ကျွန်တော်တို့ သင်ခန်းစာ ယူလို့ ရအောင် ထည့်ထားတယ်။ (၂ တိ. ၃:၁၆၊ ၁၇) ကျွန်တော်တို့လိုပဲ အားနည်းချက်၊ ခံစားချက် ရှိတဲ့ ပေတရုအကြောင်း လေ့လာတဲ့အခါ နှစ်သိမ့်မှု ရနိုင်တယ်။ အမှားကင်းဖို့ ယေဟောဝါ မမျှော်လင့်ဘူး၊ အားနည်းချက် ရှိပေမဲ့ လက်မလျှော့ဘဲ ဆက်ကြိုးစားဖို့ပဲ မျှော်လင့်တယ်ဆိုတာ သဘောပေါက်လာမှာ ဖြစ်လို့ပဲ။ လက်မလျှော့ဘဲ ဆက်ကြိုးစားဖို့ ဘာကြောင့် အရေးကြီးသလဲ။ အားနည်းချက်တစ်ခု ဖျောက်နိုင်ပြီလို့ ထင်ပြီးခါမှ အမှား ထပ်လုပ်မိနိုင်တယ်။ နောက်မှ နောင်တရမယ့်အရာတွေ ပြောမိ၊ လုပ်မိနိုင်တယ်။ ဒါပေမဲ့ လက်မလျှော့ဘူး၊ ဆက်ကြိုးစားမယ်ဆိုရင် တိုးတက်သည်ထက် တိုးတက်လာဖို့ ယေဟောဝါ ကူညီပေးမယ်။ (၁ ပေ. ၅:၁၀) ပေတရု အမှားတွေ လုပ်မိပေမဲ့ ယေရှု ကရုဏာ ပြတယ်ဆိုတဲ့အချက်က ဘုရားအမှု ဆက်ဆောင်ဖို့ ကျွန်တော်တို့ကို လှုံ့ဆော်ပေးနိုင်တယ်။ w23.09 ၂၀ ¶၂-၃

သောကြာနေ့၊ ဇန်နဝါရီ ၃၁

သခင်၊ သခင်သာ ဒီမှာ ရှိခဲ့ရင် ကျွန်မရဲ့မောင် သေမှာ မဟုတ်ဘူး။—ယော. ၁၁:၂၁။

ဒီနေ့ ကျမ်းချက်မှာ မာသ ပြောသလို လာဇရုကို ယေရှု ကုပေးနိုင်တယ်။ ဒါပေမဲ့ ဒီ့ထက် ပိုထူးခြားတာ လုပ်ပေးဖို့ ယေရှု တွေးနေတယ်။ “ခင်ဗျားရဲ့မောင် အသက်ပြန်ရှင်လာမယ်” လို့ ကတိပေးလိုက်တယ်။ “ကျွန်တော်ဟာ လူသေတွေကို ရှင်ပြန်ထမြောက်စေသူ၊ အသက်ရစေတဲ့သူပဲ” တဲ့။ (ယော. ၁၁:၂၃၊ ၂၅) သေဆုံးသွားသူတွေကို ပြန်ထမြောက်ပေးနိုင်စွမ်း ဘုရား ပေးထားတာကိုး။ မိန်းကလေးတစ်ယောက်ကို သေဆုံးပြီး သိပ်မကြာခင်မှာ၊ ယောက်ျားလေးတစ်ယောက်ကို သေဆုံးတဲ့နေ့မှာပဲ ယေရှု ပြန်ထမြောက်ပေးခဲ့တယ်။ (လု. ၇:၁၁-၁၅။ ၈:၄၉-၅၅) ဒါပေမဲ့ လာဇရု ဆုံးသွားတာ လေးရက် ရှိနေပြီ။ ပုပ်စပြုနေပြီ။ သူ့ကိုကော ပြန်ထမြောက်ပေးနိုင်မလား။ လာဇရုရဲ့ အစ်မ နောက်တစ်ယောက် ဖြစ်တဲ့ မာရိလည်း ယေရှုကို ထွက်တွေ့တယ်။ “သခင်၊ သခင်သာ ဒီမှာ ရှိခဲ့ရင် ကျွန်မရဲ့မောင် သေမှာ မဟုတ်ဘူး” ဆိုပြီး မာသ ပြောသလို ပြောတယ်။ (ယော. ၁၁:၃၂) မာရိနဲ့ တခြားသူတွေ အကြီးအကျယ် ဝမ်းနည်းပြီး ငိုနေတာကို ယေရှု မြင်တော့ တော်တော်လေး စိတ်ထိခိုက်သွားတယ်။ မိတ်ဆွေတွေကို သနားလွန်းလို့ မျက်ရည်ပါ ကျလာတယ်။ ချစ်ရသူ ဆုံးပါးသွားတဲ့အခါ ဘယ်လောက် နာကျင်ခံစားရတယ်ဆိုတာ ယေရှု နားလည်တယ်။ လူတွေကို ဝမ်းနည်းမျက်ရည် ကျစေတဲ့ သေခြင်းကို သိပ်ဖယ်ရှားပေးချင်မှာ သေချာတယ်။ w23.04 ၁၀-၁၁ ¶၁၂-၁၃

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ