မတ်
စနေနေ့၊ မတ် ၁
မျှော်လင့်ချက်ကြောင့် စိတ်ပျက်ရမှာ မဟုတ်ဘူး။—ရော. ၅:၅။
ကြယ်တွေ၊ သစ်ပင်တွေ၊ တိရစ္ဆာန်တွေ၊ လူတွေ အပါအဝင် ကမ္ဘာပေါ်က ဖန်ဆင်းရာတချို့အကြောင်း စဉ်းစားကြည့်ပါ။ ယေဟောဝါ ဖန်ဆင်းထားလို့ မရှိရာကနေ ရှိလာပြီ။ ဒီအရာတွေ စစ်ကော စစ်ရဲ့လားဆိုပြီး ဘယ်သူမှ သံသယ မဝင်ကြဘူး။ (က. ၁:၁၊ ၂၆၊ ၂၇) အခုလည်း ကမ္ဘာသစ်တော့ ရောက်မလာသေးဘူး။ ဒါပေမဲ့ ကမ္ဘာသစ် ဖန်ဆင်းပေးမယ်လို့ ယေဟောဝါ ကတိပေးထားတယ်။ အဲဒီကတိအတိုင်း ဖန်ဆင်းပေးပါလိမ့်မယ်။ ကမ္ဘာသစ်မှာ လူတိုင်း ဒေါင်ဒေါင်မြည် ကျန်းမာရေးနဲ့ အဆုံးမဲ့ အသက်တာ ပိုင်ဆိုင်ကြရမယ်။ ဒါကြောင့် ယေဟောဝါ သတ်မှတ်ထားတဲ့ အချိန်မှာ ကမ္ဘာသစ်ကို ဆောင်ကြဉ်းပေးမယ်ဆိုတာ ယုံကြည်စိတ်ချနိုင်ပါတယ်။ (ဟေရှာ. ၆၅:၁၇။ ဗျာ. ၂၁:၃၊ ၄) ဒီအတောအတွင်း ရနိုင်သမျှ အခွင့်အရေး သုံးပြီး ယုံကြည်ခြင်း ခိုင်မာအောင် လုပ်ပါ။ ရွေးဖိုးအတွက် ကျေးဇူးတင်လေးမြတ်စိတ် တိုးပွားစေပါ။ ယေဟောဝါရဲ့ အစွမ်းတန်ခိုးအကြောင်း တွေးတောပါ။ ဝတ်ပြုရေး လုပ်ဆောင်မှုတွေမှာ အလုပ်များနေပါ။ ဒါဆိုရင် ‘ယုံကြည်ခြင်း၊ စိတ်ရှည်ခြင်းကြောင့် ကတိတော်ကို အမွေရသူတွေ’ ထဲမှာ သင်လည်း အပါအဝင် ဖြစ်ပါလိမ့်မယ်။—ဟီ. ၆:၁၁၊ ၁၂။ w23.04 ၃၁ ¶၁၈-၁၉
တနင်္ဂနွေနေ့၊ မတ် ၂
ယုံတယ်ဆိုရင် ဘုရားသခင့်ဘုန်းတော်ကို မြင်ရလိမ့်မယ်လို့ ကျွန်တော် ပြောခဲ့တယ် မဟုတ်လား။—ယော. ၁၁:၄၀။
ကောင်းကင်ကို မော့ကြည့်ပြီး လူအများရှေ့ ယေရှု ဆုတောင်းတယ်။ မိမိ လုပ်ပေးတော့မယ့်အရာအတွက် ယေဟောဝါကို ဂုဏ်တင်ချင်လို့ပါ။ အဲဒီနောက် “လာဇရု၊ ထွက်လာခဲ့” လို့ အော်ခေါ်လိုက်တော့ သင်္ချိုင်းဂူထဲကနေ လာဇရု ထွက်လာတယ်။ (ယော. ၁၁:၄၃) မဖြစ်နိုင်ဘူးလို့ လူတချို့ ထင်တဲ့အရာကို ယေရှု လုပ်ပြလိုက်ပါပြီ။ ဒီမှတ်တမ်းက ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်ကို ယုံကြည်စိတ်ချစေတယ်။ ဘယ်လိုနည်းနဲ့လဲ။ “ခင်ဗျားရဲ့မောင် အသက်ပြန်ရှင်လာမယ်” ဆိုပြီး မာသကို ယေရှု ကတိပေးတာ သတိရပါ။ (ယော. ၁၁:၂၃) ဖခင်လိုပဲ ကတိကို ဖြည့်ဆည်းပေးချင်တဲ့ ဆန္ဒကော ဖြည့်ဆည်းပေးနိုင်စွမ်းပါ ယေရှုမှာ ရှိတယ်။ သေဆုံးသွားသူတွေကို ပြန်ထမြောက်ပေးချင်တဲ့ ဆန္ဒ၊ လူတွေကို ဝမ်းနည်းမျက်ရည် ကျစေတဲ့ သေခြင်းကို ဖယ်ရှားပေးချင်တဲ့ ဆန္ဒ ပြင်းပြကြောင်း ယေရှုရဲ့ မျက်ရည်တွေက သက်သေပါပဲ။ သင်္ချိုင်းဂူထဲကနေ လာဇရု ထွက်လာချိန်မှာတော့ သေဆုံးသွားသူတွေကို ထမြောက်ပေးနိုင်စွမ်းပါ ရှိကြောင်း ယေရှု ထပ်သက်သေထူလိုက်ပါပြီ။ ဒီနေ့ကျမ်းချက်ပါ စကားနဲ့ မာသကို ယေရှု သတိပေးတာကိုလည်း စဉ်းစားကြည့်ပါ။ ရှင်ပြန်ထမြောက်ခြင်း ကတိ ပြည့်စုံလာမယ်ဆိုတာ ယုံကြည်သင့်တဲ့ အကြောင်းကောင်းပါပဲ။ w23.04 ၁၁-၁၂ ¶၁၅-၁၆
တနင်္လာနေ့၊ မတ် ၃
ယေဟောဝါဟာ ဆုတောင်းတဲ့သူတိုင်း၊ စိတ်ရင်း မှန်နဲ့ ဆုတောင်းသူတိုင်းရဲ့ အနီးအပါးမှာ ရှိတယ်။—ဆာ. ၁၄၅:၁၈။
ယေဟောဝါရဲ့ အလိုတော်ကို ရှင်းရှင်းလင်းလင်း ပိုသိလာတာနဲ့အမျှ ကိုယ့်ဆုတောင်းချက်ကို ပြောင်းဖို့ လိုအပ်နိုင်တယ်။ လူတွေ ကြုံနေရတဲ့ သဘာဝဘေး၊ ဖျားနာခြင်း၊ သေခြင်း စတဲ့ ပြဿနာအားလုံးကို အပြီးအပိုင် ဖယ်ရှားပေးဖို့ ယေဟောဝါ ရည်ရွယ်ထားတယ်။ သတ်မှတ်ထားချိန်မှာ နိုင်ငံတော်အားဖြင့် အဲဒီရည်ရွယ်ချက်ကို ပြည့်စုံစေမယ်ဆိုတာ ကျွန်တော်တို့ သတိရ,ရမယ်။ (ဒံ. ၂:၄၄။ ဗျာ. ၂၁:၃၊ ၄) လောလောဆယ်တော့ လောကကို စာတန် အုပ်ချုပ်ဖို့ ခွင့်ပြုထားတယ်။ (ယော. ၁၂:၃၁။ ဗျာ. ၁၂:၉) အခုအချိန်မှာ လူ့ပြဿနာတွေကို ဘုရား လိုက်ဖြေရှင်းပေးနေရင် စာတန် ကောင်းကောင်း အုပ်ချုပ်နိုင်ပုံ ပေါက်သွားမှာ။ ကတိတွေ ပြည့်စုံစေမယ့် အချိန်ကို ယေဟောဝါ စောင့်နေပေမဲ့ ကျွန်တော်တို့ အကူအညီ လိုတဲ့အခါ လက်ပိုက် ကြည့်မနေပါဘူး။ ဘုရား ကူညီပေးပါတယ်။ w23.05 ၈ ¶၄။ ၉-၁၀ ¶၇-၈
အင်္ဂါနေ့၊ မတ် ၄
လူတိုင်းကို ဘယ်လို ပြန်ပြောရမယ်ဆိုတာ သိ [ပါ။]—ကော. ၄:၆။
အောက်မေ့ရာနေ့ အစီအစဉ်ကနေ တခြားသူတွေ အကျိုးရဖို့ ဘယ်လို ကူညီပေးနိုင်မလဲ။ ဦးဆုံး လုပ်နိုင်တာကတော့ ဖိတ်စာ ပေးတာပါ။ အမှုဆောင်မှာ ဖိတ်စာ ဝေတဲ့အပြင် ဆွေမျိုး၊ အလုပ်ဖော်၊ အတန်းဖော်၊ အသိတွေကို ဖိတ်ဖို့ စာရင်း လုပ်ပါ။ ပုံနှိပ် ဖိတ်စာ မလောက်ရင် လင့်ခ် ပို့ပေးနိုင်တယ်။ ဘယ်နှယောက် လာတက်မလဲ မပြောနိုင်ဘူး။ (ဒေ. ၁၁:၆) အစည်းအဝေး တစ်ခါမှ မတက်ဖူးသူတွေမှာ မေးစရာ အများကြီး ရှိနိုင်တယ်ဆိုတာ သတိရပါ။ ဘာတွေ မေးလာနိုင်သလဲ၊ ဘယ်လို ပြန်ဖြေမလဲ ကြိုစဉ်းစားထားပါ။ အောက်မေ့ရာပွဲ တက်ပြီးနောက်မှာတောင် စိတ်ဝင်စားသူ လူသစ်တွေမှာ မေးစရာတွေ ထပ်ရှိနိုင်တယ်။ ‘စိတ်ရင်းမှန်သူတွေ’ အကျိုးရဖို့ အောက်မေ့ရာပွဲ မကျင်းပခင်ကော၊ ကျင်းပနေစဉ်ကော၊ ကျင်းပပြီးနောက်မှာပါ ကျွန်တော်တို့ အတတ်နိုင်ဆုံး ကူညီပေးချင်ကြတယ်။—တ. ၁၃:၄၈။ w24.01 ၁၂ ¶၁၃၊ ၁၅။ ၁၃ ¶၁၆
ဗုဒ္ဓဟူးနေ့၊ မတ် ၅
ခင်ဗျားတို့ဟာ မြူခိုးလိုပဲ ခဏ ပေါ်လာပြီးနောက် ပျောက်ကွယ်သွားမှာ။—ယာ. ၄:၁၄။
မြေကြီးပေါ် ပြန်ထမြောက်လာသူ ရှစ်ဦးအကြောင်း ကျမ်းစာမှာ ပါတယ်။ မှတ်တမ်းတစ်ခုစီကို သေသေချာချာ လေ့လာပါ။ သင်ခန်းစာတွေ ရှာပါ။ သေဆုံးသွားသူတွေကို ပြန်ထမြောက်ပေးချင်တဲ့ ဆန္ဒကော ပြန်ထမြောက်ပေးနိုင်စွမ်းပါ ဘုရားမှာ ရှိကြောင်း မှတ်တမ်းတစ်ခုစီက ဘယ်လို ဖော်ပြနေသလဲဆိုတာ စဉ်းစားပါ။ အထူးသဖြင့်၊ ယေရှုရဲ့ ရှင်ပြန်ထမြောက်ခြင်း မှတ်တမ်းကို သေသေချာချာ တွေးတောပါ။ ဒါ အရေးပါဆုံး ထမြောက်ခြင်း မှတ်တမ်းပဲ။ ယေရှု ရှင်ပြန်ထမြောက်ကြောင်း အတည်ပြုနိုင်တဲ့ မျက်မြင်သက်သေ ရာနဲ့ချီ ရှိတယ်။ ဒါဟာ ရှင်ပြန်ထမြောက်ခြင်းကို ကျွန်တော်တို့ ယုံရတဲ့ အခြေခံ အကြောင်းရင်း ဖြစ်တယ်။ (၁ ကော. ၁၅:၃-၆၊ ၂၀-၂၂) ရှင်ပြန်ထမြောက်ခြင်း ကတိ ပေးထားလို့ ယေဟောဝါကို ကျေးဇူးတင်စရာပါပဲ။ ကတိ ဖြည့်ဆည်းပေးချင်တဲ့ ဆန္ဒကော ဖြည့်ဆည်းပေးနိုင်စွမ်းပါ ယေဟောဝါမှာ ရှိတာမို့ ကတိ ပြည့်စုံလာမယ်ဆိုတာ စိတ်ချနိုင်ပါတယ်။ ဒီကတိကို ပိုယုံကြည်စိတ်ချလာအောင် ဆက်လုပ်နေဖို့ စိတ်ပိုင်းဖြတ်ထားကြပါစို့။ ဒါဆိုရင် ‘မင်း ချစ်ရတဲ့သူတွေ အသက်ပြန်ရှင်လာမယ်’ လို့ ယောက်တိုင်းကို ကတိပေးထားတဲ့ ဘုရားနဲ့ ပိုရင်းနှီးလာပါလိမ့်မယ်။—ယော. ၁၁:၂၃။ w23.04 ၈ ¶၂။ ၁၂ ¶၁၇။ ၁၃ ¶၂၀
ကြာသပတေးနေ့၊ မတ် ၆
ဘုရားသခင်နဲ့အတူ ကျိုးနွံစွာ လျှောက် [ပါ။] —မိ. ၆:၈။
ကျိုးနွံမှုနဲ့ နှိမ့်ချမှုဟာ တစ်ခုနဲ့ တစ်ခု ဆက်စပ်နေတယ်။ ကျိုးနွံသူဟာ ကိုယ့်ကိုယ်ကိုယ် တော်သင့်ရုံပဲ ထင်တယ်။ ကိုယ်မတတ်နိုင်တာတွေ ရှိတယ်ဆိုတာ အသိအမှတ်ပြုတယ်။ နှိမ့်ချသူဟာ တခြားသူတွေကို လေးစားတယ်၊ ကိုယ့်ထက် သာတယ်လို့ သဘောထားတယ်။ (ဖိ. ၂:၃) များသောအားဖြင့်၊ ကျိုးနွံသူဟာ နှိမ့်ချသူ ဖြစ်လေ့ရှိတယ်။ ဂိဒေါင်ဟာ နှိမ့်ချကျိုးနွံတယ်။ အင်အားကြီး မိဒျန်လူတွေ လက်ကနေ အစ္စရေးလူမျိုးကို ကယ်ဖို့ ရွေးချယ်ခံရတဲ့အကြောင်း ယေဟောဝါရဲ့ ကောင်းကင်တမန် လာပြောချိန်မှာ “ကျွန်တော့်ဆွေမျိုးစုဟာ မနာရှေအနွယ်မှာ အနိမ့်ကျဆုံးပါ။ ကျွန်တော်ကလည်း မိသားစုထဲမှာ အရေးမပါတဲ့လူပါ” လို့ ဂိဒေါင် နှိမ့်ချမှု ရှိရှိ ပြန်ပြောတယ်။ (သူကြီး. ၆:၁၅) ကိုယ့်ကိုယ်ကိုယ် အရည်အချင်း မပြည့်မီဘူးလို့ ဂိဒေါင် မြင်ပေမဲ့ ယေဟောဝါကတော့ အဲဒီလို မမြင်ဘူး။ ဘုရားအကူအညီကြောင့် ဂိဒေါင် အောင်အောင်မြင်မြင် တာဝန် ထမ်းဆောင်နိုင်ခဲ့တယ်။ ဒီနေ့ခေတ် အကြီးအကဲတွေလည်း ကိစ္စရပ်တိုင်းမှာ နှိမ့်ချကျိုးနွံဖို့ အတတ်နိုင်ဆုံး ကြိုးစားကြတယ်။ (တ. ၂၀:၁၈၊ ၁၉) ကိုယ်ဘာလုပ်နိုင်တယ်၊ ဘာလုပ်ခဲ့တယ်ဆိုတာ ပုံကြီးချဲ့ မပြောဘူး။ အမှားလုပ်မိတဲ့အခါလည်း ကိုယ့်ကိုယ်ကိုယ် အသုံးမကျဘူးလို့ တွေးမပစ်ဘူး။ w23.06 ၃ ¶၄-၅
သောကြာနေ့၊ မတ် ၇
သူက မင်းရဲ့ ခေါင်းကို ကြိတ်လိမ့်မယ်။—က. ၃:၁၅။
စာတန့်ခေါင်းကို “မျိုးနွယ်” ကြိတ်မယ်ဆိုတဲ့ ပရောဖက်ပြုချက်ဟာ နောက်နှစ် ၁,၀၀၀ ကျော် ကြာမှ ပြည့်စုံလာမယ်။ (ဗျာ. ၂၀:၇-၁၀) အဲဒီမတိုင်ခင် တုန်လှုပ်ဖွယ် ဖြစ်ရပ်တွေ ဖြစ်မယ်လို့ ကျမ်းစာမှာ ကြိုဟောထားတယ်။ ပထမ၊ “ငြိမ်းချမ်းပြီ၊ လုံခြုံပြီ” လို့ တိုင်းနိုင်ငံတွေ ကြေညာကြမယ်။ (၁ သက်. ၅:၂၊ ၃) မှားယွင်းတဲ့ ဘာသာရေးကို တိုင်းနိုင်ငံတွေ တိုက်ခိုက်တဲ့အခါ ကြီးစွာသောဒုက္ခ “ရုတ်တရက်” စမယ်။ (ဗျာ. ၁၇:၁၆) လူတွေကို ယေရှု သိုးနဲ့ ဆိတ် ခွဲမယ်။ (မ. ၂၅:၃၁-၃၃၊ ၄၆) စာတန် အသာတကြည် အညံ့ခံမှာ မဟုတ်ဘူး။ ယေဟောဝါရဲ့ လူမျိုးကို မုန်းလွန်းလို့ နိုင်ငံပေါင်းစုံ မဟာမိတ်ကို သွေးထိုးပြီး တိုက်ခိုင်းမယ်။ အဲဒီမဟာမိတ်ကို မာဂေါဂပြည်က ဂေါဂမင်းလို့ ကျမ်းစာမှာ ခေါ်ထားတယ်။ (ယေဇ. ၃၈:၂၊ ၁၀၊ ၁၁) အဲဒီအတောအတွင်း တစ်ချိန်ချိန်မှာ မြေကြီးပေါ်က ဘိသိက်ခံ အကြွင်းအကျန်တွေဟာ ကောင်းကင်ကို စုသိမ်းခံကြရမယ်။ ကြီးစွာသောဒုက္ခရဲ့ အထွတ်အထိပ် ဖြစ်တဲ့ အာမဂေဒုန် စစ်ပွဲမှာ ခရစ်တော်၊ ကောင်းကင်တမန်တွေနဲ့အတူ ပါဝင်တိုက်ခိုက်ကြမယ်။ (မ. ၂၄:၃၁။ ဗျာ. ၁၆:၁၄၊ ၁၆) အဲဒီနောက် မြေကြီးပေါ် ခရစ်တော်ရဲ့ အနှစ်တစ်ထောင် အုပ်ချုပ်မှု စမယ်။—ဗျာ. ၂၀:၆။ w23.10 ၂၀-၂၁ ¶၉-၁၀
စနေနေ့၊ မတ် ၈
ကျွန်တော်ဟာ ငယ်ငယ်ကတည်းက ယေဟောဝါဘုရားကို ကြောက်ရွံ့ရိုသေတဲ့သူပါ။ —၁ ဘု. ၁၈:၁၂။
ဒီနေ့၊ ပိတ်ပင်ခံထားရတဲ့ ဒေသတွေမှာ ဘုရားကျေးကျွန် တော်တော်များများ ရှိတယ်။ အာဏာပိုင်တွေကို ထိုက်သင့်သလောက် လေးစားပေမဲ့ ဩဗဒိလိုပဲ ယေဟောဝါ ရထိုက်တာကို ယေဟောဝါကိုပဲ ပေးကြတယ်။ အဲဒါကတော့ အကြွင်းမဲ့ ဆည်းကပ်ဝတ်ပြုမှုပါ။ (မ. ၂၂:၂၁) ဘုရားကို ကြောက်ရွံ့လို့ လူ့စကားထက် ဘုရားစကားကို နားထောင်ကြတယ်။ (တ. ၅:၂၉) သတင်းကောင်း ဆက်ဟောကြတယ်။ သိုသိုသိပ်သိပ် အစည်းအဝေး ကျင်းပကြတယ်။ (မ. ၁၀:၁၆၊ ၂၈) လိုအပ်တဲ့ ကျမ်းစာ စာပေတွေ ညီအစ်ကို/မတွေ ရဖို့ စီစဉ်ပေးကြတယ်။ အာဖရိကမှာ နေတဲ့ ညီအစ်ကို ဟင်နရီအကြောင်း စဉ်းစားကြည့်ပါ။ အာဖရိကမှာ အချိန်အတိုင်းအတာ တစ်ခုအထိ အဖွဲ့အစည်းလုပ်ငန်း ပိတ်ပင်ခံရချိန် ညီအစ်ကို/မတွေဆီ ကျမ်းစာ စာပေတွေ ဖြန့်ဝေပေးတယ်။ “ကျွန်တော်က နဂိုက လူကြောက်။ . . . ယေဟောဝါကြောင့် . . . အခုလို သတ္တိ ရှိတာ” လို့ ပြောတယ်။ သင်ကော ဟင်နရီလို သတ္တိ ရှိနိုင်မလား။ ဘုရားကိုသာ ကြောက်ရွံ့မယ်ဆိုရင် သတ္တိ ရှိနိုင်ပါတယ်။ w23.06 ၁၅ ¶၉။ ၁၆ ¶၁၁
တနင်္ဂနွေနေ့၊ မတ် ၉
အပြစ်ဟာ လူတစ်ယောက်ကြောင့် လူ့လောကထဲ ရောက်လာတယ်။—ရော. ၅:၁၂။
အာဒံ၊ ဧဝ ပုန်ကန်တော့ စုံလင်ပြီး နာခံမှု ရှိတဲ့ လူတွေ ကမ္ဘာမြေမှာ ပြည့်နေဖို့ဆိုတဲ့ ဘုရားရည်ရွယ်ချက်ကို စာတန် ဖျက်လိုက်နိုင်ပုံပဲ။ ယေဟောဝါ ရွေးစရာ လမ်း မရှိတော့ဘူးလို့ စာတန် ထင်မိနိုင်တယ်။ လူတွေအတွက် ရည်ရွယ်ချက် ပြည့်စုံစေဖို့ဆိုရင် အာဒံနဲ့ ဧဝကို ဖျက်ဆီး၊ စုံလင်တဲ့ မောင်နှံတစ်စုံ ထပ်ဖန်ဆင်းမှပဲ ရတော့မယ်ပေါ့။ အဲဒီလိုသာဆိုရင် ဘုရား မုသား သုံးတယ်လို့ စာတန် ပြောတော့မှာ။ ဘာကြောင့်လဲ။ ကမ္ဘာဦး ၁:၂၈ အရ ယေဟောဝါ ကတိပေးထားတာက အာဒံ၊ ဧဝရဲ့ သားစဉ်မြေးဆက်တွေ ကမ္ဘာမြေမှာ ပြည့်စေဖို့ ဖြစ်လို့ပဲ။ ဒါမှမဟုတ် အာဒံနဲ့ ဧဝ သားသမီး မွေးပါလေ့စေ၊ ဘယ်တော့မှ စုံလင်မလာကြရင်လည်း နေပါစေတော့ဆိုပြီး ဘုရား ခွင့်ပြုရတော့မယ်လို့ စာတန် ထင်နေနိုင်တယ်။ (ဒေ. ၇:၂၀။ ရော. ၃:၂၃) အဲဒီလိုသာဆိုရင် ဘုရားကို အရှုံးသမားလို့ စာတန် ပြောတော့မှာ။ ဘာကြောင့်လဲ။ အာဒံ၊ ဧဝရဲ့ စုံလင်ပြီး နာခံမှု ရှိတဲ့ သားစဉ်မြေးဆက်တွေ ပရဒိသု ကမ္ဘာမြေမှာ ပြည့်နေဖို့ဆိုတဲ့ ဘုရားရည်ရွယ်ချက် ပြည့်စုံတော့မှာ မဟုတ်လို့ပဲ။ w23.11 ၆ ¶၁၅-၁၆
တနင်္လာနေ့၊ မတ် ၁၀
ကျမ်းစာမှာ ရေးထားတာထက် မလွန်ရ။ —၁ ကော. ၄:၆။
ကျမ်းစာနဲ့ အဖွဲ့အစည်းကတစ်ဆင့် ရှင်းလင်းတဲ့ ညွှန်ကြားချက်တွေ ယေဟောဝါ ပေးနေတယ်။ ထပ်ဖြည့်စရာအကြောင်း ဘာမှ မရှိဘူး။ (ပညာ. ၃:၅-၇) ဒါကြောင့် ကျမ်းစာမှာ ရေးထားတာကို ကျွန်တော်တို့ မကျော်ကြဘူး။ ကျမ်းစာမှာ ဖော်ပြမထားတဲ့ ကိစ္စတွေအတွက် ညီအစ်ကို/မတွေကို စည်းမျဉ်းတွေ လိုက်မထုတ်ကြဘူး။ လူတွေ လမ်းလွဲစေဖို့၊ သွေးကွဲစေဖို့ “အဓိပ္ပာယ် မဲ့တဲ့ လှည့်ဖြားမှုတွေ၊” “လောကရဲ့ အခြေခံတရားတွေ” ကို စာတန် သုံးတယ်။ (ကော. ၂:၈) “အဓိပ္ပာယ် မဲ့တဲ့ လှည့်ဖြားမှု၊” “လောကရဲ့ အခြေခံတရား” လို့ ပြောတဲ့အခါ ပထမရာစုတုန်းကဆိုရင် လူ့အတွေးအခေါ်ကို အခြေခံတဲ့ သွန်သင်ချက်၊ ကျမ်းစာနဲ့ မညီတဲ့ ဂျူးသွန်သင်ချက်၊ ခရစ်ယာန်တွေ မောရှေပညတ် လိုက်နာရမယ်ဆိုတဲ့ သွန်သင်ချက်တွေ ပါတယ်။ လူတွေကို လှည့်ဖြားတဲ့ သွန်သင်ချက်တွေပါပဲ။ ဉာဏ်ပညာရဲ့ ရင်းမြစ် ယေဟောဝါဆီကနေ အာရုံလွဲသွားစေလို့ပါ။ ဒီနေ့လည်း တစ်ခုခု ဖြစ်ပြီဆိုရင် နိုင်ငံရေးသမားတွေက ဘယ်သူ့ကြောင့်ပါဆိုပြီး အခြေအမြစ် မရှိတဲ့ ကောလာဟလ၊ သတင်းမှားတွေ လွှင့်ကြတယ်။ ဒါတွေကို လူမှုကွန်ယက်၊ မီဒီယာမှာ စာတန် ပျံ့နှံ့စေတယ်။ w23.07 ၁၆ ¶၁၁-၁၂
အင်္ဂါနေ့၊ မတ် ၁၁
အို ယေဟောဝါ၊ ကိုယ်တော်ရဲ့ လုပ်ဆောင်မှုတွေဟာ ကြီးမြတ်လှတယ်။ အကြံအစည်တွေလည်း နက်နဲလှတယ်။—ဆာ. ၉၂:၅။
စာတန်နဲ့ ပထမ လူသား မောင်နှံရဲ့ ပုန်ကန်မှုကို ယေဟောဝါ ဖြေရှင်းပုံကြောင့် စာတန် ငုတ်တုတ်မေ့သွားမှာပဲ။ အာဒံနဲ့ ဧဝ သားသမီး မွေးဖို့ ယေဟောဝါ ခွင့်ပြုလိုက်တယ်။ မုသား မသုံးဘူး၊ ကတိတည်တယ်ဆိုတာ ပြလိုက်တာပဲ။ အာဒံ၊ ဧဝရဲ့ နာခံမှု ရှိတဲ့ သားစဉ်မြေးဆက်တွေကို ကယ်ဖို့ “မျိုးနွယ်” ပေါ်လာစေခြင်းအားဖြင့် ရည်ရွယ်ချက် မပြည့်ပြည့်အောင် စီစဉ်တယ်။ အရှုံးသမား မဟုတ်ဘူး၊ အောင်နိုင်သူဆိုတာ ပြလိုက်တာပဲ။ (က. ၃:၁၅။ ၂၂:၁၈) ဒီလိုမျိုး ရွေးဖိုး အစီအစဉ် ရှိလာမယ်လို့ စာတန် စဉ်းတောင် စဉ်းစားမိမှာ မဟုတ်ဘူး။ ရွေးဖိုး အစီအစဉ်ဟာ ကိုယ်ကျိုးမဖက်တဲ့ မေတ္တာကို အခြေခံပြီး ဒီလိုမေတ္တာဟာ စာတန်မှာ လုံးဝ မရှိတဲ့ အရည်အသွေး ဖြစ်လို့ပဲ။ (မ. ၂၀:၂၈။ ယော. ၃:၁၆) ရွေးဖိုး အစီအစဉ်ကြောင့် ဘာတွေ ဖြစ်မြောက်လာမလဲ။ ခရစ်တော်ရဲ့ အနှစ်တစ်ထောင် အုပ်ချုပ်မှုအကုန်မှာ အာဒံ၊ ဧဝရဲ့ စုံလင်ပြီး နာခံမှု ရှိတဲ့ သားစဉ်မြေးဆက်တွေ ပရဒိသု ကမ္ဘာမြေမှာ နေကြမယ်။ ယေဟောဝါ မူလ ရည်ရွယ်ထားသလိုပေါ့။ w23.11 ၆ ¶၁၇
ဗုဒ္ဓဟူးနေ့၊ မတ် ၁၂
ဘုရားသခင် ပြစ်ဒဏ်စီရင်လိမ့်မယ်။ —ဟီ. ၁၃:၄။
အသက်၊ သွေးနဲ့ပတ်သက်ပြီး ယေဟောဝါရဲ့ ပညတ်ကို ကျွန်တော်တို့ လိုက်နာကြတယ်။ ဘာကြောင့်လဲ။ သွေးဟာ အသက်ကို ကိုယ်စားပြုတယ်၊ ဘုရားပေး အဖိုးတန် လက်ဆောင် ဖြစ်တယ်လို့ ယေဟောဝါ ပြောထားလို့ပဲ။ (ဝတ်. ၁၇:၁၄) လူတွေကို အသားစားခွင့် စပေးလိုက်ချိန်မှာ သွေးကိုတော့ မစားဖို့ မှာတယ်။ (က. ၉:၄) အစ္စရေးလူမျိုးကို မောရှေပညတ် ပေးချိန်မှာလည်း ဒီအချက် ထည့်ထားတယ်။ (ဝတ်. ၁၇:၁၀) ဒါ့အပြင် ခရစ်ယာန်အားလုံး ‘သွေးကို အမြဲ ရှောင်ကြဉ်’ ဖို့ ပထမရာစု အုပ်ချုပ်ရေး အဖွဲ့ကတစ်ဆင့် ညွှန်ကြားတယ်။ (တ. ၁၅:၂၈၊ ၂၉) ဒါကြောင့် ဆေးကုသမှု ရွေးတဲ့အခါ ဒီပညတ်ကို ကျွန်တော်တို့ ပြတ်ပြတ်သားသား လိုက်နာကြတယ်။ ယေဟောဝါရဲ့ မြင့်မားတဲ့ ကိုယ်ကျင့်တရား စံနှုန်းကို ကျွန်တော်တို့ အတိအကျ လိုက်နာကြတယ်။ ကိုယ်ခန္ဓာ အစိတ်အပိုင်းတွေကို “သေစေကြပါ” လို့ တမန်တော် ပေါလု အကြံပေးတယ်။ မှားယွင်းတဲ့ သွေးသားဆန္ဒတွေကို အစွမ်းကုန် ရှင်းထုတ်ဖို့ ပြောနေတာ။ ဒါကြောင့် လိင်အကျင့် ယိုယွင်းမိစေနိုင်တဲ့ ဘာကိုမှ ကျွန်တော်တို့ မကြည့်ကြဘူး။ မလုပ်ကြဘူး။—ကော. ၃:၅။ ယောဘ ၃၁:၁။ w23.07 ၁၅ ¶၅-၆
ကြာသပတေးနေ့၊ မတ် ၁၃
နောက်ဆုံးတော့ . . . စိတ်ထဲရှိသမျှ ဖွင့်ပြောလိုက်တယ်။—သူကြီး. ၁၆:၁၇။
ရှံဆုန် ဘာကြောင့် မရိပ်မိတာလဲ။ ဒေလိလ ဘာကြံနေသလဲဆိုတာ သဲသဲကွဲကွဲ မမြင်တော့တဲ့အထိ အချစ်မျက်ကန်း ဖြစ်သွားလို့လား။ ဘယ်လိုပဲဖြစ်ဖြစ် တကျည်ကျည် ပူဆာနေတော့ တင်းမခံနိုင်တော့ဘဲ ခွန်အား ကြီးရတဲ့ အကြောင်းရင်း ပြောပြလိုက်တယ်။ စိတ်မကောင်းစရာပဲ။ အဲဒီအမှားကြောင့် ရှံဆုန် ခွန်အားလည်း လျော့၊ ဘုရားမျက်နှာသာလည်း အချိန်အတိုင်းအတာ တစ်ခုအထိ ဆုံးရှုံးလိုက်ရတယ်။ (သူကြီး. ၁၆:၁၆-၂၀) ယေဟောဝါကို ယုံမယ့်အစား ဒေလိလကို ယုံစားမိလို့ ဒုက္ခလှလှ တွေ့သွားတယ်။ ရှံဆုန်ကို ဖိလိတိတွေ ဖမ်းပြီး မျက်စိ ဖောက်ထုတ်၊ ဂါဇာမြို့မှာ ထောင်ချလိုက်တယ်။ ဂါဇာမြို့မှာ အခုတော့ ကျွန်အဖြစ် ကောက်နှံကြိတ်တဲ့ အလုပ် လုပ်နေရပြီ။ ရှံဆုန်ကို ဖမ်းနိုင်တာ သူတို့ရဲ့ ဘုရား ဒါဂုန်ကြောင့်လို့ ဖိလိတိတွေ ထင်နေကြတယ်။ ဒါကြောင့် ဒါဂုန်အတွက် ပွဲအကြီးကြီး လုပ်ပေးကြတယ်။ ပွဲမှာ “ဖျော်ဖြေဖို့” ရှံဆုန်ကို ထောင်ကနေ ထုတ်လာခိုင်းကြတယ်။ လူသန်ကြီး ရှံဆုန် အရှက်ခွဲခံလိုက်ရတာပဲ။—သူကြီး. ၁၆:၂၁-၂၅။ w23.09 ၅-၆ ¶၁၃-၁၄
သောကြာနေ့၊ မတ် ၁၄
လူအားလုံးရဲ့အမြင်မှာ ကောင်းမွန်တဲ့အရာဟာ ဘာလဲဆိုတာကို ထည့်စဉ်းစားပါ။ —ရော. ၁၂:၁၇။
ကျမ်းစာစံနှုန်းတွေ ကျွန်တော်တို့ လိုက်ရတဲ့ အကြောင်းရင်းကို အလုပ်ဖော်၊ အတန်းဖော် မေးလာနိုင်တယ်။ ကိုယ့်ယုံကြည်ချက်ကို အတတ်နိုင်ဆုံး ရှင်းပြမှာ ဖြစ်ပေမဲ့ သူ့အမြင်ကိုလည်း လေးစားရမယ်။ (၁ ပေ. ၃:၁၅) မေးခွန်း အမေးခံရတာနဲ့ လာဝေဖန်ထိုးနှက်နေတာပဲလို့ တန်းပြီး မတွေးလိုက်ပါနဲ့။ သူ့စိတ်ထဲ ဘာရှိသလဲ သိနိုင်မယ့် အခွင့်အရေးလို့ တွေးပါ။ ဘာကြောင့်ပဲ မေးမေး ယဉ်ယဉ်ကျေးကျေး၊ သိမ်သိမ်မွေ့မွေ့ ဖြေရမှာ ကျွန်တော်တို့ တာဝန် ဖြစ်တယ်။ ကျွန်တော်တို့ ဖြေပုံကြောင့် သူ့အမြင်သူ ပြန်ဆန်းစစ်မိသွားနိုင်တယ်။ ဥပမာ၊ မွေးနေ့ မလုပ်ရတဲ့ အကြောင်းရင်း အလုပ်ဖော် မေးလာတယ် ဆိုပါစို့။ ဒီလို စဉ်းစားကြည့်ပါ– သက်သေခံတွေ ပျော်တဲ့အချိန်ကော ရှိရဲ့လားဆိုပြီး သူ တွေးမိလို့ များလား။ တခြားသူတွေအတွက် ထည့်စဉ်းစားပေးလို့ သူ့ကို ချီးမွမ်းနိုင်တယ်။ ဒါဆိုရင် သူ စိုးရိမ်နေတာတွေ လျော့သွားမယ်။ မွေးနေ့နဲ့ပတ်သက်ပြီး ကျမ်းစာအဆို ပြောပြဖို့ လမ်းပွင့်လာမယ်။ w23.09 ၁၇ ¶၁၀-၁၁
စနေနေ့၊ မတ် ၁၅
တရားမဲ့သူတွေရဲ့ မှားယွင်းတဲ့ လမ်းစဉ်နောက် မလိုက်ပါသွားဖို့၊ မှန်ကန်တဲ့ လမ်းစဉ်မှာ မြဲမြံနေဖို့ သတိထားကြပါ။—၂ ပေ. ၃:၁၇။
ယေဟောဝါရဲ့ နေ့ကြီး မရောက်ခင် ကျန်နေတဲ့ အချိန်အတွင်း ကမ္ဘာတစ်ဝန်းက လူတွေကို သတင်းကောင်း ပြောပြရတာ အခွင့်ထူးပဲ။ ယေဟောဝါရဲ့ နေ့ကို “စိတ်စွဲလမ်း” ဖို့ တမန်တော် ပေတရု အားပေးတယ်။ (၂ ပေ. ၃:၁၁၊ ၁၂) ဘယ်လိုနည်းနဲ့ စိတ်စွဲလမ်းနိုင်မလဲ။ ကမ္ဘာသစ်မှာ ရမယ့် ကောင်းချီးတွေကို နေ့တိုင်း စဉ်းစားနိုင်တယ်။ သန့်ရှင်းလတ်ဆတ်တဲ့ လေ ရှူနေတယ်၊ အာဟာရ ရှိတဲ့ အစားအစာတွေ စားနေတယ်၊ ရှင်ပြန်ထမြောက်လာတဲ့ ချစ်မြတ်နိုးရသူတွေကို ကြိုဆိုနေတယ်၊ ကျမ်းစာ ကြိုဟောချက်တွေ ပြည့်စုံမှုအကြောင်း ရှေးခေတ်က လူတွေကို ရှင်းပြနေတယ်လို့ မြင်ယောင်ကြည့်ပါ။ အဲဒီလို မြင်ယောင်တာက အဲဒီအချိန်ကို မျှော်လင့်တကြီး စောင့်နေဖို့ ကူညီပေးတယ်။ မကြာခင် အဆုံး ရောက်လာမယ်ဆိုတာ စိတ်ချစေတယ်။ အနာဂတ်အကြောင်း “ကြိုသိထားတဲ့အတွက်” ဆရာအတုအယောင်တွေနောက် ပါမသွားတော့ဘူး။ w23.09 ၂၇ ¶၅-၆
တနင်္ဂနွေနေ့၊ မတ် ၁၆
ဘုရားသခင့် အလိုတော်နဲ့အညီ မိဘကို နာခံကြပါ။ ဒါဟာ ဘုရားသခင်ရဲ့ အမြင်မှာ ဖြောင့်မှန်တယ်။—ဧ. ၆:၁။
ခရစ်ယာန် လူငယ်တွေရဲ့ ရွယ်တူ တော်တော်များများ “မိဘစကား နားမထောင်” ကြဘူး။ (၂ တိ. ၃:၁၊ ၂) ဘာကြောင့်လဲ။ မိဘတွေ ပုံစံက ‘ငါ ပြောသလို လုပ်၊ ငါ လုပ်သလို မလုပ်နဲ့’ ဆိုတဲ့ ပုံစံ ဖြစ်နေလို့ အပြောနဲ့ အလုပ် မညီဘူး၊ မတရားဘူးလို့ ခံစားကြရတယ်။ တချို့ကျတော့ မိဘ ပေးတဲ့ အကြံ ခေတ်နောက်ကျနေပြီ၊ အသုံးမဝင်ဘူး၊ ချုပ်ချယ်လွန်းတယ်လို့ မြင်ကြတယ်။ ဒါကြောင့် ဒီနေ့ ကျမ်းချက်ပါ ဘုရားပညတ်ကို နာခံဖို့ ခက်နေကြတာ။ သင်ဟာ လူငယ်တစ်ယောက်ဆိုရင် အဲဒီလို ခံစားနေရသလား။ နာခံတတ်ဖို့ ဘာက ကူညီပေးမလဲ။ နာခံတတ်ဖို့ အကောင်းဆုံး စံနမူနာရှင် ယေရှုဆီကနေ သင်ယူနိုင်တယ်။ (၁ ပေ. ၂:၂၁-၂၄) ယေရှု စုံလင်ပေမဲ့ မိဘတွေ မစုံလင်ကြဘူး။ မိဘတွေ အမှားလုပ်မိတဲ့အချိန်၊ ကိုယ့်ကို နားလည်မှု လွဲတဲ့အချိန်မှာတောင် ယေရှု ရိုသေလေးစားတယ်။—ထွ. ၂၀:၁၂။ w23.10 ၇ ¶၄-၅
တနင်္လာနေ့၊ မတ် ၁၇
အရင်ပညတ်ချက်ဟာ အားနည်းချက် ရှိပြီး ထိထိရောက်ရောက် မစွမ်းဆောင်နိုင်လို့ ဖယ်ရှား ခံခဲ့ရတယ်။—ဟီ. ၇:၁၈။
ပညတ်တရား တောင်းဆိုတဲ့ ပူဇော်သက္ကာတွေက အပြစ်ကို အကုန်အစင် ချေဖျက်မပေးနိုင်လို့ ပညတ်တရား “ဖယ်ရှားခံခဲ့ရ” တဲ့အကြောင်း တမန်တော် ပေါလု ရှင်းပြတယ်။ အဲဒီနောက် နက်နဲတဲ့ ကျမ်းစာ အမှန်တရားတချို့ သင်ပေးတယ်။ ယေရှုရဲ့ ပူဇော်သက္ကာကို အခြေခံတဲ့ “သာလွန်တဲ့ မျှော်လင့်ချက်” အကြောင်း ပြန်သတိပေးတယ်။ အဲဒီပူဇော်သက္ကာကမှ ဘုရားနဲ့ တကယ် “ရင်းနှီးလာ” စေမှာ။ (ဟီ. ၇:၁၉) ဂျူးဝတ်ပြုမှု ပုံစံထက် ခရစ်ယာန် ဝတ်ပြုမှု ပုံစံ ဘာကြောင့် ပိုသာကြောင်း ဟီဘရူး ခရစ်ယာန်တွေကို ပေါလု ဆက်ရှင်းပြတယ်။ ဂျူးဝတ်ပြုမှု ပုံစံဟာ “နောင်လာမယ့် အရာတွေရဲ့ အရိပ်ပဲ။ ကိုယ်ထည် အစစ်အမှန်ကတော့ ခရစ်တော် ဖြစ်တယ်။” (ကော. ၂:၁၇) အရိပ်ဆိုတာ အကောင်အထည် ဘာပုံစံ ရှိသလဲ ရေးတေးတေး မြင်နေရတာ။ အကောင်အထည် မဟုတ်ဘူး။ အဲဒီလိုပဲ ဂျူးဝတ်ပြုမှု ပုံစံဟာ အရိပ် ဖြစ်တယ်။ ပိုထင်ရှားပီပြင်တဲ့ ဝတ်ပြုမှု ပုံစံ လာဦးမယ်။ အပြစ်တွေ ခွင့်လွှတ်ခံရဖို့ ယေဟောဝါ ပြင်ဆင်ပေးတဲ့ အစီအစဉ်ကို နားလည်ရမယ်။ ဒါမှ ဘုရား နှစ်သက်လက်ခံတဲ့ နည်းနဲ့ ဝတ်ပြုနိုင်မှာ။ w23.10 ၂၅ ¶၄-၅
အင်္ဂါနေ့၊ မတ် ၁၈
အဆုံးပိုင်းကာလမှာ တောင်ဘုရင်က သူနဲ့ အပြန်အလှန် တွန်းထိုးကြမယ်။ အဲဒီအခါ မြောက်ဘုရင်လည်း ပြန်တိုက်ခိုက်ဖို့ . . . လေပြင်းမုန်တိုင်းလို ချီတက်လာလိမ့်မယ်။—ဒံ. ၁၁:၄၀။
ကမ္ဘာ့ အင်အား အကြီးဆုံး ဖြစ်ဖို့ အပြန်အလှန် တွန်းထိုးနေကြတဲ့ ဘုရင် နှစ်ပါး ဒါမှမဟုတ် နိုင်ငံရေး အင်အားစု နှစ်ခုအကြောင်း ဒံယေလ အခန်းကြီး ၁၁ မှာ ဖော်ပြထားတယ်။ ကျမ်းစာထဲက တခြားကြိုဟောချက်တွေနဲ့ နှိုင်းယှဉ်လိုက်တဲ့အခါ “မြောက်ဘုရင်” ဟာ ရုရှားနဲ့ မဟာမိတ်တွေ ဖြစ်မှန်း၊ “တောင်ဘုရင်” ဟာ အင်္ဂလိပ်-အမေရိကန် ကမ္ဘာ့အာဏာစက် ဖြစ်မှန်း သိရတယ်။ ပိုင်နက်ထဲက ဘုရားလူမျိုးကို “မြောက်ဘုရင်” ပြောင်ပြောင်တင်းတင်း နှိပ်စက်ညှဉ်းပန်းတယ်။ ယုံကြည်ချက်ကြောင့် တချို့ကို ရိုက်နှက်တယ်။ ထောင်ချတယ်။ ဒါပေမဲ့ “မြောက်ဘုရင်” ဒီလို နှိပ်စက်လို့ ညီအစ်ကိုတွေ ကြောက်မသွားတဲ့အပြင် ယုံကြည်ခြင်း ပိုခိုင်ခံ့လာကြတယ်။ ဘာကြောင့်လဲ။ ဘုရားလူမျိုး နှိပ်စက်ညှဉ်းပန်းခံရတာဟာ ဒံယေလ ကြိုဟောချက် ပြည့်စုံတာ ဖြစ်မှန်း သိကြလို့ပဲ။ (ဒံ. ၁၁:၄၁) ဒီအချက်ကို သဘောပေါက်တာက ကျွန်တော်တို့ကိုလည်း မျှော်လင့်ချက် ရှင်သန်စေနိုင်တယ်။ ဘုရားအပေါ် သစ္စာရှိဖို့ ကူညီပေးနိုင်တယ်။ w23.08 ၁၁ ¶၁၅-၁၆
ဗုဒ္ဓဟူးနေ့၊ မတ် ၁၉
မင်းတို့ကို ထိတဲ့သူဟာ ငါ့မျက်ဆန်ကို ထိတဲ့သူပဲ။—ဇာ. ၂:၈။
မျက်လုံးဟာ နူးညံ့ပြီး အထိခိုက်မခံတဲ့ အဖိုးတန် အစိတ်အပိုင်း ဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့ကို မျက်ဆန်နဲ့ ဘုရား နှိုင်းတာဟာ ‘မင်းတို့ကို ထိရဲ ထိကြည့်။ ထိတဲ့သူဟာ ငါ တန်ဖိုးထားရတဲ့အရာကို ထိတဲ့သူပဲ’ လို့ ပြောလိုက်သလိုပါပဲ။ ကျွန်တော်တို့ကို ဘုရား သိပ်ချစ်လို့ ဘာခံစားနေရသလဲ တန်းသိတယ်။ ကာကွယ်ပေးချင်တယ်။ ကျွန်တော်တို့ နာကျင်ခံစားရင် ဘုရားလည်း နာကျင်ခံစားရတယ်။ ဒါကြောင့် “ကိုယ်တော်ရဲ့ မျက်ဆန်လို ကျွန်တော့်ကို ကာကွယ်ပေးပါ” လို့ ရဲရဲ ဆုတောင်းနိုင်တယ်။ (ဆာ. ၁၇:၈) အချစ်ခံရတယ်လို့ သင့်ကို ယေဟောဝါ ခံစားစေချင်တယ်။ ဒါပေမဲ့ ဘဝ မလှခဲ့လို့ ကိုယ့်ကို ဘုရား ချစ်ပါ့မလားလို့ တွေးမိနိုင်တယ်။ လောလောဆယ် အခက်အခဲတွေ ကြုံနေရလို့ ဘုရား ချစ်ရဲ့လားလို့ သံသယ ဝင်လာနိုင်တယ်။ ဒါကြောင့် ယေဟောဝါ ချစ်တယ်ဆိုတာ ယုံကြည်စိတ်ချအောင် လုပ်ဖို့ လိုတယ်။ ဘာက စိတ်ချစေမလဲ။ ယေရှုကို၊ ဘိသိက်ခံတွေကို၊ ကျွန်တော်တို့အားလုံးကို ချစ်ကြောင်း ယေဟောဝါ ဘယ်လို ပြသလဲ လေ့လာခြင်းပါပဲ။ w24.01 ၂၇ ¶၆-၇
ကြာသပတေးနေ့၊ မတ် ၂၀
ဘုရားသခင်ရဲ့ လက်တော်က ကျွန်တော်တို့ကို ထောက်မပေးပြီး . . . ရန်သူတွေ . . . ရဲ့ ရန်ကနေ ကယ်တင်တယ်။—ဧဇ. ၈:၃၁။
လူမျိုးတော် အခက်ကြုံချိန်မှာ ယေဟောဝါ ထောက်မပေးတာ ဧဇရ တွေ့ဖူးတယ်။ ဘီစီ ၄၈၄ မှာ ပါးရှား အင်ပါယာတစ်ခွင်က ဂျူးအားလုံးကို သုတ်သင်ပယ်ရှင်းဖို့ အာရွှေရုမင်း အမိန့်ထုတ်တုန်းက ဗာဗုလုန်ပြည်မှာ ဧဇရ ရှိနေနိုင်တယ်။ (ဧသ. ၃:၇၊ ၁၃-၁၅) အသက်အန္တရာယ် ကြုံနေကြပြီ။ ဒါနဲ့ “ခရိုင်အားလုံး” က ဂျူးတွေ အကြီးအကျယ် ငိုကြွေးမြည်တမ်းပြီး အစာရှောင်ကြတယ်။ ယေဟောဝါဆီ အကူအညီ တောင်းကြတယ်။ (ဧသ. ၄:၃) မကောင်းကြံသူတွေ ကိုယ့်ရှူးကိုယ် ပတ်သွားတာ မြင်တော့ ဧဇရနဲ့ ဂျူးတွေ ဘယ်လို ခံစားရမလဲ မြင်ယောင်ကြည့်ပါ။ (ဧသ. ၉:၁၊ ၂) အဲဒီလို ဘေးကျပ်နံကျပ် ကာလမှာ ကြုံခဲ့ရတာတွေကြောင့် အနာဂတ် စမ်းသပ်မှုအတွက် ဧဇရ အသင့်ဖြစ်နေတယ်။ ယေဟောဝါရဲ့ ကာကွယ်နိုင်စွမ်းကို ပိုယုံကြည်စိတ်ချလာတယ်။ w23.11 ၁၇ ¶၁၂-၁၃
သောကြာနေ့၊ မတ် ၂၁
လူတစ်ယောက်က ပညတ်ကို အပြည့်အဝ မစောင့်ထိန်းနိုင်ပေမဲ့ ဘုရားသခင်က သူ့ကို ဖြောင့်မတ်သူလို့ သတ်မှတ်တယ်။—ရော. ၄:၆။
ဆိုင်းနိုင်းတောင်မှာ ပေးတဲ့ မောရှေ ‘ပညတ် စောင့်ထိန်း’ ခြင်းအကြောင်း တမန်တော် ပေါလု အဓိက ပြောနေတာ။ (ရော. ၃:၂၁၊ ၂၈) မောရှေပညတ် စောင့်ထိန်းစရာ မလိုတော့ဘူးဆိုတာ ပေါလုခေတ်က ဂျူးခရစ်ယာန်တချို့ လက်ခံရ ခက်နေကြပုံပဲ။ ဒါကြောင့် အာဗြဟံရဲ့ စံနမူနာကို သုံးပြီး ပေါလု ရှင်းပြတာ။ ဖြောင့်မတ်သူလို့ သတ်မှတ်ခံရတာ ‘ပညတ် စောင့်ထိန်း’ လို့ မဟုတ်ဘူး။ ယုံကြည်ခြင်း ရှိလို့ ဖြစ်တယ်။ ဘုရားနဲ့ ခရစ်တော်ကို ယုံကြည်ရင် နှစ်သက်လက်ခံမှု ရနိုင်မှန်း သိရတာ အားရှိစရာပဲ။ ယာကုပ် အခန်းကြီး ၂ မှာတော့ မောရှေပညတ်အရ လုပ်ရမယ့် လုပ်ရပ်တွေအကြောင်း ပြောနေတာ မဟုတ်ဘူး။ ခရစ်ယာန်တစ်ယောက်ရဲ့ နေ့စဉ်ဘဝမှာ လုပ်ရမယ့် လုပ်ရပ်တွေအကြောင်း ပြောနေတာ။ (ယာ. ၂:၂၄) ဘုရားကို တကယ် ယုံမယုံ အဲဒီလုပ်ရပ်တွေက ဖော်ပြတယ်။ w23.12 ၃ ¶၈။ ၄-၅ ¶၁၀-၁၁
စနေနေ့၊ မတ် ၂၂
ခင်ပွန်းကလည်း ဇနီးရဲ့ ဦးခေါင်း ဖြစ်လို့ပဲ။ —ဧ. ၅:၂၃။
အိမ်ထောင်ပြုဖို့ စိတ်ကူးရှိတဲ့ ညီအစ်မတွေအနေနဲ့ အိမ်ထောင်ဖက် သေသေချာချာ ရွေးပါ။ အိမ်ထောင်ပြုရင် ခင်ပွန်း ဦးစီးမှု လက်အောက်ခံရတော့မှာ။ (ရော. ၇:၂။ ဧ. ၅:၃၃) ‘သူဟာ ရင့်ကျက်တဲ့ ခရစ်ယာန်လား။ ဘဝမှာ ယေဟောဝါကို ဦးစားထားသလား။ ဆုံးဖြတ်ချက်ကောင်း ချနိုင်သလား။ ကိုယ့်အမှားကိုယ် ဝန်ခံရဲသလား။ အမျိုးသမီးတွေကို လေးစားသလား။ ငါနဲ့ ဘုရား ဆက်ဆံရေး ခိုင်မြဲအောင် ကူညီပေးနိုင်မလား။ ငါ့ကို လုပ်ကျွေးနိုင်မလား။ အဖော်အဖက်ကောင်း ဖြစ်မယ့်ပုံ ပေါ်သလား’ လို့ စဉ်းစားကြည့်ပါ။ ခင်ပွန်းကောင်း လိုချင်ရင် ကိုယ်တိုင် ဇနီးကောင်း ဖြစ်အောင် ကြိုးစားရမယ်။ ဇနီးကောင်းဟာ ခင်ပွန်းကို “ကူညီမယ့်သူ၊” ခင်ပွန်းနဲ့ “တွဲဖက်ညီသူ” ဖြစ်တယ်။ (က. ၂:၁၈) မိသားစုအတွက် ခင်ပွန်း ဆုံးဖြတ်ချက်တွေ ချနိုင်အောင်၊ ခင်ပွန်းရဲ့ ဆုံးဖြတ်ချက် အရာထင်အောင် ထောက်မပေးတာ၊ ခင်ပွန်း မျက်နှာပန်း လှအောင် နေတာဟာ ကူညီနေတာပဲ။ (ပညာ. ၃၁:၁၁၊ ၁၂။ ၁ တိ. ၃:၁၁) ယေဟောဝါကို ချစ်တဲ့ မေတ္တာ တိုးစေခြင်း၊ မိသားစုဝင်တွေ၊ ညီအစ်ကို/မတွေကို ကူညီပေးခြင်းအားဖြင့် ဇနီးတာဝန်အတွက် အခုကတည်းက ပြင်ဆင်နိုင်တယ်။ w23.12 ၂၂-၂၃ ¶၁၈-၁၉
တနင်္ဂနွေနေ့၊ မတ် ၂၃
တစ်ယောက်ယောက် ဉာဏ်ပညာ လိုနေရင် ဘုရားသခင်ဆီ တောင်းမြဲတောင်းပါစေ။ —ယာ. ၁:၅။
ကျွန်တော်တို့ ဆုံးဖြတ်ချက်ကောင်းတွေ ချနိုင်ဖို့ လိုအပ်တဲ့ ဉာဏ်ပညာ ပေးမယ်လို့ ယေဟောဝါ ကတိပေးတယ်။ အထူးသဖြင့်၊ ကိုယ့်အသက်တာအပေါ် သက်ရောက်မှု ရှိမယ့် ဆုံးဖြတ်ချက်တွေ ချတဲ့အခါ ဘုရားဆီက ဉာဏ်ပညာ လိုအပ်တယ်။ တမန်တော် ပေါလုကို ယေဟောဝါ ခံရပ်နိုင်စွမ်း ပေးသလို ကျွန်တော်တို့ကိုလည်း ပေးမယ်။ (ဖိ. ၄:၁၃) ညီအစ်ကို/မတွေကို သုံးပြီးလည်း ကူညီပေးတယ်။ မသေဆုံးခင် ညမှာ ယေရှု ပြင်းပြင်းပြပြ ဆုတောင်းတယ်။ ဘုရားကို စော်ကားပြောဆိုသူဆိုတဲ့ စွဲချက်နဲ့ မသေပါရစေနဲ့လို့ ဆုတောင်းနေတာ။ ယေရှု တောင်းတဲ့အတိုင်း ဘုရား ဖြည့်ဆည်းမပေးဘူး။ ဒါပေမဲ့ ကောင်းကင်တမန်တစ်ပါး စေလွှတ်ပြီး အားပေးတယ်။ (လု. ၂၂:၄၂၊ ၄၃) အဲဒီလိုပဲ၊ ကျွန်တော်တို့ဆီ ဖုန်းဆက်ဖို့၊ လည်ပတ်ဖို့ ညီအစ်ကို/မ တစ်ယောက်ယောက်ကို ဘုရား လှုံ့ဆော်ပေးနိုင်တယ်။ တစ်ယောက်ယောက်ကို ကူညီပေးဖို့ ကျွန်တော်တို့ကို လှုံ့ဆော်တာလည်း ဖြစ်နိုင်တယ်။ ဒါကြောင့် ညီအစ်ကို/မ အချင်းချင်း “ကောင်းတဲ့ စကား” ပြောဖို့ အခွင့်အရေး ရှာကြရအောင်။—ပညာ. ၁၂:၂၅။ w23.05 ၁၀-၁၁ ¶၉-၁၁
တနင်္လာနေ့၊ မတ် ၂၄
အချင်းချင်း ဆက်ပြီး နှစ်သိမ့်အားပေးနေကြပါ။—၁ သက်. ၅:၁၁။
ညီအစ်ကို/မတွေ ဟက်ဟက်ပက်ပက် မရှိကြမှာကို အောက်မေ့ရာပွဲ လာတက်တဲ့ မလှုပ်မရှား ဖြစ်နေသူတွေ စိုးရိမ်နိုင်တယ်။ ဒါကြောင့် စိတ်ကသိကအောက် ဖြစ်စေမယ့် မေးခွန်းတွေ မမေးပါနဲ့။ အရှိုက်ထိစေမယ့် စကားတွေ မပြောပါနဲ့။ မလှုပ်မရှား ဖြစ်နေသူတွေလည်း ညီအစ်ကို/မတွေပါပဲ။ သူတို့နဲ့အတူ ပြန်ဝတ်ပြုရလို့ ကျွန်တော်တို့ ပျော်ကြတယ်။ (ဆာ. ၁၁၉:၁၇၆။ တ. ၂၀:၃၅) အောက်မေ့ရာပွဲ တက်တဲ့အခါ ကိုယ်တိုင်ကော တခြားသူတွေပါ အကျိုး အများကြီး ရတယ်။ (ဟေရှာ. ၄၈:၁၇၊ ၁၈) ယေဟောဝါနဲ့ ယေရှုကို ပိုချစ်လာတယ်။ သူတို့ လုပ်ပေးတာတွေအတွက် ဘယ်လောက် ကျေးဇူးတင်ကြောင်း ပြခွင့် ရတယ်။ ညီအစ်ကို/မတွေနဲ့ ပိုရင်းနှီးလာတယ်။ ရွေးဖိုးကနေ တခြားသူတွေ အကျိုးရဖို့ ကူညီပေးခွင့် ရတယ်။ နှစ်တိုင်း မိမိသေခြင်းကို သတိရဖို့ ယေရှု မှာခဲ့တာ ကျေးဇူးတင်စရာပါပဲ။ ဒါကြောင့် တစ်နှစ်တာရဲ့ အရေးကြီးဆုံး နေ့ ဖြစ်တဲ့ အောက်မေ့ရာနေ့အတွက် အခုကတည်းက ပြင်ဆင်ထားကြရအောင်။ w24.01 ၁၄ ¶၁၈-၁၉
အင်္ဂါနေ့၊ မတ် ၂၅
ငါယေဟောဝါဟာ . . . မင်းတို့ လျှောက်သင့်တဲ့ လမ်းအတိုင်း လမ်းညွှန်ပေးတဲ့ အရှင်ပဲ။ —ဟေရှာ. ၄၈:၁၇။
ကျွန်တော်တို့ကို ယေဟောဝါ ဘယ်လို လမ်းပြသလဲ။ အဓိကအားဖြင့် ကျမ်းစာ သုံးတယ်။ လူသား ကိုယ်စားလှယ်တွေကိုလည်း သုံးတယ်။ ဥပမာ၊ ကျွန်တော်တို့ ဆုံးဖြတ်ချက်ကောင်းတွေ ချနိုင်အောင် အချိန်တန် အစားအစာ ပြင်ဆင်ပေးဖို့ “သစ္စာနဲ့ သတိပညာရှိတဲ့ ကျွန်” ကို သုံးတယ်။ (မ. ၂၄:၄၅) အရည်အချင်းရှိ တခြားအမျိုးသားတွေ သုံးပြီးတော့လည်း လမ်းပြတယ်။ ခက်ခဲတဲ့ ကာလအတွင်း ရှေ့ဆက်နိုင်အောင် နှစ်သိမ့်၊ လမ်းညွှန်ပေးဖို့ တိုက်နယ်ကြီးကြပ်မှူးတွေ၊ အသင်းတော် အကြီးအကဲတွေကို သုံးတယ်။ နောက်ဆုံးကာလတစ်လျှောက် ယေဟောဝါ လမ်းပြပေးနေလို့ ကျေးဇူးတင်စရာပါပဲ။ ဒါကြောင့်သာ ယေဟောဝါနဲ့ ဆက်ရင်းနှီးနိုင်တာ၊ အသက်လမ်းပေါ် ဆက်လျှောက်နိုင်တာ။ ယေဟောဝါ လမ်းညွှန်တဲ့အတိုင်း လိုက်နာဖို့ အမြဲတော့ မလွယ်ဘူး။ အထူးသဖြင့်၊ မစုံလင်သူတွေကတစ်ဆင့် လမ်းညွှန်ရင်ပေါ့။ ယေဟောဝါ လမ်းညွှန်နေတယ်၊ လမ်းညွှန်ချက် လိုက်နာတာ အမြဲ အကျိုးရစေတယ်ဆိုတာ ယုံကြည်စိတ်ချရမယ်။ w24.02 ၂၀ ¶၂-၃
ဗုဒ္ဓဟူးနေ့၊ မတ် ၂၆
မေတ္တာကို အပြောလောက်သာ မဟုတ်ဘဲ လုပ်ရပ်နဲ့ တကယ် ပြကြပါ။—၁ ယော. ၃:၁၈။
ကျမ်းစာ အပတ်တကုတ် လေ့လာခြင်းအားဖြင့် ဘုရားကို ချစ်တဲ့ မေတ္တာ တိုးစေနိုင်တယ်။ ကျမ်းစာ ဖတ်တဲ့အခါ ကျမ်းပိုဒ်တစ်ပိုဒ်စီက ယေဟောဝါအကြောင်း ဘာဖော်ပြနေသလဲ သိအောင် လုပ်ပါ။ ‘ငါ့ကို ယေဟောဝါ ချစ်တယ်၊ ယေဟောဝါကို ငါ ဘာကြောင့် ချစ်သင့်တယ်ဆိုတာနဲ့ပတ်သက်ပြီး ဒီကျမ်းပိုဒ်က ဘာဖော်ပြနေသလဲ’ လို့ စဉ်းစားပါ။ ယေဟောဝါကို ချစ်တဲ့ မေတ္တာ တိုးစေနိုင်တဲ့ နောက်တစ်နည်းကတော့ နေ့တိုင်း ရင်ဖွင့်ဆုတောင်းခြင်းပါ။ (ဆာ. ၂၅:၄၊ ၅) ဆုတောင်းချက်တွေကို ယေဟောဝါ ဖြေပေးပါလိမ့်မယ်။ (၁ ယော. ၃:၂၁၊ ၂၂) ဒါ့အပြင် တခြားသူတွေအပေါ် ထားတဲ့ မေတ္တာ တိုးသည်ထက် တိုးစေရမယ်။ ပေါလု ခရစ်ယာန် ဖြစ်လာပြီးနောက် လူရည်လူမွန်လေး တိမောသေနဲ့ ဆုံတယ်။ တိမောသေဟာ ယေဟောဝါကို ချစ်တယ်။ လူတွေကို ချစ်တယ်။ နောက်နှစ်အနည်းငယ်အကြာ ဖိလိပ္ပိ အသင်းသားတွေဆီ စာရေးတော့ “[တိမောသေ] လိုမျိုး ခင်ဗျားတို့အကျိုးကို တကယ် လိုလားတဲ့သူ ကျွန်တော့်မှာ မရှိဘူး” လို့ ပေါလု ပြောတယ်။ (ဖိ. ၂:၂၀) ညီအစ်ကို/မတွေကို ချစ်တတ်တဲ့နေရာမှာ တိမောသေဟာ ပေါလု ပြောစမှတ် ပြုရတဲ့အထိပဲ။ တိမောသေ တစ်ခေါက် တစ်ခေါက် လာလည်မှာကို ညီအစ်ကို/မတွေ မျှော်ကြမှာ သေချာတယ်။—၁ ကော. ၄:၁၇။ w23.07 ၉ ¶၇-၁၀
ကြာသပတေးနေ့၊ မတ် ၂၇
မင်းတို့ကို ငါ . . . ဘယ်တော့မှ စွန့်ခွာမှာ မဟုတ်ဘူး။—ဟီ. ၁၃:၅။
အစ္စရေးလူမျိုး ကတိထားရာပြည် မဝင်ခင်လေးမှာ မောရှေ ဆုံးသွားတယ်။ သစ္စာရှိ မောရှေ မရှိတော့တာနဲ့ပဲ ဘုရားလူမျိုး ပစ်ထားခံလိုက်ရသလား။ မခံရဘူး။ သူတို့ သစ္စာရှိနေသရွေ့ ယေဟောဝါ ထောက်မတယ်။ သူတို့ကို ဦးဆောင်မယ့် တာဝန် ယောရှုကို လွှဲပေးဖို့ မောရှေ မသေဆုံးခင် ယေဟောဝါ ညွှန်ကြားတယ်။ အဲဒီအချိန်မှာ ယောရှုကို မောရှေ လေ့ကျင့်ပေးထားတာ နှစ်ဆယ်ချီနေပြီ။ (ထွ. ၃၃:၁၁။ တရား. ၃၄:၉) ဒါ့အပြင် လူတစ်ထောင်အုပ်၊ တစ်ရာအုပ်၊ ငါးဆယ်အုပ်၊ တစ်ဆယ်အုပ် စသဖြင့် အရည်အချင်းရှိ ခေါင်းဆောင် အများကြီး ရှိတယ်။ (တရား. ၁:၁၅) ဘုရားလူမျိုး ပစ်ထားမခံရဘူး။ ဧလိယအကြောင်းလည်း စဉ်းစားကြည့်ပါ။ စင်ကြယ်တဲ့ ဝတ်ပြုရေးမှာ ဘုရားလူမျိုးကို နှစ်ဆယ်ချီ ရှေ့ကနေ ဦးဆောင်တယ်။ ဒါပေမဲ့ ယုဒပြည် တောင်ပိုင်းမှာ ယေဟောဝါ ပြောင်းအမှုဆောင်ခိုင်းတယ်။ (၂ ဘု. ၂:၁။ ၂ ရာ. ၂၁:၁၂) အစ္စရေး ဆယ်နွယ်နိုင်ငံက သစ္စာရှိသူတွေ ပစ်ထားခံလိုက်ရသလား။ မခံရဘူး။ ဧလိရှဲကို ဧလိယ နှစ်နဲ့ချီ လေ့ကျင့်ပေးထားတယ်။ မိမိရည်ရွယ်ချက်ကို ယေဟောဝါ ဆက်ပြည့်စုံစေတယ်။ သစ္စာရှိ ဝတ်ပြုသူတွေကို ဆက်ဂရုစိုက်တယ်။ w24.02 ၅ ¶၁၂
သောကြာနေ့၊ မတ် ၂၈
အလင်းရဲ့ သားသမီးတွေအဖြစ် လျှောက်လှမ်း နေကြပါ။—ဧ. ၅:၈။
အမှန်တရားအလင်း လမ်းပြတဲ့အတိုင်း ဧဖက်မြို့က ခရစ်ယာန်တွေ ကျင့်ကြံပြုမူကြတယ်။ (ဆာ. ၁၁၉:၁၀၅) မှားယွင်းတဲ့ ဘာသာရေး အကျင့်အကြံတွေ၊ အကျင့်ပျက် လုပ်ရပ်တွေ စွန့်ကြတယ်။ “ဘုရားသခင်ကို အတုယူကြ” တယ်။ ဘုရားကို ဝတ်ပြုဖို့၊ ဘုရားစိတ်နဲ့ တွေ့ဖို့ အတတ်နိုင်ဆုံး ကြိုးစားကြတယ်။ (ဧ. ၅:၁) ကျွန်တော်တို့လည်း အမှန်တရား မသိခင်က ဘာသာရေး၊ ကိုယ်ကျင့်တရား အမှောင်ကျခဲ့ကြတယ်။ တချို့က မှားယွင်းတဲ့ ဘာသာရေးပွဲတွေ ကျင်းပတယ်။ အကျင့်ပျက် ဘဝပုံစံနဲ့ နေတယ်။ ဒါပေမဲ့ ယေဟောဝါရဲ့ အမှားအမှန်စံနှုန်း သိလာတော့ ပြောင်းလဲလာတယ်။ ဘုရား နေစေချင်တဲ့ ဘဝပုံစံနဲ့ နေတယ်။ ဒါကြောင့် ကောင်းကျိုး အများကြီး ရတယ်။ (ဟေရှာ. ၄၈:၁၇) ဒါပေမဲ့ ထွက်လာခဲ့တဲ့ အမှောင်နဲ့ ကင်းကင်းနေဖို့၊ “အလင်းရဲ့ သားသမီးတွေအဖြစ် လျှောက်လှမ်းနေ” ဖို့ အမြဲ မလွယ်ဘူး။ w24.03 ၂၁-၂၂ ¶၆-၇
စနေနေ့၊ မတ် ၂၉
ကျွန်တော်တို့ ဒီလောက်ထိ တိုးတက်လာပြီ ဖြစ်လို့ ဒီလမ်းစဉ်အတိုင်းပဲ ဆက်ပြီး စနစ်တကျ ကျင့်ကြံနေကြစို့။—ဖိ. ၃:၁၆။
ဆက်ကပ်အပ်နှံ၊ နှစ်ခြင်းခံဖို့ အဆင်သင့် မဖြစ်သေးဘူးလို့ သင် ခံစားမိနိုင်တယ်။ ဘုရားစံနှုန်းနဲ့ ကိုက်အောင် အပြောင်းအလဲတွေ လုပ်ဖို့ လိုနေသေးတာ၊ ယုံကြည်ခြင်း ခိုင်ခံ့အောင် လုပ်ဖို့ အချိန် လိုနေသေးတာ ဖြစ်နိုင်တယ်။ (ကော. ၂:၆၊ ၇) ကျမ်းစာသင်သား တစ်ယောက်နဲ့ တစ်ယောက် တိုးတက်တဲ့နှုန်း မတူကြဘူး။ လူငယ် တစ်ယောက်နဲ့ တစ်ယောက် ဆက်ကပ်အပ်နှံ နှစ်ခြင်းခံဖို့ အဆင်သင့်ဖြစ်တဲ့ အသက်အရွယ် မတူကြဘူး။ ကိုယ့်တိုးတက်မှုကို ကိုယ့်ပေတံနဲ့ပဲ တိုင်းပါ။ တခြားသူပေတံနဲ့ မတိုင်းပါနဲ့။ (ဂလ. ၆:၄၊ ၅) အဆင်သင့် မဖြစ်သေးရင်တောင် ဆက်ကပ်အပ်နှံဖို့ ပန်းတိုင်တော့ ဆက်ထားနေပါ။ လိုအပ်တဲ့ အပြောင်းအလဲတွေ လုပ်နိုင်အောင် ကူညီပေးဖို့ ဆုတောင်းပါ။ (ဖိ. ၂:၁၃) ဆုတောင်းသံကို ဘုရား ကြားပြီး ကူညီပေးမယ်ဆိုတာ စိတ်ချပါ။—၁ ယော. ၅:၁၄။ w24.03 ၅ ¶၉-၁၀
တနင်္ဂနွေနေ့၊ မတ် ၃၀
ခင်ပွန်းတို့၊ . . . ဇနီးသည်ကို နားလည်ပေးပြီး အတူနေထိုင်ကြပါ။—၁ ပေ. ၃:၇။
တစ်ခေါက်တော့ စာရာ စိတ်ထိခိုက်နေတယ်။ မကျေနပ်ချက်တွေ ပြောပြပြီး အာဗြဟံကို အပြစ်တင်တယ်။ စာရာဟာ လက်အောက်ခံတတ်တဲ့ ဇနီး၊ အထောက်အမကောင်း ဖြစ်မှန်း အာဗြဟံ သိတယ်။ စာရာ့စကား နားထောင်ပြီး ပြဿနာ ဖြေရှင်းပေးလိုက်တယ်။ (က. ၁၆:၅၊ ၆) ဘာသင်ယူနိုင်သလဲ။ ခင်ပွန်းတို့၊ မိသားစုအတွက် ဆုံးဖြတ်ချက် ချပိုင်ခွင့် သင်တို့မှာ ရှိပါတယ်။ (၁ ကော. ၁၁:၃) ဒါပေမဲ့ မဆုံးဖြတ်ခင် ဇနီးရဲ့ အမြင်ကို ထည့်စဉ်းစားတာ မေတ္တာရှိရာရောက်တယ်။ အထူးသဖြင့်၊ ဆုံးဖြတ်ချက်က ဇနီးအပေါ် သက်ရောက်မှု ရှိမယ်ဆိုရင်ပေါ့။ (၁ ကော. ၁၃:၄၊ ၅) တစ်ခါတုန်းက ဗြုန်းစားကြီး ရောက်လာတဲ့ ဧည့်သည်တွေကို အာဗြဟံ ဧည့်ခံချင်တယ်။ ဒါနဲ့ စာရာကို လုပ်လက်စ အလုပ် ရပ်ပြီး မုန့် အများကြီး ဖုတ်ခိုင်းတယ်။ (က. ၁၈:၆) အာဗြဟံ ခိုင်းတဲ့အတိုင်း စာရာ ချက်ချင်း ထလုပ်တယ်။ ဇနီးတို့၊ ခင်ပွန်း ဆုံးဖြတ်တဲ့အတိုင်း ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် စာရာကို အတုယူပါ။ ဒါဆိုရင် အိမ်ထောင်နှောင်ကြိုး ခိုင်မြဲလာမယ်။—၁ ပေ. ၃:၅၊ ၆။ w23.05 ၂၄-၂၅ ¶၁၆-၁၇
တနင်္လာနေ့၊ မတ် ၃၁
အထက်ကလာတဲ့ ဉာဏ်ပညာကို ပိုင်ဆိုင်တဲ့ သူဟာ . . . နာခံဖို့ အသင့်ရှိတယ်။ —ယာ. ၃:၁၇။
တရားသူကြီးအဖြစ် ခန့်အပ်ခံရပြီးနောက် နာခံမှု၊ သတ္တိ ရှိမရှိ ဂိဒေါင် စမ်းသပ်ခံရတယ်။ ဖခင်ရဲ့ ဗာလ ယဇ်ပလ္လင်ကို ဖြိုချဖို့ဆိုတဲ့ အန္တရာယ် များတဲ့ တာဝန် ရတယ်။ (သူကြီး. ၆:၂၅၊ ၂၆) နောက်ပိုင်း၊ စုဆောင်းထားတဲ့ စစ်သည်အင်အား လျှော့ချဖို့ နှစ်ကြိမ် ညွှန်ကြားခံရတယ်။ (သူကြီး. ၇:၂-၇) နောက်ဆုံးမှာ ရန်သူ့တပ်စခန်းကို ညသန်းခေါင် ဝင်တိုက်ရတယ်။ (သူကြီး. ၇:၉-၁၁) အကြီးအကဲတွေဟာ “နာခံဖို့ အသင့်ရှိ” သင့်တယ်။ (ယာ. ၃:၁၇) နာခံမှု ရှိတဲ့ အကြီးအကဲဟာ ကျမ်းစာနဲ့ အဖွဲ့အစည်းရဲ့ လမ်းညွှန်ချက်တွေကို ချက်ချင်း လိုက်နာတယ်။ တခြားသူတွေကို စံနမူနာ ပြတယ်။ ဒါပေမဲ့ နာခံဖို့ ခက်တဲ့အချိန်တွေ ရှိနိုင်တယ်။ ဥပမာ၊ လမ်းညွှန်ချက်တွေ များလွန်းလို့၊ ပြောင်းလွန်းလို့ လိုက်လုပ်ဖို့ မမီတာ ဖြစ်နိုင်တယ်။ လမ်းညွှန်ချက်တွေ တကယ်ကော လက်တွေ့ကျရဲ့လား၊ ပညာရှိရာ ရောက်ရဲ့လားလို့ တစ်ခါတလေ တွေးမိနိုင်တယ်။ အဖမ်းခံရကိန်း ဆိုက်သွားနိုင်တဲ့ တာဝန် ရတာ ဖြစ်နိုင်တယ်။ အဲဒီလိုအခြေအနေတွေမှာ ဂိဒေါင်ရဲ့ နာခံမှုကို အကြီးအကဲတွေ ဘယ်လို အတုယူနိုင်သလဲ။ လမ်းညွှန်ချက်တွေကို တစ်သဝေမတိမ်း နာခံလိုက်လျှောက်ခြင်းအားဖြင့်ပါ။ w23.06 ၄-၅ ¶၉-၁၁