ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • es25 စာ. ၁၇-၂၆
  • ဖေဖော်ဝါရီ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဖေဖော်ဝါရီ
  • ကျမ်းစာကို နေ့စဉ် ဆန်းစစ်ပါ—၂၀၂၅
  • ခေါင်းစ‎ဥ်ငယ်များ
  • စနေနေ့၊ ဖေဖော်ဝါရီ ၁
  • တနင်္ဂနွေနေ့၊ ဖေဖော်ဝါရီ ၂
  • တနင်္လာနေ့၊ ဖေဖော်ဝါရီ ၃
  • အင်္ဂါနေ့၊ ဖေဖော်ဝါရီ ၄
  • ဗုဒ္ဓဟူးနေ့၊ ဖေဖော်ဝါရီ ၅
  • ကြာသပတေးနေ့၊ ဖေဖော်ဝါရီ ၆
  • သောကြာနေ့၊ ဖေဖော်ဝါရီ ၇
  • စနေနေ့၊ ဖေဖော်ဝါရီ ၈
  • တနင်္ဂနွေနေ့၊ ဖေဖော်ဝါရီ ၉
  • တနင်္လာနေ့၊ ဖေဖော်ဝါရီ ၁၀
  • အင်္ဂါနေ့၊ ဖေဖော်ဝါရီ ၁၁
  • ဗုဒ္ဓဟူးနေ့၊ ဖေဖော်ဝါရီ ၁၂
  • ကြာသပတေးနေ့၊ ဖေဖော်ဝါရီ ၁၃
  • သောကြာနေ့၊ ဖေဖော်ဝါရီ ၁၄
  • စနေနေ့၊ ဖေဖော်ဝါရီ ၁၅
  • တနင်္ဂနွေနေ့၊ ဖေဖော်ဝါရီ ၁၆
  • တနင်္လာနေ့၊ ဖေဖော်ဝါရီ ၁၇
  • အင်္ဂါနေ့၊ ဖေဖော်ဝါရီ ၁၈
  • ဗုဒ္ဓဟူးနေ့၊ ဖေဖော်ဝါရီ ၁၉
  • ကြာသပတေးနေ့၊ ဖေဖော်ဝါရီ ၂၀
  • သောကြာနေ့၊ ဖေဖော်ဝါရီ ၂၁
  • စနေနေ့၊ ဖေဖော်ဝါရီ ၂၂
  • တနင်္ဂနွေနေ့၊ ဖေဖော်ဝါရီ ၂၃
  • တနင်္လာနေ့၊ ဖေဖော်ဝါရီ ၂၄
  • အင်္ဂါနေ့၊ ဖေဖော်ဝါရီ ၂၅
  • ဗုဒ္ဓဟူးနေ့၊ ဖေဖော်ဝါရီ ၂၆
  • ကြာသပတေးနေ့၊ ဖေဖော်ဝါရီ ၂၇
  • သောကြာနေ့၊ ဖေဖော်ဝါရီ ၂၈
ကျမ်းစာကို နေ့စဉ် ဆန်းစစ်ပါ—၂၀၂၅
es25 စာ. ၁၇-၂၆

ဖေဖော်ဝါရီ

စနေနေ့၊ ဖေဖော်ဝါရီ ၁

ငါကလည်း မင်းတို့ ပြောတာကို နားထောင်မယ်။—ယေ. ၂၉:၁၂။

ဟေဇကိမင်း သေလုမြောပါး ဖျားလို့ ပြန်သက်သာဖို့ အသနားခံတော့ ယေဟောဝါ သက်သာစေတယ်။ (၂ ဘု. ၂၀:၁-၆) “ကိုယ်ခန္ဓာမှာ စူးတဲ့ ဆူး” ဖယ်ရှားပေးဖို့ တမန်တော် ပေါလု အသနားခံတော့ ယေဟောဝါ ဖယ်ရှားမပေးဘူး။ (၂ ကော. ၁၂:၇-၉) တမန်တော် ယာကုပ်နဲ့ ပေတရု နှစ်ယောက်စလုံးကို ဟေရုဒ်မင်း အသက်ရန်ရှာတယ်။ ယာကုပ် အသတ်ခံလိုက်ရတယ်။ ပေတရုကိုတော့ ကောင်းကင်တမန် ကယ်လိုက်တယ်။ (တ. ၁၂:၁-၁၁) ‘ပေတရုကို ယေဟောဝါ ကယ်ပြီး ယာကုပ်ကို ဘာကြောင့် မကယ်သလဲ’ လို့ တွေးမိမယ်။ ကျမ်းစာမှာ ဖော်ပြမထားဘူး။ ဒါပေမဲ့ ယေဟောဝါရဲ့ နည်းလမ်းတွေ “မတရားမှု ကင်း” တယ်ဆိုတာ စိတ်ချနိုင်တယ်။ (တရား. ၃၂:၄) ကျွန်တော်တို့လည်း တစ်ခါတလေ မျှော်လင့်ထားတဲ့ အဖြေ မရတာမျိုး ဖြစ်နိုင်တယ်။ ယေဟောဝါ လုပ်သမျှ အမြဲ မေတ္တာပါတယ်၊ တရားမျှတတယ်ဆိုတာ စိတ်ချလို့ ဆုတောင်းချက် အဖြေပေးပုံကို မကျေမနပ် အတွန့်မတက်ကြဘူး။—ယောဘ ၃၃:၁၃။ w23.11 ၂၁ ¶၆

တနင်္ဂနွေနေ့၊ ဖေဖော်ဝါရီ ၂

အထက်က လာတဲ့ ဉာဏ်ပညာကို ပိုင်ဆိုင်တဲ့သူဟာ . . . နာခံဖို့ အသင့် ရှိတယ်။—ယာ. ၃:၁၇။

ဉာဏ်ပညာ ရှိသူတွေဟာ “နာခံဖို့ အသင့်ရှိတယ်” လို့ ကျမ်းရေးသူ ယာကုပ် ပြောတယ်။ ဘာကို ဆိုလိုသလဲ။ ယေဟောဝါ အခွင့်အာဏာ ပေးထားသူတွေကို စိတ်ပါလက်ပါ၊ ကြည်ကြည်သာသာ နာခံချင်တာကို ဆိုလိုတယ်။ မိမိပညတ် ချိုးဖောက်ဖို့ တောင်းဆိုသူတွေကိုတော့ ယေဟောဝါ မနာခံစေချင်ဘူး။ (တ. ၄:၁၈-၂၀) လူထက် ယေဟောဝါကို နာခံရတာ ပိုလွယ်တယ်။ ယေဟောဝါရဲ့ လမ်းညွှန်ချက်တွေ အမြဲ ပြည့်ဝစုံလင်တာကိုး။ (ဆာ. ၁၉:၇) လူတွေကျတော့ မစုံလင်ဘူး။ ဒါပေမဲ့ မစုံလင်သူ မိဘ၊ အစိုးရ အာဏာပိုင်၊ အကြီးအကဲတွေကို ကောင်းကင်ဘုံစံ အဖ အခွင့်အာဏာ အတော်အတန် ပေးထားတယ်။ (ပညာ. ၆:၂၀။ ၁ သက်. ၅:၁၂။ ၁ ပေ. ၂:၁၃၊ ၁၄) သူတို့ကို နာခံတာ ယေဟောဝါကို နာခံတာပဲ။ w23.10 ၆ ¶၂-၃

တနင်္လာနေ့၊ ဖေဖော်ဝါရီ ၃

ဒါဟာ သစ္စာစကား၊ ဟုတ်မှန်တဲ့စကား ဖြစ် . . . တယ်။—ဗျာ. ၂၁:၅။

ယုံကြည်ခြင်း ခိုင်မာအောင် လုပ်နိုင်တဲ့ တစ်နည်းကတော့ ယေဟောဝါရဲ့ အစွမ်းတန်ခိုးအကြောင်း တွေးတောခြင်းပါ။ ကတိမှန်သမျှ ပြည့်စုံစေနိုင်စွမ်း ယေဟောဝါမှာ ရှိတယ်။ အနန္တတန်ခိုးရှင် ဖြစ်လို့ပါ။ (ယောဘ ၄၂:၂။ မာ. ၁၀:၂၇။ ဧ. ၃:၂၀) အာဗြဟံနဲ့ စာရာ အရွယ်လွန်နေပေမဲ့ သားလေး မွေးမယ်လို့ ယေဟောဝါ ပြောတယ်။ (က. ၁၇:၁၅-၁၇) အာဗြဟံရဲ့ မျိုးနွယ်တွေ ခါနန်ပြည်ကို အမွေရမယ်လို့လည်း ပြောတယ်။ ဒါပေမဲ့ အာဗြဟံရဲ့ မျိုးနွယ်တွေ ဖြစ်တဲ့ အစ္စရေးတွေ အီဂျစ်ပြည်မှာ နှစ်ပေါင်းများစွာ ကျွန်ခံကြရတယ်။ ဒါကြောင့် ယေဟောဝါရဲ့ကတိ ပြည့်ကော ပြည့်စုံပါ့မလားလို့ ထင်မိနိုင်တယ်။ ဒါပေမဲ့ ပြည့်စုံလာပါတယ်။ အပျိုစင် မာရိလည်း ဘုရားသားတော်ကို ဖွားမြင်မယ်၊ အဲဒီသားအားဖြင့် လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ဧဒင်မှာ ပေးခဲ့တဲ့ ကတိကို ပြည့်စုံစေမယ်လို့ ယေဟောဝါ ပြောတယ်။ (က. ၃:၁၅) ယေဟောဝါ ဘာကတိတွေ ပေးတယ်၊ ဘယ်လို ပြည့်စုံစေတယ်ဆိုတာ တွေးတောတဲ့အခါ ယေဟောဝါရဲ့ အစွမ်းတန်ခိုးကို ပိုယုံကြည်စိတ်ချလာတယ်။—ယောရှု ၂၃:၁၄။ ဟေရှာ. ၅၅:၁၀၊ ၁၁။ w23.04 ၂၈ ¶၁၀-၁၂

အင်္ဂါနေ့၊ ဖေဖော်ဝါရီ ၄

အို ယေဟောဝါ၊ ကျွန်တော် ဆုတောင်းတာကို ကြားလှည့်ပါ။ အသနားခံနေတာကို နားထောင် ပေးပါ။—ဆာ. ၁၄၃:၁။

ဒါဝိဒ်ရဲ့ ဆုတောင်းချက်တွေကို ဘုရား ဖြေပေးတယ်။ (၁ ရှ. ၁၉:၁၀၊ ၁၈-၂၀။ ၂ ရှ. ၅:၁၇-၂၅) ကျွန်တော်တို့လည်း ထပ်တူ စိတ်ချနိုင်ပါတယ်။ (ဆာ. ၁၄၅:၁၈) ကျွန်တော်တို့ မျှော်လင့်တဲ့ နည်းအတိုင်း ဆုတောင်းချက်တွေကို ယေဟောဝါ ဖြေချင်မှ ဖြေမယ်။ “ကိုယ်ခန္ဓာမှာ စူးတဲ့ ဆူး” ကို ဖယ်ရှားပေးဖို့ ဘုရားဆီ ပေါလု သုံးကြိမ် သတ်သတ်မှတ်မှတ် အသနားခံ ဆုတောင်းတယ်။ ယေဟောဝါ ဖြေပေးသလား။ ဖြေပေးပါတယ်။ ပေါလု မျှော်လင့်တဲ့ နည်းအတိုင်းတော့ မဟုတ်ဘူး။ ပြဿနာကို ဖယ်ရှားပေးမယ့်အစား သစ္စာရှိရှိ ဆက်အမှုဆောင်နိုင်ဖို့ လိုအပ်တဲ့ ခွန်အား ပေးတယ်။ (၂ ကော. ၁၂:၇-၁၀) ကျွန်တော်တို့လည်း မျှော်လင့်တဲ့ နည်းအတိုင်း အဖြေ မရတဲ့ အချိန်တွေ ရှိနိုင်တယ်။ ဘယ်လို ကူညီရင် အကောင်းဆုံး ဖြစ်မယ်ဆိုတာ ယေဟောဝါ သေချာပေါက် သိတယ်။ “ကျွန်တော်တို့ တောင်းလျှောက်သမျှ၊ ကြံစည်သမျှထက် အတိုင်းထက်အလွန်” တောင် လုပ်ဆောင်ပေးနိုင်တယ်။ (ဧ. ၃:၂၀) ဒါကြောင့် ကျွန်တော်တို့ရဲ့ ဆုတောင်းချက်တွေကို မျှော်လင့်မထားတဲ့ အချိန်မှာ မျှော်လင့်မထားတဲ့ နည်းနဲ့ ဖြေပေးနိုင်တယ်။ w23.05 ၈-၉ ¶၄-၆

ဗုဒ္ဓဟူးနေ့၊ ဖေဖော်ဝါရီ ၅

သင်္ချိုင်းဂူတွေမှာ ရှိနေသူအားလုံး သားတော်ရဲ့အသံကို ကြားပြီး ထွက်လာမယ့်အချိန် ရောက်လာတော့မယ်။—ယော. ၅:၂၈၊ ၂၉။

ရှင်ပြန်ထမြောက်ခြင်း ကတိကို ကျွန်တော်တို့အားလုံး မကြာခဏ ပြန်တွေးသင့်တယ်။ ဘာကြောင့်လဲ။ ဘယ်အချိန် ကိုယ်တိုင် ရောဂါဆိုး ခံစားရမယ်၊ ချစ်ရသူတွေကို ဆုံးရှုံးရမယ်ဆိုတာ မသိကြလို့ပါ။ (ဒေ. ၉:၁၁။ ယာ. ၄:၁၃၊ ၁၄) အဲဒီလိုအခက်အခဲတွေကို ခံရပ်ဖို့ ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်က ကူညီပေးနိုင်တယ်။ (၁ သက်. ၄:၁၃) ကျွန်တော်တို့ကို ကောင်းကင်ဘုံစံအဖ ကောင်းကောင်း သိတယ်၊ သိပ်ချစ်တယ်ဆိုတာ ကျမ်းစာမှာ အာမခံထားတယ်။ (လု. ၁၂:၇) ပြန်ထမြောက်ပေးတဲ့အခါ နဂို စရိုက်၊ မှတ်ဉာဏ်တွေ ပြန်ထည့်ပေးနိုင်လောက်တဲ့အထိ ကျွန်တော်တို့အကြောင်း ကောင်းကောင်း သိနေတယ်။ ကျွန်တော်တို့ကို သိပ်ချစ်လို့၊ ထာဝစဉ် အသက်ရှင်စေချင်လို့ သေဆုံးသွားရင်တောင် ပြန်ထမြောက်ပေးမယ်။ ရှင်ပြန်ထမြောက်ခြင်း ကတိကို ကျွန်တော်တို့ ဘာကြောင့် ယုံနိုင်သလဲ။ ကတိပေးတဲ့ ပုဂ္ဂိုလ်မှာ ကတိကို ဖြည့်ဆည်းပေးချင်တဲ့ ဆန္ဒကော ဖြည့်ဆည်းပေးနိုင်တဲ့ အစွမ်းပါ ရှိနေတယ်ဆိုတာ ကျွန်တော်တို့ စိတ်ချလို့ပါ။ w23.04 ၈-၉ ¶၂-၄

ကြာသပတေးနေ့၊ ဖေဖော်ဝါရီ ၆

[ယောသပ်နဲ့ မာရိဟာ] ပသခါပွဲ ခံချိန်မှာ ဂျေရုဆလင်မြို့ကို နှစ်တိုင်း သွားလေ့ရှိတယ်။ —လု. ၂:၄၁။

ယောသပ်နဲ့ မာရိဟာ ယေဟောဝါနဲ့ ဆက်ဆံရေး ခိုင်မြဲဖို့ မောင်နှံစုံလိုက် ကြိုးစားတယ်။ မိသားစုလိုက် ယေဟောဝါကို ဝတ်ပြုဖို့ အရေးကြီးမှန်း သဘောပေါက်တယ်။ (လု. ၂:၂၂-၂၄။ ၄:၁၆) ဒီနေ့ခေတ် မောင်နှံစုံတွေအတွက် စံနမူနာကောင်းပါပဲ။ သားသမီး ရှိတဲ့ မောင်နှံစုံတွေဟာ အစည်းအဝေး တက်ဖို့၊ မိသားစု ဝတ်ပြုမှု လုပ်ဖို့ အခက်အခဲ ရှိနိုင်တယ်။ ဒါ့အပြင် မောင်နှံစုံလိုက် လေ့လာဖို့၊ ဆုတောင်းဖို့ အရင်ကထက် အချိန် ပိုညှိရနိုင်တယ်။ ဒါပေမဲ့ ယေဟောဝါကို အတူတကွ ဝတ်ပြုတဲ့အခါ ဘုရားနဲ့ကော အိမ်ထောင်ဖက်နဲ့ပါ ပိုရင်းနှီးလာမှာ ဖြစ်လို့ ဝတ်ပြုရေးကို ဦးစားထားပါ။ သင့်အိမ်ထောင်မှာ ဆက်ဆံရေး တင်းမာနေရင် အတူတူ ထိုင်ပြီး မိသားစု ဝတ်ပြုမှု လုပ်ဖို့ စဉ်းတောင် စဉ်းစားချင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ပေါ့ပေါ့ပါးပါး၊ ခပ်တိုတို အကြောင်းအရာကနေ စလေ့လာကြည့်ပါ။ ဒါက အိမ်ထောင်နှောင်ကြိုး ခိုင်မြဲလာစေနိုင်တယ်။ မောင်နှံစုံလိုက် ယေဟောဝါကို ဝတ်ပြုချင်စိတ် တိုးလာစေနိုင်တယ်။ w23.05 ၂၂ ¶၇-၈

သောကြာနေ့၊ ဖေဖော်ဝါရီ ၇

ဩဗဒိဟာ ယေဟောဝါကို အလွန်ကြောက်ရွံ့ [တယ်။]—၁ ဘု. ၁၈:၃။

ယေဟောဝါကို ကြောက်ရွံ့လို့ ဩဗဒိ ရိုးသားသူ၊ ယုံကြည်စိတ်ချထိုက်သူ ဖြစ်နေတာ။ ဒါကြောင့် ဘုရင်က တော်ဝင်နန်းတော်ရဲ့ ကိစ္စ အဝဝကိုတောင် အပ်ထားတယ်။ (နေဟမိ ၇:၂ နဲ့ နှိုင်းယှဉ်ပါ။) ဒါ့အပြင် ဘုရားကို ကြောက်ရွံ့လို့ ဩဗဒိ ထူးထူးခြားခြား သတ္တိ ရှိခဲ့တယ်။ မင်းဆိုး အာဟပ် အုပ်ချုပ်ချိန်မှာ ဩဗဒိ အသက်ရှင်ခဲ့တယ်။ (၁ ဘု. ၁၆:၃၀) အာဟပ်ရဲ့ မိဖုရား၊ ဗာလ ဝတ်ပြုကိုးကွယ်သူ ယေဇဗေလကလည်း ယေဟောဝါကို မုန်းလွန်းလို့ မြောက်ပိုင်းနိုင်ငံကနေ စစ်မှန်တဲ့ ဝတ်ပြုရေးကို ဖယ်ရှားပစ်ချင်နေတယ်။ ယေဟောဝါရဲ့ ပရောဖက်တွေကို သတ်ပစ်တယ်။ (၁ ဘု. ၁၈:၄) ဘုရားရဲ့ ပရောဖက်တွေကို သတ်ပစ်ဖို့ ယေဇဗေလ သဲကြီးမဲကြီး လိုက်ရှာနေချိန် ဩဗဒိဟာ ပရောဖက် ၁၀၀ ကို ‘၅၀ စီ ခွဲပြီး လိုဏ်ဂူထဲမှာ ဝှက်ထားပေးတယ်၊ အစာရေစာ ကျွေးမွေးတယ်။’ (၁ ဘု. ၁၈:၁၃၊ ၁၄) ဒီလိုဝှက်ထားတာသာ ယေဇဗေလ သိသွားရင် သတ္တိခဲ ဩဗဒိ အသတ်ခံရမှာ သေချာတယ်။ ဩဗဒိလည်း လူပဲ။ ဘယ်သေချင်ပါ့မလဲ။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် ချစ်တာထက် ယေဟောဝါကို၊ ဝတ်ပြုသူချင်းတွေကို ပိုချစ်တယ်။ w23.06 ၁၅-၁၆ ¶၉-၁၀

စနေနေ့၊ ဖေဖော်ဝါရီ ၈

ငါယေဟောဝါဟာ . . . မင်းတို့ လျှောက်သင့်တဲ့ လမ်းအတိုင်း လမ်းညွှန်ပေးတဲ့ အရှင်ပဲ။ —ဟေရှာ. ၄၈:၁၇။

ရှေးခေတ်ကလိုပဲ ဒီနေ့ခေတ်မှာလည်း မိမိလူမျိုးကို ယေဟောဝါ ဆက်လမ်းပြနေတယ်။ ကျမ်းစာ၊ အသင်းတော်ဦးခေါင်း ယေရှုကတစ်ဆင့်ပါ။ လူသား ကိုယ်စားလှယ်တွေကို သုံးနေတယ်ဆိုတဲ့ အထောက်အထားတွေကော ရှိသလား။ ရှိတယ်။ ၁၈၇၀ နောက်ပိုင်း အဖြစ်အပျက်တွေ သုံးသပ်ကြည့်ပါ။ ဘုရားနိုင်ငံတော် တည်ထောင်ခြင်းနဲ့ပတ်သက်ပြီး ၁၉၁၄ ဟာ ထူးခြားတဲ့ နှစ် ဖြစ်မယ်ဆိုတာ ချားလ်စ် တေ့ဇ် ရပ်စယ်လ်နဲ့ အပေါင်းပါတွေ သဘောပေါက်လာကြတယ်။ (ဒံ. ၄:၂၅၊ ၂၆) ကျမ်းစာ ကြိုဟောချက်တွေ လေ့လာရင်း သဘောပေါက်လာကြတာ။ ယေဟောဝါ လမ်းပြပေးတာ ထင်ရှားတယ်။ ၁၉၁၄ ကမ္ဘာ့ဖြစ်ရပ်တွေက ဘုရားနိုင်ငံတော် တည်ထောင်ပြီဆိုတာ ပြလို့ပဲ။ ပထမကမ္ဘာစစ် ဖြစ်တယ်။ ကပ်ရောဂါ၊ ငလျင်၊ အစာခေါင်းပါးမှုတွေ ကြုံရတယ်။ (လု. ၂၁:၁၀၊ ၁၁) မိမိလူမျိုးကို ကူညီဖို့ စိတ်ရိုးဖြောင့်တဲ့ အမျိုးသားတွေကို ယေဟောဝါ သုံးခဲ့တာပဲ။ w24.02 ၂၂ ¶၁၁

တနင်္ဂနွေနေ့၊ ဖေဖော်ဝါရီ ၉

ဖြောင့်မတ်သူဟာ အခက်အခဲ အများကြီး ကြုံရ ပေမဲ့ ယေဟောဝါက အခက်အခဲမှန်သမျှကနေ သူ့ကို ကယ်တင်တယ်။—ဆာ. ၃၄:၁၉။

ဘုရားလူမျိုး ဖြစ်လို့ ကိုယ့်ကို ယေဟောဝါ ချစ်မှန်း၊ အကောင်းဆုံး အသက်တာ ပိုင်ဆိုင်စေချင်မှန်း ကျွန်တော်တို့ စိတ်ချကြတယ်။ (ရော. ၈:၃၅-၃၉) ကျမ်းစာမူတွေကို လိုက်လျှောက်ရင် အမြဲ အကျိုးရမယ်ဆိုတာလည်း ယုံကြတယ်။ (ဟေရှာ. ၄၈:၁၇၊ ၁၈) ဒါပေမဲ့ မျှော်လင့်မထားတဲ့ အခက်အခဲတွေ ကြုံရတဲ့အခါ ဘာလုပ်မလဲ။ မိသားစုဝင် တစ်ယောက်ယောက်ကြောင့် စိတ်ဆင်းရဲရတာ၊ ကျန်းမာရေး ပြဿနာ အကြီးအကျယ် ကြုံရလို့ ဆန္ဒရှိသလောက် အမှုတော်မှာ မပါဝင်နိုင်တော့တာ၊ သဘာဝ ဘေးသင့်တာ၊ ယုံကြည်ချက်ကြောင့် နှိပ်စက်ညှဉ်းပန်းခံရတာ ဖြစ်နိုင်တယ်။ ဒါတွေ ကြုံရတဲ့အခါ ‘ငါ့ကျမှ ဘာလို့ ဒီလိုဖြစ်ရတာလဲ။ ငါ ဘာအမှား လုပ်မိလို့လဲ။ ယေဟောဝါ ကောင်းချီး မပေးတော့လို့များလား’ လို့ တွေးမိနိုင်တယ်။ စိတ်ဓာတ်မကျပါနဲ့။ ယေဟောဝါရဲ့ သစ္စာရှိ ကျေးကျွန် တော်တော်များများ အဲဒီလို ခံစားခဲ့ကြရတယ်။—ဆာ. ၂၂:၁၊ ၂။ ဟဗ. ၁:၂၊ ၃။ w23.04 ၁၄ ¶၁-၂

တနင်္လာနေ့၊ ဖေဖော်ဝါရီ ၁၀

ကိုယ်တော်ရဲ့ စည်းမျဉ်းတွေကို . . . အမြဲ လိုက်နာမယ်လို့ သန္နိဋ္ဌာန်ချထားပါတယ်။—ဆာ. ၁၁၉:၁၁၂။

သွေးဆောင်ခံရတဲ့အခါ ဘုရားနဲ့ ဆက်ဆံရေး ထိခိုက်နိုင်တဲ့ အတွေး၊ လုပ်ရပ် မှန်သမျှ ကျွန်တော်တို့ ချက်ချင်း ငြင်းကြတယ်။ ကျွန်တော်တို့ “စိတ်ရောကိုယ်ပါ နာခံ” တတ်ဖို့ ယေဟောဝါ မျှော်လင့်တယ်။ (ရော. ၆:၁၇) ဘုရားပညတ်တွေကို ဈေးသွားဆစ်လို့ မရဘူး။ ဘုရားရဲ့ လမ်းညွှန်ချက်တွေဟာ အမြဲ ကျွန်တော်တို့ ကောင်းကျိုးအတွက်ပဲ။ (ဟေရှာ. ၄၈:၁၇၊ ၁၈။ ၁ ကော. ၆:၉၊ ၁၀) ကျွန်တော်တို့ သန္နိဋ္ဌာန် လျော့သွားဖို့ အကြမ်းဖက်မှု၊ ဖိအားတွေ စာတန် သုံးတယ်။ ကျွန်တော်တို့ကို “ဝါးမျိုဖို့၊” ယေဟောဝါနဲ့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးကို ဖျက်ဆီးဖို့ပါ။ (၁ ပေ. ၅:၈) ပထမရာစုတုန်းက ခရစ်ယာန်တွေဟာ အခိုင်အမာ ရပ်တည်မယ်ဆိုတဲ့ သန္နိဋ္ဌာန်ကြောင့် ခြိမ်းခြောက်၊ ရိုက်နှက်၊ သတ်ဖြတ်ခံရကြတယ်။ (တ. ၅:၂၇၊ ၂၈၊ ၄၀။ ၇:၅၄-၆၀) နှိပ်စက်ညှဉ်းပန်းမှုတွေကို ဒီနေ့အထိ စာတန် သုံးနေတုန်းပဲ။ ရုရှားနိုင်ငံနဲ့ တခြားနိုင်ငံတွေက ညီအစ်ကို/မတွေ ရက်ရက်စက်စက် နှိပ်စက်ညှဉ်းပန်းခံနေကြရတာ၊ တစ်နည်းမဟုတ် တစ်နည်းနဲ့ နှိပ်ကွပ်ခံနေကြရတာ ကြည့်ရင် သိနိုင်တယ်။ ပြောင်ပြောင်တင်းတင်း နှိပ်စက်ညှဉ်းပန်းမှုတွေအပြင် “ဉာဏ်နီဉာဏ်နက် များတဲ့ လုပ်ရပ်တွေ” ကိုလည်း စာတန် သုံးတယ်။—ဧ. ၆:၁၁။ w23.07 ၁၅-၁၆ ¶၆-၉

အင်္ဂါနေ့၊ ဖေဖော်ဝါရီ ၁၁

မေတ္တာပြရမယ်။ ဒါမှ . . . အရာရာမှာ ရင့်ကျက်တဲ့ သူတွေ ဖြစ်လာမယ်။—ဧ. ၄:၁၅။

ကျမ်းစာ လေ့လာတာနဲ့အမျှ ယေဟောဝါကို ချစ်တဲ့ မေတ္တာ တိုးလာတယ်။ မေတ္တာ တိုးလာတော့ သိလာတာတွေ လက်တွေ့ကျင့်တယ်။ ကျမ်းစာမူတွေကို အခြေခံပြီး ဆုံးဖြတ်ချက်ကောင်းတွေ ချတယ်။ ဘုရားစိတ်နဲ့ တွေ့ချင်လို့ အတွေးအခေါ်၊ အမူအကျင့်တွေ ပြင်တယ်။ မေတ္တာရှိတဲ့ မိဘကို သားသမီး အတုယူသလို ကောင်းကင်ဘုံစံ ဖခင်ကို သင် အတုယူနေတယ်။ (ဧ. ၅:၁၊ ၂) ‘နှစ်ခြင်းခံခါစ အချိန်ကထက် အခု ယေဟောဝါကို ပိုချစ်နေပြီလား။ နှစ်ခြင်းခံပြီးနောက် ယေဟောဝါ တွေးသလို၊ လုပ်သလို တွေးတတ်၊ လုပ်တတ်လာပြီလား။ အထူးသဖြင့်၊ ညီအစ်ကို/မတွေကို ပိုချစ်တတ်လာပြီလား’ လို့ ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ပါ။ “ကနဦး မေတ္တာ” အေးစက်သွားပြီဆိုတာ သတိထားမိရင်လည်း စိတ်ဓာတ်မကျပါနဲ့။ ပထမရာစု ခရစ်ယာန်တွေ အဲဒီလိုပဲ မေတ္တာ အေးစက်သွားကြတယ်။ ဒါပေမဲ့ သူတို့ကို ယေရှု ပစ်ပစ်ခါခါ မငြင်းခဲ့ဘူး။ ကျွန်တော်တို့ကိုလည်း ငြင်းမှာ မဟုတ်ပါဘူး။ (ဗျာ. ၂:၄၊ ၇) အမှန်တရား သိခါစ အချိန်မှာ ရှိခဲ့တဲ့ မေတ္တာမျိုး ပြန်ရှိအောင် လုပ်နိုင်မှန်း ယေရှု သိလို့ပဲ။ w23.07 ၈ ¶၂-၃

ဗုဒ္ဓဟူးနေ့၊ ဖေဖော်ဝါရီ ၁၂

အို ယေဟောဝါ၊ ကိုယ်တော်ဟာ ကောင်းမြတ်တယ်၊ ခွင့်လွှတ်ဖို့ အသင့်ရှိတယ်။—ဆာ. ၈၆:၅။

တမန်တော် ပေတရု အမှားတွေ တန်းစီ လုပ်မိတယ်။ ပထမ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲပြီး ယေရှုကို တခြားတမန်တော်တွေ စွန့်သွားရင်တောင် မစွန့်ဘူးလို့ ပြောတယ်။ (မာ. ၁၄:၂၇-၂၉) ဒုတိယ၊ သတိနဲ့ စောင့်မနေဘူး။ (မာ. ၁၄:၃၂၊ ၃၇-၄၁) တတိယ၊ လူအုပ် ရောက်လာတော့ ယေရှုကို ထားခဲ့ပြီး ထွက်ပြေးတယ်။ (မာ. ၁၄:၅၀) နောက်ဆုံးတော့ ကြီးလေးတဲ့အမှား လုပ်မိပါလေရော။ ယေရှုကို မသိဘူးလို့ သုံးကြိမ်တိုင်တိုင် ကျိန်တွယ်သစ္စာဆိုပြီး ငြင်းလိုက်တာ။ (မာ. ၁၄:၆၆-၇၁) ကြီးလေးတဲ့အမှား လုပ်မိမှန်း သိသွားတော့ စိတ်မထိန်းနိုင်ဘဲ ချုံးပွဲချ ငိုတော့တယ်။ (မာ. ၁၄:၇၂) အမှားတွေအတွက် ပေတရုကို ယေရှု အပြစ်မတင်တဲ့အပြင် တာဝန်ကြီးတွေ ပေးတယ်။ (ယော. ၂၁:၁၅-၁၇) မိမိကို သခင်ယေရှု ချစ်နေဆဲပဲဆိုတာ စိတ်ချသွားလို့ ပေတရု ဆက်အမှုဆောင်နိုင်ခဲ့တယ်။ ဘာသင်ခန်းစာ ရသလဲ။ ချစ်တယ်၊ ခွင့်လွှတ်ဖို့ အသင့်ရှိတယ်ဆိုတာ ကျွန်တော်တို့ကို ယေဟောဝါ စိတ်ချစေချင်တယ်။—ရော. ၈:၃၈၊ ၃၉။ w24.03 ၁၈ ¶၁၃-၁၅

ကြာသပတေးနေ့၊ ဖေဖော်ဝါရီ ၁၃

သူ သတ်ခဲ့တဲ့လူတွေ တစ်ပုံကြီးပဲ။ —ပညာ. ၇:၂၆။

မိုက်မဲတဲ့ မိန်းမ “အိမ်” မသွားတာ ပညာရှိရာ ရောက်တယ်။ လိင်အကျင့်ယိုယွင်းတာက အရှက်ရစေတယ်။ တန်ဖိုးမရှိဘူးလို့ ခံစားရစေတယ်။ မလိုချင်ဘဲ ကိုယ်ဝန် ရစေတယ်။ မိသားစု ပြိုကွဲစေတယ်။ ဘုရားနဲ့ ဆက်ဆံရေးကို ထိခိုက်စေနိုင်သလို အသက်အန္တရာယ် ရှိတဲ့ ရောဂါတွေ ရစေနိုင်တယ်။ (ပညာ. ၇:၂၃) မိုက်မဲတဲ့ မိန်းမဆီ “လာတဲ့ ဧည့်သည်တွေဟာ သင်္ချိုင်းရဲ့ နက်ရှိုင်းတဲ့ အရပ်တွေမှာ ရှိနေ” တယ်လို့ ပညာအလိမ္မာ ၉:၁၈ မှာ ဖော်ပြထားတယ်။ ဒါနဲ့တောင် ဒီလိုအန္တရာယ် များတဲ့ လမ်းကို လူတွေ ဘာကြောင့် လိုက်ကြသလဲ။ (ပညာ. ၉:၁၃-၁၈) အကြောင်းရင်းတစ်ခုကတော့ ညစ်ညမ်းရုပ်ပုံ ထောင်ချောက် မိသွားလို့ပဲ။ ညစ်ညမ်းရုပ်ပုံ ကြည့်တာ အန္တရာယ် ကင်းတယ်လို့ တချို့ ထင်ကြပေမဲ့ တကယ်တော့ အန္တရာယ် သိပ်များတယ်။ လူအထင်သေးစရာ လုပ်ရပ် ဖြစ်တယ်။ အကျင့်စွဲတတ်တယ်။ ကြည့်ပြီးရင် စိတ်ထဲကနေ တော်တော်နဲ့ ဖျောက်မရတော့ဘူး။ ကြည့်လိုက်ရင် ရာဂစိတ်တွေ ငြိမ်သွားမယ့်အစား ကြွလာလို့ လိင်အကျင့်ယိုယွင်းမိသွားတတ်ကြတယ်။—ကော. ၃:၅။ ယာ. ၁:၁၄၊ ၁၅။ w23.06 ၂၃ ¶၁၀-၁၁

သောကြာနေ့၊ ဖေဖော်ဝါရီ ၁၄

အထက်မှာ ပြောခဲ့တဲ့ နိုင်ငံအားလုံးကို ခြေမွှဖျက်ဆီးလိမ့်မယ်။ ပြီးတဲ့နောက် အဲဒီနိုင်ငံတစ်ခုပဲ ထာဝစဉ် တည်တံ့နေမယ်။—ဒံ. ၂:၄၄။

အင်္ဂလိပ်-အမေရိကန် ကမ္ဘာ့အာဏာစက်ကို တစ်ခါတလေ တခြားနိုင်ငံတွေ လာလာယှဉ်ပေမဲ့ နေရာလုနိုင်ကြမှာတော့ မဟုတ်ဘူး။ အင်္ဂလိပ်-အမေရိကန် မဟာမိတ်ကို ကိုယ်စားပြုတဲ့ ရုပ်တု ခြေထောက်အပိုင်းကို တိုက်ခိုက်ခြေမွှပစ်မှာဟာ ဘုရားနိုင်ငံတော်ကို ကိုယ်စားပြုတဲ့ “ကျောက်တုံး” ဖြစ်လို့ပဲ။ (ဒံ. ၂:၃၄၊ ၃၅၊ ၄၄၊ ၄၅) သံနဲ့ ရွှံ့စေး ရောနေတဲ့ ခြေဖဝါး၊ ခြေဖမိုးအကြောင်း ဒံယေလ ကြိုဟောချက် မှန်တယ်လို့ သင် ယုံသလား။ ယုံတယ်ဆိုရင် အသက်ရှင်နေထိုင်ပုံအားဖြင့် သက်သေပြမှာ ဖြစ်တယ်။ မကြာခင် တိုက်ခိုက်ခြေမွှခံရတော့မယ့် လောကမှာ ပစ္စည်းဥစ္စာတွေ အသည်းအသန် ရှာနေမှာ မဟုတ်ဘူး။ (လု. ၁၂:၁၆-၂၁။ ၁ ယော. ၂:၁၅-၁၇) ဟောပြောသွန်သင်ခြင်း လုပ်ငန်း ဘယ်လောက် အရေးကြီးကြောင်း သဘောပေါက်မှာ ဖြစ်တယ်။ (မ. ၆:၃၃။ ၂၈:၁၈-၂၀) ဒီကြိုဟောချက်ကို လေ့လာပြီးနောက် ‘လူ့အစိုးရအားလုံးကို မကြာခင် ဘုရားနိုင်ငံတော် ဖျက်ဆီးပစ်မယ်ဆိုတာ ယုံမှန်း ငါ့ဆုံးဖြတ်ချက်တွေက ပြနေရဲ့လား’ လို့ ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ပါ။ w23.08 ၁၁ ¶၁၃-၁၄

စနေနေ့၊ ဖေဖော်ဝါရီ ၁၅

ဘုရားသခင်က ကျွန်တော်တို့ ယောက်တိုင်းကို ကိုယ့်လုပ်ရပ်နဲ့ပတ်သက်ပြီး ဖြေရှင်းချက် တောင်းလိမ့်မယ်။—ရော. ၁၄:၁၂။

အသက်အရွယ်၊ ကျန်းမာရေးနဲ့ တခြားအခြေအနေတွေကြောင့် စိတ်ရှိသလောက် လုပ်နိုင်မှာ မဟုတ်ဘူးဆိုတာ နှိမ့်ချမှုရှိရှိ လက်ခံပါ။ ကျန်းမာရေး မကောင်းတော့တဲ့အခါ၊ ဇရာထောင်းလာတဲ့အခါ ဗာဇိလဲလိုပဲ အခွင့်ထူးတွေကို ကျေကျေနပ်နပ်ကြီး ငြင်းလိုက်ပါ။ (၂ ရှ. ၁၉:၃၅၊ ၃၆) မောရှေလိုပဲ တခြားသူတွေဆီက အကူအညီ လက်ခံပါ။ ဖြစ်နိုင်ရင် တာဝန် ခွဲပေးပါ။ (ထွ. ၁၈:၂၁၊ ၂၂) နှိမ့်ချမှုသာ ရှိရင် မဖြစ်နိုင်တာတွေ မျှော်လင့်နေမှာ မဟုတ်ဘူး။ တခြားသူတွေရဲ့ ဆုံးဖြတ်ချက် အမှားအတွက် တာဝန်မကင်းဘူးလို့လည်း မခံစားသင့်ဘူး။ တခြားသူတွေအတွက် ကျွန်တော်တို့ ဆုံးဖြတ်ပေးလို့ မရဘူး။ သူတို့ ဆုံးဖြတ်ချက် အမှား ချမိတဲ့အခါ ဆိုးကျိုး မခံရအောင် အမြဲ လိုက်ကာကွယ်ပေးလို့ မရဘူး။ ဥပမာ၊ သားသမီးတစ်ယောက် ယေဟောဝါကို ဆက်ဝတ်မပြုတော့တဲ့အခါ မိဘတွေ ရင်ကျိုးနိုင်တယ်။ ဒါပေမဲ့ သားသမီးရဲ့ မိုက်မဲတဲ့ ဆုံးဖြတ်ချက်ကြောင့် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တာဟာ ဝန်ထုပ်ဝန်ပိုး ထမ်းနေတာပဲ။ ဒါ ယေဟောဝါ ထမ်းစေချင်တဲ့ ဝန်မျိုး မဟုတ်ဘူး။ w23.08 ၂၉ ¶၁၁-၁၂

တနင်္ဂနွေနေ့၊ ဖေဖော်ဝါရီ ၁၆

ရှံဆုန်က . . . ဒေလိလလို့ ခေါ်တဲ့ မိန်းကလေးနဲ့ ချစ်ကြိုက်ပြန်တယ်။—သူကြီး. ၁၆:၄။

ရှံဆုန်လည်း ကျွန်တော်တို့လို မစုံလင်သူမို့ ဆုံးဖြတ်ချက် အမှားတွေ ချမိတယ်။ တစ်ခေါက်တော့ ဆုံးဖြတ်ချက် တစ်ခုလေးပဲ မှားသွားတာ အဖြစ်ဆိုးတွေ ကြုံလိုက်ရတယ်။ တရားသူကြီးအဖြစ် အချိန်အတော်ကြာ အမှုဆောင်ပြီးနောက် “စောရက် သဲချောင်းမှာ နေထိုင်သူ ဒေလိလ” နဲ့ ချစ်ကြိုက်သွားတယ်။ ဒီ့မတိုင်ခင် ဖိလိတိ မိန်းကလေးတစ်ယောက်နဲ့ လက်ထပ်ဖို့ ရည်ရွယ်ဖူးတယ်။ အဲဒီတုန်းကကျတော့ “ဖိလိတိလူတွေကို တိုက်ခိုက်ဖို့ အခွင့်ကောင်း” ရအောင် ‘ယေဟောဝါ လမ်းညွှန်’ တာ။ နောက်ပိုင်းမှာလည်း ဖိလိတိပြည်၊ ဂါဇာမြို့က ပြည့်တန်ဆာအိမ်မှာ အိပ်တယ်။ ဂါဇာမြို့တံခါးတွေ ဆွဲနုတ်ဖို့ ဘုရား ခွန်အား ပေးတာ အဲဒီတစ်ခေါက်ပေါ့။ (သူကြီး. ၁၄:၁-၄။ ၁၆:၁-၃) ဒေလိလကျတော့ အစ္စရေးလူမျိုး ဖြစ်ပုံရတယ်။ သူနဲ့ သွားပတ်သက်လို့ ဖိလိတိတွေကို တိုက်ဖို့ ဘာအခွင့်အလမ်းမှ ပေါ်လာမှာ မဟုတ်ဘူး။ ပတ်သက်ချင်လို့ကို သွားပတ်သက်တာ။ ဖိလိတိတွေ ပေးတဲ့ ငွေကို ယူပြီး ရှံဆုန်ကို ဒေလိလ သစ္စာဖောက်လိုက်တယ်။ w23.09 ၅ ¶၁၂-၁၃

တနင်္လာနေ့၊ ဖေဖော်ဝါရီ ၁၇

ထိုးထွင်းဉာဏ် ရှိသူဟာ ဒေါသ ချုပ်တည်းတယ်။—ပညာ. ၁၉:၁၁။

ထိုးထွင်းဉာဏ် ရှိတာက နူးညံ့သိမ်မွေ့ဖို့ ကူညီပေးနိုင်တယ်။ များသောအားဖြင့် တစ်ခုခု စဉ်းစားမိလို့၊ စိတ်ပူလို့ လူတွေ မေးခွန်း မေးကြတာ။ ဘာကြောင့် မေးသလဲဆိုတာတော့ ထုတ်မပြောကြဘူး။ ဒါကြောင့် ထိုးထွင်းဉာဏ် ရှိသူဟာ ယုံကြည်ချက်အကြောင်း မေးခွန်း မေးခံရတာနဲ့ ကရားရေလွှတ် မဖြေဘူး။ တစ်ဖက်လူ မေးခွန်း မေးရတဲ့ အကြောင်းရင်း ကိုယ် မသိဘူးဆိုတာ အသိအမှတ်ပြုတယ်။ (ပညာ. ၁၆:၂၃) ဂိဒေါင်အကြောင်း စဉ်းစားကြည့်ပါ။ ရန်သူတွေကို စစ်သွားတိုက်ဖို့ အစောကြီးကတည်းက ဘာလို့ မခေါ်သလဲဆိုပြီး ဧဖရိမ် အမျိုးသားတွေ အကြီးအကျယ် ရန်တွေ့ကြတယ်။ ဘာကြောင့် ဒီလောက် အဖြစ်သည်းနေကြသလဲ။ မာန ထိခိုက်သွားလို့ ဖြစ်မယ်။ ဘာပဲဖြစ်ဖြစ် ဂိဒေါင် ထိုးထွင်းဉာဏ် ရှိတဲ့အတွက် အကြောင်းရင်း သဘောပေါက်ဖို့ ကြိုးစားတယ်။ ပြေပြေလည်လည် ပြန်ဖြေတယ်။ ဒါကြောင့် ဧဖရိမ် အမျိုးသားတွေ “စိတ်ပြေသွားတယ်။”—သူကြီး. ၈:၁-၃။ w23.09 ၁၆ ¶၈-၉

အင်္ဂါနေ့၊ ဖေဖော်ဝါရီ ၁၈

ဘုရားက ငါ့ကို တစ်နေ့ထက်တစ်နေ့ ချစ်မြတ်နိုး လာတယ်။—ပညာ. ၈:၃၀။

ယေဟောဝါနဲ့ ယေရှုရဲ့ သားအဖ နှောင်ကြိုးလောက် ခိုင်မြဲတဲ့ နှောင်ကြိုး မရှိဘူး။ သားတော် မတရား ဆက်ဆံခံရတာ၊ ငြင်းပယ်ခံရတာ၊ ဝေဒနာ တမြည့်မြည့် ခံစားရတာ ကြည့်ပြီး ယေဟောဝါ ရင်ကွဲနေမှာပဲ။ သားသမီး ဆုံးရှုံးဖူးတဲ့ မိဘဆိုရင် ကိုယ်ချင်းစာတတ်မှာပါ။ ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်ကို ယုံပေမဲ့ ချစ်ရသူ သေဆုံးလို့ မနာကျင်တဲ့သူ မရှိဘူး။ ဒါဆိုရင် အေဒီ ၃၃၊ နိသန်လ ၁၄ ရက်မှာ ချစ်သား ဝေဒနာ ခံစားပြီး သေသွားတာကို ကြည့်နေရတဲ့ ယေဟောဝါ ဘယ်လို ခံစားရမလဲ နားလည်မှာပါ။ (မ. ၃:၁၇) အခုကစပြီး အောက်မေ့ရာပွဲ မတိုင်ခင် ကိုယ်ပိုင်လေ့လာမှုမှာ၊ မိသားစု ဝတ်ပြုမှုမှာ ရွေးဖိုးအကြောင်း လေ့လာပါ။ အောက်မေ့ရာနေ့မှာ နံနက်ဝတ်ပြုမှု အထူး အစီအစဉ် ကြည့်ဖို့လည်း မမေ့ပါနဲ့။ အောက်မေ့ရာနေ့အတွက် စိတ်ကို ပြင်ဆင်ထားရင် ကိုယ်တိုင် အကျိုးရမယ်။ တခြားသူတွေ အကျိုးရဖို့လည်း ကူညီပေးနိုင်မယ်။—ဧဇ. ၇:၁၀။ w24.01 ၁၁ ¶၁၀-၁၂

ဗုဒ္ဓဟူးနေ့၊ ဖေဖော်ဝါရီ ၁၉

ဘုရားသခင်က ခင်ဗျားတို့ကို . . . ခွန်အား ရှိစေမယ်။—၁ ပေ. ၅:၁၀။

ဘုရားပေး အားအင် ရနိုင်တဲ့ တစ်နည်းက ဆုတောင်းခြင်းပါ။ ဆုတောင်းချက်ကို အဖြေပေးတဲ့အနေနဲ့ “သာမန်ထက် ထူးကဲတဲ့ တန်ခိုး” ယေဟောဝါ ပေးနိုင်တယ်။ (၂ ကော. ၄:၇) ကျမ်းစာ ဖတ်တာ၊ တွေးတောတာကလည်း အားရှိစေနိုင်တယ်။ (ဆာ. ၈၆:၁၁) ကျမ်းစာမှာ ပါတဲ့ ယေဟောဝါရဲ့ သတင်းစကားဟာ “အစွမ်းထက်တယ်။” (ဟီ. ၄:၁၂) ဆုတောင်းတဲ့အခါ၊ ကျမ်းစာ ဖတ်တဲ့အခါ ရလာတဲ့ ခွန်အားက ခံနိုင်ရည် ရှိစေတယ်။ ဆက်ဝမ်းမြောက်နေစေတယ်။ ခက်ခဲတဲ့ တာဝန် ထမ်းဆောင်နိုင်စေတယ်။ ပရောဖက် ယောနကို ယေဟောဝါ ဘယ်လို အားရှိစေခဲ့ကြောင်း သတိပြုပါ။ ယေဟောဝါ လွှတ်တဲ့နေရာ ယောန မသွားရဲလို့ သင်္ဘောစီးပြီး ထွက်ပြေးတယ်။ ကိုယ်တိုင်ရော သင်္ဘောပေါ်က လူတွေပါ မုန်တိုင်းမိပြီး သေဖို့ နည်းနည်းပဲ လိုတယ်။ ယောနကို သင်္ဘောသားတွေ ပင်လယ်ထဲ ပစ်ချလိုက်တော့ ငါးကြီးတစ်ကောင် မျိုချလိုက်လို့ ငါးရဲ့ ဝမ်းဗိုက်ထဲမှာ မှောင်မှောင်မည်းမည်း နေခဲ့ရတယ်။ တစ်ယောက်တည်း ကူကယ်ရာ မဲ့နေပြီလို့ ခံစားရချိန်မှာ အားအင် ရဖို့ ယောန ဘာလုပ်သလဲ။ ဆုတောင်းတယ်။—ယောန ၂:၁၊ ၂၊ ၇။ w23.10 ၁၃ ¶၄-၆

ကြာသပတေးနေ့၊ ဖေဖော်ဝါရီ ၂၀

အရာခပ်သိမ်းရဲ့ အဆုံး ရောက်ခါနီးပြီ။ —၁ ပေ. ၄:၇။

ပထမရာစု ခရစ်ယာန်တွေဆီ တမန်တော် ပေတရု ရေးခဲ့တဲ့ စာတွေကို ကျမ်းစာမှာ ယေဟောဝါ ထည့်ထားတယ်။ ကျွန်တော်တို့ သင်ခန်းစာ ယူနိုင်ဖို့ပါ။ (ရော. ၁၅:၄) ကျမ်းစာ ကြိုဟောချက်တွေကို အယုံအကြည် မရှိသူတွေကြား ကျွန်တော်တို့ အသက်ရှင်ကြရတယ်။ အဆုံး ရောက်လာတော့မယ်ဆိုပြီး ပြောနေတာ နှစ်နဲ့ချီ ကြာပြီ ဖြစ်လို့ ဆန့်ကျင်သူတွေ လှောင်ကြတယ်။ တချို့ဆိုရင် ယေဟောဝါရဲ့ နေ့ကြီး ဘယ်တော့မှ ရောက်လာမှာ မဟုတ်ဘူးလို့ ပြောကြတယ်။ (၂ ပေ. ၃:၃၊ ၄) အမှုဆောင်မှာ တွေ့ရသူတွေ၊ အလုပ်ဖော်တွေ၊ မိသားစုဝင်တွေဆီက ဒီလိုစကား ကြားရတဲ့အခါ ကျွန်တော်တို့ ယုံကြည်ခြင်း ယိမ်းယိုင်လာနိုင်တယ်။ ယုံကြည်ခြင်း မယိမ်းယိုင်ဖို့ ဘာက ကူညီပေးနိုင်တယ်ဆိုတာ ပေတရု ပြောပြထားတယ်။ လက်ရှိ ဆိုးညစ်တဲ့ စနစ်ကို ယေဟောဝါ အဆုံးတိုင်ဖို့ လူတချို့ အမြင်မှာ နှောင့်နှေးနေပုံ ပေါက်နိုင်တယ်။ ဒါပေမဲ့ ပေတရုရဲ့ စကားတွေက ကျွန်တော်တို့ကို အမြင်မှန် ရှိစေတယ်။ အချိန်နဲ့ပတ်သက်ပြီး လူ့အမြင်နဲ့ ယေဟောဝါရဲ့ အမြင် တော်တော် ကွာကြောင်း သတိပေးထားလို့ပါ။ (၂ ပေ. ၃:၈၊ ၉) လူတွေအတွက် အနှစ်တစ်ထောင်ဟာ ယေဟောဝါအတွက် တစ်ရက်ပဲ။ ဘယ်သူ့ကိုမှ မပျက်စီးစေချင်လို့ ယေဟောဝါ စိတ်ရှည်ပေးနေတာ။ သတ်မှတ်ထားတဲ့ နေ့ ရောက်ရင်တော့ ဒီလောကစနစ် အဆုံးတိုင်သွားလိမ့်မယ်။ w23.09 ၂၆-၂၇ ¶၂-၅

သောကြာနေ့၊ ဖေဖော်ဝါရီ ၂၁

ယုံကြည်ခြင်းကနေ တရွေ့ရွေ့ မျောပါမသွားဖို့ ကြားခဲ့တာတွေကို ခါတိုင်းထက် ပိုပြီး အာရုံစိုက်ဖို့ လိုတယ်။—ဟီ. ၂:၁။

ယုဒပြည်က ဟီဘရူး ခရစ်ယာန်တွေဆီ တမန်တော် ပေါလု ဘာကြောင့် စာရေးသလဲ။ အကြောင်းရင်း နှစ်ခုကြောင့် ဖြစ်နိုင်တယ်။ ပထမ၊ အားပေးချင်လို့။ ခရစ်ယာန် အများစုဟာ ဂျူးဘာသာကနေ ပြောင်းလာကြတာ။ ခရစ်ယာန် ဖြစ်သွားလို့ဆိုပြီး ဂျူးဘာသာရေး ခေါင်းဆောင်တွေ သရော်နိုင်တယ်။ ဘာကြောင့်လဲ။ ခရစ်ယာန်တွေမှာ သွားဝတ်ပြုစရာ ဗိမာန်တော် မရှိဘူး။ ပူဇော်သက္ကာ ဆက်သဖို့ ပလ္လင် မရှိဘူး။ ဆက်သပေးမယ့် ပုရောဟိတ် မရှိဘူး။ ဒါကြောင့် စိတ်အားငယ်လာနိုင်တယ်။ ယုံကြည်ခြင်း အားနည်းလာနိုင်တယ်။ (ဟီ. ၃:၁၂၊ ၁၄) ဂျူးဘာသာထဲ ပြန်ဝင်ဖို့တောင် တချို့ စဉ်းစားနိုင်တယ်။ ဒုတိယ၊ ‘အစာမာ’ နဲ့ တူတဲ့ ကျမ်းစာ သွန်သင်ချက် အသစ်တွေ၊ နက်နဲတဲ့ ကျမ်းစာ သွန်သင်ချက်တွေ နားလည်ဖို့ ဟီဘရူး ခရစ်ယာန်တွေ မကြိုးစားကြတာကို ထောက်ပြချင်လို့။ (ဟီ. ၅:၁၁-၁၄) တချို့ဆိုရင် မောရှေပညတ် လိုက်နာနေကြတုန်းပဲ။ w23.10 ၂၄-၂၅ ¶၃-၄

စနေနေ့၊ ဖေဖော်ဝါရီ ၂၂

ငယ်ရွယ်တဲ့ အမျိုးသမီးတွေကို နှမလို သဘော ထားပြီး ရိုးသားဖြူစင်စွာ ဆက်ဆံပါ။ —၁ တိ. ၅:၂။

ညီအစ်မတချို့က တစ်ကိုယ်ရေ နေကြတယ်။ (မ. ၁၉:၁၀-၁၂) တစ်ယောက်တည်းသမားမို့လို့ ယေဟောဝါနဲ့ ယေရှုရှေ့ တန်ဖိုး လျော့မသွားပါဘူး။ ကမ္ဘာတစ်ဝန်းက အသင်းတော်တွေမှာ တစ်ကိုယ်ရေ ညီအစ်မတွေ ရှိတာ ကောင်းချီးပဲ။ တခြားသူတွေကို ချစ်ပြီး ဂရုစိုက်ပေးတတ်လို့ ညီအစ်ကို/မတွေအတွက် အစ်မလို၊ အမေလို ဖြစ်လာကြတယ်။ (မာ. ၁၀:၂၉၊ ၃၀) တချို့က အချိန်ပြည့် အမှုဆောင်ကြတယ်။ ကမ္ဘာတစ်ဝန်း ဟောပြောခြင်းလုပ်ငန်းမှာ ပါဝင်နေသူ အများစုဟာ ညီအစ်မတွေပါ။ (ဆာ. ၆၈:၁၁) အချိန်ပြည့် အမှုဆောင်ဖို့ အခုကတည်းက စီစဉ်နိုင်မလား။ ရှေ့ဆောင်၊ ဆောက်လုပ်ရေး စေတနာ့ဝန်ထမ်း၊ ဗေသလ အိမ်သားအဖြစ် အမှုဆောင်နိုင်တယ်။ သင့်ပန်းတိုင်ကို ဘုရားဆီ ပြောပြပါ။ အချိန်ပြည့် အမှုဆောင်နေသူတွေဆီက အကြံတောင်းပါ။ ပန်းတိုင် ရောက်ဖို့ အစီအစဉ် ဆွဲပါ။ အချိန်ပြည့် အမှုဆောင်ရင် ထပ်ဆင့် အမှုဆောင် အခွင့်အလမ်းတွေ ပွင့်လာမယ်။ w23.12 ၂၂ ¶၁၆-၁၇

တနင်္ဂနွေနေ့၊ ဖေဖော်ဝါရီ ၂၃

အရင်ဆုံး၊ . . . သတင်းကောင်း ဟောရလိမ့်မယ်။—မာ. ၁၃:၁၀။

ကြီးစွာသောဒုက္ခ နီးလာတာနဲ့အမျှ ဟောပြောခြင်းလုပ်ငန်း ပိုအရေးကြီးလာမှန်း ကျွန်တော်တို့ သိကြတယ်။ ဒါပေမဲ့ ငွေကြေး ကျပ်တည်းတဲ့အခါ၊ ဟောပြောခြင်းလုပ်ငန်း ဆန့်ကျင်ခံရတဲ့အခါ အမှုဆောင်လုပ်ငန်းကို အာရုံစိုက်ဖို့ ခက်လာနိုင်တယ်။ အာရုံစိုက်ဖို့ ဘာက ကူညီပေးမလဲ။ “ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ” ကိုယ့်ဘက်မှာ ရှိတယ်ဆိုတာ စိတ်ချနေခြင်းပါ။ ကိုယ့်အရေးထက် ဘုရားအလို ဆောင်တာကို ဆက်ဦးစားထားရင် ယေဟောဝါ ထောက်မပေးမယ်။ ဘာမှ ကြောက်စရာ မလိုဘူး။ (ဟဂ္ဂဲ ၂:၄) တပည့် ဖြစ်စေခြင်းဆိုတဲ့ အသက်ကယ်လုပ်ငန်းမှာ ကျွန်တော်တို့ကို ယေဟောဝါ အာရုံစိုက်နေစေချင်တယ်။ ဗိမာန်တော် ဆောက်တဲ့ အလုပ်ကို စိတ်သစ်လူသစ်နဲ့ ပြန်စကြဖို့ ဘုရားလူမျိုးကို ဟဂ္ဂဲ တိုက်တွန်းတယ်။ ပြန်စတာနဲ့ “ကောင်းချီးပေးမယ်” လို့ ယေဟောဝါ ကတိပေးတယ်။ (ဟဂ္ဂဲ ၂:၁၈၊ ၁၉) ကျွန်တော်တို့လည်း ပေးထားတဲ့ တာဝန်ကို ဦးစားထားမယ်ဆိုရင် ယေဟောဝါ ကောင်းချီးပေးမယ်ဆိုတာ စိတ်ချနိုင်တယ်။ w23.11 ၁၆ ¶၈။ ၁၇ ¶၁၁

တနင်္လာနေ့၊ ဖေဖော်ဝါရီ ၂၄

လူအားလုံးဟာ အပြစ်ရှိသူတွေ ဖြစ် [တယ်။] —ရော. ၃:၂၃။

ရောမ အသင်းတော်ဆီ ရေးတဲ့ စာမှာ တမန်တော် ပေါလု ဖော်ပြသလို လူအားလုံး အပြစ်ရှိသူတွေ ဖြစ်တယ်။ ဒါဆိုရင် ကျွန်တော်တို့ကို ဖြောင့်မတ်သူ၊ အပြစ်ပြောစရာ မရှိသူလို့ ယေဟောဝါ ဘာကြောင့် သတ်မှတ်သလဲ။ နှစ်သက်လက်ခံသလဲ။ အာဗြဟံရဲ့ စံနမူနာကို သုံးပြီး ပေါလု ဖြေထားတယ်။ ခါနန်ပြည်မှာ အာဗြဟံ ရှိနေတုန်း ဖြောင့်မတ်သူလို့ ယေဟောဝါ သတ်မှတ်တယ်။ ဘာကြောင့်လဲ။ မောရှေပညတ် အာဗြဟံ စောင့်ထိန်းလို့လား။ မဟုတ်ဘူး။ (ရော. ၄:၁၃) အာဗြဟံကို ဖြောင့်မတ်သူလို့ ဘုရား သတ်မှတ်ပြီးနောက် အနှစ် ၄၀၀ ကျော်မှ အစ္စရေးတွေကို မောရှေပညတ် ပေးတာ။ ဒါဆိုရင် ဘာကြည့်ပြီး အာဗြဟံကို ဖြောင့်မတ်သူလို့ သတ်မှတ်သလဲ။ အာဗြဟံရဲ့ ယုံကြည်ခြင်းကို ကြည့်ပြီး မဟာကရုဏာကြောင့် သတ်မှတ်တာ။—ရော. ၄:၂-၄။ w23.12 ၃ ¶၄-၅

အင်္ဂါနေ့၊ ဖေဖော်ဝါရီ ၂၅

ဆန္ဒရှိတဲ့အတိုင်းသာ လုပ်ပါ။—၁ ရာ. ၁၇:၂။

ဘုရင် ဒါဝိဒ်ကို ဒီနေ့ ကျမ်းချက်ပါ စကားတွေ ပရောဖက် နာသန် ပြောတယ်။ ဒါပေမဲ့ ဗိမာန်တော်ကို ဒါဝိဒ် ဆောက်ခွင့်မရဘူးလို့ အဲဒီညမှာပဲ နာသန်ကတစ်ဆင့် ယေဟောဝါ ပြောတယ်။ (၁ ရာ. ၁၇:၃၊ ၄၊ ၁၁၊ ၁၂) ဒီသတင်း ကြားပြီးနောက် ဒါဝိဒ် ဘာလုပ်သလဲ။ စီမံကိန်းအတွက် သားတော် ရှောလမုန် လိုအပ်မယ့် ငွေကြေးနဲ့ ဆောက်လုပ်ရေး ပစ္စည်းတွေ စုဆောင်းပေးတယ်။ (၁ ရာ. ၂၉:၁-၅) ဗိမာန်တော် ဆောက်လုပ်ရမှာ မဟုတ်ကြောင်း ယေဟောဝါ အသိပေးပြီးတာနဲ့ ချက်ချင်း ဒါဝိဒ်နဲ့ ပဋိညာဉ် ဖွဲ့တယ်။ ဒါဝိဒ်ရဲ့ မျိုးနွယ်က ဆင်းသက်လာသူ တစ်ယောက် ထာဝစဉ် အုပ်ချုပ်ရမယ်လို့ ကတိပေးတာပါ။ (၂ ရှ. ၇:၁၆) ကမ္ဘာသစ် ရောက်တဲ့အခါ အနှစ်တစ်ထောင် အုပ်စိုးရှင် ဘုရင် ယေရှုဟာ မိမိရဲ့မျိုးနွယ်က ဆင်းသက်လာမှန်း ဒါဝိဒ် သိလိုက်ရလို့ ဘယ်လောက်တောင် ပျော်လိုက်မလဲ။ ကိုယ်စိတ်ကူးထားတဲ့အတိုင်း ဘုရား အမှုမဆောင်နိုင်ရင်တောင် ကိုယ့်အတွက် ဘုရား ရည်ရွယ်ထားတဲ့ တခြားကောင်းချီးတွေ ရှိနေနိုင်တယ်ဆိုတာ သတိရပါ။ w23.04 ၁၆ ¶၈-၁၀

ဗုဒ္ဓဟူးနေ့၊ ဖေဖော်ဝါရီ ၂၆

ယေဟောဝါက မိမိရဲ့လူတွေကို ပစ်ထားမှာ မဟုတ်ဘူး။—ဆာ. ၉၄:၁၄။

တချို့ ကျမ်းစာအပိုင်းတွေက အထူးသဖြင့် သောကရောက်ချိန်မှာ နှစ်သိမ့်မှု ပေးနိုင်တယ်။ ဥပမာ၊ ယောဘကျမ်း၊ ဆာလံကျမ်း၊ ပညာအလိမ္မာကျမ်း ဖတ်နိုင်တယ်။ မဿဲ အခန်းကြီး ၆ မှာ ပါတဲ့ ယေရှုစကားတွေ ဖတ်နိုင်တယ်။ ဆုတောင်း၊ ကျမ်းစာ ဖတ်ရင် ဘုရား နှစ်သိမ့်ပေးနေတယ်ဆိုတာ ခံစားလာရမယ်။ ဘဝရဲ့ အမှောင်မိုက်ဆုံး အချိန်တွေမှာ ယေဟောဝါ အတူ ရှိနေပေးမယ်ဆိုတာ စိတ်ချနိုင်ပါတယ်။ ဘယ်တော့မှ တစ်ယောက်တည်း ဖြစ်နေမှာ မဟုတ်ဘူး။ (ဆာ. ၂၃:၄) စောင့်ရှောက်ပေးမယ်၊ တည်ငြိမ်စေမယ်၊ ထောက်မပေးမယ်၊ နှစ်သိမ့်ပေးမယ်လို့ ယေဟောဝါ ကတိပေးထားတယ်။ “ဘုရားက အပြည့်အဝ မှီခိုတဲ့သူတွေကို ကာကွယ်စောင့်ရှောက်ပေးမယ်။ ယုံကြည်ကိုးစားတဲ့သူတွေကို တည်မြဲတဲ့ ငြိမ်သက်မှု ပေးလိမ့်မယ်” လို့ ဟေရှာယ ၂၆:၃ မှာ ပြောထားတယ်။ ဒါကြောင့် ဘုရားကို ယုံကြည်ကိုးစားပါ။ ဘုရားအကူအညီ ရဖို့ လုပ်နိုင်တာ မှန်သမျှ လုပ်ပါ။ ဒါဆိုရင် ခက်ခဲတဲ့ ကာလမှာ အားပြန်ပြည့်လာပါလိမ့်မယ်။ w24.01 ၂၅ ¶၁၆-၁၇

ကြာသပတေးနေ့၊ ဖေဖော်ဝါရီ ၂၇

မင်းကို တိုက်ခိုက်ဖို့ လုပ်တဲ့ လက်နက် တစ်ခုမှ အောင်မြင်မှာ မဟုတ်ဘူး။ —ဟေရှာ. ၅၄:၁၇။

အထက်ပါ ကျမ်းစကား ဒီနေ့အချိန်မှာ ပြည့်စုံနေတယ်။ “မင်းရဲ့ သားသမီးအားလုံး ယေဟောဝါ သွန်သင်ပေးတာကို ခံရလိမ့်မယ်။ ငြိမ်သက်ခြင်းကောင်းချီးကို သူတို့ အလျှံပယ် ခံစားရလိမ့်မယ်။ မင်းဟာ ဖြောင့်မတ်ခြင်းတရားမှာ တည်မြဲနေလိမ့်မယ်။ . . . ဘာကိုမှ ကြောက်ရမှာ မဟုတ်ဘူး။ ကြောက်စရာအကြောင်း လုံးဝ ရှိမှာ မဟုတ်ဘူး။ ကြောက်လန့်စရာတွေ မင်းအနား ရောက်လာမှာ မဟုတ်ဘူး” ဆိုတဲ့ ကျမ်းစကားလည်း ပြည့်စုံနေတယ်။ (ဟေရှာ. ၅၄:၁၃၊ ၁၄) ယေဟောဝါလူမျိုးရဲ့ ပညာပေးလုပ်ငန်းကို “ဒီလောကစနစ်ရဲ့ ဘုရား” စာတန်တောင် မတားနိုင်ဘူး။ (၂ ကော. ၄:၄) စင်ကြယ်တဲ့ ဝတ်ပြုရေး ထွန်းကားနေပြီ။ နောက်တစ်ခါ တိမ်ကောသွားမှာ မဟုတ်ဘူး။ ထာဝစဉ် အညွန့် တလူလူ ဖြစ်နေမှာ။ ကျွန်တော်တို့ကို တိုက်ခိုက်ဖို့ လုပ်တဲ့ လက်နက်တစ်ခုမှ အောင်မြင်မှာ မဟုတ်ဘူး။ w24.02 ၄ ¶၁၀

သောကြာနေ့၊ ဖေဖော်ဝါရီ ၂၈

ကျွန်တော့်ထက် မိဘကို ပိုချစ်တဲ့သူဟာ ကျွန်တော့်တပည့် မဖြစ်ထိုက်ဘူး။ —မ. ၁၀:၃၇။

ကျွန်တော်တို့ ခရစ်ယာန်တွေဟာ ဆက်ကပ်အပ်နှံခြင်းကတိကို အလေးအနက်ထားကြတယ်။ မိသားစုနဲ့ပတ်သက်ပြီး ဆုံးဖြတ်၊ ပြုမူတဲ့အခါ အဲဒီကတိ ထည့်စဉ်းစားကြတယ်။ မိသားစုတာဝန် ကျေဖို့ ကြိုးစားပေမဲ့ ယေဟောဝါအလိုထက် မိသားစုအလိုကို ဘယ်တော့မှ ရှေ့တန်းမတင်ကြဘူး။ (မ. ၁၀:၃၅၊ ၃၆။ ၁ တိ. ၅:၈) ယေဟောဝါစိတ်နဲ့ တွေ့ဖို့ မိသားစု၊ ဆွေမျိုးတွေ သဘောမတွေ့မယ့် ဆုံးဖြတ်ချက် ချရနိုင်တယ်။ မိသားစုဘဝ အစပြုရှင် ယေဟောဝါဟာ ကျွန်တော်တို့ရဲ့ မိသားစုဘဝ သာယာစေချင်တယ်။ (ဧ. ၃:၁၄၊ ၁၅) သာယာချင်ရင် ဘုရားစကား နားထောင်ရမယ်။ မိသားစုကို မေတ္တာ၊ လေးစားမှု ပြရင်း မိမိကို ဝတ်ပြုဖို့ သင် ကိုယ်ကျိုးစွန့်သမျှ ဘုရား တန်ဖိုးထားတယ်။—ရော. ၁၂:၁၀။ w24.02 ၁၇ ¶၁၁။ ၁၈ ¶၁၃

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ