မည်သူတို့အမှန်ပင် ဘုရားအမှုဆောင်များဖြစ်ကြသနည်း
မည်သူများသည် ဘုရား၏အမှုဆောင်များဖြစ်၍ သူတို့ပြည့်မှီရမည့် လိုအပ်ချက်များကားအဘယ်နည်း။
သမ္မာကျမ်းစာ၌ ယုံကြည်ခြင်း
ဘုရား၏အမှုဆောင်စစ်တစ်ဦးသည် သမ္မာကျမ်းစာ၌ လုံးဝဥဿုံယုံကြည်ရမည်။ အခြားသူများကို သွန်သင်ပေးနိုင်လောက်အောင် ယင်းကိုကောင်းစွာသိထားရမည်။ သို့သော်ခရစ်ယာန်ဘောင် ဓမ္မဆရာများသည် ဤအခြေခံလိုအပ်ချက်များကို မပြည့်မှီကြ။ တောင်အာဖရိကမှ ဆေးဆရာဝန်တစ်ဦးက သူယခင်ကရှိခဲ့သော အသင်းရှိဓမ္မဆရာများသည် သမ္မာကျမ်းစာကို အသုံးနည်းပြီး ဟောပြောချက်များသည် ဟောပြောသူ၏ သဘောထားသာဖြစ်ပုံရသည်။ ကိပ်တောင်းမှ ဂိုဏ်းချုပ်တူးတူးကဲ့သို့သော ဓမ္မဆရာများ နိုင်ငံရေးတွင်ပါဝင်ခြင်းကိုလည်း သူအပြစ်တင်လေသည်။
ထိုသို့ မဟုတ်ဘဲ ယေဟောဝါ၏သစ္စာရှိ ကျေးကျွန်များသည် သမ္မာကျမ်းစာတွင် အခိုင်အမာယုံကြည်ပြီး ယင်းကိုလေ့လာခြင်းနှင့် အခြားသူများကိုရှင်းပြရန် သူတို့၏အချိန် များစွာကိုအသုံးပြုကြသည်။ ကျမ်းစာအပေါ် သူတို့၏စိတ်ဝင်စားမှုနှင့် မေတ္တာသည် အလွန်ကြီးမားသောကြောင့် ဟေဗြဲ၊ အာရမိတ်နှင့်ဂရိတ် ကျမ်းစာမူများကို အခြေခံ၍ နှိုက်နှိုက်ချွတ်ချွတ်ရှာဖွေကာ တိကျသော New World Translation of the Holy Scriptures ကို ထုတ်ဝေခဲ့ပြီးဖြစ်သည်။ Reference Edition ကျမ်းစာအုပ်တွင် ဘေးကွက်လပ်၌ ထောင်ပေါင်းများစွာသော မှတ်ချက်နှင့် ကျမ်းပြိုင်များပါရှိသည်။ ဖတ်ရှုသူများ ကျမ်းစာကို ပိုနားလည်လာပြီး အခြားသူများကို ရှင်းပြနိုင်ရန် အကူအညီဖြစ်သည်။ ဤထင်ပေါ်သော ဘာသာပြန်ကျမ်းကို တစ်အုပ်လုံးဖြစ်စေ တစ်စိတ်တစ်ပိုင်းဖြစ်စေ ဘာသာပေါင်း ၁၀ ဘာသာဖြင့် ပြန်ဆိုခဲ့ပြီး သန်းချီ၍ ကမ္ဘာတစ်ဝှမ်း ဖြန့်ဝေပြီးဖြစ်သည်။
စစ်မှန်သောအမှုဆောင်များနှင့် အကျင့်သီလ
သူ့မယားပြစ်မှားခြင်း မတရားမေထုန် လိင်တူဆက်ဆံခြင်းနှင့် တိရစ္ဆာန်နှင့်မှားယွင်းခြင်းအပါအဝင် လိင်ဆိုင်ရာအပြစ်အားလုံးကို သမ္မာကျမ်းစာက ရှုတ်ချထားသည်။(ဝတ်ပြုရာ ၂၀:၁၀-၁၃။ ရောမ ၁:၂၆၊ ၂၇။ ဂလာတိ ၅:၁၉) ခရစ်ယာန်အမှုဆောင်စစ်များသည် ဘုရား၏စာရိတ္တစံချိန်ကို စိတ်နှလုံးအကြွင်းမဲ့ လိုက်လျှောက်သည်။ မှန်ပါသည်။ ယေဟောဝါ၏သက်သေများသည် ဘုရား၏ပညတ်များကို အလေးအနက်ထားကြသည်။ နောင်တမယူဘဲ ထိုသို့သောအပြစ်ပြုမည့်သူများကို နှင်ထုတ်ပြီး တစ်ချိန်တည်းတွင် အကျင့်ပျက်ခြင်းမှ နောင်တယူပြီး မိမိတို့အသက်တာကို သန့်ရှင်းစေသူတို့အား ကရုဏာပြသည်။—၁ ကောရိန္သု ၅:၁၁-၁၃။ ၂ ကောရိန္သု ၂:၅-၈။
တောင်အာဖရိက ကိပ်တောင်းမှ အင်္ဂလီကန်ဂိုဏ်းထောက်က “တချို့လိင်တူ ဆက်ဆံရေးတွေဟာ သူတို့ရဲ့ဆန့်ကျင့်ဘက် လိင်ရှင်များထက်တောင် ပိုကောင်းပြီး မေတ္တာပိုရှိကြတဲ့အတွက် ဘုရားကိုပိုပျော်ရွှင်စေမှာဘဲ” ဟုဆိုခဲ့သည်။ မမှန်ပါ။ ဘုရားသည်ထိုသို့သော ဆက်ဆံရေးကိုရွံရှာသည်။—၁ ကောရိန္သု ၆:၉၊ ၁၀။
အမှုဆောင်စစ်များ အမှန်တရားကိုသင်
အမှုဆောင်စစ်များသည် ဘုရားနှုတ်ကပတ်တော်အပေါ် အခိုင်အမာအခြေခံထားသော အယူများကိုသာ သွန်သင်ပေးသည်။ အမှုဆောင်တုများမူ သမ္မာကျမ်းစာတွင် အခြေအမြစ်မရှိသော သို့မဟုတ် မထောက်ခံထားသော အယူများကိုသွန်သင်ပေးသည်။ ဥပမာ သုံးပါးပေါင်းတစ်ဆူ အယူကိုသုံးသပ်ကြည့်ပါ။ The EncyclopediaBritannica (၁၅ကြိမ်မြောက်) ကဤသို့ဆိုသည်။“သုံးပါးတစ်ဆူ သို့မဟုတ် ယင်း၏သွန်သင်ချက် အတိအလင်းဖေါ်ပြထားခြင်းကို ဓမ္မသစ်တွင် မတွေ့ရ။ ယေရှုနှင့် ကိုယ်တော်၏နောက်လိုက်များလည်း ဓမ္မဟောင်းတွင်ဖေါ်ပြထားသော ‘အိုဣသရေလအမျိုး နားထောင်လော့။ ငါတို့၏ဘုရားသခင်သည် တစ်ဆူတည်းသော ထာဝရဘုရားဖြစ်တော်မူ၏။’(တရားဟောရာ ၆:၄)”။ ဟူသည့်စကားနှင့်လည်း ဆန့်ကျင်လိမ့်မည်မဟုတ်ချေ။ သုံးပါးတစ်ဆူသည် ခသ စတုတ္ထရာစုရောက်မှ တရားဝင် အသင်းတော်သွန်သင်ချက် ဖြစ်လာသည်။ အမှန်မှာ ရောမအင်ပါယာ ကောန်စတင်တိုင်း၏ အရှိန်အဝါနှင့် ဩဇာညောင်းမှုကြောင့်ဖြစ်ပြီး ထိုမှားယွင်းသောအယူသည် ခသ ၃၂၅ တွင်နိုင်စီယာကောင်စီတွင် စပေါ်ပေါက်လာခြင်းဖြစ်သည်။
သုံးပါးတစ်ဆူအယူသည် သမ္မာတရားကိုရိုးသားစွာ ရှာဖွေနေသူ အသင်းသားအများအား သူတို့၏အမှုဆောင်များအပေါ် စိတ်ချမှုပျောက်စေသည်။ တောင်အာဖရိကရှိ မိန်းမငယ်တစ်ဦးသည် သူမ၏ဘာသာဖြစ်သော ဒတ်ချ်ရီဖောန်အသင်းသည် ထိုသို့သော သုံးပါးတစ်ဆူကဲ့သို့ရှုပ်ထွေးသည့် အယူကိုသင်ပေးလိမ့်မည်ဟု မယုံကြည်ခဲ့ချေ။ သို့သော်ယေဟောဝါသက်သေတစ်ဦးက အထောက်အထားနှင့် တင်ပြမှ ဟုတ်နေကြောင်း ယုံသွားတော့သည်။ တောင်အာဖရိကမှပင် အသက်ကြီးပြီဖြစ်သော အငြိမ်းစားရှေ့နေတစ်ဦးသည် သူ၏အသင်းမှ နှုတ်ထွက်လိုက်သည်။ “လုံးဝမှားယွင်း၍ လမ်းလွဲစေသော အခြေအမြစ်မရှိ အယူများကို ဘုရားကျောင်းထဲတွင် သင်ပေးသောကြောင့်” ဖြစ်သည်။
ခရစ်ယာန်ဘောင်၏ နောက်ထပ်မှားယွင်းသော သွန်သင်ချက်မှာ ငရဲမီးဖြစ်သည်။ ယခင်ကကဲ့သို့ ကျယ်ကျယ်ပြန့်ပြန့်ဟောပြောခြင်း သို့မဟုတ် ယုံကြည်ခြင်းမရှိသော်လည်း အသင်းအများ၏ အဓိကသွန်သင်ချက်ဖြစ်နေတုံးပင်။ လူသေလျှင် ခန္ဓာသေပြီး ဝိညာဉ်သည်မသေနိုင်သောကြောင့် ဆက်ရှင်ကာ ဆိုးခဲ့သူများသည် တောက်လောင်နေသော မီးထဲတွင် ထာဝစဉ်ညှဉ်းပန်းခံရသည်ဟု သူတို့ဆိုကြသည်။ ယင်းကိုသင်ယုံသလော။ ပိုအရေးကြီးသည်မှာ ယင်းသည်မှန်သလော။ ကျမ်းစာအရမမှန်ပါ။ အကြောင်းမှာဤသို့ “ပြစ်မှားသောဝိညာဉ်သည် အသက်သေရမည်။” (ယေဇကျေလ ၁၈:၄၊ ၂၀) ယင်းအပြင် မှုတ်သွင်းခံတမန်တော်ပေါလုက ဤသို့ရေးခဲ့၏။ “အပြစ်တရား၏အခကားသေခြင်းပေတည်း။” ငရဲမဟုတ်။—ရောမ ၆:၂၃။
ယခုခရစ်ယာန်စစ်များ လိုက်လျှောက်ရမည့် စံချိန်များကို သုံးသပ်ကြပါစို့။
အမှုဆောင်စစ်များအတွက် ကျမ်းဆိုင်ရာတောင်းဆိုချက်များ
အင်္ဂလိပ်စကားလုံး “အမှုဆောင်” (minister) သည် ဂရိတ်စကားလုံး ဒိုင်အာကိုနော့ “di·a΄ko·nos” ကို ဘာသာပြန်ထားခြင်းဖြစ်သည်။ နောက်လူတစ်ဦး၊ အထူးသဖြင့် သခင်တစ်ဦး၏ အမိန့်ကိုလုပ်ဆောင်ပေးသူအား ရည်ညွှန်းသည်။ ထို့ကြောင့်ကျမ်းစာစကားအရ ကျွန်တစ်ဦးဖြစ်သည်။ သမ္မာကျမ်းစာတွင် သုံးနှုန်းသောစကားအရ အခြားသူများအတွက် လုပ်ဆောင်ရာ၌ နှိမ့်ချ၊ စေ့စပ်စွာ လုပ်ကိုင်ပေးခြင်းကို တင်ပြသည်။ ယေရှုက ထိုသို့နှိမ့်ချစွာလုပ်ဆောင်ပေးခြင်း အထူးလိုအပ်ကြောင်း အောက်ဖေါ်ပြပါ ပုံနာမူနာဖြင့် တင်ပြသည်။
တစ်နေ့တွင် ညှဉ်းဆဲရာနှက်တိုင်တွင် ယေရှုမသေဆုံးမီလေးတွင် ယာကုပ်နှင့်ယောဟန်၏မိခင်သည် ကိုယ်တော်ထံချဉ်းကပ်၍ ဤသို့ဆို၏။ “ကိုယ်တော်၏နိုင်ငံတွင် ကျွန်မ၌ ဤသားနှစ်ယောက်ကို လက်ယာတော်ဘက်၌တစ်ယောက် လက်ဝဲတော်ဘက်၌တစ်ယောက် ထိုင်ရသောအခွင့်ကို ပေးတော်မူပါဟု လျှောက်လေ၏။” အခြားသူများဤအချက်ကြောင့် ဒေါသထွက်ကြ၏။ သို့နှင့်ယေရှုသည် သူတို့အား ကြင်နာစွာဖြင့် အရေးပါသော သင်ခန်းစာတစ်ခုသွန်သင်သည်။ ကိုယ်တော်သည် သူတို့အားစုရုံး၍ “သင်တို့တွင်အကဲအမှူး ပြုလိုသောသူကို သင်တို့အစေခံဖြစ်စေ။ သင်တို့တွင် အထွဋ်အမြတ်လုပ်ချင်သောသူကိုလည်း သင်တို့ကျွန်ဖြစ်စေ။” ဟုမိန့်တော်မူ၏။—မဿဲ ၂၀:၂၀၊ ၂၁၊ ၂၄-၂၇။
မှတ်တမ်းတင်ထားသော မိမိ၏တည်ဆောက်ဖွယ် လူထုဟောပြောချက်များတွင် ယေရှုကပရိသတ်အား ကျမ်းပြုဆရာနှင့်ဖါရိရှဲတို့အကြောင်း သတိပေးထားသည်။ ကိုယ်တော်သည် ဤမှားယွင်းသော အယောင်ဆောင်အမှုဆောင်များ၏ ထင်းရှားသော မှားယွင်းချက်အချို့ကိုလည်း ထောက်ပြခဲ့သည်။ ကိုယ်တော်က သူတို့သည် အလွန်မာနကြီး၍ အာဏာပြကာ အစဉ်ထင်းရှားလိုကြကြောင်း ဖေါ်ပြသည်။—မဿဲ ၂၃:၁-၇။
ယနေ့တွင် ဓမ္မဆရာအများလည်း သူတို့အား “အဘ”(Father) ဟုခေါ်ရန်တောင်းဆိုကြသည်။ ဥပမာနှစ်အတန်ကြာခန့်က မိုဇာဘစ်နိုင်ငံမှ ဓမ္မဆရာတစ်ဦးအား ယေဟောဝါသက်သေတစ်ဦးက အဘယ်ကြောင့် “အဘ” (Father) ဟုအခေါ်ခံသနည်း မေးရာသူက “ငါဂုဏ်ယူတယ်” ဟုပြန်ဖြေလေသည်။ ရောမမှပုပ်ရဟန်းမင်းလည်း ယေရှုမိမိ၏တပည့်များကိုပြောခဲ့သော“မြေကြီးပေါ်မှာ အဘယ်သူကိုမျှ အဘဟူ၍မခေါ်ကြနှင့်။ ကောင်းကင်ဘုံ၌ သင်တို့အဘ တစ်ပါးတည်းရှိတော်မူ၏။” ဟူသောစကားရှိလျက်နှင့် “သန့်ရှင်းသောအဘ” (Holy Father) ဟုအခေါ်ခံရခြင်းကို နှစ်သက်ကြ၏။ ယေရှုက ဤအခြေခံကျင့်စဉ်ကို ထပ်ဆင့်လိုက်သည်။ “အကြင်သူသည် မိမိကိုချီးမြှောက်အံ့၊ ထိုသူသည် နှိမ့်ချခြင်းသို့ရောက်လတ္တံ့။”—မဿဲ ၂၃:၉-၁၂။ The Jerusalem Bible.
အမျိုးသမီးများကို ခန့်အပ်သင့်သလော
မကြာသေးမီက မိန်းမများကို ဓမ္မဆရာများအဖြစ် ခန့်အပ်ခြင်းတိုးများလာသည်။ သို့သော်ပေါလုသည် တိမောသေအား “မိန်းမသည် ဆုံးမသြဝါဒပေးခြင်း၊ ယောက်ျားကိုအစိုးတရပြုစေခြင်း အခွင့်ကိုငါမပေး” ဟုညွှန်ကြားခဲ့သည်။ (၁ တိမောသေ ၂:၁၂) သို့သော် ဤသို့ဆိုလိုက်ခြင်းဖြင့် ခရစ်ယာန်မိန်းမများသည် မိမိ၏ကလေးများ သို့မဟုတ် လူသူကြားတွင် မသွန်သင်ရဟု ဆိုလိုခြင်းမဟုတ်ဘဲ သူမသည် အသင်းတော်တွင် မသွန်သင်သင့်ချေ။
သို့ဆိုလျှင် မိန်းမများသည် ခရစ်ယာန်စည်းဝေးများတွင် မည်သည့်အခါမှ မပြောဆိုရဟု ဆိုလိုပါသလော။ ယေဟောဝါသက်သေများသည် ဤမဂ္ဂဇင်း ကင်းမျှော်စင် ကို သူတို့၏ ပတ်စဉ်စည်းဝေးတွင် အပိုဒ်များအပေါ် အမေးအဖြေပါသော အကြောင်းအရာများကို လေ့လာကြသည်။ အဖြေပေးရန် ညီအစ်မများအပါအဝင် အသင်းသားများကို ဦးဆောင်သူညီအစ်ကိုတစ်ဦးဖြစ်သူက နာမည်ခေါ်ပါသည်။ သို့သော် ဤညီအစ်မများသည် သွန်သင်နေခြင်းမဟုတ်ပါ။ အကြောင်းအရာတွင်ပါသည့်အရာကို သူတို့၏စကားနှင့် ထုတ်ဖေါ်ခြင်းသာဖြစ်သည်။ ကလေးများကိုပင် အဖြေပေးရန် တိုက်တွန်းပြီး သူတို့အဖြေများသည် အများအားဖြင့် တိုတိုနှင့်ရိုးရိုးလေးဖြစ်သည်။ ခေတ်စကားနှင့်ပြောရလျှင် ဦးခေါင်းထဲသံရိုက်သွင်းလိုက်ခြင်းဖြစ်သည်။
ပေါလုက မိန်းမနှင့်ပတ်သက်၍ ဤသို့လည်းပြောသေးသည်။ “မိန်းမသည်တစ်စုံတစ်ခုကိုသင်လိုလျှင် အိမ်၌မိမိခင်ပွန်းတို့ကို မေးမြန်းကြစေ။ မိန်းမသည်အသင်းတော်၌ ဟောပြောလျှင် ရှက်ဖွယ်သောအကြောင်းဖြစ်၏။” (၁ ကောရိန္သု ၁၄:၃၅) ဆိုလိုသည်မှာ စည်းဝေးအတွင်းဖတ်သော သို့မဟုတ် ပြောသောအကြောင်းတစ်ခုကို နားမလည် သို့မဟုတ် အနှောင့်အယှက်ဖြစ်လျှင် အသင်းတော်ရှေ့၌ သူတို့ငြင်းခုံချေပခြင်းမပြုသင့်ပေ။ သို့အစား အိမ်တွင်မိမိတို့ယောက်ျားများကို မေးမြန်းဖို့ဖြစ်သည်။
သို့သော်ခရစ်ယာန်မိန်းမများသည် ယောက်ျားများကိုဟောပြောနိုင်သောအခါ ရှိလေသည်။ ယေဟောဝါသက်သေများသည် နိုင်ငံတော်သတင်းကောင်းကို တစ်အိမ်တက်တစ်အိမ်ဆင်းဟောရန် အချိန်များစွာသုံးကြသည်။ မိန်းမဟောပြောသူတစ်ဦးသည် ယောက်ျားတစ်ဦးကိုတွေ့လျှင် ရှောင်ထွက်သွားရန်လော။ မဟုတ်ပါ။ ဤတွင်သူမသည် အသင်းတော်ကိုဟောနေခြင်းမဟုတ်ဘဲ မယုံကြည်သူတစ်ဦးအား ဟောနေခြင်းဖြစ်သည်။ အလားတူပင် အမျိုးသမီးအမှုဆောင်တစ်ဦးသည် ဖခင်ရှေ့၌ပင် န-ခရစ်ယာန်အိမ်ထောင်၌ ကျမ်းစာသင်အံမှုလုပ်နိုင်ပါသည်။
ယေရှုခရစ် ပြောင်မြောက်သောပုံသက်သေ
ယေရှုခရစ်သည် ကျွန်ုပ်တို့အထူးပုံသက်သေ ယူထိုက်သော သူပါတကား။ ကိုယ်တော်သည် မြေကြီးပေါ်နေခဲ့သူဟူသမျှတွင် အကောင်းဆုံးသွန်သင်သူ၊ အကောင်းဆုံးဟောပြောသူ ဇွဲအရှိဆုံး လုပ်သားနှင့် မေတ္တာအရှိဆုံးအကြံပေးသူဖြစ်သည်။ ကိုယ်တော်၏ ခြေတော်ရာကို လိုက်လျှောက်ရခြင်းသည် အကြီးမားဆုံးအခွင့်အရေးဖြစ်သည်။ ယင်းကိုသင်ကြိုးစားပြုလုပ်နေပါသလော။
ယေဟောဝါသက်သေများ သန်းချီ၍ ကိုယ်တော်၏ပုံသက်သေကို မစုံမလင်ဖြစ်သော်လည်း ကြိုးစားတုပကြသည်။ ကိုယ်တော်.နည်းလမ်းသည် ယနေ့ဓမ္မဆရာအများနှင့် ကွာခြားလှသည်။ ကိုယ်တော်သည် ဘုရားကျောင်းခေါင်းလောင်းတီးပြီး သူ့ထံလူအလာကို စောင့်မနေခဲ့ပါ။ သို့ပြုမည့်အစား ကိုယ်တော်သည် လူများထံသွားပြီး သူတို့၏အိမ်များ၊ တောင်များနှင့်ဂါလိလဲကမ်းခြေတို့တွင် သွန်သင်ပေးခဲ့၏။ အချို့အချိန်များတွင် ကိုယ်တော်သည် ထောင်ပေါင်းများစွာကို ဟောပြောခဲ့သည်။—မဿဲ ၉:၃၅၊ ၁၃:၃၆၊ လုကာ ၈:၁။
နွမ်းပါးသူ၊ ဖျားနာသူနှင့်အသက်ကြီးရင့်သူများကိုကူညီခြင်း
ဤသို့သောသူများ ယနေ့မည်မျှရှိသနည်း။ သန်းချီ၍ရှိသည်။ ကမ္ဘာ့အခြေအနေများ လျင်မြန်စွာ ယိုယွင်းလာသည်နှင့်အမျှ လက်ရှိကမ္ဘာ့စနစ်များ အာမဂေဒုန်တွင် လုံးဝအဆုံးသတ်တော့မည်ဖြစ်၍ ထိုအရေအတွက်လည်း တိုးနှုန်းမြန်လျက်ရှိသည်။ (ဗျာဒိတ် ၁၆:၁၆) သဘာဝဘေးဒဏ်၊ ငတ်မွတ်ခေါင်းပါးခြင်းနှင့် ကာလနာရောဂါများက အထိအခိုက်ပိုများစေသည်။ ရှေးခရစ်ယာန်များသည်လည်း ထိုသို့သောပြဿနာများရင်ဆိုင်ခဲ့ရသည်။ ခသ ၄၆ ခန့်တွင် ကလောဒိသည် ရောမဘုရင်ဖြစ်ခဲ့စဉ် ကျယ်ပြန့်သော ခေါင်းပါးခြင်းဘေးဆိုက်ခဲ့သည်။ သို့နှင့် တပည့်တော်များဘာပြုလုပ်ကြသနည်း။ “ထိုအခါတပည့်တော်တို့သည် အသီးအသီးတတ်နိုင်ကြသည်အတိုင်း ယုဒပြည်၌နေသော ညီအစ်ကိုတို့အား အကူအမပေးလိုက်မည်” ဟုဆုံးဖြတ်ကြသည်။—တမန်တော် ၁၁:၂၇-၃၀။
မျက်မှောက်ခေတ် ယေဟောဝါသက်သေများသည် ဒုက္ခရောက်သူများ သို့မဟုတ် လိုအပ်နေသူများကို မကြာခဏ ကယ်ဆယ်ရေးများ ရက်ရောစွာပေးခဲ့ကြသည်။ မကြာသေးမီက မိုဇမ်ဘစ်နိုင်ငံသည် ပြည်တွင်းစစ်ကြောင့် ဖျက်ဆီးခံရသောအခါ အစားအစာများ၊ ဆေးဝါးများနှင့် အခြားအခြေခံအရာများ လိုအပ်ခဲ့ရာ အနီးအနား တောင်အာဖရိကမှ ယေဟောဝါသက်သေများသည် ဒုက္ခရောက်နေသူ ညီအစ်ကိုများကို အကူညီပေးကြ၏။ မြောက်များလှစွာသော အဝတ်အစားနှင့် အခြားပစ္စည်းများကို စုဆောင်းပြီး ကုန်တင်ကားကြီးများနှင့် မြို့တော်မပူတို သို့ပို့လိုက်သည်။
သမ္မာကျမ်းပရောဖက်ပြုချက်ကိုပြည့်စုံစေခြင်း
မှန်ပါသည်။ ယနေ့ဘုရား၏ အမှုဆောင်စစ်များသည် သမ္မာကျမ်းပရောဖက်ပြု ပြည့်စုံချက်များတွင်ပါဝင်ရသော ကြီးမြတ်လှသောအခွင့်အရေးများရထားသည်။ မည်သို့နည်း။ တပည့်တော်များယေရှုကို မေးခွန်းမေးခဲ့သော သမိုင်းဝင်အချိန်တွင်ဖြစ်သည်။ “ထိုအမှုအရာတို့သည် အဘယ်ကာလမှ ဖြစ်မည်ကိုလည်းကောင်း၊ ကိုယ်တော်သည်ကြွလာ၍ ဤကပ်ကမ္ဘာကုန်သော ပုပ္ပနိမိတ်သည် အဘယ်နိမိတ်ဖြစ်မည်ကိုလည်းကောင်း အမိန့်ရှိတော်မူပါဟုလျှောက်ကြ၏။” ကိုယ်တော်က ကမ္ဘာ့စစ်ပွဲများ၊ ငတ်မွတ်ခြင်း၊ မြေငလျင်လှုပ်ခြင်းနှင့် အဓမ္မမှုအချိန်တွင် “နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို လောကီနိုင်ငံအရပ်ရပ်ရှိသမျှတို့၌ ဟောရလိမ့်မည်။” (မဿဲ ၂၄:၃၊ ၁၄) ပေါလုသည် “တစ်အိမ်မှတစ်အိမ်” ဟောပြောခြင်းဖြင့် အမှုဆောင်စစ်များအတွက် ပုံသက်သေပြခဲ့သည်။—တမန်တော် ၂၀:၂၀။
ယေဟောဝါသက်သေများသသည်ဟောပြောခြင်းလုပ်ငန်းတွင် ဇွဲရှိကြောင်းကို ကမ္ဘာတစ်ဝှမ်းလုံးက သိရှိကြသည်။ သင်၏အိမ်သို့လည်း သူတို့လာဘူးပေမည်။ သူတို့ကို သင်ကောင်းကောင်းနားထောင်ဘူးပါသလော။ နားမထောင်ရသေးလျှင် နောက်တစ်ခေါက်သင့်ထံလာသော် နားထောင်လျှင်မကောင်းပေလော။ သင်သည်သဘောချင်းတိုက်ဆိုင်နေကြောင်း အံ့သြသွားမည်မှာမလွဲချေ။