ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • es25 စာ. ၃၇-၄၆
  • ဧပြီ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဧပြီ
  • ကျမ်းစာကို နေ့စဉ် ဆန်းစစ်ပါ—၂၀၂၅
  • ခေါင်းစ‎ဥ်ငယ်များ
  • အင်္ဂါနေ့၊ ဧပြီ ၁
  • ဗုဒ္ဓဟူးနေ့၊ ဧပြီ ၂
  • ကြာသပတေးနေ့၊ ဧပြီ ၃
  • သောကြာနေ့၊ ဧပြီ ၄
  • စနေနေ့၊ ဧပြီ ၅
  • တနင်္ဂနွေနေ့၊ ဧပြီ ၆
  • တနင်္လာနေ့၊ ဧပြီ ၇
  • အင်္ဂါနေ့၊ ဧပြီ ၈
  • ဗုဒ္ဓဟူးနေ့၊ ဧပြီ ၉
  • ကြာသပတေးနေ့၊ ဧပြီ ၁၀
  • သောကြာနေ့၊ ဧပြီ ၁၁
  • အောက်မေ့ရာနေ့
    နေဝင်ပြီးနောက်
    စနေနေ့၊ ဧပြီ ၁၂
  • တနင်္ဂနွေနေ့၊ ဧပြီ ၁၃
  • တနင်္လာနေ့၊ ဧပြီ ၁၄
  • အင်္ဂါနေ့၊ ဧပြီ ၁၅
  • ဗုဒ္ဓဟူးနေ့၊ ဧပြီ ၁၆
  • ကြာသပတေးနေ့၊ ဧပြီ ၁၇
  • သောကြာနေ့၊ ဧပြီ ၁၈
  • စနေနေ့၊ ဧပြီ ၁၉
  • တနင်္ဂနွေနေ့၊ ဧပြီ ၂၀
  • တနင်္လာနေ့၊ ဧပြီ ၂၁
  • အင်္ဂါနေ့၊ ဧပြီ ၂၂
  • ဗုဒ္ဓဟူးနေ့၊ ဧပြီ ၂၃
  • ကြာသပတေးနေ့၊ ဧပြီ ၂၄
  • သောကြာနေ့၊ ဧပြီ ၂၅
  • စနေနေ့၊ ဧပြီ ၂၆
  • တနင်္ဂနွေနေ့၊ ဧပြီ ၂၇
  • တနင်္လာနေ့၊ ဧပြီ ၂၈
  • အင်္ဂါနေ့၊ ဧပြီ ၂၉
  • ဗုဒ္ဓဟူးနေ့၊ ဧပြီ ၃၀
ကျမ်းစာကို နေ့စဉ် ဆန်းစစ်ပါ—၂၀၂၅
es25 စာ. ၃၇-၄၆

ဧပြီ

အင်္ဂါနေ့၊ ဧပြီ ၁

ဘယ်လို လုပ်လိုက်တာလဲ။ . . . ကျွန်တော့်ကို ဘာလို့ လှည့်စားရတာလဲ။—က. ၂၉:၂၅။

ကျမ်းစာခေတ်က ယေဟောဝါရဲ့ ကျေးကျွန်တွေဟာ မျှော်လင့်မထားတဲ့ အခက်အခဲတွေ ကြုံကြရတယ်။ ဥပမာ၊ လာဗန်ရဲ့ သမီးတစ်ယောက်ကို ယူဖို့ ယာကုပ်ကို ဖခင်ဖြစ်သူ ပြောတယ်။ ယေဟောဝါ ကြွယ်ဝစွာ ကောင်းချီးပေးမယ်လို့လည်း ပြောတယ်။ လာဗန်လည်း ယေဟောဝါကို ကိုးကွယ်တဲ့သူပဲ။ (က. ၂၈:၁-၄) ဒါကြောင့် ဖခင် ပြောတဲ့အတိုင်း ခါနန်ပြည်ကနေ ထွက်ပြီး လာဗန် ရှိတဲ့နေရာကို ယာကုပ် ခရီးနှင်တယ်။ လာဗန်မှာ လေအာနဲ့ ရာခေလဆိုတဲ့ သမီးနှစ်ယောက် ရှိတယ်။ သမီးငယ် ရာခေလကို ယာကုပ် ချစ်သွားတယ်။ ဒါကြောင့် ရာခေလကို လက်ထပ်ဖို့ ခုနစ်နှစ် အလုပ်လုပ်ပေးမယ်လို့ လာဗန်ကို ကတိပေးလိုက်တယ်။ (က. ၂၉:၁၈) ဒါပေမဲ့ ယာကုပ် မျှော်လင့်သလို ဖြစ်မလာခဲ့ဘူး။ လာဗန် လှည့်စားပြီး သမီးကြီး လေအာနဲ့ ပေးစားလိုက်တယ်။ တစ်ပတ်ကြာပြီးနောက် ရာခေလနဲ့ ပေးစားပေမဲ့ နောက်ထပ် ခုနစ်နှစ် အလုပ်လုပ်ခိုင်းတယ်။ (က. ၂၉:၂၆-၂၇) စီးပွားရေးကိစ္စတွေမှာလည်း ကလိမ်ကျတယ်။ အနှစ် ၂၀ လုံးလုံး ယာကုပ်ကို ခေါင်းပုံဖြတ်တယ်။—က. ၃၁:၄၁၊ ၄၂။ w23.04 ၁၅ ¶၅

ဗုဒ္ဓဟူးနေ့၊ ဧပြီ ၂

ဘုရားကို ရင်ဖွင့်ကြပါ။—ဆာ. ၆၂:၈။

နှစ်သိမ့်မှု၊ လမ်းညွှန်မှု လိုတဲ့အခါ ဘယ်သူ့ဆီ တောင်းနိုင်သလဲ။ ယေဟောဝါဘုရားဆီကိုပါ။ ဘာကိစ္စအတွက်မဆို လမ်းညွှန်မှု ရဖို့ လွတ်လွတ်လပ်လပ် ဆုတောင်းနိုင်တယ်။ (ပညာ. ၃:၅၊ ၆) ယေဟောဝါကိုယ်တိုင် ဖိတ်ခေါ်ထားလို့ပဲ။ “အမြဲ မပြတ် ဆုတောင်းနေကြပါ” လို့ ပြောထားတဲ့အတွက် မကြာခဏ တောင်းစေချင်တာ ထင်ရှားတယ်။ (၁ သက်. ၅:၁၇) အချိန် မတွန့်တိုတဲ့ ဘုရား ဖြစ်လို့ ဘယ်နှကြိမ်ပဲ တောင်းလို့ ရတယ်ဆိုပြီး ကန့်သတ်မထားဘူး။ ဆုတောင်းချက်တွေကို ယေဟောဝါ တန်ဖိုးထားမှန်း ယေရှု သိထားတယ်။ မြေကြီးပေါ် မလာခင် နှစ်ပေါင်းများစွာ ဖခင်ဘေးမှာ အတူ ရှိခဲ့တယ်။ ဟန္န၊ ဒါဝိဒ်၊ ဧလိယနဲ့ တခြားသစ္စာရှိသူများစွာရဲ့ လှိုက်လှဲတဲ့ ဆုတောင်းချက်တွေကို ဖခင် ဖြေပေးတာ တွေ့တယ်။ (၁ ရှ. ၁:၁၀၊ ၁၁၊ ၂၀။ ၁ ဘု. ၁၉:၄-၆။ ဆာ. ၃၂:၅) ဒါကြောင့်လည်း ယုံကြည်စိတ်ချမှု အပြည့်နဲ့ မကြာခဏ ဆုတောင်းဖို့ တပည့်တွေကို သင်ပေးတာ။—မ. ၇:၇-၁၁။ w23.05 ၂ ¶၁၊ ၃

ကြာသပတေးနေ့၊ ဧပြီ ၃

လူကို ကြောက်တဲ့စိတ်ဟာ ကျော့ကွင်းပဲ။ ယေဟောဝါကို ယုံကြည်ကိုးစားသူကတော့ ကာကွယ်ခံရလိမ့်မယ်။—ပညာ. ၂၉:၂၅။

ယေဟောဝါဘုရားကို ပုရောဟိတ်မင်း ယောယဒ ကြောက်ရွံ့တယ်။ ယုဒပြည်မှာ ယေဇဗေလရဲ့ သမီးတော် အာသလိ ထီးနန်း မတရား သိမ်းပိုက်ချိန် ဘုရားအပေါ် ယောယဒရဲ့ သစ္စာရှိမှု ပိုထင်ရှားလာတယ်။ အာသလိဟာ အာဏာမက်လွန်းလို့ တော်ဝင်မျိုးဆက် မြေးအားလုံးကို သတ်ပစ်တဲ့အထိ ရက်စက်ကြမ်းကြုတ်သူ ဖြစ်တယ်။ (၂ ရာ. ၂၂:၁၀၊ ၁၁) မြေးတစ်ယောက် ဖြစ်တဲ့ ယောရှကတော့ လွတ်သွားတယ်။ ယောယဒနဲ့ ဇနီး ယောရှေဘတ်တို့ ဝှက်ထားပြီး ပြုစုစောင့်ရှောက်ပေးလို့ပါ။ ဒါကြောင့်လည်း ဒါဝိဒ်မင်းဆက် ပြတ်မသွားတာ။ တကယ်ဆိုရင် အဲဒီအချိန်မှာ ယောယဒ အသက် တော်တော် ကြီးနေပြီ။ ဒါပေမဲ့ ယေဟောဝါအပေါ် သစ္စာရှိလို့ အာသလိကို မကြောက်ဘဲ မှန်ရာ လုပ်နိုင်ခဲ့တာ။ ယေဟောဝါအပေါ် သစ္စာရှိကြောင်း ယောရှ ခုနစ်နှစ် အရွယ်မှာ ယောယဒ ထပ်ပြတယ်။ ယောယဒ အစီအစဉ်တစ်ခု ဆွဲတယ်။ အစီအစဉ်သာ အောင်မြင်ရင် ဒါဝိဒ်မင်းဆက် ဆက်ခံသူအနေနဲ့ ယောရှ ဘုရင် ဖြစ်လာမယ်။ မအောင်မြင်ရင်တော့ ယောယဒ အသက်အန္တရာယ်တောင် ရှိနိုင်တယ်။ ဒါပေမဲ့ ယေဟောဝါရဲ့ အကူအညီကြောင့် အစီအစဉ် အောင်မြင်သွားတယ်။ w23.06 ၁၇ ¶၁၂-၁၃

သောကြာနေ့၊ ဧပြီ ၄

အမြင့်ဆုံးအရှင်ဟာ လူ့နိုင်ငံတွေရဲ့ အုပ်စိုးရှင် ဖြစ်မှန်း၊ နိုင်ငံကို ပေးချင်တဲ့သူကို ပေးနိုင်မှန်း မင်းကြီး သိ [ပါစေ။]—ဒံ. ၄:၂၅။

ဘုရင်ကို အကြည်အညို ပျက်စေမှုနဲ့ ဒံယေလ အသတ်ခံရနိုင်တယ်။ ဒါပေမဲ့ ပြောစရာ ရှိတာ သတ္တိရှိရှိ ပြောတယ်။ ဘဝတစ်လျှောက် ဒံယေလ သတ္တိရှိတာ ဘာကြောင့် ဖြစ်မလဲ။ စံနမူနာ ကောင်းတဲ့ မိဘတွေကြောင့်ပါ။ (တရား. ၆:၆-၉) ပညတ်တော် ဆယ်ပါးလိုမျိုး ပညတ်တရားရဲ့ အခြေခံလောက်ကိုသာမက အစ္စရေးတစ်ယောက် ဘာစားလို့ ရတယ်၊ မရဘူးဆိုတဲ့ အသေးစိတ် အချက်တွေကိုပါ ဒံယေလ သိနေတယ်။ (ဝတ်. ၁၁:၄-၈။ ဒံ. ၁:၈၊ ၁၁-၁၃) အစ္စရေးလူမျိုး သမိုင်းကြောင်းကနေလည်း ဒံယေလ သင်ယူတယ်။ ယေဟောဝါရဲ့ စံနှုန်းတွေကို မလိုက်နာလို့ အစ္စရေးတွေ ဘာကြုံရမှန်း သိတယ်။ (ဒံ. ၉:၁၀၊ ၁၁) မိမိ ဘဝတစ်လျှောက် ကြုံခဲ့ရတာတွေကြောင့် ရှေ့မှာ ဘာတွေပဲ ရင်ဆိုင်ရပါစေ ယေဟောဝါနဲ့ ခွန်အားကြီး ကောင်းကင်တမန်တွေ ကူညီပေးမယ်ဆိုတာ စိတ်ချတယ်။—ဒံ. ၂:၁၉-၂၄။ ၁၀:၁၂၊ ၁၈၊ ၁၉။ w23.08 ၃-၄ ¶၅-၆

စနေနေ့၊ ဧပြီ ၅

ဉာဏ်ပညာကတော့ ကျိုးနွံသူတွေနဲ့အတူ ရှိနေတယ်။—ပညာ. ၁၁:၂။

ရေဗက္ကာဟာ ထက်တယ်။ ဆုံးဖြတ်ချက် ပြတ်သားတယ်။ အကင်းပါးတယ်။ (က. ၂၄:၅၈။ ၂၇:၅-၁၇) ဒါပေမဲ့ လေးစားမှု ရှိတယ်။ လက်အောက်ခံတယ်။ (က. ၂၄:၁၇၊ ၁၈၊ ၆၅) ရေဗက္ကာလိုပဲ ယေဟောဝါရဲ့ အစီအစဉ်ကို သင် နှိမ့်ချမှု ရှိရှိ လက်အောက်ခံတဲ့အခါ မိသားစုမှာကော အသင်းတော်မှာပါ စံနမူနာကောင်းသူ ဖြစ်လာမယ်။ ရင့်ကျက်တဲ့ ခရစ်ယာန် ဖြစ်လာစေမယ့် အရည်အသွေးတစ်ခုကတော့ ကျိုးနွံမှုပါ။ ဧသတာဟာ ကျိုးနွံမှု ရှိတဲ့ သစ္စာရှိ အမျိုးသမီး ဖြစ်တယ်။ မိဖုရား ဖြစ်လာပေမဲ့ ဘဝင်မမြင့်ဘူး။ ဝမ်းကွဲ အစ်ကို မော်ဒကဲ အကြံပေးတာကို နားထောင်တယ်။ (ဧသ. ၂:၁၀၊ ၂၀၊ ၂၂) သင်လည်း တခြားသူတွေဆီက အကြံဉာဏ် တောင်းခြင်း၊ အကြံဉာဏ်ကောင်းတွေ လိုက်နာခြင်းအားဖြင့် ကျိုးနွံကြောင်း ပြနိုင်တယ်။ (တိ. ၂:၃-၅) ကျိုးနွံကြောင်း နောက်တစ်နည်းနဲ့လည်း ဧသတာ ပြတယ်။ “ရုပ်ချောပြီး ဆွဲဆောင်မှု ရှိ” ပေမဲ့ အာရုံစိုက်ခံရအောင် မနေဘူး။—ဧသ. ၂:၇၊ ၁၅။ w23.12 ၁၉-၂၀ ¶၆-၈

တနင်္ဂနွေနေ့၊ ဧပြီ ၆

ဘုရားသခင်ဟာ ကျွန်တော်တို့ရဲ့ စိတ်နှလုံးထက် ပိုကြီးမြတ်တယ်၊ အရာအားလုံးကို ကိုယ်တော် သိနေတယ်။—၁ ယော. ၃:၂၀။

ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မဆုံး ဖြစ်နေတာမျိုး ယေဟောဝါ မဖြစ်စေချင်ဘူး။ အပြစ် ဝန်ခံပြီးပြီ၊ နောင်တ ယူပြီးပြီ၊ အပြစ် ထပ်မလုပ်တော့ဘူးဆိုရင် ဘုရား ခွင့်လွှတ်တယ်ဆိုတာ စိတ်ချလို့ ရနေပြီ။ (တ. ၃:၁၉) အပြစ်ရှိတယ်လို့ ဘုရား မခံစားစေချင်တော့ဘူး။ အဲဒီလို ခံစားတာ အန္တရာယ် ရှိမှန်း သိနေလို့ပဲ။ (ဆာ. ၃၁:၁၀) တစ်ချိန်လုံး ပူဆွေးနေရင် အသက်ပြေးပွဲမှာ ကျွန်တော်တို့ အရှုံးပေးမိသွားနိုင်တယ်။ (၂ ကော. ၂:၇) ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မဆုံး ဖြစ်နေတယ်ဆိုရင် “ကိုယ်တော် တကယ် ခွင့်လွှတ်” တယ်ဆိုတဲ့ အချက်ကို အာရုံစိုက်ပါ။ (ဆာ. ၁၃၀:၄) စိတ်ရင်းမှန်နဲ့ နောင်တ ရသူတွေရဲ့ “အပြစ်ကို သတိရမှာ မဟုတ်ဘူး” လို့ ဘုရား ကတိပေးထားတယ်။ (ယေ. ၃၁:၃၄) ခွင့်လွှတ်ပြီးသား အပြစ်တွေကို အစ ပြန်မဖော်ဘူးလို့ ဆိုလိုတာပါ။ အမှားကြောင့် အခွင့်ထူးတွေ လက်လွှတ်လိုက်ရရင် ကိုယ့်ကိုယ်ကိုယ် စိတ်ဒုက္ခ မပေးပါနဲ့။ သင့်အမှားတွေကို ဘုရား မေ့ပစ်လိုက်ပြီ။ သင်လည်း မေ့ပစ်လိုက်ပါ။ w23.08 ၃၀-၃၁ ¶၁၄-၁၅

တနင်္လာနေ့၊ ဧပြီ ၇

မယိမ်းမယိုင်ဘဲ ကြံ့ကြံ့ခံ ရပ်တည်နေကြပါ။—၁ ကော. ၁၅:၅၈။

ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ဘုရားအဖွဲ့အစည်းရဲ့ ညွှန်ကြားချက်ကို နားထောင်တဲ့ ယေဟောဝါသက်သေတွေဟာ သတင်းမှား နားထောင်သူတွေလို အစိုးရိမ် မလွန်ခဲ့ကြရဘူး။ (မ. ၂၄:၄၅) “ပိုအရေးကြီးတဲ့အရာတွေ” ကနေ ကျွန်တော်တို့ အာရုံမပျံ့ရဘူး။ (ဖိ. ၁:၉၊ ၁၀) စားတာ၊ သောက်တာ၊ အပန်းဖြေတာ၊ အလုပ်လုပ်တာလိုမျိုး သာမန် လုပ်နေကျအရာတွေတောင် ကိုယ့်ဘဝမှာ အဓိက ဖြစ်လာပြီဆိုရင် အာရုံပျံ့သွားနိုင်တယ်။ (လု. ၂၁:၃၄၊ ၃၅) ဒီကြားထဲ ဆန္ဒပြပွဲတွေ၊ နိုင်ငံရေးကိစ္စ အငြင်းအခုံတွေ နေ့တိုင်း ကြားရ၊ ဖတ်ရတယ်။ အဲဒါတွေကြောင့် အာရုံပျံ့သွားလို့ မဖြစ်ဘူး။ အာရုံပျံ့သွားရင် စိတ်ထဲ တစ်ဖက်ဖက် ပါမိသွားမယ်။ အချိန်ကုန်၊ လူပင်ပန်းတယ်။ ကျွန်တော်တို့ သန္နိဋ္ဌာန် လျော့သွားစေဖို့ စာတန် ရည်ရွယ်ထားလို့ နည်းအမျိုးမျိုးကို သုံးနေတယ်။ w23.07 ၁၆-၁၇ ¶၁၂-၁၃

အင်္ဂါနေ့၊ ဧပြီ ၈

ကျွန်တော့်ကို အောက်မေ့တဲ့အနေနဲ့ ဒီလို အမြဲ လုပ်ကြပါ။—လု. ၂၂:၁၉။

ယေဟောဝါလူမျိုးအတွက် ခရစ်တော်ရဲ့ သေခြင်း အောက်မေ့ရာပွဲဟာ တစ်နှစ်တာမှာ အရေးကြီးဆုံး ပွဲပါ။ နောက်လိုက်တွေ ကျင်းပဖို့ ယေရှု သတ်သတ်မှတ်မှတ် မှာခဲ့တဲ့ တစ်ခုတည်းသော ပွဲ ဖြစ်တယ်။ (လု. ၂၂:၁၉၊ ၂၀) ရွေးဖိုးကြောင့် ဘာကောင်းချီးတွေ ရကြောင်း၊ ကျေးဇူးတင်လေးမြတ်တယ်ဆိုတာ ဘယ်လို ပြနိုင်ကြောင်း အောက်မေ့ရာပွဲက စဉ်းစားမိစေတယ်။ (၂ ကော. ၅:၁၄၊ ၁၅) ညီအစ်ကို/မတွေနဲ့ “အပြန်အလှန် အားပေးခွင့်” ရစေတယ်။ (ရော. ၁:၁၂) အဲဒီနေ့မှာ မြင်ရ၊ ကြားရတာတွေကြောင့် စိတ်ဝင်စားသူတွေ အသက်လမ်းမှာ စလျှောက်ချင်လာကြတယ်။ အောက်မေ့ရာပွဲဟာ ကမ္ဘာတစ်ဝန်းက ညီအစ်ကို/မတွေကိုလည်း စည်းလုံးစေတယ်။ ဒါကြောင့်လည်း တစ်နှစ် တစ်နှစ် အောက်မေ့ရာပွဲကို ကျွန်တော်တို့ မျှော်ကြတာ။ w24.01 ၈ ¶၁-၃

အောက်မေ့ရာနေ့အတွက် ကျမ်းစာ ဖတ်ရှုခြင်း– (နေ့အချိန် ဖြစ်ရပ်များ– နိသန် ၉) လုကာ ၁၉:၂၉-၄၄

ဗုဒ္ဓဟူးနေ့၊ ဧပြီ ၉

ဘုရားသခင်က လူ့လောကကို အလွန်ချစ်တယ်။ ဒါကြောင့် မိမိရဲ့ သားကို ယုံကြည်သက်ဝင်သူတိုင်း ဖျက်ဆီးမခံရဘဲ ထာဝရအသက် ရနိုင်ဖို့ အဲဒီတစ်ဦးတည်းသော သားကိုတောင် ပေးအပ်ခဲ့တယ်။—ယော. ၃:၁၆။

ကျွန်တော်တို့ကို ချစ်လို့ ယေဟောဝါ ရွေးဖိုး ပြင်ဆင်ပေးခဲ့တယ်။ တန်ဖိုးအထားရဆုံး သားယေရှုကို ဝေဒနာ ခံစားပြီး သေဆုံးစေခြင်းအားဖြင့် ကျွန်တော်တို့ကို ချစ်ကြောင်း သက်သေပြတယ်။ ယေဟောဝါနဲ့ ယေရှု ပေးဆက်ခဲ့တာကို တွေးကြည့်လေ ကျွန်တော်တို့တစ်ယောက်စီကို ဘယ်လောက် ချစ်သလဲ သဘောပေါက်လာလေပဲ။ (ဂလ. ၂:၂၀) ကျွန်တော်တို့ကို ယေဟောဝါ အုံ့ပုန်း မချစ်ဘူး။ ချစ်တယ်လို့ ပြောတယ်။ ချစ်ကြောင်း ပြတယ်။ (ယေ. ၃၁:၃) ချစ်လို့ မိမိဆီ ဆွဲဆောင်တယ်။ (တရားဟောရာ ၇:၇၊ ၈ နဲ့ နှိုင်းယှဉ်ပါ။) ဘုရားမေတ္တာ မခံစားရအောင် ဘာကမှ၊ ဘယ်သူကမှ မတားဆီးနိုင်ဘူး။ (ရော. ၈:၃၈၊ ၃၉) ဘုရား ချစ်ပေးလို့ သင် ဘယ်လို ခံစားရသလဲ။ w24.01 ၂၈ ¶၁၀-၁၁

အောက်မေ့ရာနေ့အတွက် ကျမ်းစာ ဖတ်ရှုခြင်း– (နေ့အချိန် ဖြစ်ရပ်များ– နိသန် ၁၀) လုကာ ၁၉:၄၅-၄၈။ မဿဲ ၂၁:၁၈၊ ၁၉။ ၂၁:၁၂၊ ၁၃

ကြာသပတေးနေ့၊ ဧပြီ ၁၀

အဲဒီအရှင် ပေးထားတဲ့ မျှော်လင့်ချက်ကတော့ ဖန်ဆင်းရာတွေဟာ . . . လွတ်မြောက်မှုကို ခံစားရမယ်ဆိုတဲ့ အချက်ပဲ။—ရော. ၈:၂၀၊ ၂၁။

ကောင်းကင် မျှော်လင့်ချက်ကို ဘိသိက်ခံ ခရစ်ယာန်တွေ တန်ဖိုးထားကြတယ်။ “ကျွန်ုပ်တို့၏ မျှော်လင့်ချက်သည် သေချာသောအရာတစ်ခု ဖြစ်၍ ကျွန်ုပ်တို့ စိတ်ကူးနိုင်သည်ထက် ကျော်လွန်၍ သိုးစုငယ်မှ ၁၄၄,၀၀၀ အဝင် တစ်ယောက်မကျန်အပေါ် အပြည့်အဝ ပြည့်စုံလိမ့်မည်” လို့ ဘိသိက်ခံ ညီအစ်ကို ဖရက်ဒရစ် ဖရန့် ပြောတယ်။ ၁၉၉၁ ခုနှစ်မှာ ဒီလိုပြောတယ်– “ထိုမျှော်လင့်ချက်ကို တန်ဖိုးထားခြင်း မပျောက်ဆုံးခဲ့ပါ။ . . . ကျွန်ုပ်တို့ ပို၍ စောင့်ဆိုင်းရလေလေ ယင်းကို ပို၍ လေးမြတ်လေလေ ဖြစ်သည်။ . . . ကျွန်ုပ်သည် ကျွန်ုပ်တို့၏ မျှော်လင့်ချက်ကို ယခင်ကထက် ပို၍ တန်ဖိုးထား [သည်]။” ကောင်းကင်မှာဖြစ်ဖြစ်၊ မြေကြီးမှာဖြစ်ဖြစ် ထာဝစဉ် အသက်ရှင်ဖို့ မျှော်လင့်နိုင်တာ ဝမ်းမြောက်စရာပါပဲ။ ဝမ်းမြောက်စရာ ဒီမျှော်လင့်ချက် ခိုင်မာသည်ထက် ခိုင်မာလာနိုင်တယ်။ w23.12 ၉ ¶၆။ ၁၀ ¶၈

အောက်မေ့ရာနေ့အတွက် ကျမ်းစာ ဖတ်ရှုခြင်း– (နေ့အချိန် ဖြစ်ရပ်များ– နိသန် ၁၁) လုကာ ၂၀:၁-၄၇

သောကြာနေ့၊ ဧပြီ ၁၁

နွားသွေး၊ ဆိတ်သွေးဟာ အပြစ်တွေကို မဖယ်ရှားပေးနိုင်ဘူး။—ဟီ. ၁၀:၄။

ရှေးခေတ် တဲတော်ဝင်ပေါက် အပြင်ဘက်မှာ တိရစ္ဆာန် ပူဇော်သက္ကာ ဆက်သဖို့ ကြေးနီ ပူဇော်ရာပလ္လင် ရှိတယ်။ (ထွ. ၂၇:၁၊ ၂။ ၄၀:၂၉) ဒါပေမဲ့ အဲဒီပူဇော်သက္ကာတွေက အပြစ်ကို အကုန်အစင် ချေဖျက်မပေးနိုင်ဘူး။ (ဟီ. ၁၀:၁-၃) တဲတော်မှာ တိရစ္ဆာန် ပူဇော်သက္ကာ မပြတ် ဆက်သနေရတာက အပြစ်တွေ အကုန်အစင် ချေဖျက်ပေးနိုင်တဲ့ ပူဇော်သက္ကာ လိုနေမှန်း ပြတယ်။ လူတွေအတွက် ရွေးဖိုး ပူဇော်သက္ကာအဖြစ် အသက်စွန့်ဖို့ မြေကြီးပေါ် ယေဟောဝါ စေလွှတ်လိုက်မှန်း ယေရှု သိတယ်။ (မ. ၂၀:၂၈) ဒါကြောင့် “အလိုတော်” အတိုင်း လုပ်ပါ့မယ်ဆိုပြီး နှစ်ခြင်းခံချိန်မှာ ကိုယ့်ကိုယ်ကိုယ် ဆက်သတယ်။ (ယော. ၆:၃၈။ ဂလ. ၁:၄) ကိုယ့်အသက်ကို “တစ်ကြိမ်တည်းအပြီး” ပူဇော်တယ်။ မိမိကို ယုံကြည်သက်ဝင်သူတိုင်း အပြစ်တွေ အပြီးတိုင် ချေဖျက်ခံရဖို့ပါ။—ဟီ. ၁၀:၅-၇၊ ၁၀။ w23.10 ၂၆-၂၇ ¶၁၀-၁၁

အောက်မေ့ရာနေ့အတွက် ကျမ်းစာ ဖတ်ရှုခြင်း– (နေ့အချိန် ဖြစ်ရပ်များ– နိသန် ၁၂) လုကာ ၂၂:၁-၆။ မာကု ၁၄:၁၊ ၂၊ ၁၀၊ ၁၁

အောက်မေ့ရာနေ့
နေဝင်ပြီးနောက်
စနေနေ့၊ ဧပြီ ၁၂

ဘုရားသခင် ပေးတဲ့ ဆုကျေးဇူးကတော့ သခင်ခရစ်တော် ယေရှုအားဖြင့် ထာဝရအသက်ပဲ။—ရော. ၆:၂၃။

အပြစ်နဲ့ သေခြင်းကနေ ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် ဘယ်တော့မှ မရွေးနိုင်ဘူး။ (ဆာ. ၄၉:၇၊ ၈) ဒါကြောင့် ကျွန်တော်တို့အတွက် ယေရှု အသေခံဖို့ ယေဟောဝါ စီစဉ်တယ်။ ယေဟောဝါနဲ့ ယေရှု တကယ် စွန့်လွှတ်အနစ်နာခံခဲ့ကြတာပဲ။ ယေဟောဝါနဲ့ ယေရှု စွန့်လွှတ်အနစ်နာခံခဲ့တာတွေ တွေးလေ ရွေးဖိုးကို ပိုတန်ဖိုးထားတတ်လေ ဖြစ်လာမယ်။ အာဒံ အပြစ် လုပ်လို့ ကိုယ်တိုင်ကော သားစဉ်မြေးဆက်အားလုံးပါ ထာဝစဉ် အသက်ရှင်ခွင့် ဆုံးရှုံးသွားတယ်။ အာဒံကြောင့် ဆုံးရှုံးသွားတာကို ပြန်ရွေးဖို့ မိမိရဲ့ ပြည့်ဝစုံလင်တဲ့ အသက်ကို ယေရှု ပေးဆက်တယ်။ မြေကြီးအသက်တာ တစ်လျှောက်လုံး “အပြစ် မကျူးလွန်ခဲ့ဘူး။ လှည့်စားတဲ့ စကားတွေ မပြောခဲ့ဘူး။” (၁ ပေ. ၂:၂၂) သေဆုံးချိန်မှာ စုံလင်နေတုန်းပဲ။ အာဒံ အပြစ်မလုပ်ခင်က အခြေအနေအတိုင်းပဲ။ ဒါကြောင့် ယေရှု ပေးတဲ့ အသက်ဟာ အာဒံ ဆုံးရှုံးခဲ့တဲ့ အသက်နဲ့ ညီမျှတယ်။—၁ ကော. ၁၅:၄၅။ ၁ တိ. ၂:၆။ w24.01 ၁၀ ¶၅-၆

အောက်မေ့ရာနေ့အတွက် ကျမ်းစာ ဖတ်ရှုခြင်း– (နေ့အချိန် ဖြစ်ရပ်များ– နိသန် ၁၃) လုကာ ၂၂:၇-၁၃။ မာကု ၁၄:၁၂-၁၆ (နေဝင်ပြီး နောက်ပိုင်း ဖြစ်ရပ်များ– နိသန် ၁၄) လုကာ ၂၂:၁၄-၆၅

တနင်္ဂနွေနေ့၊ ဧပြီ ၁၃

ခရစ်တော်က အသန့်ရှင်းဆုံးအခန်းထဲ ဆိတ်သွေး၊ နွားကလေးသွေးနဲ့ မဟုတ်ဘဲ မိမိရဲ့ သွေးနဲ့ တစ်ကြိမ်တည်းအပြီး ဝင်သွားတယ်။ ဒါကြောင့် ကျွန်တော်တို့ ထာဝရ လွတ်မြောက်ခွင့် ရသွားတယ်။—ဟီ. ၉:၁၂။

ယေရှု ရှင်ပြန်ထမြောက်ပြီးနောက် ပုံဆောင် ဗိမာန်တော်ရဲ့ အသန့်ရှင်းဆုံးအခန်းထဲ ဝင်သွားတယ်။ ယေရှုခရစ်ရဲ့ ရွေးဖိုး ပူဇော်သက္ကာ၊ ပုရောဟိတ်မင်းအဖြစ် တာဝန် ထမ်းဆောင်နေမှုဟာ စင်ကြယ်တဲ့ ဝတ်ပြုရေးအတွက် အခြေခံပဲ။ ဒီအစီအစဉ် ဘာကြောင့် ပိုသာကြောင်း ရှင်းရှင်းလင်းလင်း တွေ့နိုင်တယ်။ အစ္စရေး ပုရောဟိတ်မင်းဟာ တိရစ္ဆာန်သွေးကို ယူပြီး လူတွေ ဆောက်တဲ့ အသန့်ရှင်းဆုံးအခန်းထဲ ဝင်တယ်။ ယေရှုကတော့ အသန့်ရှင်းတကာ့ အသန့်ရှင်းဆုံး နေရာ ဖြစ်တဲ့ “ကောင်းကင်” ကို ဝင်တယ်။ ယေဟောဝါရှေ့ ရောက်တော့ စုံလင်တဲ့ လူသားအသက် တန်ဖိုးကို ဆက်သတယ်။ စုံလင်တဲ့ လူသားအသက် တန်ဖိုးဆိုတာ မြေကြီးပေါ်မှာ စုံလင်တဲ့ လူသားတစ်ယောက်အနေနဲ့ နေထိုင်ခွင့်ကို ဆိုလိုတယ်။ ကျွန်တော်တို့ရဲ့ “အပြစ်တွေကို ဖယ်ရှား” ဖို့ အဲဒီအခွင့်ကို ယေရှု စွန့်လွှတ်လိုက်တယ်။ (ဟီ. ၉:၂၄-၂၆) ကောင်းကင် မျှော်လင့်ချက် ရှိသူ ဖြစ်စေ၊ မြေကြီး မျှော်လင့်ချက် ရှိသူ ဖြစ်စေ ယေဟောဝါရဲ့ ပုံဆောင် ဗိမာန်တော်မှာ ဝတ်ပြုနိုင်တယ်။ w23.10 ၂၈ ¶၁၃-၁၄

အောက်မေ့ရာနေ့အတွက် ကျမ်းစာ ဖတ်ရှုခြင်း– (နေ့အချိန် ဖြစ်ရပ်များ– နိသန် ၁၄) လုကာ ၂၂:၆၆-၇၁

တနင်္လာနေ့၊ ဧပြီ ၁၄

ဒါကြောင့် မဟာကရုဏာ ပြတဲ့ ဘုရားသခင်ရဲ့ ပလ္လင်အနားကို သွားကြစို့၊ ရဲရဲဝံ့ဝံ့ ပြောဆိုခွင့်ကို သုံးပြီး ဆုတောင်းကြစို့။—ဟီ. ၄:၁၆။

နန်းစံဘုရင်၊ သနားကြင်နာတတ်တဲ့ ပုရောဟိတ်မင်းအဖြစ် ကောင်းကင်မှာ ယေရှု ဘာတွေ လုပ်နေသလဲဆိုတာ စဉ်းစားကြည့်ပါ။ “မဟာကရုဏာ ပြတဲ့ ဘုရားသခင်ရဲ့ ပလ္လင်” အနား သွားပြီး ယေရှုကတစ်ဆင့် ဆုတောင်းနိုင်တယ်။ “လိုအပ်ချိန်မှာ” သနားကြင်နာမှုနဲ့ မဟာကရုဏာ တောင်းခံနိုင်တယ်။ (ဟီ. ၄:၁၄၊ ၁၅) ယေဟောဝါနဲ့ ယေရှု ကျွန်တော်တို့အတွက် လုပ်ပေးခဲ့တာတွေ၊ လုပ်ပေးနေတာတွေ မစဉ်းစားဘဲ တစ်ရက် ကုန်မသွားပါစေနဲ့။ သူတို့ရဲ့ မေတ္တာအကြောင်း စဉ်းစားတဲ့အခါ သင် စိတ်ထိမိလာမယ်။ ထက်ထက်သန်သန် အမှုဆောင်ဖို့ တွန်းအား ရလာမယ်။ (၂ ကော. ၅:၁၄၊ ၁၅) ဘုရားနဲ့ သားတော်ကို ကျေးဇူးတင်ကြောင်း ပြနိုင်တဲ့ အကောင်းဆုံး တစ်နည်းကတော့ ဘုရားရဲ့ သက်သေ၊ ယေရှုရဲ့ တပည့် ဖြစ်လာအောင် တခြားသူတွေကို ကူညီပေးခြင်းပါပဲ။ (မ. ၂၈:၁၉၊ ၂၀) အမှုဆောင်လုပ်ငန်းမှာ တမန်တော် ပေါလု ကြိုးစားပမ်းစား ပါဝင်တယ်။ ယေဟောဝါရဲ့ အလိုတော်ဟာ “လူအမျိုးမျိုးကို ကယ်တင်ခြင်း ရစေဖို့၊ အမှန်တရားအကြောင်း တိကျမှန်ကန်စွာ သိရှိစေဖို့” ဖြစ်တယ်ဆိုတာ သိလို့ပဲ။—၁ တိ. ၂:၃၊ ၄။ w23.10 ၂၂-၂၃ ¶၁၃-၁၄

အောက်မေ့ရာနေ့အတွက် ကျမ်းစာ ဖတ်ရှုခြင်း– (နေ့အချိန် ဖြစ်ရပ်များ– နိသန် ၁၅) မဿဲ ၂၇:၆၂-၆၆

အင်္ဂါနေ့၊ ဧပြီ ၁၅

သေခြင်း ရှိတော့မှာ မဟုတ်ဘူး။ ငိုကြွေးမြည်တမ်းခြင်း၊ အော်ဟစ်ခြင်း၊ နာကျင်ခြင်းလည်း ရှိတော့မှာ မဟုတ်ဘူး။—ဗျာ. ၂၁:၄။

တခြားသူတွေကို သတင်းကောင်း ပြောတဲ့အခါ ပရဒိသု အသက်တာအကြောင်း စိတ်ချမ်းသာစရာ ဒီကျမ်းပိုဒ်ကို ကျွန်တော်တို့ ဖတ်ပြတတ်ကြတယ်။ ဗျာဒိတ် ၂၁:၃၊ ၄ မှာ ပါတဲ့ ကောင်းချီးတွေ တကယ် ခံစားရမယ်ဆိုတာ ကိုယ်တိုင်နဲ့ တခြားသူတွေ စိတ်ချလာဖို့ ဘာလုပ်နိုင်သလဲ။ ယေဟောဝါက စိတ်ချမ်းသာစရာ ဒီကတိကို ပေးရုံ ပေးတာ မဟုတ်ဘူး။ ယုံလို့ ရတဲ့ အကြောင်းရင်းတွေလည်း ပြောတယ်။ နောက်အခန်းငယ်တွေမှာ ပရဒိသု ကတိကို ယုံလို့ ရတဲ့ အကြောင်းရင်းတွေ တွေ့ရတယ်။ “ရာဇပလ္လင်ပေါ် ထိုင်နေတဲ့ ဘုရားသခင်က ‘အရာခပ်သိမ်းကို ငါ အသစ်ဖန်ဆင်းနေတယ်’ လို့ ပြောတယ်။ ပြီးတော့ ‘ဒါဟာ သစ္စာစကား၊ ဟုတ်မှန်တဲ့စကား ဖြစ်တဲ့အတွက် ရေးမှတ်ထားပါ’ လို့လည်း ပြောတယ်။ အဲဒီနောက် ဘုရားသခင်က ကျွန်တော့်ကို ပြောတယ်– ‘အဲဒီစကားအတိုင်း ဖြစ်နေပြီ။ ငါဟာ အာလဖနဲ့ သြမေဃ ဖြစ်တယ်၊ အစနဲ့ အဆုံး ဖြစ်တယ်’” လို့ ဖတ်ရတယ်။—ဗျာ. ၂၁:၅၊ ၆။ w23.11 ၃ ¶၃-၅

အောက်မေ့ရာနေ့အတွက် ကျမ်းစာ ဖတ်ရှုခြင်း– (နေ့အချိန် ဖြစ်ရပ်များ– နိသန် ၁၆) လုကာ ၂၄:၁-၁၂

ဗုဒ္ဓဟူးနေ့၊ ဧပြီ ၁၆

ငယ်ရွယ်တဲ့ အမျိုးသားတွေကိုလည်း ချင့်ချိန်တတ်သူတွေ ဖြစ်ဖို့ အမြဲ တိုက်တွန်းပါ။—တိ. ၂:၆။

စဉ်းစားဆင်ခြင်နိုင်စွမ်း ရှိကြောင်း ပြနိုင်တဲ့ ကဏ္ဍတစ်ခုကတော့ ဝတ်စားဖြီးလိမ်းပုံပါ။ ဖက်ရှင်လောကကို ဦးဆောင်နေသူ အများစုဟာ ယေဟောဝါကို မလေးစားသူတွေ၊ အကျင့်ပျက် လမ်းစဉ် လိုက်သူတွေ။ ဒါကြောင့် သူတို့ ထွင်လိုက်တဲ့ အဝတ်အစားတွေဟာ ကျပ်ထုပ်လွန်းတာ၊ အမျိုးသားတွေကို အမျိုးသမီးပုံစံ ပေါက်သွားစေတာမျိုး ဖြစ်နိုင်တယ်။ ရင့်ကျက်ဖို့ ကြိုးစားနေတဲ့ ညီအစ်ကိုလေးတွေဟာ အဝတ်အစား ရွေးတဲ့အခါ ကျမ်းစာ အခြေခံမူတွေ ထည့်စဉ်းစားမှာ၊ အသင်းတော်က စံနမူနာကောင်းသူတွေကို အတုယူမှာ ဖြစ်တယ်။ ‘ချင့်ချိန်တတ်တယ်၊ တခြားသူတွေကို လေးစားတယ်ဆိုတာ ငါ့ရွေးချယ်မှုတွေမှာ ပေါ်ရဲ့လား။ ငါ့ဝတ်စားပုံကို ကြည့်ပြီး ဘုရားအမှုဆောင်သူပါဆိုတာ တခြားသူတွေ အလွယ်တကူ သိပါ့မလား’ လို့ စဉ်းစားနိုင်တယ်။ (၁ ကော. ၁၀:၃၁-၃၃) စဉ်းစားဆင်ခြင်နိုင်စွမ်း ရှိတဲ့ ညီအစ်ကိုလေးတွေကို ညီအစ်ကို/မတွေကော ကောင်းကင်ဘုံစံ ဖခင်ပါ တန်ဖိုးထားလေးစားတယ်။ w23.12 ၂၆ ¶၇

ကြာသပတေးနေ့၊ ဧပြီ ၁၇

ကျွန်တော့်နိုင်ငံဟာ ဒီလောကနဲ့ မပတ်သက်ဘူး။ ဒီလောကနဲ့ ပတ်သက်တယ်ဆိုရင် ကျွန်တော့်ရဲ့ နောက်လိုက်တွေ . . . တိုက်ခိုက်မှာပဲ။ —ယော. ၁၈:၃၆။

ပိုင်နက်ထဲက ဘုရားလူမျိုးကို “တောင်ဘုရင်” ပြောင်ပြောင်တင်းတင်း နှိပ်စက်ညှဉ်းပန်းခဲ့တယ်။ (ဒံ. ၁၁:၄၀) ဥပမာ၊ ပထမ ကမ္ဘာစစ်နဲ့ ဒုတိယ ကမ္ဘာစစ်အတွင်း ခရစ်ယာန် ကြားနေမှုကြောင့် ညီအစ်ကို တော်တော်များများ ထောင်ချခံရတယ်။ သက်သေခံ ကလေးတချို့ ကျောင်းထုတ်ခံရတယ်။ ဒါပေမဲ့ မကြာသေးခင် နှစ်တွေအတွင်း ခရစ်ယာန် သစ္စာစောင့်သိမှု မသိမသာ နည်းပြောင်းပြီး စမ်းသပ်ခံလာရတယ်။ ဥပမာ၊ ခရစ်ယာန်တွေဟာ ရွေးကောက်ပွဲ ကာလမှာ နိုင်ငံရေး ပါတီတစ်ခု၊ နိုင်ငံရေးသမားတစ်ယောက်ကို ထောက်ခံချင်စိတ် ပေါ်လာနိုင်တယ်။ မဲမထည့်ပေမဲ့ ဘယ်သူ မဲနိုင်ရင် ကောင်းမယ်ဆိုပြီး တွေးမိနိုင်တယ်။ ဒါပေမဲ့ လုံးဝ ကြားနေပါတယ်ဆိုတာ လုပ်ရပ်နဲ့ပဲ ပြရမှာ မဟုတ်ဘူး။ အတွေးအခေါ်ကအစ နိုင်ငံရေးနဲ့ ကင်းရှင်းနေရမှာ။—ယော. ၁၅:၁၈၊ ၁၉။ w23.08 ၁၂ ¶၁၇

သောကြာနေ့၊ ဧပြီ ၁၈

ငါတို့ရဲ့ ဝန်ကို နေ့စဉ် ထမ်းပေးတဲ့ ယေဟောဝါ . . . ကို ချီးမွမ်းကြပါ။—ဆာ. ၆၈:၁၉။

အသက်ပြေးပွဲမှာ ပြေးတဲ့အခါ ‘ဆုရမယ့် နည်းအတိုင်း ပြေး’ ရမယ်။ (၁ ကော. ၉:၂၄) “စားကြူးသောက်ကြူးတာတွေ၊ ဘဝရဲ့ စိုးရိမ်ပူပန်စရာတွေကြောင့် စိတ်နှလုံး ဝန်ပိ” နိုင်တယ်လို့ ယေရှု ပြောတယ်။ (လု. ၂၁:၃၄) အသက်ပြေးပွဲမှာ ပြေးတဲ့အခါ ဘာထမ်းရမယ်၊ ဘာဖယ်ရှားရမယ်ဆိုတာ သိဖို့ ဒီကျမ်းပိုဒ်တွေနဲ့ တခြားကျမ်းပိုဒ်တွေ ကူညီပေးနိုင်ပါတယ်။ လိုအပ်တဲ့ ခွန်အား ယေဟောဝါ ပေးမှာ ဖြစ်လို့ အသက်ပြေးပွဲမှာ ဆုရမယ်ဆိုတာ စိတ်ချနိုင်တယ်။ (ဟေရှာ. ၄၀:၂၉-၃၁) ဒါကြောင့် လက်မလျှော့ပါနဲ့။ ရှေ့မှာ ရှိတဲ့ ဆုရဖို့ အားသွန်ခွန်စိုက် ပြေးခဲ့တဲ့ တမန်တော် ပေါလုကို အတုယူပါ။ (ဖိ. ၃:၁၃၊ ၁၄) ဒီပြေးပွဲကို သင့်အစား ဘယ်သူ့မှ ပြေးပေးလို့ မရဘူး။ ဒါပေမဲ့ ထမ်းစရာ ရှိတာ ထမ်းဖို့၊ ဖယ်ရှားစရာ ရှိတာ ဖယ်ရှားဖို့ ယေဟောဝါ ကူညီပေးနိုင်တယ်။ ယေဟောဝါရဲ့ အကူအညီကြောင့် ဆုရတဲ့အထိ သင် ခံနိုင်ရည်ရှိရှိ ပြေးနိုင်မှာပါ။ w23.08 ၃၁ ¶၁၆-၁၇

စနေနေ့၊ ဧပြီ ၁၉

မိဘကို ရိုသေပါ။—ထွ. ၂၀:၁၂။

ယေရှု အသက် ၁၂ နှစ်တုန်းက အဖြစ်အပျက်ကို စဉ်းစားကြည့်ပါ။ ဂျေရုဆလင်မြို့ကအပြန် ယေရှု ပါမလာတာ မိဘတွေ သတိမထားမိကြဘူး။ (လု. ၂:၄၆-၅၂) တကယ်ဆိုရင် အတူတူ ပြန်မယ့် အုပ်စုထဲ ကိုယ့်ကလေးတွေ စုံမစုံ စစ်ရမှာ ယောသပ်နဲ့ မာရိရဲ့ တာဝန်။ ယေရှုကို ရှာတွေ့တော့ ဘာလို့ ကျန်ခဲ့တာလဲဆိုပြီး မာရိ ဆူတယ်။ တော်တော် မတရားတာပဲဆိုပြီး ယေရှု ပြန်ထောက်လို့ ရပေမဲ့ လေးလေးစားစား ပြန်ဖြေတယ်။ ဒါပေမဲ့ မိဘတွေ “သူ ပြောတာကို နားမလည်ကြဘူး။” ဘာပဲဖြစ်ဖြစ် ယေရှု “မိဘစကားကို အမြဲ နာခံတယ်။” လူငယ်တို့၊ မိဘ အမှား လုပ်တဲ့အခါ ဒါမှမဟုတ် ကိုယ့်ကို နားလည်မှု လွဲတဲ့အခါ နာခံဖို့ ခက်သလား။ နာခံဖို့ ဘာက ကူညီပေးမလဲ။ ယေဟောဝါ ဘယ်လို ခံစားရမလဲ စဉ်းစားပါ။ “သခင် နှစ်သက်တယ်” လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (ကော. ၃:၂၀) သင့်ကို မိဘတွေ နားမလည်တဲ့အချိန်၊ ကတ်သီးကတ်သတ် စည်းကမ်းတွေ ထုတ်တဲ့အချိန် ရှိနိုင်မှန်း ယေဟောဝါ သိတယ်။ ဘာပဲဖြစ်ဖြစ် မိဘစကား သင် နားထောင်တဲ့အခါ ယေဟောဝါ ပျော်တယ်။ w23.10 ၇ ¶၅-၆

တနင်္ဂနွေနေ့၊ ဧပြီ ၂၀

အကျိုးသင့်အကြောင်းသင့် ရှိ [ပါ။] လူအားလုံးနဲ့ ပြောဆိုဆက်ဆံတဲ့အခါ နူးညံ့သိမ်မွေ့ [ပါ။] —တိ. ၃:၂။

လိင်တူချင်း ကြိုက်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ယေဟောဝါသက်သေတွေ အမြင် ပြောင်းသင့်တယ်လို့ အတန်းဖော် ပြောလာတယ် ဆိုပါစို့။ လူတိုင်းမှာ ကိုယ်ပိုင် လွတ်လပ်ခွင့် ရှိတယ်ဆိုတာ ကျွန်တော်တို့ အသိအမှတ်ပြုကြောင်း သူ့ကို ပြောပြနိုင်တယ်။ (၁ ပေ. ၂:၁၇) အဲဒီနောက်မှ ကျမ်းစာအဆိုက ဘာလဲ၊ ကျမ်းစာအဆိုကို လိုက်နာရင် ပိုအဓိပ္ပာယ်ရှိတဲ့ ဘဝ ဘယ်လို ရနိုင်သလဲဆိုတာ ပြောပြနိုင်တယ်။ ခံယူချက် ပြင်းထန်သူနဲ့ ဆုံတဲ့အခါ သူ ဘာယုံသလဲ ကိုယ် သိတယ်လို့ ချက်ချင်း ကောက်ချက် မချပါနဲ့။ ဥပမာ၊ ‘ဟာသပဲနော်။ မင်းတို့မို့လို့ ဖန်ဆင်းရှင် ရှိတယ်ဆိုတာ ယုံတယ်’ ဆိုပြီး အတန်းဖော် ပြောလာတယ် ဆိုပါစို့။ ဆင့်ကဲအယူအကြောင်း သူ သိပ်ယုံ၊ သိပ်သိနေတယ်လို့ ယူဆလိုက်သင့်သလား။ တကယ်တော့ တခြားသူတွေ ပြောတာ ကြားပြီး သံယောင်လိုက် ပြောနေတာ ဖြစ်နိုင်တယ်။ jw.org မှာ ရှိတဲ့ ဖန်ဆင်းခြင်းအကြောင်း ဆွေးနွေးထားတဲ့ အပိုင်းကို လင့်ခ် ပို့ပေးနိုင်တယ်။ အဲဒီမှာ တွေ့တဲ့ ဆောင်းပါး၊ ဗီဒီယို တစ်ခုခုကို အခြေခံပြီး နောက်ပိုင်း သူ ဆွေးနွေးချင်လာနိုင်တယ်။ သင် လေးလေးစားစား တုံ့ပြန်တာ ကြည့်ပြီး သူ့အမြင်သူ ပြန်ဆန်းစစ်လာနိုင်တယ်။ w23.09 ၁၇ ¶၁၂-၁၃

တနင်္လာနေ့၊ ဧပြီ ၂၁

အို ယေဟောဝါ၊ ကိုယ်တော်ဟာ ကောင်းမြတ်တယ်၊ ခွင့်လွှတ်ဖို့ အသင့်ရှိတယ်။ ဆုတောင်းသူ အားလုံးအပေါ် ခိုင်မြဲတဲ့မေတ္တာတော် ကြီးမားလှပါတယ်။—ဆာ. ၈၆:၅။

အမှား လုပ်ခဲ့ရင်တောင် အမှားကို ကြိုးစားပြင်မယ်၊ ယေဟောဝါဘုရားကို ဆက်အားကိုးမယ်ဆိုရင် ကျွန်တော်တို့ကို ဘုရား ဆက်သုံးမယ်၊ ကောင်းချီးပေးမယ်ဆိုတာ စိတ်ချနိုင်တယ်။ (ပညာ. ၂၈:၁၃) ရှံဆုန် အမှားမကင်းဘူး။ ဒေလိလနဲ့ ကိစ္စမှာ မှားသွားပေမဲ့ ဘုရားအလို မဆောင်တော့ဘဲ မနေဘူး။ လက်မလျှော့ဘူး။ ဒါကြောင့် ယေဟောဝါလည်း ရှံဆုန်ကို လက်မလွှတ်ဘူး။ ဖိလိတိလူ အများကြီးကို သတ်နိုင်ဖို့ ပြန်သုံးတယ်။ ထူးခြားတဲ့ ယုံကြည်ခြင်း ရှိသူအဖြစ် မြင်တယ်။ ယုံကြည်ခြင်း စံနမူနာရှင်တွေထဲက တစ်ယောက်အဖြစ် ဟီဘရူး အခန်းကြီး ၁၁ မှာ မှတ်တမ်းတင်တယ်။ ကိုယ်ကိုးကွယ်တဲ့ ဘုရားဟာ ကိုယ်အားနည်းချိန်မှာ ခွန်အားပေးချင်တဲ့ ဘုရား ဖြစ်မှန်း သိရတာ အားရှိစရာပါပဲ။ ဒါကြောင့် ‘ကျွန်တော့်ကို သတိရလှည့်ပါ။ ခွန်အားပေးလှည့်ပါ’ ဆိုပြီး ရှံဆုန်လိုပဲ ယေဟောဝါဆီ တောင်းလျှောက်ကြရအောင်။—သူကြီး. ၁၆:၂၈။ w23.09 ၇ ¶၁၈-၁၉

အင်္ဂါနေ့၊ ဧပြီ ၂၂

ယေဟောဝါရဲ့ နေ့ ရောက်လာမယ်ဆိုတာကို စိတ်စွဲလမ်း . . . နေကြပါ။—၂ ပေ. ၃:၁၂။

ယေဟောဝါရဲ့ နေ့ကြီး မကြာခင် ရောက်လာတော့မယ်ဆိုတာ သိလို့ တခြားသူတွေကို ကျွန်တော်တို့ အတတ်နိုင်ဆုံး သတင်းကောင်း ဟောကြတယ်။ ဒါပေမဲ့ တစ်ခါတလေ မဟောရဲတာမျိုး ဖြစ်နိုင်တယ်။ ဘာကြောင့်လဲ။ တဒင်္ဂ လူကြောက်တဲ့ စိတ်ကြောင့်ပါ။ ဥပမာ၊ ပေတရုဆိုရင် ယေရှု အဖမ်းခံရတဲ့ ညမှာ ယေရှုတပည့်ပါဆိုတာ ထုတ်မပြောရဲဘူး။ ယေရှုကို မသိပါဘူးလို့တောင် အကြိမ်ကြိမ် ငြင်းတယ်။ (မ. ၂၆:၆၉-၇၅) ဒါပေမဲ့ နောက်ပိုင်း၊ ကြောက်စိတ် တွန်းလှန်နိုင်သွားတဲ့အတွက် “သူတို့ ကြောက်တာကို မကြောက်ပါနဲ့၊ စိတ်အနှောင့်အယှက်လည်း မဖြစ်ပါနဲ့” လို့တောင် ပြောနိုင်ခဲ့တယ်။ (၁ ပေ. ၃:၁၄) လူကြောက်တဲ့ စိတ်ကို တွန်းလှန်နိုင်ကြောင်း ပေတရုရဲ့ စကားတွေက သက်သေပါပဲ။ လူကြောက်တဲ့ စိတ်ကို တွန်းလှန်ဖို့ ဘာက ကူညီပေးနိုင်သလဲ။ “ခရစ်တော်ကို သန့်ရှင်းမြင့်မြတ်တဲ့ သခင်အဖြစ် စိတ်နှလုံးထဲမှာ အသိအမှတ်ပြုပါ” လို့ ပေတရု ပြောတယ်။ (၁ ပေ. ၃:၁၅) ဘာကို ဆိုလိုသလဲ။ ယေရှုခရစ်ဟာ ဘုရင် ဖြစ်တယ်၊ တန်ခိုးအာဏာ အများကြီး ရထားတယ်ဆိုတာ သတိရဖို့ ဆိုလိုတာပါ။ w23.09 ၂၇-၂၈ ¶၆-၈

ဗုဒ္ဓဟူးနေ့၊ ဧပြီ ၂၃

လိင်အကျင့်ယိုယွင်းခြင်း၊ အမျိုးမျိုးသော ညစ်ညူးခြင်း . . . တွေကို စကားနဲ့တောင် မပြောကြနဲ့။—ဧ. ၅:၃။

“အမှောင်နဲ့ ဆိုင်တဲ့ အကျိုးမဲ့ အကျင့်တွေ” ကို ကျွန်တော်တို့ မပြတ် တွန်းလှန်နေရမယ်။ (ဧ. ၅:၁၁) မသန့်ရှင်းတာတွေ၊ အကျင့်ပျက်တာတွေ ကြည့်လေ၊ နားထောင်လေ၊ ပြောလေ အမှားလုပ်ဖို့ လွယ်လေဆိုတာ တွေ့ကြုံမှုတွေက သက်သေပါပဲ။ (က. ၃:၆။ ယာ. ၁:၁၄၊ ၁၅) ကျွန်တော်တို့ကို စာတန့်လောက လှည့်ဖြားချင်တယ်။ အကျင့်ပျက်တယ်၊ မသန့်ရှင်းဘူးလို့ ယေဟောဝါ သတ်မှတ်ထားတာတွေဟာ တကယ်တမ်း အဆိုးကြီးတော့လည်း မဟုတ်ပါဘူးလို့ ထင်စေချင်တယ်။ (၂ ပေ. ၂:၁၉) လူတွေ အမှားအမှန် မသဲကွဲအောင် လုပ်တဲ့နည်းဟာ စာတန် တောက်လျှောက် သုံးလာတဲ့ နည်းပဲ။ (ဟေရှာ. ၅:၂၀။ ၂ ကော. ၄:၄) မသန့်ရှင်းတဲ့ အကျင့်၊ ဘဝပုံစံဟာ အန္တရာယ် ကင်းတယ်လို့ ထင်စေချင်တယ်။ (ဧ. ၅:၆) ဒါကြောင့်လည်း ရုပ်ရှင်၊ တီဗီ အစီအစဉ်၊ ဝက်ဘ်ဆိုက်တွေမှာ ဘုရားစံနှုန်းနဲ့ မညီတဲ့ အတွေးအခေါ်တွေ ပလူပျံနေတာ။ w24.03 ၂၂ ¶၈-၁၀

ကြာသပတေးနေ့၊ ဧပြီ ၂၄

အဲဒီပုရောဟိတ်တွေရဲ့ အမှုဆောင်လုပ်ငန်းဟာ ကောင်းကင်နဲ့ ဆိုင်တဲ့အရာတွေကို ကိုယ်စားပြုတယ်။ ကောင်းကင်နဲ့ ဆိုင်တဲ့အရာတွေရဲ့ အရိပ် ဖြစ်တယ်။—ဟီ. ၈:၅။

တွေ့ဆုံရာတဲတော်” မှာ အစ္စရေးတွေ စုဝေးဝတ်ပြုကြတယ်။ ပူဇော်သက္ကာတွေ ဆက်သကြတယ်။ (ထွ. ၂၉:၄၃-၄၆) တောထဲမှာ တစ်နေရာပြီး တစ်နေရာ ပြောင်းတိုင်း တဲတော်ကို သယ်သွားကြတယ်။ ဂျေရုဆလင်မြို့မှာ ဗိမာန်တော် အတည်တကျ ရှိမလာခင်အထိ အနှစ် ၅၀၀ နီးပါး သုံးကြတယ်။ (ထွ. ၂၅:၈၊ ၉။ တော. ၉:၂၂) တဲတော်ဟာ ပိုကောင်းတဲ့ အရာကို ကိုယ်စားပြုတယ်။ “ကောင်းကင်နဲ့ဆိုင်တဲ့ အရာတွေရဲ့ အရိပ်” ဖြစ်တယ်။ ယေဟောဝါရဲ့ ကြီးမြတ်တဲ့ ပုံဆောင် ဗိမာန်တော်ကို ကိုယ်စားပြုတယ်။ “အဲဒီတဲတော်ဟာ လက်ရှိအချိန်အတွက် ပုံဥပမာပဲ” လို့ တမန်တော် ပေါလု ပြောတယ်။ (ဟီ. ၉:၉) ဒါကြောင့် ဟီဘရူး ခရစ်ယာန်တွေဆီ စာရေးတဲ့ အချိန်မှာ ပုံဆောင် ဗိမာန်တော် ရှိနေပြီ။ အေဒီ ၂၉ မှာ စရှိလာတာ။ အဲဒီနှစ်မှာ ယေရှု နှစ်ခြင်းခံတယ်။ ပုံဆောင် ဗိမာန်တော်မှာ “မဟာပုရောဟိတ်မင်း” အဖြစ် စအမှုဆောင်တယ်။—ဟီ. ၄:၁၄။ တ. ၁၀:၃၇၊ ၃၈။ w23.10 ၂၅-၂၆ ¶၆-၇

သောကြာနေ့၊ ဧပြီ ၂၅

ခင်ဗျားတို့ရဲ့ အကျိုးသင့်အကြောင်းသင့်သဘောကို လူတိုင်း သိမြင်စေပါ။—ဖိ. ၄:၅။

ခရစ်ယာန်တွေ ဘဝ ကြမ်းချိန်မှာ ဘုရားရေးရာဘက် ကြံ့ကြံ့ခံ ရပ်တည်ချင်ရင် အလိုက်သင့် ရှိရမယ်။ ဘယ်လိုနည်းနဲ့လဲ။ အခြေအနေသစ်နဲ့အညီ ပြောင်းသာလဲသာ ရှိခြင်းအားဖြင့်၊ တခြားသူတွေရဲ့ သဘောထား၊ ဆုံးဖြတ်ချက်ကို လေးစားခြင်းအားဖြင့်ပါပဲ။ ယေဟောဝါရဲ့ ကျေးကျွန်တွေအနေနဲ့ ကျွန်တော်တို့ အကျိုးသင့်အကြောင်းသင့် ရှိချင်ကြတယ်။ နှိမ့်ချမှု၊ ထောက်ထားစာနာမှု ရှိချင်ကြတယ်။ ကျမ်းစာမှာ ယေဟောဝါကို “ကျောက်ဆောင်” လို့ ခေါ်ထားတယ်။ မယိမ်းမယိုင် ကြံ့ကြံ့ခံ ရပ်တည်နေလို့ပဲ။ (တရား. ၃၂:၄) ဒါပေမဲ့ အကျိုးသင့်အကြောင်းသင့်လည်း ရှိတယ်။ လောကဇာတ်ခုံ ပြောင်းလဲသွားပေမဲ့ ကတိပေးထားသမျှ ပြည့်စုံစေဖို့ အလိုက်သင့် ပြောင်းလဲတယ်။ မိမိလို ပြောင်းသာလဲသာ ရှိနိုင်စွမ်းနဲ့ လူတွေကို ဖန်ဆင်းထားတယ်။ အခြေအနေတွေ ဘယ်လိုပဲ ပြောင်းသွားပါစေ ပညာရှိ ဆုံးဖြတ်ချက်တွေ ချနိုင်ဖို့ ရှင်းလင်းတဲ့ ကျမ်းစာ အခြေခံမူတွေ ပေးထားတယ်။ ဘုရားရဲ့ စံနမူနာနဲ့ ဘုရားပေး ကျမ်းစာမူတွေကို ကြည့်ရင် ယေဟောဝါဟာ “ကျောက်ဆောင်” ဖြစ်ပေမဲ့ အကျိုးသင့်အကြောင်းသင့် ရှိမှန်း သိရတယ်။ w23.07 ၂၀ ¶၁-၃

စနေနေ့၊ ဧပြီ ၂၆

စိုးရိမ်စိတ်တွေ သိပ်များနေတဲ့အခါ ကိုယ်တော် နှစ်သိမ့်ပေးပြီး စိတ်သက်သာရာ ရစေတယ်။ —ဆာ. ၉၄:၁၉။

မိမိကိုယ်ကိုယ် ကြင်နာယုယတဲ့ မိခင်နဲ့ ကျမ်းစာမှာ ယေဟောဝါ နှိုင်းထားတယ်။ (ဟေရှာ. ၆၆:၁၂၊ ၁၃) ကြင်နာယုယစွာ ကလေး ထိန်းနေတဲ့၊ ကလေးကို လုပ်စရာ ရှိတာ လုပ်ပေးတဲ့ မိခင်ကို မြင်ယောင်ကြည့်ပါ။ ကျွန်တော်တို့လည်း နာကျင်ခံစားရချိန်မှာတောင် ယေဟောဝါ ချစ်တယ်ဆိုတာ စိတ်ချနိုင်တယ်။ ကျွန်တော်တို့ အမှား လုပ်မိရင်တောင် မေတ္တာ မပျက်ဘူး။ (ဆာ. ၁၀၃:၈) ဥပမာ၊ ယေဟောဝါ စိတ်ပျက်အောင် အစ္စရေးလူမျိုး ခဏခဏ လုပ်တယ်။ ဒါပေမဲ့ နောင်တ ရတဲ့အခါ မေတ္တာမပျက် ချစ်ပေးတယ်။ “မင်းဟာ ငါ့အတွက် တန်ဖိုးရှိတယ်။ ဒါကြောင့် မင်းကို ဂုဏ်တင်ခဲ့တယ်၊ ချစ်ခဲ့တယ်” လို့ ပြောတယ်။ (ဟေရှာ. ၄၃:၄၊ ၅) ကျွန်တော်တို့ကိုလည်း အဲဒီလို အချစ်မျိုးနဲ့ ဘုရား ချစ်တယ်။ ကြီးလေးတဲ့ အပြစ် လုပ်မိရင်တောင် မေတ္တာ မပျက်ဘူး။ နောင်တ ရပြီး ပြန်လာတဲ့အခါ ဘုရား ချစ်နေဆဲပဲဆိုတာ တွေ့ရမယ်။ “အကြွင်းမဲ့ ခွင့်လွှတ်” မယ်လို့ ကတိပေးထားတယ်။ (ဟေရှာ. ၅၅:၇) ဘုရားခွင့်လွှတ်မှု ခံစားရတာဟာ “လန်းဆန်းစေတဲ့ အချိန်ကာလ ရောက်” သွားသလိုပဲလို့ ကျမ်းစာမှာ ဖော်ပြတယ်။—တ. ၃:၁၉။ w24.01 ၂၆-၂၇ ¶၄-၅

တနင်္ဂနွေနေ့၊ ဧပြီ ၂၇

ယေဟောဝါဘုရား ထောက်မနေ [တယ်။] —ဧဇ. ၇:၂၈။

အခက်အခဲ ကြုံရချိန်မှာ ကျွန်တော်တို့ကို ယေဟောဝါ ထောက်မပေးနိုင်တယ်။ ဥပမာ၊ အစည်းအဝေးကြီး တက်နိုင်အောင် အလုပ်ရှင်ဆီ ခွင့်တောင်းတဲ့အခါ၊ အသင်းတော် အစည်းအဝေးအားလုံး တက်နိုင်အောင် အလုပ်ချိန် ညှိပေးဖို့ တောင်းဆိုတဲ့အခါ ယေဟောဝါ ဘယ်လို ထောက်မပေးမယ်ဆိုတာ မြင်ရနိုင်တယ်။ အံ့ဩရလောက်အောင် အခြေအနေတွေ အဆင်ပြေသွားနိုင်တယ်။ ဒီလိုနဲ့ ယေဟောဝါကို ပိုယုံကြည်ကိုးစားလာမယ်။ ယေဟောဝါဆီ ဧဇရ နှိမ့်ချမှုရှိရှိ အကူအညီ တောင်းတယ်။ တာဝန်ကြီးတယ်လို့ ခံစားရချိန်တိုင်း ဧဇရ နှိမ့်ချမှုရှိရှိ ဆုတောင်းတယ်။ (ဧဇ. ၈:၂၁-၂၃။ ၉:၃-၅) ယေဟောဝါကို ဧဇရ အားကိုးတာ ကြည့်ပြီး တခြားသူတွေ ကူညီပေးချင်လာတယ်။ အတုယူချင်လာတယ်။ (ဧဇ. ၁၀:၁-၄) ကျွန်တော်တို့လည်း စားဝတ်နေရေး၊ မိသားစု ဘေးကင်းရေးအတွက် ခေါင်းနားပန်း ကြီးလာတဲ့အခါ ယေဟောဝါဆီ စိတ်ချလက်ချ အကူအညီ တောင်းရမယ်။ w23.11 ၁၈ ¶၁၅-၁၇

တနင်္လာနေ့၊ ဧပြီ ၂၈

အာဗြံက ယေဟောဝါကို ယုံကြည်တယ်။ ဒါကြောင့် ဘုရားသခင်က သူ့ကို ဖြောင့်မတ်သူလို့ သတ်မှတ်တယ်။—က. ၁၅:၆။

ဖြောင့်မတ်သူလို့ သတ်မှတ်ခံချင်ရင် အာဗြဟံ လုပ်သမျှ တစ်ထပ်တည်း လိုက်လုပ်ရမယ်လို့ ယေဟောဝါ မပြောဘူး။ ယုံကြည်ခြင်းကို လုပ်ရပ်နဲ့ ပြနိုင်တဲ့ နည်း အများကြီး ရှိတယ်။ အသင်းတော်မှာ လူသစ်တွေကို ကြိုဆိုလက်ခံနိုင်တယ်။ အကူအညီ လိုနေတဲ့ ညီအစ်ကို/မတွေကို ကူညီနိုင်တယ်။ မိသားစုကို ကြည့်ရှုစောင့်ရှောက်နိုင်တယ်။ (ရော. ၁၅:၇။ ၁ တိ. ၅:၄၊ ၈။ ၁ ယော. ၃:၁၈) ယုံကြည်ခြင်းကို လုပ်ရပ်နဲ့ ပြနိုင်တဲ့ အရေးကြီးဆုံး နည်းကတော့ တခြားသူတွေကို သတင်းကောင်း ထက်ထက်သန်သန် ပြောပြခြင်းပါ။ (၁ တိ. ၄:၁၆) ဘုရားကတိတွေ ပြည့်စုံလာမယ်၊ ဘုရားလမ်းစဉ် အကောင်းဆုံး ဖြစ်တယ်ဆိုတာ ယုံကြည်ကြောင်း ကျွန်တော်တို့အားလုံး လုပ်ရပ်နဲ့ ပြနိုင်တယ်။ ဒါဆိုရင် ဖြောင့်မတ်သူလို့ ဘုရား သတ်မှတ်မယ်၊ မိတ်ဆွေလို့ ခေါ်မယ်ဆိုတာ စိတ်ချနိုင်တယ်။ w23.12 ၂ ¶၃။ ၆ ¶၁၅

အင်္ဂါနေ့၊ ဧပြီ ၂၉

ယောက်ျားပီပီ သတ္တိရှိပါ။—၁ ဘု. ၂:၂။

ဘုရင် ဒါဝိဒ် သေဆုံးခါနီးမှာ ရှောလမုန်ကို အထက်ပါ စကားတွေ ပြောတယ်။ (၁ ဘု. ၂:၁၊ ၃) ဒီစကားဟာ ခရစ်ယာန် အမျိုးသားအားလုံးနဲ့ ဆိုင်တယ်။ ယောကျ်ားပီသဖို့ဆိုရင် ဘဝကဏ္ဍတိုင်းမှာ ဘုရားပညတ် နာခံသူ၊ ကျမ်းစာ အခြေခံမူတွေ လက်တွေ့ကျင့်သူ ဖြစ်ရမယ်။ (လု. ၂:၅၂) ညီအစ်ကိုလေးတွေ ရင့်ကျက်လာဖို့ ဘာကြောင့် အရေးကြီးသလဲ။ ညီအစ်ကိုတွေဟာ မိသားစု၊ အသင်းတော်မှာ အရေးကြီး တာဝန် အများကြီး ရှိတယ်။ အနာဂတ်မှာ ရလာနိုင်တဲ့ တာဝန်တွေအကြောင်း ညီအစ်ကိုလေးတွေ စဉ်းစားမိမှာပဲ။ အချိန်ပြည့် အမှုထမ်း၊ အသင်းတော် အမှုထမ်း၊ အကြီးအကဲ ဖြစ်ဖို့ ပန်းတိုင်ထားနိုင်တယ်။ အိမ်ထောင်ပြုဖို့၊ သားသမီး ယူဖို့ စိတ်ကူးနိုင်တယ်။ (ဧ. ၆:၄။ ၁ တိ. ၃:၁) ရင့်ကျက်တဲ့ ခရစ်ယာန် ဖြစ်မှ ပန်းတိုင် ရောက်မယ်။ အောင်မြင်နိုင်မယ်။ w23.12 ၂၄ ¶၁-၂

ဗုဒ္ဓဟူးနေ့၊ ဧပြီ ၃၀

ဂိဒေါင် . . . အကြောင်းသာ ဆက်ပြောနေရရင် အချိန်လောက်မှာ မဟုတ်တော့ဘူး။ —ဟီ. ၁၁:၃၂။

ယေဟောဝါဘုရားရဲ့ အဖိုးတန် သိုးတွေကို ကြည့်ရှုစောင့်ရှောက်ဖို့ဆိုတဲ့ တာဝန် ခရစ်ယာန် အကြီးအကဲတွေ ရထားကြတယ်။ ဒီတာဝန်ကို သူတို့ တန်ဖိုးထားကြတယ်။ ‘တကယ် ထိန်းကျောင်းတဲ့ သိုးထိန်းတွေ’ ဖြစ်ဖို့၊ သိုးထိန်းကောင်း ပီသဖို့ ကြိုးစားကြတယ်။ (ယေ. ၂၃:၄။ ၁ ပေ. ၅:၂) အသင်းတော်မှာ ဒီလိုအကြီးအကဲတွေ ရှိနေတာ ကျေးဇူးတင်စရာပါပဲ။ တရားသူကြီး ဂိဒေါင်ဆီကနေ အကြီးအကဲတွေ သင်ယူနိုင်တယ်။ (ဟီ. ၆:၁၂) ဘုရားလူမျိုးကို ဂိဒေါင် ထိန်းကျောင်း၊ ကာကွယ်ပေးတယ်။ (သူကြီး. ၂:၁၆။ ၁ ရာ. ၁၇:၆) ဂိဒေါင်လိုပဲ အကြီးအကဲတွေလည်း ခေတ်ပျက်ကြီးထဲမှာ ဘုရားလူမျိုးကို ကြည့်ရှုစောင့်ရှောက်ဖို့ တာဝန် ရထားကြတယ်။ (တ. ၂၀:၂၈။ ၂ တိ. ၃:၁) တာဝန် ထမ်းဆောင်ချိန်မှာ ကျိုးနွံမှု၊ နှိမ့်ချမှု၊ နာခံမှု၊ ခံနိုင်ရည် ပြခဲ့တဲ့ ဂိဒေါင်ဆီကနေ အကြီးအကဲတွေ သင်ယူနိုင်တယ်။ အကြီးအကဲ ဟုတ်ဟုတ်၊ မဟုတ်ဟုတ် ဂိဒေါင်ရဲ့ စံနမူနာကို လေ့လာတဲ့အခါ အကြီးအကဲတွေရဲ့ ကြိုးစားလုပ်ဆောင်မှုအတွက် ပိုကျေးဇူးသိတတ်လာနိုင်တယ်။ သူတို့ကို ပိုထောက်မတတ်လာနိုင်တယ်။—ဟီ. ၁၃:၁၇။ w23.06 ၂ ¶၁။ ၃ ¶၃

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ