ဘုရား၏အမှုဆောင်စစ်များ—မည်သို့သိရှိနိုင်ပုံ
၁၉၄၈ ခုနှစ်တွင် ယေဟောဝါသက်သေများ၏ ဓမ္မအမှုဆောင် နှစ်ဦးသည် ချိုင့်ခွက်လမ်းပေါ်တွင် ယိုယွင်းနေသော ဘတ်စ်ကားကိုစီးလျက် စပိန်မြောက်ပိုင်း မြို့တစ်မြို့မှ ပိုင်ရနီးစ်တောင်တန်းသို့ ဦးတည်လျက်ရှိသည်။ ရပ်ဝေးအမှုဆောင် တစ်ဦးထံလည်ပတ်ရန် သွားနေကြခြင်းဖြစ်သည်။ အမှုဆောင်နေသော ရွာနှင့်အနီးဆုံးတွင် ကားရပ်သည်နှင့် သူ၏မြည်းနှင့် စောင့်နေသည်ကို သူတို့တွေ့ရသည်။ သို့သော် မလှမ်းမကမ်းတွင် တမူထူးခြားသောအုပ်စု လက်နက်ကိုင် အရပ်သားလေးဦးနှင့် ဘုန်းကြီးတစ်ပါးကိုလည်း တွေ့ရသည်။ အမှုဆောင်များသည် ရွာသို့သွားရာ မတ်စောက်သောလမ်းကို စတက်ရာ အစောင့်တစ်ဦးက သေနတ်ထုတ်ကာ “Manos arriba” (လက်မြှောက်) ဟုအော်လိုက်သည်။ အဘယ်ကြောင့်နည်း။ ဘုန်းကြီးက ဧည့်သည်များသည် အကြမ်းဖက်သမားများဖြစ်ကြောင်း အစောင့်များကိုပြောသည်။ ဗြောင်လိမ်ခြင်းပါတကား။ သို့ဖြင့်အမှုဆောင် သုံးဦးစလုံးထောင်ချခံရသည်။
ယင်းကဘာကိုပြသနည်း။ ဘုန်းကြီး သို့မဟုတ် အမှုဆောင်ဟု ပြောသူအားလုံးသည် ဘုရား၏အမှုဆောင်စစ်များ မဟုတ်ကြောင်းပြသည်။ အမှန်တွင် အမှုဆောင်အစစ်နှင့်အတုကြားတွင် အလွန်ကွာခြားမှုရှိလေသည်။ အမှုဆောင်စစ်များအတွက် အခြေခံလိုအပ်ချက်ကားအဘယ်နည်း။
ဓမ္မအမှုဆောင်များအတွက် လိုအပ်ချက်များ
“အမှုဆောင်ရန်” ၏ အခြေခံအဓိပ္ပာယ်မှာ “ထောက်မရန် သို့မဟုတ် ဆောင်ရွက်ပေးရန်” ဖြစ်သည်။ စစ်မှန်သော ခရစ်ယာန်အမှုဆောင်များအနေနှင့် သမ္မာကျမ်းစာသည် ဘုရား၏မှုတ်သွင်းခံ နှုတ်ကပတ်တော်ဖြစ်ကြောင်း အခိုင်အမာယုံကြည်ရမည်။ (ယောဟန် ၁၇:၁၇) သို့သော်ယင်းအခြေခံ လိုအပ်ချက်နှင့် မလုံလောက်။ သမ္မာကျမ်းစာကို နားလည်ခြင်းနှင့် အသိပညာ ကောင်းကောင်းရှိထားရမည်။ သို့သော်သူတို့အကျိုးအတွက်သာ ယင်းအသိပညာကို တကိုယ်ကောင်းဆန်စွာမသုံးရ။ သူတို့သည် ဘုရားနိုင်ငံတော်သတင်းနှင့် မြေကြီးပရဒိသုတွင် ထာရဝအသက် မြော်လင့်ခြင်းသတင်းကို ထက်သန်စွာ ဟောပြောသူများဖြစ်ရမည်။—ယောဟန် ၁၇:၃၊ ဆာလံ ၃၇:၁၁၊ ၂၉။
စပိန်တွင်မကဘဲ ကမ္ဘာတဝှမ်းတွင် ယေဟောဝါသက်သေများ နိုင်ငံတော်သတင်းကြေညာခြင်းသည် ဤနောက်ဆုံးကာလအကြောင်း ယေရှုပရောဖက်ပြုချက်၏ ပြည့်စုံခြင်းဖြစ်သည်။ “လူမျိုးအပေါင်းတို့အား သက်သေဖြစ်မည်အကြောင်း နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို လောကီနိုင်ငံ အရပ်ရပ်ရှိသမျှတို့၌ ဟောရလိမ့်မည်။ သို့ပြီးမှအဆုံးသည်ဖြစ်လတ္တံ့။”—မဿဲ ၂၄:၁၄၊ ၃၃၊ ၃၄။
စစ်မှန်သော အမှုဆောင်များအတွက် နောက်အခြေခံလိုအပ်ချက်မှာ ယေရှုပြောသကဲ့သို့ “လောကနှင့်မဆက်ဆံ” ရန်ဖြစ်သည်။ ထိုကြောင့်နိုင်ငံရေးတွင် ဝင်မစွက်သင့်။(ယောဟန် ၁၅:၁၉) သူတို့သည် အလွန်နှိမ့်ချသင့်ပြီး မေတ္တာနှင့် ကြင်နာမှုရှိရမည်။ ထိုက်တန်သူများကို ကူညီရန်အစဉ် အသင့်ရှိရမည်။—၁ ကောရိန္သု ၁၃:၁၊ ၄။ ၁ ပေတရု ၅:၆။
ဤအကြောင်းသည် အထူးအရေးကြီး၏။ အမှုဆောင်အမှန်နှင့် အမှားခွဲခြားခြင်းသည် သေရေးရှင်ရေး ကိစ္စဖြစ်သည်။ ထိုမျှလောက် အရေးကြီး၏။ ယေရှုသည် မိမိ၏ထင်ရှားသော တောင်ပေါ်ဒေသနာ၌ ဤသို့သတိပေးသည်။“အတွင်း၌ ကြမ်းတမ်းသော တောခွေးဖြစ်လျက် သိုးရေကိုခြုံ၍ သင်တို့ရှိရာသို့လာသော မိစ္ဆာပရောဖက်တို့ကို သတိနှင့်ရှောင်ကြလော့။”—မဿဲ ၇:၁၅။
သို့သော်ဘုရားသခင်၏ စစ်မှန်သော အမှုဆောင်များသည် တာဝန်နှင့်တောင်းဆိုချက်များ ရှိရုံမက အခွင့်အရေးလည်းများစွာရှိသည်။ အမှန်မှာ နောက်အခန်းတွင် သင်တွေ့ရမည်ဖြစ်သည့်အတိုင်း သူတို့သည် အုပ်စုတစ်ခုအနေနှင့် မြေကြီးပေါ်တွင် အခွင့်အရေးအကောင်းဆုံး အအောင်မြင်ဆုံးနှင့် အပျော်ရွှင်ဆုံး အုပ်စုဖြစ်သည်။