ယေရှု၏ ဘဝနှင့် ဓမ္မအမှု
လက်တွေ့ကျ အမြော်အမြင်ဖြင့် အနာဂတ်ကိုစီမံ
ယေရှုသည် ဖြုန်းတီးသောသား ပုံပြင်ကို မိမိ၏တပည့်များ၊ မရိုးသားသော အခွန်ခံများ၊ အခြားအပြစ်သားဟု ယူဆခံရသူများနှင့် ကျမ်းပြုဆရာဖါရိရှဲများ အပါအဝင် လူအုပ်ကိုဟောပြောပြီးခါစဖြစ်သည်။ ယခုတွင် မိမိ၏တပည့်တော်များထံ ရည်ညွှန်းလျက် သူကြွယ်တစ်ဦး မိမိ၏အိမ်အုပ် သို့မဟုတ် ဘဏ္ဍာထိန်းနှင့်ပတ်သက်၍ မကောင်းသတင်းရရှိသည့်အကြောင်း ပုံဥပမာကိုယေရှုပြောပြလေသည်။
ယေရှုပုံပြင်အရ သူဌေးသည် သူ၏ဘဏ္ဍာထိန်းကိုခေါ်၍ သူ့အား ထုတ်ပယ်လိုက်မည့်အကြောင်းပြောသည်။ ထိုအခါဘဏ္ဍာထိန်းက “ငါသည်အဘယ်သို့ပြုရမည်နည်း။” ဟုစဉ်းစားသည်။ “ငါ၏သခင်သည် ဘဏ္ဍာစိုးအရာကို နှုတ်လေပြီ။ လယ်လုပ်ခြင်းငှာမစွမ်းနိုင်။ သူတောင်းစားလုပ်ခြင်းငှာရှက်ကြောက်၏။ ဘဏ္ဍာစိုးအရာမှ ကျသည်နောက်သူတစ်ပါးတို့သည် မိမိတို့အိမ်၌ ငါ့ကိုလက်ခံစေခြင်းငှာ အဘယ်သို့ပြုရမည်ကို ငါသိ၏။”
ဘဏ္ဍာထိန်းကြံစည်ပုံကားအဘယ်နည်း။ သို့နှင့် သူက သူ၏သခင်ထံ ကြွေးမြီတင်နေသူများကိုခေါ်လိုက်သည်။ “ဆပ်ပေးရန်သင်၌ အဘယ်မျှလောက်ရှိသနည်း။” ဟုသူကမေးသည်။
‘ဆီအခွက်တစ်ထောင်’ ဟုပထမလူကဖြေသည်။
‘သင်၏စာရင်းကိုယူ၍ အသော့ထိုင်ပြီးလျှင် အခွက်ငါးရာကိုရေးမှတ်လော့’ ဟုသူကပြောသည်။
နောက်တစ်ဦးကိုလည်းခေါ်၍ ‘ဆပ်ပေးရန်သင်၌ အဘယ်မျှလောက်ရှိသနည်း။’ ဟုမေး၏။
‘ဂျုံစပါးအတင်းတစ်ထောင်’ ဟုသူဆိုသည်။
‘သင်၏စာရင်းကိုယူ၍ အတင်းရှစ်ရာကိုရေးမှတ်လော့။’
ဘဏ္ဍာစိုးသည် သူ့သခင်၏ ငွေကြေးတာဝန်ခံဖြစ်နေသေးသောကြောင့် သူ့သခင်၏ ကြွေးစာရင်းကိုလျှော့ချပိုင်ခွင့်ရှိလေသည်။ ဤသို့လျှော့ချပေးခြင်းဖြင့် သူအလုပ်ပြုတ်သောအခါ သူ့အားကူညီပေးနိုင်မည့် သူများနှင့် အဆွေဖွဲ့နေခြင်းဖြစ်သည်။
ဖြစ်ပျက်ပုံကို သခင်ကြားသော် သူအံအားသင့်သွားသည်။ “မတရားသောထိုဘဏ္ဍာစိုးသည် လိမ်မာစွာပြုသည်ကို” သခင်ချီးမွမ်းလေသည်။ ယေရှုကဆက်ပြောသည်။ “လောကီသားတို့သည် မိမိတို့အမှုကိုဆောင်ရွက်ရာတွင် အလင်းသို့ရောက်သော သူတို့ထက်သာ၍ လိမ်မာကြ၏။”
ဤတွင်သူ၏ တပည့်တော်များအတွက် သင်ခန်းစာထုတ်ပေးပြီး ဤသို့အားပေးလေသည်။ “သင်တို့သည်စုတေ့သောအခါ အစဉ်အမြဲတည်သော ဗိမာန်၌သင်တို့ကို လက်ခံလတံ့သောအဆွေရှိစေခြင်းငှာ မမြဲသောလောကီစည်းစိမ်ကို သုံးဆောင်ကြလော့။”
ယေရှုသည် ဘဏ္ဍာစိုးအားသူ၏မဖြောင့်မတ်မှုအတွက် မဟုတ်ဘဲ သူ၏အဝေးကိုကြိုမြင်သော လက်တွေ့ကျအမြော်အမြင်ရှိပုံကို ချီးမွမ်းနေခြင်းဖြစ်သည်။ အများအားဖြင့် “လောကီသားတို့သည်” ပါးနပ်စွာဖြင့် သူတို့၏ငွေ သို့မဟုတ် ရာထူးကို သူတို့အားပြန်အကျိုးပြုနိုင်မည့် သူများနှင့် အဆွေဖြစ်ရန်အတွက် အသုံးပြုကြသည်။ ထို့ကြောင့်ဘုရား၏ကျေးကျွန်များ “အလင်း၏သားများ” လည်း သူတို့၏ရုပ်ပစ္စည်း သူတို့၏ “မဖြောင့်မတ်သောစည်းစိမ်” ကို သူတို့အားပြန်လည်အကျိုးပြုမည့်နည်းဖြင့် ပညာရှိစွာသုံးသင့်သည်။
သို့သော်ယေရှုဆိုသည့်အတိုင်း သူတို့သည်အစဉ်အမြဲတည်သောဗိမာန်၌ သူတို့အား လက်ခံမည့်သူများနှင့် အဆွေဖြစ်ရန် ဤစည်းစိမ်များကို သုံးသင့်သည်။ သိုးစုငယ်အတွက် ဤနေရာများသည် ကောင်းကင်တွင်ရှိသည်။ အခြားသိုးများအတွက်မူ မြေကြီးပရဒိသုတွင်တည်ရှိသည်။ ယေဟောဝါနှင့်ကိုယ်တော်၏သားတော်သာ လူများကို ဤနေရာများ၌ လက်ခံနိုင်သောကြောင့် ကျွန်ုပ်တို့သည် “မဖြောင့်မတ်သောစည်းစိမ်” ကိုသုံးရာ၌ အားထုတ်သင့်သည်။ ကျွန်ုပ်တို့သည် နိုင်ငံတော်အကျိုးအတွက် ထောက်မခြင်းဖြင့် သူတို့နှင့် အဆွေဖြစ်နိုင်သည်။ သို့ဖြင့် မုချဖြစ်လာမည့် ရုပ်ပစ္စည်းအရာမဝင် သို့မဟုတ် ပျက်စီးသွားသောအခါ ကျွန်ုပ်တို့ထာဝရနောင်ရေးမူ စိတ်ချရမည်။
ယေရှုကဆက်၍ ဤရုပ်ပစ္စည်း သို့မဟုတ် သေးငယ်သောအရာတွင် သစ္စာရှိသူသည် သာ၍ကြီးသောအရာတွင်လည်း သစ္စာရှိမည်ဟု ဆိုခဲ့သည်။ “ထို့ကြောင့်” ကိုယ်တော်ကဆက်၍ “သို့ဖြစ်၍ မမြဲသောစည်းစိမ်ကို သုံးရာတွင် သင်တို့သည်သစ္စာမရှိလျှင် မှန်သောစည်းစိမ် [ဝိညာဏ သို့မဟုတ် နိုင်ငံတော်ရေးရာကိုဆိုလို] ကိုသင်တို့၌ အဘယ်သူအပ်မည်နည်း။ သူတစ်ပါးအမှု၌ [ကိုယ်တော်.ကျေးကျွန်များအား ဘုရားသခင်အပ်နှင်းသော နိုင်ငံတော်ရေးရာ] သင်တို့သည်သစ္စာမရှိလျှင် အဘယ်သူသည်အပိုင် [ထာဝရနေထိုင်ရာ အရပ်များတွင် ရမည့်အသက်ဆု] ပေးမည်နည်း။
ကျွန်ုပ်တို့သည် “မဖြောင့်မတ်သောစည်းစိမ်” ရုပ်ပစ္စည်းများ၏ကျွန်ဖြစ်နေစဉ် တစ်ချိန်တည်းတွင် ဘုရား၏ကျေးကျွန်စစ် မဖြစ်နိုင်ချေ။ ယေရှုနိဂုံးချုပ်ထားသကဲ့သို့ပင်ဖြစ်သည်။ “အဘယ်သူမျှသခင်နှစ်ဦးအစေမခံနိုင်။ သခင်တစ်ဦးကို မုန်း၍တစ်ဦးကိုချစ်မည်။ သခင်တစ်ဦးကိုမှီခို၍ တစ်ဦးကို မခန့်မညားပြုမည်။ သင်တို့သည်ဘုရားသခင်၏အစေကိုလည်းကောင်း လောကီစည်းစိမ်၏အစေကိုလည်းကောင်း မခံနိုင်ကြဟုမိန့်တော်မူ၏။” လုကာ ၁၅:၁၊ ၂။ ၁၆:၁–၁၃။
◆ ယေရှု၏ ပုံဥပမာရှိ ဘဏ္ဍာစိုးသည် သူ့အားပြန်လည် ကူညီပေးနိုင်မည့်သူများနှင့် မည်သို့အဆွေဖွဲ့သနည်း။
◆ “မဖြောင့်မတ်သောစည်းစိမ်” ကားအဘယ်နည်း။ ယင်းတို့ဖြင့်ကျွန်ုပ်တို့မည်သို့အဆွေဖွဲ့နိုင်သနည်း။
◆ ကျွန်ုပ်တို့အား “အစဉ်အမြဲတည်သောနေရာ၌” မည်သူလက်ခံနိုင်ပြီး ယင်းနေရာများကားအဘယ်နည်း။