မေ
ကြာသပတေးနေ့၊ မေ ၁
အကြီးအကျယ်အငတ်ဘေး ကျရောက်မယ်။ —တ. ၁၁:၂၈။
တစ်ခါက “မြေတစ်ပြင်လုံးမှာ” အကြီးအကျယ် အငတ်ဘေး ဆိုက်တယ်။ ပထမရာစု ခရစ်ယာန်တွေလည်း အငတ်ဘေး ကြုံရတယ်။ မိသားစုကို ဘယ်လို ထောက်ပံ့ရမလဲဆိုပြီး အိမ်ထောင်ဦးစီးတွေ စိုးရိမ်မိနိုင်တယ်။ အမှုဆောင်လုပ်ငန်း တိုးချဲ့ဖို့ ပန်းတိုင်ထားတဲ့ လူငယ်တွေလည်း အခြေအနေကောင်းမှပဲ ပြန်အမှုဆောင်တော့မယ်လို့ စဉ်းစားမိနိုင်တယ်။ ဒါပေမဲ့ လက်ရှိအခြေအနေနဲ့အညီ လိုက်လျောညီထွေ ပြောင်းလဲကြတယ်။ တတ်နိုင်သလောက် ဆက်ဟောပြောတယ်။ ပိုင်ဆိုင်ရာတွေကို ယုဒပြည်မှာရှိတဲ့ ညီအစ်ကို/မတွေနဲ့အတူ ဝမ်းမြောက်ဝမ်းသာ မျှဝေသုံးစွဲကြတယ်။ (တ. ၁၁:၂၉၊ ၃၀) ကယ်ဆယ်ရေး အထောက်အပံ့ ပစ္စည်းတွေ ရလို့ ယေဟောဝါ ကူညီပေးနေကြောင်း မြင်တွေ့ရတယ်။ (မ. ၆:၃၁-၃၃) ကူညီပေးနေတဲ့ ညီအစ်ကို/မတွေနဲ့လည်း ပိုရင်းနှီးလာကြမှာပဲ။ အလှူငွေ ထည့်ဝင်တဲ့သူရော ကယ်ဆယ်ရေး လုပ်ငန်းမှာ ပါဝင်တဲ့သူတွေပါ ပေးကမ်းလို့ ပျော်ရွှင်ကြတယ်။—တ. ၂၀:၃၅။ w23.04 ၁၆ ¶၁၂-၁၃
သောကြာနေ့၊ မေ ၂
တောင်းလျှောက်တဲ့အရာတွေ ရမယ်ဆိုတာကို . . . ယုံကြည်စိတ်ချတယ်။—၁ ယော. ၅:၁၅။
မိမိလူမျိုးကို ကူညီဖို့ မယုံကြည်သူတွေကို ယေဟောဝါ လှုံ့ဆော်ပေးတတ်တယ်။ ဥပမာ၊ မြို့တည်ဆောက်ဖို့ ဂျေရုဆလင် ပြန်ခွင့် နေဟမိ တောင်းတဲ့အခါ ခွင့်ပြုပေးဖို့ အာတဇေရဇ်မင်းကို လှုံ့ဆော်ပေးတယ်။ (နေ. ၂:၃-၆) ဒီနေ့အချိန်မှာလည်း ကျွန်တော်တို့ အကူအညီ လိုအပ်တဲ့အခါ ကူညီပေးဖို့ မယုံကြည်သူတွေကို လှုံ့ဆော်ပေးနိုင်တယ်။ ဆုတောင်းချက်တွေကို ယေဟောဝါ ထူးထူးခြားခြား ဖြေချင်မှ ဖြေမယ်။ ဒါပေမဲ့ ရလာတဲ့ အဖြေဟာ ကျွန်တော်တို့ ဆက်သစ္စာရှိဖို့ လိုအပ်တာနဲ့ ကွက်တိပဲ။ ဒါကြောင့် ကိုယ့်ဆုတောင်းချက်တွေကို ဘုရား ဘယ်လို ဖြေပေးသလဲဆိုတာ မြင်အောင် ကြည့်ပါ။ ကိုယ့်ဆုတောင်းချက်တွေကို ဘုရား ဘယ်လို ဖြေပေးသလဲဆိုတာ မကြာမကြာ ပြန်စဉ်းစားပါ။ (ဆာ. ၆၆:၁၉၊ ၂၀) ဆုတောင်းခြင်းအားဖြင့် ယေဟောဝါကို ယုံကြည်ကြောင်း ကျွန်တော်တို့ ပြကြတယ်။ ဒါ့အပြင် ဘာအဖြေပဲ ရရ လက်ခံတာကလည်း ယုံကြည်ခြင်း ရှိကြောင်း ပြတာပါပဲ။—ဟီ. ၁၁:၆။ w23.05 ၁၂ ¶၁၃၊ ၁၅။ ၁၃ ¶၁၆
စနေနေ့၊ မေ ၃
အို ဘုရားသခင်၊ အလိုတော်ဆောင်တာဟာ ကျွန်တော့်အတွက် ကြည်နူးစရာပါ။ —ဆာ. ၄၀:၈။
ယေဟောဝါဆီ ဆက်ကပ်အပ်နှံတုန်းက ဘုရားကို ဝတ်ပြုပါ့မယ်၊ အလိုတော် ဆောင်ပါ့မယ်လို့ ကတိပေးခဲ့ကြတယ်။ အဲဒီကတိ တည်ရမယ်။ ကတိအတိုင်း နေရတာ ဝန်ထုပ်ဝန်ပိုး မဟုတ်ဘူး။ ကျွန်တော်တို့ကို ယေဟောဝါ ဖန်ဆင်းထားတာကိုက အလိုတော် ဆောင်ဖို့ပဲ။ (ဗျာ. ၄:၁၁) မိမိကို သိကျွမ်း၊ ဝတ်ပြုချင်စိတ်၊ အလိုဆောင်ချင်စိတ် ထည့်ပေးထားတယ်။ မိမိပုံသဏ္ဌာန်အတိုင်း ဖန်ဆင်းထားတယ်။ ဒါကြောင့် အလိုတော် ဆောင်တဲ့အခါ ဘုရားနဲ့ ရင်းနှီးလာတယ်။ ပျော်လာတယ်။ ဒါ့အပြင် ဘုရားအလို ဆောင်တာ၊ သားတော်နောက် လိုက်တာက “လန်းဆန်း” စေတယ်။ (မ. ၁၁:၂၈-၃၀) ကိုယ့်အတွက် ဘုရား လုပ်ပေးတာတွေ၊ လုပ်ပေးမှာတွေကို စဉ်းစားခြင်းအားဖြင့် ဘုရားကို ချစ်တဲ့ မေတ္တာ တိုးစေနိုင်တယ်။ မေတ္တာ တိုးလေ ဘုရားစကား နားထောင်ဖို့ လွယ်လေ ဖြစ်လာမယ်။ (၁ ယော. ၅:၃) အကူအညီ ရဖို့ ယေဟောဝါဆီ ဆုတောင်းတဲ့အတွက်၊ ရမယ့် ဆုကို အမြဲ အာရုံစိုက်တဲ့အတွက် အလိုတော်ကို ယေရှု အောင်အောင်မြင်မြင် ဆောင်နိုင်ခဲ့တယ်။ (ဟီ. ၅:၇။ ၁၂:၂) ဒါကြောင့် ယေရှုလိုပဲ ခွန်အား ရဖို့ ဘုရားဆီ ဆုတောင်းပါ။ ထာဝရ အသက် မျှော်လင့်ချက်ကို အမြဲ အာရုံစိုက်ပါ။ w23.08 ၂၇-၂၈ ¶၄-၅
တနင်္ဂနွေနေ့၊ မေ ၄
ခင်ဗျားကို နောင်တရစေချင်လို့ ဘုရားသခင် ကရုဏာ ပြနေတာ။ ဒါကို မသိဘဲ ဘုရားသခင်ရဲ့ ကြီးမားလှတဲ့ ကရုဏာ၊ သည်းခံမှု၊ စိတ်ရှည်မှုကို မထီမဲ့မြင် လုပ်နေတာလား။—ရော. ၂:၄။
စိတ်ရှည်သူတွေကို ကျွန်တော်တို့အားလုံး သဘောကျတယ်။ တစ်ခုခု ရဖို့ ပျာယာခတ်မနေဘဲ စောင့်နိုင်တဲ့သူကို လေးစားတယ်။ ကိုယ် အမှား လုပ်မိပေမဲ့ သည်းခံပေးတယ်ဆိုရင် ကျေးဇူးတင်တယ်။ ကျမ်းစာ သွန်သင်ချက်တစ်ခု သဘောပေါက်ဖို့၊ လက်ခံဖို့၊ လက်တွေ့ကျင့်ဖို့ ခက်နေတုန်းက ကျမ်းစာ သင်ပေးသူ စိတ်ရှည်ပေးခဲ့လို့ ကျေးဇူးတင်တယ်။ ကျွန်တော်တို့ကို စိတ်ရှည်တဲ့ ယေဟောဝါဘုရားကတော့ ကျေးဇူးတင်စရာ အကောင်းဆုံးပါပဲ။ တခြားသူတွေ စိတ်ရှည်တာ သဘောကျပေမဲ့ ကိုယ်တိုင် စိတ်ရှည်ဖို့ကျတော့ အမြဲ မလွယ်ဘူး။ ဥပမာ၊ နောက်ကျနေရတဲ့အထဲ ကားလမ်း ပိတ်နေရင် စိတ်ရှည်ဖို့ ခက်နိုင်တယ်။ ဒေါသ ဆွခံရတဲ့အခါ ပေါက်ကွဲပစ်မိနိုင်တယ်။ တစ်ခါတလေ ကမ္ဘာသစ် စောင့်ရတာတောင် စိတ်မရှည် ဖြစ်လာနိုင်တယ်။ w23.08 ၂၀ ¶၁-၂
တနင်္လာနေ့၊ မေ ၅
လူတွေ [ကို] အိမ်ပြန်ခိုင်းတယ်။ လူ ၃၀၀ ကိုပဲ ခေါ်ထားလိုက်တယ်။—သူကြီး. ၇:၈။
စစ်သည် အားလုံးနီးပါး အိမ်ပြန်ခိုင်းဖို့ ဂိဒေါင်ကို ယေဟောဝါ ပြောတယ်။ ‘အဲဒီလောက်ကြီး လျှော့လိုက်ဖို့ လိုလို့လား။ အလုပ်ကော ဖြစ်ပါ့မလား’ လို့ ဂိဒေါင် တွေးမိနိုင်တယ်။ ဒါပေမဲ့ ဘုရားကို နာခံတယ်။ ဒီနေ့လည်း အပြောင်းအလဲ တစ်ခုခု လုပ်ဖို့ အဖွဲ့အစည်း လမ်းညွှန်လာတဲ့အခါ နာခံမှု ပြခြင်းအားဖြင့် ဂိဒေါင်ကို အကြီးအကဲတွေ အတုယူကြတယ်။ (ဟီ. ၁၃:၁၇) ကြောက်ပေမဲ့၊ စွန့်စားရပေမဲ့ ဂိဒေါင် နာခံမှု ရှိတယ်။ (သူကြီး. ၉:၁၇) ယေဟောဝါဆီက အာမခံချက် ရပြီးနောက် လူမျိုးတော်ကို ကာကွယ်နိုင်ဖို့ မိမိကို ဘုရား ကူညီပေးမယ်ဆိုတာ ဂိဒေါင် အပြည့်အဝ စိတ်ချသွားတယ်။ အဖွဲ့အစည်း လုပ်ငန်း ပိတ်ပင်ခံရတဲ့ ဒေသက အကြီးအကဲတွေ ဂိဒေါင်ကို အတုယူနေကြတယ်။ အဖမ်းခံရ၊ စစ်ဆေးမေးမြန်းခံရ၊ အကြမ်းဖက်ခံရနိုင်ပေမဲ့၊ အလုပ်ပြုတ်သွားနိုင်ပေမဲ့ အစည်းအဝေးမှာ၊ အမှုဆောင် လုပ်ငန်းမှာ သတ္တိရှိရှိ ဦးဆောင်နေကြတယ်။ ကြီးစွာသောဒုက္ခအတွင်းမှာလည်း စွန့်စားရရင်တောင် ရလာတဲ့ ညွှန်ကြားချက်တွေ နာခံနိုင်ဖို့ဆိုရင် အကြီးအကဲတွေ သတ္တိ လိုတယ်။ w23.06 ၅-၆ ¶၁၂-၁၃
အင်္ဂါနေ့၊ မေ ၆
ငါ့ကို ချီးမြှောက်သူတွေကို ငါ ချီးမြှောက်မယ်။ —၁ ရှ. ၂:၃၀။
ကျွန်တော်တို့ သင်ယူနိုင်ဖို့ ယောယဒရဲ့ လုပ်ရပ်တွေအကြောင်း ကျမ်းစာမှာ ယေဟောဝါ မှတ်တမ်းတင်စေတယ်။ (ရော. ၁၅:၄) ယောယဒ သေဆုံးတော့ “ဒါဝိဒ်မြို့မှာ ဘုရင်တွေနဲ့အတူ သင်္ဂြိုဟ်” ခံခွင့် ပေးတယ်။ “အစ္စရေးပြည်မှာ ဘုရားသခင်အတွက်၊ ဘုရားသခင့်အိမ်တော်အတွက် ကောင်းမှုတွေ လုပ်” ခဲ့လို့ ဒီလိုချီးမြှောက်ခံရတာ။ (၂ ရာ. ၂၄:၁၅၊ ၁၆) ဘုရားကို ကြောက်ရွံ့တတ်လာဖို့ ယောယဒ မှတ်တမ်းက ကျွန်တော်တို့အားလုံးကို ကူညီပေးနိုင်တယ်။ ယောယဒလိုပဲ အကြီးအကဲတွေဟာ သိုးတော်စုကို ကာကွယ်ရာမှာ လိမ္မာပါးနပ်မှု ရှိရမယ်၊ သစ္စာရှိရမယ်။ (တ. ၂၀:၂၈) အသက်ကြီးသူတွေလည်း ယောယဒဆီကနေ သင်ယူနိုင်တယ်။ အသက်ကြီးသွားပေမဲ့ ယေဟောဝါဘုရားကို ကြောက်ရွံ့မယ်၊ သစ္စာရှိမယ်ဆိုရင် အလိုတော် ပြီးမြောက်ဖို့ ဘုရား အသုံးပြုပါလိမ့်မယ်။ ယောယဒကို ယေဟောဝါ ဆက်ဆံပုံကနေ လူငယ်တွေ သင်ယူနိုင်တယ်။ အထူးသဖြင့်၊ ဘုရားကို နှစ်ပေါင်းများစွာ သစ္စာရှိရှိ ဝတ်ပြုနေတဲ့ ညီအစ်ကို/မကြီးတွေကို ရိုရိုသေသေ၊ လေးလေးစားစား ဆက်ဆံနိုင်တယ်။ (ပညာ. ၁၆:၃၁) ကျွန်တော်တို့အားလုံး “ဦးဆောင်တဲ့သူတွေ” ကို နာခံပြီး ထောက်မကြရအောင်။—ဟီ. ၁၃:၁၇။ w23.06 ၁၇ ¶၁၄-၁၅
ဗုဒ္ဓဟူးနေ့၊ မေ ၇
ဖြောင့်မတ်သူရဲ့ နှုတ်ခမ်းက လူများစွာကို အားရှိစေတယ်။—ပညာ. ၁၀:၂၁။
အစည်းအဝေးမှာ မှတ်ချက်ပေးဖို့ ဘယ်နှခါ လက်ထောင်မယ်ဆိုတာ ဆုံးဖြတ်တဲ့အခါ ချင့်ချိန်မှု ရှိရမယ်။ ခဏခဏ လက်ထောင်နေတယ်ဆိုရင် တခြားသူတွေကို မခေါ်ရသေးပေမဲ့ သင်တန်းကိုင်သူက မကောင်းတတ်လို့ ကိုယ့်ကို ခေါ်လိုက်ရနိုင်တယ်။ ဒါဆိုရင် တခြားသူတွေ စိတ်ဓာတ်ကျလာမယ်။ (ဒေ. ၃:၇) ညီအစ်ကို/မ အများကြီး လက်ထောင်တဲ့အခါ ကျွန်တော်တို့ ခဏခဏ အခေါ်ခံရချင်မှ ခံရမယ်။ တစ်ခါတလေ လုံးဝ အခေါ်မခံရတာတောင် ဖြစ်နိုင်တယ်။ စိတ်ဓာတ်ကျချင်စရာပါပဲ။ ဒါပေမဲ့ အခေါ်မခံရတဲ့အခါ စိတ်မဆိုးသင့်ဘူး။ (ဒေ. ၇:၉) ကိုယ် ဆန္ဒရှိသလောက် မှတ်ချက်မပေးရရင်လည်း တခြားသူတွေ မှတ်ချက်ပေးတာ သေသေချာချာ နားထောင်နိုင်တယ်။ အစည်းအဝေး ပြီးသွားတဲ့အခါ မှတ်ချက်အတွက် ချီးမွမ်းပေးနိုင်တယ်။ ချီးမွမ်းပေးတာက မှတ်ချက်ပေးသလောက်ကို ညီအစ်ကို/မတွေအတွက် အားပေးမှု ဖြစ်စေတယ်။ w23.04 ၂၃ ¶၁၄-၁၆
ကြာသပတေးနေ့၊ မေ ၈
အို ဘုရားသခင်၊ ကျွန်တော့်စိတ်ဟာ တည်ကြည်ခိုင်မြဲပါတယ်။—ဆာ. ၅၇:၇။
ကျမ်းစာကို လေ့လာတွေးတောပါ။ သစ်ပင် ကြီးထွားလာတာနဲ့အမျှ အမြစ်တွေ ပိုနက်လာတယ်။ ပိုပြန့်ကားလာတယ်။ အဲဒီလို နက်နက်ရှိုင်းရှိုင်း အမြစ်စွဲနေတဲ့ သစ်ပင်ဟာ ခိုင်မာတယ်။ ကျွန်တော်တို့လည်း ကျမ်းစာကို လေ့လာတွေးတောတာနဲ့အမျှ ယုံကြည်ခြင်း ခိုင်မာလာတယ်။ ဘုရားနည်းလမ်းတွေ အကောင်းဆုံးဆိုတာ ပိုစိတ်ချလာတယ်။ အဲဒီလို ယုံကြည်ခြင်း အမြစ်စွဲနေရင် ကြံ့ကြံ့ခံ ရပ်တည်နိုင်ပါလိမ့်မယ်။ (ကော. ၂:၆၊ ၇) ယေဟောဝါရဲ့ ညွှန်ကြားမှု၊ လမ်းပြမှု၊ ကာကွယ်မှုက ရှေးခေတ် ကျေးကျွန်တွေကို ဘယ်လို ကူညီပေးတယ်ဆိုတာ စဉ်းစားပါ။ ဥပမာ၊ စိတ်အာရုံမှာ မြင်ရတဲ့ ဗိမာန်တော်ကို ကောင်းကင်တမန်တစ်ပါး အတိအကျ လိုက်တိုင်းထွာတာ ယေဇကျေလ အာရုံစိုက် ကြည့်နေခဲ့တယ်။ အဲဒီစိတ်အာရုံကို ယေဇကျေလ အာရုံစိုက်ခဲ့လို့ အားရှိသွားတယ်။ ကျွန်တော်တို့လည်း အဲဒီစိတ်အာရုံအကြောင်း အာရုံစိုက် လေ့လာမယ်ဆိုရင် စင်ကြယ်တဲ့ ဝတ်ပြုရေးအတွက် ယေဟောဝါရဲ့ စံနှုန်းတွေကို ဘယ်လို လိုက်နာနိုင်သလဲဆိုတာ သိလာမယ်။ (ယေဇ. ၄၀:၁-၄။ ၄၃:၁၀-၁၂) ကျမ်းစာမှာ ပါတဲ့ နက်နဲတဲ့ အကြောင်းအရာတွေကို အချိန်ယူ လေ့လာတွေးတောတာ တကယ် အကျိုးရှိတယ်။ ကျွန်တော်တို့ စိတ်မယိမ်းယိုင်ဘဲ ယေဟောဝါကို အပြည့်အဝ ယုံကြည်ကိုးစားနိုင်ပါတယ်။—ဆာ. ၁၁၂:၇။ w23.07 ၁၈ ¶၁၅-၁၆
သောကြာနေ့၊ မေ ၉
စဉ်းစားဆင်ခြင်နိုင်စွမ်းကို ကာကွယ် စောင့်ရှောက်ပါ။—ပညာ. ၃:၂၁။
လူငယ်တွေ စံထားနိုင်တဲ့ စံနမူနာရှင် အများကြီး ကျမ်းစာမှာ ပါတယ်။ အဲဒီစံနမူနာရှင်တွေဟာ ဘုရားကို ချစ်ကြတယ်။ ဘုရားလူမျိုး အကျိုးအတွက် တာဝန်အမျိုးမျိုး ထမ်းဆောင်ကြတယ်။ မိသားစု၊ အသင်းတော်မှာလည်း စံထားထိုက်တဲ့ ရင့်ကျက်တဲ့ ညီအစ်ကိုတွေ တွေ့နိုင်တယ်။ (ဟီ. ၁၃:၇) အကောင်းဆုံး စံနမူနာရှင်ကတော့ ယေရှုခရစ်ပါ။ (၁ ပေ. ၂:၂၁) သူတို့ရဲ့ စံနမူနာကို လေ့လာတဲ့အခါ သဘောကျမိတဲ့ အရည်အသွေးတွေ မှတ်သားပါ။ (ဟီ. ၁၂:၁၊ ၂) ဘယ်လို အတုယူမလဲ စဉ်းစားပါ။ စဉ်းစားဆင်ခြင်နိုင်စွမ်း ရှိရင် တစ်ခုခု မလုပ်ခင် ချိန်ဆတတ်လာမယ်။ ဒါကြောင့် စဉ်းစားဆင်ခြင်နိုင်စွမ်း ရှိဖို့ ကြိုးစားပါ။ ပျောက်မသွားဖို့ ကာကွယ်စောင့်ရှောက်ပါ။ ကျမ်းစာ အခြေခံမူတွေ လေ့လာပါ။ အဲဒီမူတွေ ဘာကြောင့် အကျိုးရှိသလဲ စဉ်းစားပါ။ အဲဒီမူတွေကို အခြေခံပြီး ယေဟောဝါ စိတ်ရွှင်လန်းမယ့် ဆုံးဖြတ်ချက်တွေ ချပါ။ (ဆာ. ၁၁၉:၉) ဒါဟာ ရင့်ကျက်တဲ့ ခရစ်ယာန် ဖြစ်စေမယ့် အရေးကြီး ခြေလှမ်း လှမ်းလိုက်တာပဲ။—ပညာ. ၂:၁၁၊ ၁၂။ ဟီ. ၅:၁၄။ w23.12 ၂၄-၂၅ ¶၄-၅
စနေနေ့၊ မေ ၁၀
ခင်ဗျားတို့ရဲ့ မျှော်လင့်ခြင်းအကြောင်း မေးမြန်းသူတိုင်းကို ဖြေရှင်းပြောပြဖို့ အမြဲ အသင့်ရှိကြပါ။ ဒါပေမဲ့ နူးညံ့တဲ့ သဘော၊ အလွန်လေးစားတဲ့ သဘောနဲ့ ပြောပါ။—၁ ပေ. ၃:၁၅။
ယုံကြည်ချက်အကြောင်း အမေးခံရတဲ့အခါ သားသမီးတွေ သိမ်သိမ်မွေ့မွေ့ ဖြေရှင်းပြောပြတတ်ဖို့ မိဘတွေ သင်ပေးနိုင်တယ်။ (ယာ. ၃:၁၃) မိဘတချို့ဆိုရင် မိသားစု ဝတ်ပြုမှုမှာ အစမ်း လေ့ကျင့်တဲ့ ကဏ္ဍလေးတွေ ထည့်ထားကြတယ်။ ကျောင်းမှာ ဘာတွေ ကြုံရနိုင်သလဲ ဝိုင်းစဉ်းစားကြတယ်။ ဘယ်လို ပြန်ဖြေမလဲ ဆွေးနွေးကြတယ်။ သရုပ်ပြကြတယ်။ သားသမီးတွေ ယဉ်ယဉ်ကျေးကျေး၊ သိမ်သိမ်မွေ့မွေ့ ဖြေရှင်းပြောပြတတ်အောင် သင်ပေးကြတယ်။ အစမ်း လေ့ကျင့်ထားကြတဲ့အတွက် ခရစ်ယာန် လူငယ်တွေဟာ ကိုယ့်ယုံကြည်ချက် မှန်တယ်ဆိုတာ ကိုယ်တိုင် စိတ်ချလာကြတယ်။ တခြားသူတွေကို ရှင်းပြတတ်လာကြတယ်။ ကိုယ့်ယုံကြည်ချက်ကို ကိုယ်တိုင် စိတ်ချအောင် လုပ်ဖို့၊ ကိုယ်ပိုင်စကားနဲ့ ဖြေရှင်းတတ်ဖို့ jw.org မှာ ရှိတဲ့ “လူငယ်များအမေး” အပိုင်းထဲက ဆောင်းပါးတွေ၊ လေ့ကျင့်ခန်း စာရွက်တွေက ကူညီပေးတယ်။ အဲဒီအပိုင်းကို မိသားစုလိုက် လေ့လာတဲ့အခါ ကိုယ့်ယုံကြည်ချက်အကြောင်း ယဉ်ယဉ်ကျေးကျေး၊ သိမ်သိမ်မွေ့မွေ့ ဘယ်လို ဖြေရှင်းပြောပြရမလဲ သိလာမယ်။ w23.09 ၁၇ ¶၁၀။ ၁၈ ¶၁၅-၁၆
တနင်္ဂနွေနေ့၊ မေ ၁၁
မွန်မြတ်တဲ့အရာတွေကို လက်မလျှော့ဘဲ ဆက်လုပ်ကြစို့။ လက်မလျှော့ဘူးဆိုရင် အချိန်တန်တဲ့အခါ အသီးအပွင့်တွေကို ရိတ်သိမ်းရလိမ့်မယ်။ —ဂလ. ၆:၉။
ဘုရားရေးရာ ပန်းတိုင် ထားပေမဲ့ ရောက်ဖို့ ခက်နေသလား။ သင် တစ်ယောက်တည်း မဟုတ်ပါဘူး။ ဥပမာ၊ ညီအစ်ကို ဖိလစ်ဟာ ဆုတောင်းခြင်း အရည်အသွေး တိုးတက်ချင်တယ်။ မကြာခဏ ဆုတောင်းချင်တယ်။ ဒါပေမဲ့ ဆုတောင်းဖို့ အချိန် ရှာရ ခက်နေတယ်။ ညီအစ်မ အဲရစ်ကာဟာ လယ်ကွင်း စုဆုံမှုတွေ အချိန်မီ ရောက်ဖို့ ပန်းတိုင်ထားတယ်။ ဒါပေမဲ့ အမြဲလိုလို နောက်ကျနေတုန်းပဲ။ ပန်းတိုင် ထားပေမဲ့ မရောက်သေးဘူးဆိုရင် ကိုယ့်ကိုယ်ကိုယ် အရှုံးသမားလို့ မခံယူလိုက်ပါနဲ့။ သေးသေးမွှားမွှား ပန်းတိုင်တွေတောင် အချိန်နဲ့ အားထုတ်မှု လိုတတ်တယ်။ သင် ပန်းတိုင် ရောက်ချင်စိတ် ရှိနေသေးတာကိုက ယေဟောဝါနဲ့ ဆက်ဆံရေးကို တန်ဖိုးထားတယ်၊ ဘုရားကို အကောင်းဆုံး ပေးဆက်ချင်တယ်ဆိုတာ ပြတယ်။ သင့်အားထုတ်မှုကို ယေဟောဝါ တန်ဖိုးထားတယ်။ သင် တတ်နိုင်တာထက် ပိုမမျှော်လင့်ဘူး။ (ဆာ. ၁၀၃:၁၄။ မိ. ၆:၈) ဒါကြောင့် ကိုယ်နဲ့ ကိုက်မယ့်၊ လက်လှမ်းမီမယ့် ပန်းတိုင်သာ ရွေးပါ။ w23.05 ၂၆ ¶၁-၂
တနင်္လာနေ့၊ မေ ၁၂
ဘုရားသခင်သာ ကျွန်တော်တို့ဘက်မှာ ရှိရင် ကျွန်တော်တို့ကို ဘယ်သူ ဆန့်ကျင်နိုင်မလဲ။ —ရော. ၈:၃၁။
သတ္တိရှိသူလည်း ကြောက်စိတ် ဝင်ချိန် ရှိနိုင်တယ်။ ဒါပေမဲ့ မှန်ရာ မလုပ်ဘဲ မနေဘူး။ ဒံယေလဟာ သိပ်ကို သတ္တိရှိတဲ့ လူငယ်လေးပါပဲ။ ယေရမိ ပရောဖက်ပြုချက် အပါအဝင် ပရောဖက်ပြုချက် တော်တော်များများ ဒံယေလ လေ့လာတယ်။ အဲဒီလို လေ့လာလို့ ဂျူးသုံ့ပန်းကာလရှည် မကြာခင် ကုန်တော့မယ်ဆိုတာ သိလာတယ်။ (ဒံ. ၉:၂) ပရောဖက်ပြုချက် ပြည့်စုံတာ မြင်ရလို့ ဘုရားကို ပိုယုံကြည်ကိုးစားလာတယ်။ သတ္တိ ရှိလာတယ်။ ဘုရားကို အပြည့်အဝ ယုံကြည်ကိုးစားသူတွေလည်း ဒံယေလလိုပဲ သတ္တိ ရှိနိုင်တယ်။ (ရောမ ၈:၃၂၊ ၃၇-၃၉ နဲ့ နှိုင်းယှဉ်ပါ။) ဒါ့အပြင် ကောင်းကင်ဘုံစံ ဖခင်ဆီ ဒံယေလ မကြာခဏ ဆုတောင်းတယ်။ (ဒံ. ၆:၁၀) အပြစ်တွေ ဝန်ချတောင်းပန်တယ်။ ကိုယ့်ခံစားချက်တွေ ပြောပြတယ်။ အကူအညီ တောင်းတယ်။ (ဒံ. ၉:၄၊ ၅၊ ၁၉) ဒံယေလလည်း ကျွန်တော်တို့လို သာမန်လူပဲ။ မွေးကတည်းက သတ္တိ ရှိနေတာ မဟုတ်ဘူး။ သတ္တိ ရှိအောင် လုပ်ထားတာ။ ဆုတောင်းခြင်း၊ လေ့လာခြင်း၊ ဘုရားကို ယုံကြည်ကိုးစားခြင်းအားဖြင့်ပါ။ w23.08 ၃ ¶၄။ ၄ ¶၇
အင်္ဂါနေ့၊ မေ ၁၃
ခင်ဗျားတို့ရဲ့ အလင်းကို လူတွေရှေ့မှာ လင်းစေ ကြပါ။ ဒါမှ တခြားသူတွေက ခင်ဗျားတို့ရဲ့ အကျင့်ကောင်းကို မြင်ပြီး ကောင်းကင်မှာ စံမြန်းတဲ့ အဖရဲ့ ဘုန်းအသရေကို ချီးမွမ်း ကြလိမ့်မယ်။—မ. ၅:၁၆။
အထက်အာဏာပိုင်တွေကို နာခံတဲ့အခါ ကိုယ်တိုင်နဲ့ တခြားသူတွေ အကျိုးရကြတယ်။ ဘယ်လို အကျိုးရသလဲ။ တစ်ချက်အနေနဲ့ ဥပဒေ ချိုးဖောက်သူတွေ ခံရတဲ့ ပြစ်ဒဏ် ကျွန်တော်တို့ မခံရဘူး။ (ရော. ၁၃:၁၊ ၄) ယေဟောဝါသက်သေတွေ နိုင်ငံသားကောင်း ဖြစ်မှန်း အာဏာပိုင်တွေ မြင်လာကြတယ်။ လွန်ခဲ့တဲ့ နှစ်အတော်ကြာက နိုင်ဂျီးရီးယားနိုင်ငံမှာ အသင်းတော် အစည်းအဝေး ကျင်းပနေတုန်း နိုင်ငံတော်ခန်းမထဲ စစ်သားတွေ ဝင်လာကြတယ်။ အခွန်မဆောင်ချင်လို့ ဆန္ဒပြသူတွေကို လိုက်ရှာနေကြတာ။ “ယေဟောဝါသက်သေတွေ အခွန်မရှောင်ဘူး” လို့ အရာရှိတစ်ယောက် ဝင်ပြောပြီး စစ်သားတွေကို ပြန်ခိုင်းတယ်။ ဘာသင်ခန်းစာ ရသလဲ။ သင် ဥပဒေ လိုက်နာတာဟာ ယေဟောဝါသက်သေတွေရဲ့ နာမည်ကောင်းကို ထိန်းသိမ်းနေတာပဲ။ အဲဒီနာမည်ကောင်းက တစ်နေ့ ညီအစ်ကို/မတွေကို ကာကွယ်ပေးနိုင်တယ်။ w23.10 ၉ ¶၁၃
ဗုဒ္ဓဟူးနေ့၊ မေ ၁၄
ဘုရားသခင်ရဲ့ အလိုတော်ကို ဆောင်ရွက်ပြီးနောက် ကတိတော်တွေကို ရရှိခံစားနိုင်ဖို့ဆိုရင် ခံနိုင်ရည်ရှိဖို့ လိုတယ်။—ဟီ. ၁၀:၃၆။
ဒီလောကစနစ် အဆုံးကို ယေဟောဝါရဲ့ ကျေးကျွန်တချို့ စောင့်နေတာ နှစ်အတော် ကြာပြီ။ လူ့ရှုထောင့်က ကြည့်ရင် ဘုရားရဲ့ ကတိဟာ နှောင့်နှေးနေပုံပဲ။ ဒါပေမဲ့ ကျေးကျွန်တွေရဲ့ ခံစားချက်ကို ယေဟောဝါ ကောင်းကောင်း နားလည်ကြောင်း ပရောဖက် ဟဗက္ကုတ်ကို ပြောတဲ့ စကားတွေအရ သိနိုင်တယ်။ “စိတ်အာရုံက သတ်မှတ်ထားချိန်ရောက်မှ ပြည့်စုံလာမယ်။ အဲဒီအချိန် အမြန်လာနေပြီ။ အဲဒါဟာ အလိမ်အညာ မဟုတ်ဘူး။ နှောင့်နှေးပုံပေါက်နေရင်တောင် ဆက်ပြီး စောင့်မျှော်နေပါ။ ကျိန်းသေ ပြည့်စုံလာမယ်။ နောက်ကျမှာ မဟုတ်ဘူး” လို့ ပြောတယ်။ (ဟဗ. ၂:၃) ယေဟောဝါရဲ့ ဒီအာမခံချက်က ဟဗက္ကုတ်နဲ့ပဲ သက်ဆိုင်သလား။ ကျွန်တော်တို့နဲ့ကော သက်ဆိုင်သလား။ ဒီစကားတွေဟာ ကမ္ဘာသစ်ကို စောင့်မျှော်နေတဲ့ ခရစ်ယာန်တွေနဲ့ သက်ဆိုင်တယ်လို့ တမန်တော် ပေါလု ပြောတယ်။ (ဟီ. ၁၀:၃၇) ဒါကြောင့် ယေဟောဝါရဲ့ ကတိ နှောင့်နှေးပုံပေါက်ရင်တောင် “ကျိန်းသေ ပြည့်စုံလာမယ်။ နောက်ကျမှာ မဟုတ်ဘူး” ဆိုတာ ယုံကြည်စိတ်ချနိုင်တယ်။ w23.04 ၃၀ ¶၁၆
ကြာသပတေးနေ့၊ မေ ၁၅
အစ္စရေးအားလုံးလည်း . . . မောရှေနဲ့ အာရုန်ကို ပြစ်တင်ညည်းညူ [ကြတယ်။] —တော. ၁၄:၁၊ ၂။
မောရှေကို ကိုယ်စားလှယ်အဖြစ် ယေဟောဝါ သုံးနေတယ်ဆိုတဲ့ အထောက်အထားတွေကို အစ္စရေး အများစု လက်မခံကြဘူး။ (တော. ၁၄:၁၀၊ ၁၁) မောရှေကို ခဏခဏ မလေးမစား လုပ်ကြတယ်။ ဒါကြောင့် အဲဒီလူမျိုးဆက် ကတိထားရာပြည် ဝင်ခွင့် မရဘူး။ (တော. ၁၄:၃၀) အစ္စရေးတချို့ကတော့ ယေဟောဝါရဲ့ လမ်းညွှန်မှု လိုက်ကြတယ်။ ဥပမာ၊ “ငါ့စကားကို [ကာလက်] မြေဝယ်မကျ နားထောင်တယ်” လို့ ယေဟောဝါ ပြောတယ်။ (တော. ၁၄:၂၄) ဒါကြောင့် ကာလက်ကို ဆုချတယ်။ ကတိထားရာပြည်ထဲ ဘယ်နေရာ နေမလဲ စိတ်ကြိုက် ရွေးခွင့်တောင် ပေးတယ်။ (ယောရှု ၁၄:၁၂-၁၄) အစ္စရေး မျိုးဆက်သစ်လည်း ယေဟောဝါရဲ့ လမ်းညွှန်မှု လိုက်ကြတယ်။ မောရှေနေရာကို ယောရှု ဆက်ခံတဲ့အခါ “သူ အသက်ရှင်နေသရွေ့ အလွန် လေးစားကြတယ်။” (ယောရှု ၄:၁၄) ဒါကြောင့် ယေဟောဝါ ကောင်းချီးပေးတယ်။ ကတိထားရာပြည် ဝင်ခွင့် ပေးတယ်။—ယောရှု ၂၁:၄၃၊ ၄၄။ w24.02 ၂၁ ¶၆-၇
သောကြာနေ့၊ မေ ၁၆
ဘုရားသခင်ကို ချစ်ရင် ညီအစ်ကိုကိုလည်း ချစ်ရမယ်။—၁ ယော. ၄:၂၁။
သွေးခုန်နှုန်း စမ်းပြီး နှလုံးအခြေအနေ ဆရာဝန် သိသလို ညီအစ်ကို/မတွေကို ဘယ်လောက် ချစ်သလဲဆိုတာ ကြည့်ပြီး ဘုရားကို ဘယ်လောက် ချစ်သလဲ ခန့်မှန်းနိုင်တယ်။ ညီအစ်ကို/မတွေကို ချစ်တဲ့ မေတ္တာ လျော့လာတာ ဘုရားကို ချစ်တဲ့ မေတ္တာ လျော့လာတဲ့ လက္ခဏာပဲ။ ညီအစ်ကို/မတွေကို ချစ်မြဲ ချစ်တာဟာ ဘုရားကို ချစ်တဲ့ မေတ္တာ ခိုင်မြဲနေတဲ့ လက္ခဏာပဲ။ ညီအစ်ကို/မတွေကို သိပ်မချစ်တော့ဘူးဆိုရင် အန္တရာယ် ရှိတယ်။ ယေဟောဝါနဲ့ ကျွန်တော်တို့ ဆက်ဆံရေး အားနည်းနေပြီဆိုတာ ပြလို့ပဲ။ “မြင်နေရတဲ့ ညီအစ်ကိုကို မချစ်ရင် မမြင်ရတဲ့ ဘုရားသခင်ကို မချစ်နိုင်ဘူး” လို့ တမန်တော် ယောဟန် ပြောတယ်။ (၁ ယော. ၄:၂၀) ဘာသိရသလဲ။ “အချင်းချင်း ချစ်” မှ ကျွန်တော်တို့ကို ယေဟောဝါ နှစ်သက်လက်ခံမှာ။—၁ ယော. ၄:၇-၉၊ ၁၁။ w23.11 ၈ ¶၃။ ၉ ¶၅-၆
စနေနေ့၊ မေ ၁၇
မင်းရဲ့ မိဘတွေ ဝမ်းသာရလိမ့်မယ်။ —ပညာ. ၂၃:၂၅။
ဖတဆိုးလေး ဘုရင် ယောရှဟာ ငယ်ပေမဲ့ ကောင်းကောင်း ဆုံးဖြတ်တတ်တယ်။ ကိုယ့်ကို သားအရင်းလို သွန်သင်ဆုံးမပေးတဲ့ ပုရောဟိတ်မင်း ယောယဒစကား နားထောင်တယ်။ ယေဟောဝါကို ဝတ်ပြုတယ်။ စင်ကြယ်တဲ့ ဝတ်ပြုရေး ထွန်းကားအောင် လုပ်တယ်။ ဗိမာန်တော် ပြန်ပြုပြင်တယ်။ (၂ ရာ. ၂၄:၁၊ ၂၊ ၄၊ ၁၃၊ ၁၄) ယေဟောဝါကို ချစ်ဖို့၊ ဘုရားစံနှုန်းတွေအတိုင်း နေဖို့ သင့်ကို မိဘ ဒါမှမဟုတ် တစ်ယောက်ယောက် သွန်သင်ပေးတယ်ဆိုရင် ကောင်းချီးပါပဲ။ (ပညာ. ၂:၁၊ ၁၀-၁၂) မိဘတွေ သင့်ကို ပုံစံအမျိုးမျိုးနဲ့ လေ့ကျင့်ပေးနိုင်တယ်။ မိဘတွေ ချပေးတဲ့ ကျမ်းစာအခြေပြု အကြံဉာဏ်အတိုင်း သင် လိုက်လျှောက်တဲ့အခါ မိဘတွေကော ယေဟောဝါပါ သိပ်ဝမ်းသာမယ်။ ယေဟောဝါနဲ့ ဆက်ဆံရေး ပိုခိုင်မြဲလာမယ်။ (ပညာ. ၂၂:၆။ ၂၃:၁၅၊ ၂၄) လူငယ် ယောရှရဲ့ စံနမူနာကို အတုယူသင့်တဲ့ အကြောင်းရင်းတွေပဲ မဟုတ်လား။ w23.09 ၈-၉ ¶၃-၅
တနင်္ဂနွေနေ့၊ မေ ၁၈
မင်းတို့ ပြောတာကို [ငါ] နားထောင်မယ်။ —ယေ. ၂၉:၁၂။
ဆုတောင်းချက်တွေ နားထောင်မယ်လို့ ယေဟောဝါဘုရား ကတိပေးတယ်။ သစ္စာရှိ ဝတ်ပြုသူတွေကို ဘုရား သိပ်ချစ်လို့ ဆုတောင်းတဲ့အခါ ဘယ်တော့မှ လျစ်လျူရှုမှာ မဟုတ်ဘူး။ (ဆာ. ၁၀:၁၇။ ၃၇:၂၈) တောင်းသမျှ ပေးမယ်လို့တော့ မဆိုလိုဘူး။ တချို့ဆုတောင်းချက်တွေ ပြည့်ဖို့ ကမ္ဘာသစ် ရောက်တဲ့အထိ စောင့်ရနိုင်တယ်။ ဆုတောင်းချက်တွေကို မိမိရည်ရွယ်ချက်နဲ့ ယေဟောဝါ ချိန်ထိုးတယ်။ (ဟေရှာ. ၅၅:၈၊ ၉) ရည်ရွယ်ချက်တစ်ခုကတော့ မိမိအုပ်ချုပ်မှုကို ဝမ်းမြောက်ဝမ်းသာ၊ စည်းစည်းလုံးလုံး လက်အောက်ခံမယ့် အမျိုးသား/သမီးတွေ ကမ္ဘာမြေမှာ ပြည့်နေဖို့ပဲ။ ဒါပေမဲ့ လူလူချင်း အုပ်ချုပ်တာ ပိုကောင်းတယ်လို့ စာတန် ပြောတယ်။ (က. ၃:၁-၅) စာတန် မှားတယ်ဆိုတာ ပြချင်လို့ လူလူချင်း အုပ်ချုပ်ဖို့ ယေဟောဝါ ခွင့်ပြုလိုက်တယ်။ လူလူချင်း အုပ်ချုပ်လို့ ဒီနေ့ ပြဿနာတွေ များနေတာ။ (ဒေ. ၈:၉) ဒါပေမဲ့ ရှိသမျှ ပြဿနာ အခုချိန်မှာ ယေဟောဝါ ရှင်းမပေးဘူး။ w23.11 ၂၁ ¶၄-၅
တနင်္လာနေ့၊ မေ ၁၉
ငါက မင်းကို လူမျိုးများစွာရဲ့ ဖခင်အဖြစ် ရွေးချယ်လိုက်ပြီ။—ရော. ၄:၁၇။
အာဗြဟံကြောင့် လူမျိုးများစွာ ကောင်းချီး ခံစားရမယ်လို့ ယေဟောဝါ ကတိပေးတယ်။ အာဗြဟံ အသက် ၁၀၀၊ စာရာ အသက် ၉၀ ရှိတဲ့အချိန်ထိ သား မရသေးဘူး။ လူ့ရှုထောင့်ကနေ ကြည့်ရင် မရနိုင်တော့ပုံပဲ။ အာဗြဟံအတွက် တကယ့် စမ်းသပ်မှုပဲ။ ဒါပေမဲ့ “ကတိတော်ကို သူ ယုံကြည်ပြီး လူမျိုးများစွာရဲ့ ဖခင် ဖြစ်လာဖို့ မျှော်လင့်ခဲ့တယ်။” (ရော. ၄:၁၈၊ ၁၉) မျှော်လင့်တဲ့အတိုင်း ဖြစ်လာတယ်။ အချိန်အတော်ကြာ မျှော်လင့်ခဲ့ရတဲ့ သားအိဇက် မွေးလာတယ်။ (ရော. ၄:၂၀-၂၂) “‘ဖြောင့်မတ်သူအဖြစ် သူ သတ်မှတ်ခံခဲ့ရတယ်’ ဆိုတဲ့ ကျမ်းစကားဟာ အာဗြဟံအတွက်ပဲ ရေးထားတာ မဟုတ်ဘူး။ ဖြောင့်မတ်သူတွေအဖြစ် သတ်မှတ်ခံရမယ့် ကျွန်တော်တို့အတွက်လည်း ရေးထားတာ ဖြစ်တယ်။ သခင်ယေရှုကို သေရာကနေ အသက်ပြန်ရှင်စေတဲ့ အရှင်ကို ကျွန်တော်တို့ ယုံကြည်တာကိုး” လို့ ပေါလု ပြောတယ်။ (ရော. ၄:၂၃၊ ၂၄) ဒါကြောင့် အာဗြဟံလိုပဲ ကျွန်တော်တို့ ဘုရားနှစ်သက်မှု ရနိုင်တယ်။ ဖြောင့်မတ်သူ၊ မိတ်ဆွေလို့ သတ်မှတ်ခံရနိုင်တယ်။ အာဗြဟံလို ယုံကြည်ခြင်းကို လုပ်ရပ်နဲ့ ပြဖို့၊ မျှော်လင့်ချက် ရှိဖို့တော့ လိုတယ်။ w23.12 ၇ ¶၁၆-၁၇
အင်္ဂါနေ့၊ မေ ၂၀
ကျွန်တော် ဒုက္ခရောက်နေတာကို ကိုယ်တော် မြင်တယ်။ အကြီးအကျယ် သောကရောက် နေတာကို သိတယ်။—ဆာ. ၃၁:၇။
အီဂျစ်ပြည်မှာ အစ္စရေးတွေ မတရား ခိုင်းစေခံရတာကို သာမက “သူတို့ ခံစားရတဲ့ ဝေဒနာတွေကို [ယေဟောဝါ] ကောင်းကောင်း သိတယ်” လို့ ကျမ်းစာမှာ ဖော်ပြတယ်။ (ထွ. ၃:၇) သင် ထိတ်လန့်စရာ အခြေအနေ ကြုံတဲ့အခါလည်း ဘာကြုံနေရတယ်၊ ဘယ်လို ခံစားနေရတယ်ဆိုတာ ယေဟောဝါ သိကြောင်း သတိရပါ။ ထိတ်လန့်စရာ အခြေအနေ ကြုံနေချိန်မှာ ကိုယ့်ကို ဘုရား ဘယ်လို ကူညီနေသလဲ မြင်ဖို့ ခက်တယ်။ ဒါကြောင့် ဘုရား ဘယ်လို ကူညီနေသလဲ မြင်ဖို့ ဆုတောင်းပါ။ (၂ ဘု. ၆:၁၅-၁၇) အဲဒီနောက် ‘အသင်းတော် အစည်းအဝေးမှာ ကြားရတဲ့ ဟောပြောချက်၊ မှတ်ချက်ကြောင့် ငါ အားရှိသွားသလား။ စာစောင်တစ်စောင်၊ ဗီဒီယို၊ မူရင်းသီချင်းတစ်ပုဒ်ကြောင့် အားရှိသွားသလား။ အားရှိစရာ စကား၊ ကျမ်းပိုဒ်တစ်ပိုဒ် တစ်ယောက်ယောက် ပြောပြသလား’ လို့ စဉ်းစားကြည့်ပါ။ ညီအစ်ကို/မတွေ ပြတဲ့ မေတ္တာ၊ ကျမ်းစာကနေ ရတဲ့ အားပေးမှုကို တစ်ခါတလေ အမှုမဲ့ အမှတ်မဲ့ ဖြစ်နေနိုင်တယ်။ တကယ်တော့ ဒါတွေဟာ ယေဟောဝါဆီက ထူးခြားတဲ့ လက်ဆောင်မွန်တွေပါ။ (ဟေရှာ. ၆၅:၁၃။ မာ. ၁၀:၂၉၊ ၃၀) ကိုယ့်ကို ဘုရား ဂရုစိုက်တယ်၊ ဘုရားကို ယုံကြည်ကိုးစားနိုင်တယ်ဆိုတဲ့ အထောက်အထားတွေပါ။—ဟေရှာ. ၄၉:၁၄-၁၆။ w24.01 ၄-၅ ¶၉-၁၀
ဗုဒ္ဓဟူးနေ့၊ မေ ၂၁
တရားစကားတော်ကို ရဲရဲရင့်ရင့် ဟောပြောနိုင်ခွင့် ပေးသနားပါ။—တ. ၄:၂၉။
“ဂျေရုဆလင်မြို့၊ ယုဒပြည်တစ်ဝန်းလုံး၊ ရှမာရိပြည်၊ ကမ္ဘာမြေ အစွန်အဖျားအထိ” မိမိအကြောင်း သက်သေခံဖို့ တပည့်တွေကို ယေရှု ကောင်းကင် မတက်ခင် ထပ်မှာတယ်။ (တ. ၁:၈။ လု. ၂၄:၄၆-၄၈) မကြာခင်မှာပဲ ဂျူးဘာသာရေး ခေါင်းဆောင်တွေက တမန်တော် ပေတရုနဲ့ ယောဟန်ကို ဂျူးတရားရုံးချုပ်ဆီ ဖမ်းခေါ်သွားကြတယ်။ မဟောပြောဖို့ အမိန့်ပေးကြတယ်။ ခြိမ်းတောင် ခြိမ်းခြောက်ကြတယ်။ (တ. ၄:၁၈၊ ၂၁) “ဘုရားသခင့်စကားထက် ခင်ဗျားတို့ရဲ့ စကားကို နားထောင်မယ်ဆိုရင် ဘုရားသခင်ရှေ့မှာ မှန်ကန်ပါ့မလားဆိုတာ ခင်ဗျားတို့ကိုယ်တိုင်ပဲ ဆုံးဖြတ်ကြပါတော့။ ကျွန်တော်တို့ကတော့ ကြားခဲ့မြင်ခဲ့တာတွေကို မဟောဘဲ မနေနိုင်ပါဘူး” လို့ ပေတရုနဲ့ ယောဟန် ပြန်ပြောကြတယ်။ (တ. ၄:၁၉၊ ၂၀) သူတို့ ပြန်လွတ်လာတော့ “တရားစကားတော်ကို ရဲရဲရင့်ရင့် ဟောပြောနိုင်ခွင့် ပေးသနားပါ” ဆိုပြီး တပည့်တွေ ဆုတောင်းကြတယ်။ လှိုက်လှဲတဲ့ အဲဒီဆုတောင်းချက်ကို ယေဟောဝါ ဖြေပေးတယ်။—တ. ၄:၃၁။ w23.05 ၅ ¶၁၁-၁၂
ကြာသပတေးနေ့၊ မေ ၂၂
သူဟာ ငါ မြတ်နိုးတဲ့ ငါ့ရဲ့ ချစ်သားပဲ။ —မ. ၁၇:၅။
နှစ်သန်းပေါင်းများစွာအတွင်း ယေဟောဝါနဲ့ ချစ်သားရဲ့ မေတ္တာနှောင်ကြိုး သိပ်ခိုင်မာလာတယ်။ စကြဝဠာမှာ သက်တမ်းအကြာဆုံး နှောင်ကြိုးပဲ။ ယေရှုကို ချစ်တယ်လို့ ယေဟောဝါ ရှင်းရှင်းလင်းလင်း ပြောထားတာကို ဒီနေ့ ကျမ်းချက်မှာ တွေ့နိုင်တယ်။ ‘ဒါ ငါ့စိတ်နဲ့ တွေ့သူပဲ’ လို့ ရိုးရိုးလေး ပြောလို့ ရတယ်။ ဒါပေမဲ့ ယေရှုကို ဘယ်လောက် ချစ်မှန်း ကျွန်တော်တို့ကို သိစေချင်လို့ “ငါ့ရဲ့ ချစ်သား” လို့ ပြောတယ်။ ယေရှုအတွက် ယေဟောဝါ သိပ်ဂုဏ်ယူတယ်။ အထူးသဖြင့်၊ မကြာခင် လိုလိုလားလား အသက်စွန့်တော့မှာမို့ ဂုဏ်ယူတယ်။ (ဧ. ၁:၇) မိမိကို ဖခင် ချစ်တယ်ဆိုတာ ယေရှု သံသယ မရှိဘူး။ လုံးဝ စိတ်ချတယ်။ ဒါကြောင့်လည်း မိမိကို အဖ ချစ်တယ်လို့ ယုံကြည်စိတ်ချမှုအပြည့်နဲ့ ထပ်ခါထပ်ခါ ပြောတာ။—ယော. ၃:၃၅။ ၁၀:၁၇။ ၁၇:၂၄။ w24.01 ၂၈ ¶၈
သောကြာနေ့၊ မေ ၂၃
ချမ်းသာကြွယ်ဝဖို့ထက် နာမည်ကောင်း ရဖို့ ရွေးချယ်သင့်တယ်။—ပညာ. ၂၂:၁။
သိပ်ချစ်ရသူတစ်ယောက် ကိုယ့်ကို နာမည်ဖျက်တယ် ဆိုပါစို့။ မဟုတ်ကို အဟုတ် လုပ်ပြီး ပြောနေမှန်း ကိုယ်သိပေမဲ့ တချို့ ယုံသွားပြီ။ ပိုဆိုးတာက အဲဒီလူတွေပါ ဖောက်သည် ချနေလို့ တော်တော် ပျံ့နေပြီ။ သင် ဘယ်လို ခံစားရမလဲ။ စိတ်မကောင်းဖြစ်မိမှာပဲ။ နာမည်ဖျက်ခံရချိန်မှာ ယေဟောဝါ ဘယ်လို ခံစားရမယ်ဆိုတာ ဒီဥပမာက သဘောပေါက်စေတယ်။ ဘုရားအကြောင်း ပထမ လူမိန်းမ ဧဝကို ဘုရားသားတစ်ပါး လိမ်ပြောတယ်။ ဧဝ ယုံသွားတယ်။ ခင်ပွန်း အာဒံနဲ့ ပေါင်းပြီး ဘုရားကို ပုန်ကန်တယ်။ ဒါကြောင့် လူအားလုံး အပြစ်သားတွေ ဖြစ်ပြီး သေကြရတယ်။ (က. ၃:၁-၆။ ရော. ၅:၁၂) သေခြင်း၊ စစ်၊ စိတ်ဆင်းရဲစရာတွေ အပါအဝင် ကမ္ဘာပေါ်က ပြဿနာအားလုံးဟာ စာတန် ဖွလိုက်တဲ့ အလိမ်အညာစကားကြောင့် ပေါ်လာတာ။ အလိမ်အညာစကားကြောင့်၊ ပေါ်လာတဲ့ ပြဿနာတွေကြောင့် ယေဟောဝါ စိတ်ထိခိုက်တယ်။ ဒါပေမဲ့ အံကြိတ်ခံပြင်းမနေဘူး။ “ပျော်ရွှင်တဲ့ ဘုရားသခင်” ဖြစ်နေဆဲပဲ။—၁ တိ. ၁:၁၁။ w24.02 ၈ ¶၁-၂
စနေနေ့၊ မေ ၂၄
ဒီလိုကြီးလေးတဲ့အပြစ် ကျူးလွန်ပြီး ဘုရားသခင်ကို ပြစ်မှားတဲ့အဖြစ်မျိုး ကျွန်တော် အရောက်မခံနိုင်ဘူး။—က. ၃၉:၉။
ယောသပ်ကို ဘယ်လို အတုယူနိုင်မလဲ။ သွေးဆောင်ခံရရင် ဘယ်လို တုံ့ပြန်မလဲ အခုကတည်းက ဆုံးဖြတ်ထားပါ။ ယေဟောဝါ မုန်းတဲ့အရာတွေကို ချက်ချင်း ငြင်းပယ်တတ်အောင် လုပ်ထားပါ။ စဉ်းတောင် မစဉ်းစားပါနဲ့။ (ဆာ. ၉၇:၁၀။ ၁၁၉:၁၆၅) ဒါဆိုရင် သွေးဆောင်ခံရတဲ့အခါ ဝေခွဲမရ ဖြစ်နေမှာ မဟုတ်တော့ဘူး။ အမှန်တရား ရှာတွေ့ပြီဆိုတာ သိပေမဲ့၊ ယေဟောဝါကို စိတ်နှလုံး အကြွင်းမဲ့ ဝတ်ပြုချင်ပေမဲ့ ဆက်ကပ်အပ်နှံ၊ နှစ်ခြင်းခံဖို့ သင် တွန့်ဆုတ်နေနိုင်တယ်။ ဒါဆိုရင် “အို ဘုရားသခင်၊ ကျွန်တော့်ကို အသေအချာ စစ်ဆေးလှည့်ပါ။ ကျွန်တော့်စိတ်ကို သိမြင်လှည့်ပါ။ အသေအချာ ဆန်းစစ်ပြီး ပူပန်သောကတွေကို သိမြင်လှည့်ပါ။ ကျွန်တော့်စိတ်ဟာ အန္တရာယ်လမ်းကို ဦးတည်နေသလားဆိုတာ ကြည့်ရှုပေးပါ။ ကျွန်တော့်ကို ထာဝရလမ်းထဲ ပို့ဆောင်ပေးပါ” လို့ ဘုရင် ဒါဝိဒ်လို ဆုတောင်းနိုင်တယ်။ (ဆာ. ၁၃၉:၂၃၊ ၂၄) “မိမိကို ထက်ထက်သန်သန် ရှာဖွေသူကို” ဘုရား ဆုချတယ်။ ဆက်ကပ်အပ်နှံ နှစ်ခြင်းခံဖို့ ပန်းတိုင်ထားကြိုးစားတာဟာ ဘုရားကို ထက်ထက်သန်သန် ရှာဖွေကြောင်း ပြနေတာပဲ။—ဟီ. ၁၁:၆။ w24.03 ၆ ¶၁၃-၁၅
တနင်္ဂနွေနေ့၊ မေ ၂၅
အပြစ်ဖြေရာ ပူဇော်သက္ကာကို နေ့စဉ် ဆက်သ . . . စရာ မလိုဘူး။—ဟီ. ၇:၂၇။
ပုရောဟိတ်မင်းဟာ ဘုရားရှေ့မှာ လူအများကိုယ်စား ဆောင်ရွက်ပေးရသူ ဖြစ်တယ်။ တဲတော် ဆက်ကပ်အပ်နှံချိန်မှာ ဦးဆုံး အစ္စရေး ပုရောဟိတ်မင်းအဖြစ် အာရုန်ကို ယေဟောဝါ ခန့်တယ်။ ဒါပေမဲ့ “ပုရောဟိတ်တွေက သေဆုံးသွားတဲ့အတွက် ပုရောဟိတ်တာဝန်ကို ဆက်ထမ်းဆောင်လို့ မရဘူး။ နောက်တစ်ယောက်က သူ့တာဝန်ကို ဆက်ခံပြီး အမှုဆောင်ရတယ်” လို့ တမန်တော် ပေါလု ပြောတယ်။ (ဟီ. ၇:၂၃-၂၆) ဒါ့အပြင် မစုံလင်ကြလို့ ကိုယ်တိုင်ရဲ့ အပြစ်အတွက်လည်း ပူဇော်သက္ကာ ဆက်သကြရတယ်။ အစ္စရေး ပုရောဟိတ်မင်းတွေနဲ့ မဟာပုရောဟိတ်မင်း ယေရှုခရစ် သိသိသာသာ ကွာသွားတာ အဲဒါပဲ။ ပုရောဟိတ်မင်း ယေရှုခရစ်ဟာ ‘လူတွေ မဆောက်ဘဲ ယေဟောဝါ တည်ဆောက်တဲ့ စစ်မှန်တဲ့ တဲတော်မှာ အမှုဆောင်နေတယ်။’ (ဟီ. ၈:၁၊ ၂) “ထာဝစဉ် အသက်ရှင်နေတဲ့အတွက် သူ့ရဲ့ ပုရောဟိတ်တာဝန်ကို ဆက်ခံမယ့်သူ မလိုဘူး” လို့ ပေါလု ရှင်းပြတယ်။ “အညစ်အကြေး ကင်းစင်သူ၊ အပြစ်သားတွေနဲ့ လုံးဝ မတူတဲ့သူ” ဖြစ်လို့ အစ္စရေး ပုရောဟိတ်မင်းတွေလို ကိုယ်တိုင်ရဲ့ အပြစ်အတွက် အပြစ်ဖြေရာ ပူဇော်သက္ကာကို နေ့စဉ် ဆက်သစရာ မလိုဘူး။ w23.10 ၂၆ ¶၈-၉
တနင်္လာနေ့၊ မေ ၂၆
အရင်ကောင်းကင်နဲ့ အရင်မြေကြီးဟာ ကွယ်ပျောက် [ပြီ။]—ဗျာ. ၂၁:၁။
“အရင်ကောင်းကင်” ဆိုတာ စာတန်နဲ့ နတ်ဆိုးတွေရဲ့ ဩဇာအောက်မှာ ရှိတဲ့ အစိုးရတွေ ဖြစ်တယ်။ (မ. ၄:၈၊ ၉။ ၁ ယော. ၅:၁၉) ကျမ်းစာမှာ “မြေကြီး” လို့ သုံးတဲ့အခါ မြေကြီးသား၊ လူသားတွေကို ရည်ညွှန်းလေ့ရှိတယ်။ (ဆာ. ၉၆:၁) ဒါကြောင့် “အရင်မြေကြီး” ဆိုတာ လက်ရှိ ဆိုးညစ်တဲ့ လူ့ဘောင် အဖွဲ့အစည်း ဖြစ်တယ်။ လက်ရှိ “ကောင်းကင်” နဲ့ “မြေကြီး” ကို ယေဟောဝါ ပြုပြင်မွမ်းမံရုံ မွမ်းမံမှာ မဟုတ်ဘူး။ လုံးဝ ဖျက်လိုက်မှာ။ ပြီးရင် “ကောင်းကင်သစ်၊” “မြေကြီးသစ်” နဲ့ အစားထိုးမယ်။ “ကောင်းကင်သစ်၊” “မြေကြီးသစ်” ဆိုတာ အစိုးရသစ်၊ လူ့ဘောင် အဖွဲ့အစည်းသစ်ကို ဆိုလိုတယ်။ ယေဟောဝါက ကမ္ဘာမြေနဲ့ လူတွေကို ပြန်ကုစားပေးခြင်းအားဖြင့် အသစ်လို ဖြစ်သွားစေမယ်။ ဟေရှာယ ကြိုဟောသလို ကမ္ဘာတစ်ခုလုံးကို ဧဒင်ဥယျာဉ်လို နေချင်စဖွယ် ဖြစ်စေမယ်။ ခြေဆွံ့သူ၊ မျက်မမြင်၊ နားမကြားသူတွေကို ကုပေးမယ်။ သေဆုံးသွားသူတွေကို အသက်ပြန်ရှင်စေမယ်။ ဒီနည်းနဲ့ လူတစ်ယောက်ချင်းစီကို အသစ်လို ဖြစ်စေမယ်။ နဂိုအတိုင်း ပြန်ကောင်းစေမယ်။—ဟေရှာ. ၂၅:၈။ ၃၅:၁-၇။ w23.11 ၄ ¶၉-၁၀
အင်္ဂါနေ့၊ မေ ၂၇
အသင့်ရှိနေကြပါ။—မ. ၂၄:၄၄။
“ကြီးစွာသောဒုက္ခ” ရုတ်တရက် ရောက်လာမယ်။ (မ. ၂၄:၂၁) ဆိုင်းမဆင့် ဗုံမဆင့် ရောက်လာတတ်တဲ့ ဘေးအန္တရာယ်တွေနဲ့တော့ မတူဘူး။ ကြီးစွာသောဒုက္ခအတွက် အသင့်ရှိနေကြဖို့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂,၀၀၀ လောက်ကတည်းက နောက်လိုက်တွေကို ယေရှု သတိပေးထားတယ်။ အခုကတည်းက ကြိုတင်ပြင်ဆင်ထားရင် ခက်ခဲချိန်တစ်လျှောက် ခံရပ်နိုင်မယ်။ တခြားသူတွေလည်း ခံရပ်နိုင်အောင် ကူညီပေးနိုင်မယ်။ (လု. ၂၁:၃၆) ဘုရား ကာကွယ်ပေးမယ်ဆိုတာ ယုံကြည်စိတ်ချပြီး နာခံမှု ရှိရှိ ဟောနိုင်ဖို့ဆိုရင် ခံနိုင်ရည် ရှိမှ ရမယ်။ ညီအစ်ကို/မတွေ ပိုင်ဆိုင်ရာ တချို့ ဒါမှမဟုတ် အားလုံး ဆုံးရှုံးလိုက်ရရင်ကော။ (ဟဗ. ၃:၁၇၊ ၁၈) သူတို့ကို ကူညီပေးနိုင်ဖို့ဆိုရင် စာနာမှု ရှိမှ ရမယ်။ နိုင်ငံပေါင်းစုံ မဟာမိတ် တိုက်ခိုက်လို့ ညီအစ်ကို/မတွေနဲ့ အချိန်အတိုင်းအတာ တစ်ခုအထိ အတူ နေရရင်ကော။ (ယေဇ. ၃၈:၁၀-၁၂) အဲဒီအချိန်ကို ကျော်ဖြတ်နိုင်ဖို့ဆိုရင် ညီအစ်ကို/မတွေအပေါ် မေတ္တာ ရှိမှ ရမယ်။ w23.07 ၂ ¶၂-၃
ဗုဒ္ဓဟူးနေ့၊ မေ ၂၈
ဉာဏ်ပညာမဲ့သူတွေလို မဟုတ်ဘဲ ဉာဏ်ပညာရှိသူတွေလို ကျင့်ကြံပြုမူနေရဲ့လားဆိုတာ အထူးသတိပြုကြပါ။ . . . အချိန်ကို အကျိုးရှိရှိ အသုံးချကြပါ။—ဧ. ၅:၁၅၊ ၁၆။
ပထမရာစုတုန်းက လူချစ်လူခင် ပေါတဲ့ အာကုလနဲ့ ပြစ်ကိလတို့ ဇနီးမောင်နှံဆီကနေ မောင်နှံစုံတွေ သင်ယူနိုင်တယ်။ (ရော. ၁၆:၃၊ ၄) သူတို့ အတူတူ အလုပ်လုပ်တယ်၊ ဟောပြောတယ်၊ တခြားသူတွေကို ကူညီတယ်။ (တ. ၁၈:၂၊ ၃၊ ၂၄-၂၆) ကျမ်းစာမှာ သူတို့အကြောင်း ပါတဲ့နေရာတိုင်း အမြဲ အတွဲလိုက် ဖော်ပြခံရတယ်။ သူတို့နှစ်ယောက်ကို မောင်နှံစုံတွေ ဘယ်လို အတုယူနိုင်သလဲ။ နှစ်ယောက်သား လုပ်စရာ ရှိတာတွေ စဉ်းစားကြည့်လိုက်ပါ။ တစ်ယောက်စီ ခွဲမလုပ်ဘဲ မောင်နှံစုံလိုက် လုပ်နိုင်တာတွေ ပါသလား။ ဥပမာ၊ အာကုလနဲ့ ပြစ်ကိလ အတူတူ ဟောပြောတယ်။ သင်တို့ကော မောင်နှံစုံလိုက် အတူတူ ဟောပြောနိုင်ဖို့ စီစဉ်ထားသလား။ အာကုလနဲ့ ပြစ်ကိလ အတူတူ အလုပ်လုပ်တယ်။ သင်တို့ကတော့ အလုပ် မတူတာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ အိမ်အလုပ် အတူတူ လုပ်နိုင်တယ် မဟုတ်လား။ (ဒေ. ၄:၉) တစ်ယောက်ကို တစ်ယောက် အလုပ်ဝိုင်းကူတဲ့အခါ အတွဲညီတယ်လို့ ပိုခံစားလာရမယ်။ စကားပြောဖို့ အခွင့်အရေး ပိုရလာမယ်။ w23.05 ၂၂-၂၃ ¶၁၀-၁၂
ကြာသပတေးနေ့၊ မေ ၂၉
ကြောက်စိတ် ဝင်လာတိုင်း ကိုယ်တော့်ကို ယုံကြည်ကိုးစားတယ်။—ဆာ. ၅၆:၃။
လူတိုင်း တစ်ချိန် မဟုတ် တစ်ချိန် ကြောက်စိတ် ဝင်တတ်ကြတယ်။ ဥပမာ၊ ဘုရင် ရှောလု လိုက်သတ်လို့ ဖိလိတိပြည် ဂါသမြို့ကို ဒါဝိဒ် ထွက်ပြေးလာတယ်။ ဖိလိတိလူ “အသောင်းသောင်း” ကို သတ်ပစ်နိုင်လို့ လူတွေ သီဆိုကခုန်ပြီး ချီးမြှောက်တာ ဒါဝိဒ် ဖြစ်မှန်း ဂါသမင်း အာခိတ် သိသွားတယ်။ ဒါနဲ့ အာခိတ် ဘာများ လုပ်မလဲဆိုပြီး ဒါဝိဒ် တွေးလေလေ “ကြောက်လေလေ ဖြစ်လာတယ်။” (၁ ရှ. ၂၁:၁၀-၁၂) ကြောက်စိတ်ကို ဘယ်လို အနိုင်ယူသလဲ။ ဂါသမြို့မှာ ရှိနေချိန် ကြောက်စိတ် ဝင်လာမိကြောင်း ဆာလံ ၅၆ မှာ ဒါဝိဒ် ဖော်ပြတယ်။ ကြောက်စိတ်ကို ဘယ်လို အနိုင်ယူခဲ့ကြောင်းလည်း ဖော်ပြတယ်။ ဘယ်လို အနိုင်ယူသလဲ။ ကြောက်စိတ် ဝင်လာချိန်မှာ ယေဟောဝါကို ယုံကြည်ကိုးစားခြင်းအားဖြင့်ပါ။ (ဆာ. ၅၆:၁-၃၊ ၁၁) ဒါဝိဒ် အားကိုးမမှားဘူး။ ယေဟောဝါ ကူညီပေးလို့ အကြံ ရသွားတယ်။ စိတ်မနှံ့သူလို ရူးချင်ဟန်ဆောင်ဖို့ပါ။ အကြံက ကြောင်တောင်တောင် နိုင်ပေမဲ့ အလုပ်ဖြစ်တယ်။ ဒါဝိဒ်ကို ကြည့်ပြီး အာခိတ် သတ်ချင်စိတ်ပါ ပျောက်သွားတယ်။ အရူးဆိုပြီး နန်းတော်ထဲက မောင်းထုတ်လိုက်လို့ ဒါဝိဒ် လွတ်သွားတယ်။—၁ ရှ. ၂၁:၁၃–၂၂:၁။ w24.01 ၂ ¶၁-၃
သောကြာနေ့၊ မေ ၃၀
ခေါ်ယူရွေးချယ်ခံရတဲ့ သစ္စာရှိသူတွေလည်း သိုးသငယ်နဲ့အတူ အောင်မြင်ကြလိမ့်မယ်။ —ဗျာ. ၁၇:၁၄။
ဒီနေ့ ကျမ်းချက်မှာ ဖော်ပြထားတဲ့ သစ္စာရှိသူတွေဆိုတာ ဘယ်သူတွေလဲ။ ရှင်ပြန်ထမြောက်သွားတဲ့ ဘိသိက်ခံတွေ။ ဒီတော့ ကြီးစွာသောဒုက္ခ အဆုံးပိုင်းမှာ နောက်ဆုံး ဘိသိက်ခံ ကောင်းကင်ကို စုသိမ်းခံရပြီးနောက် ဘိသိက်ခံတွေ ဦးဆုံး ရမယ့် တာဝန်က စစ်တိုက်ဖို့ပါ။ ကောင်းကင်ကို ရှင်ပြန်ထမြောက်ပြီးနောက် ဘုရားရန်သူတွေကို အပြီးသတ် တိုက်မယ့် စစ်ပွဲမှာ ခရစ်တော်၊ ကောင်းကင်တမန်တွေနဲ့အတူ တိုက်ပွဲဝင်ကြရမယ်။ စဉ်းစားကြည့်ပါ– မြေကြီးပေါ်မှာတုန်းက ဘိသိက်ခံ ခရစ်ယာန်တချို့ဆိုရင် အသက်ကြီးကြီး၊ တုန်ချည့်တုန်ချည့်တွေ။ ဒါပေမဲ့ ကောင်းကင်ကို ရှင်ပြန်ထမြောက်ပြီးတာနဲ့ မသေနိုင်တဲ့ တန်ခိုးကြီး နာမ်ဝိညာဉ်သားတွေ ဖြစ်လာကြမယ်။ ဘုရင် ယေရှုခရစ်နဲ့အတူ တိုက်ပွဲဝင်ကြမယ်။ အာမဂေဒုန်စစ်ပွဲ ပြီးသွားရင် လူတွေ စုံလင်လာအောင် ကူညီပေးကြမယ်။ ချစ်ရတဲ့ ညီအစ်ကို/မတွေကို မြေကြီးပေါ်မှာတုန်းက မစုံလင်တဲ့ လူသားတွေအဖြစ် ကူညီပေးနိုင်ခဲ့တာထက် အများကြီး ပိုကူညီပေးနိုင်ကြမယ်။ w24.02 ၆-၇ ¶၁၅-၁၆
စနေနေ့၊ မေ ၃၁
စွမ်းအားတော်ရဲ့ လမ်းပြမှုအတိုင်း အမြဲ လျှောက်လှမ်းကြပါ။ ဒါဆိုရင် အပြစ်ရှိတဲ့ အလိုဆန္ဒနောက် လိုက်ကြတော့မှာ မဟုတ်ဘူး။—ဂလ. ၅:၁၆။
တချို့က ဆက်ကပ်အပ်နှံ၊ နှစ်ခြင်းခံဖို့ အဆင်သင့်ဖြစ်ပေမဲ့ တွန့်ဆုတ်နေကြတယ်။ ‘နှစ်ခြင်းခံပြီးမှ ကြီးလေးတဲ့အပြစ် လုပ်မိလို့ နှင်ထုတ်ခံရရင် ဘယ်လို လုပ်မလဲ’ ဆိုပြီး တွေးကြောက်တာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ အသင်းတော်ကနေ နှင်ထုတ်ခံရတယ်ဆိုတာ တော်တော် ရှားပါတယ်။ မိမိလူမျိုး ဆက်သစ္စာရှိဖို့ ယေဟောဝါ ကူညီပေးနိုင်တယ်။ “နှစ်သက်လက်ခံမှုကို အပြည့်အဝ ရရှိပြီး [မိမိ] နဲ့ ထိုက်တန်စွာ လျှောက်လှမ်းနိုင်” ဖို့ လိုအပ်သမျှ ပေးတယ်။ (ကော. ၁:၁၀) မှန်ရာ လုပ်နိုင်စွမ်း ပေးတယ်။ ဘုရားအကူအညီကြောင့် မှန်ရာ လုပ်နိုင်သူများစွာကို သင် တွေ့နေတာပဲ။ (၁ ကော. ၁၀:၁၃) မစုံလင်သူတွေမို့ အမှားလုပ်ချင်စိတ် ပေါ်လာတတ်တယ်။ (ယာ. ၁:၁၄) ဒါပေမဲ့ အမှားလုပ်ချင်စိတ် ပေါ်လာတဲ့အခါ လုပ်မလုပ် ကိုယ်တိုင် ရွေးနိုင်တယ်။ ဘယ်လို အသက်ရှင်မလဲဆိုတာ ကိုယ်နဲ့ပဲ ဆိုင်တယ်။ အတွေး၊ လုပ်ရပ်တွေကို မထိန်းချုပ်နိုင်ဘူးလို့ တချို့ ပြောကြပေမဲ့ ထိန်းချုပ်နိုင်ပါတယ်။ w24.03 ၅-၆ ¶၁၁-၁၂