အခန်း ၈၇
လက်တွေ့ကျ အမြော်အမြင်ဖြင့် အနာဂတ်ကိုစီမံ
ဖြုန်းတီးသောသားပုံပြင်ကို မိမိ၏တပည့်များ၊ မရိုးသားသောအခွန်ခံများ၊ အပြစ်သားဟုယူဆခံရသောအခြားသူများနှင့်ကျမ်းပြုဆရာဖာရိရှဲများအပါအဝင် လူအုပ်ကိုဟောပြောပြီးခါစဖြစ်သည်။ ယခုတွင် မိမိ၏အိမ်တော်အုပ် သို့မဟုတ် ဘဏ္ဍာထိန်းနှင့်ပတ်သက်၍ မကောင်းသတင်းရရှိသည့်သူကြွယ်တစ်ဦးပုံဥပမာကို တပည့်များအားယေရှုပြောပြလေသည်။
ယေရှုပုံပြင်အရ သူဌေးသည် သူ၏ဘဏ္ဍာထိန်းကိုခေါ်၍ သူ့အား ထုတ်ပယ်လိုက်မည့်အကြောင်းပြောသည်။ ထိုအခါဘဏ္ဍာထိန်းက “ငါသည်အဘယ်သို့ပြုရမည်နည်း” ဟုစဉ်းစားသည်။ “ငါ၏သခင်သည် ဘဏ္ဍာစိုးအရာကိုနှုတ်လေပြီ။ လယ်လုပ်ခြင်းငှာမစွမ်းနိုင်။ သူတောင်းစားလုပ်ခြင်းငှာရှက်ကြောက်၏။ ဘဏ္ဍာစိုးအရာမှကျသည့်နောက် သူတစ်ပါးတို့သည် မိမိတို့အိမ်၌ ငါ့ကိုလက်ခံစေခြင်းငှာ အဘယ်သို့ပြုရမည်ကိုငါသိ၏။”
ဘဏ္ဍာထိန်းကြံစည်ပုံကားအဘယ်နည်း။ သို့နှင့်သူက သူ၏သခင်ထံကြွေးမြီတင်သူများကိုခေါ်လိုက်သည်။ “ဆပ်ပေးရန်သင်၌ အဘယ်မျှလောက်ရှိသနည်း” ဟုသူကမေးသည်။
‘သံလွင်ဆီ ဂါလံ ၅၈၀’ ဟုပထမလူကဖြေသည်။
‘သင်၏စာရင်းကိုယူ၍ အသော့ထိုင်ပြီးလျှင် ဂါလံ ၂၉၀ ကိုရေးမှတ်လော့’ ဟုသူကပြောသည်။
နောက်တစ်ဦးကိုလည်းခေါ်၍ ‘ဆပ်ပေးရန်သင်၌ အဘယ်မျှလောက်ရှိသနည်း’ ဟုမေး၏။
‘ဂျုံစပါးတင်း ၆၃၀’ ဟုသူဆိုသည်။
‘သင်၏စာရင်းကိုယူ၍ ၅၀၄ တင်းကိုရေးမှတ်လော့။’
ဘဏ္ဍာစိုးသည် သူ့သခင်၏ငွေကြေးတာဝန်ခံဖြစ်နေသေးသောကြောင့် သခင်၏ကြွေးစာရင်းကိုလျှော့ချပိုင်ခွင့်ရှိလေသည်။ ဤသို့လျှော့ချပေးခြင်းဖြင့် သူအလုပ်ပြုတ်သောအခါ သူ့အားကူညီပေးနိုင်မည့်သူများနှင့် အဆွေဖွဲ့နေခြင်းဖြစ်သည်။
ဤအဖြစ်အပျက်ကိုသခင်စွဲမှတ်သွားသည်။ ‘မတရားသောထိုဘဏ္ဍာစိုးသည် လက်တွေ့ကျအမြော်အမြင်နှင့်ပြုသည် ကိုသခင်ချီးမွမ်းသည်။ ယေရှုက “လောကီသားတို့သည် မိမိတို့အမှုကိုဆောင်ရွက်ရာတွင် အလင်းသို့ရောက်သောသူတို့ထက်သာ၍လိမ္မာကြ၏” ဟုဆိုသည်။
ဤတွင် တပည့်များအတွက်သင်ခန်းစာထုတ်ပေးပြီး “သင်တို့သည်စုတေ့သောအခါ အစဉ်အမြဲတည်သောဗိမာန်၌ သင်တို့ကိုလက်ခံလတံ့သောအဆွေရှိစေခြင်းငှာ မမြဲသောလောကီစည်းစိမ်ကို သုံးဆောင်ကြလော့” ဟူ၍ယေရှုအားပေးပါသည်။
ယေရှုသည်ဘဏ္ဍာစိုးအား သူ၏မဖြောင့်မတ်မှုအတွက်မဟုတ်ဘဲ အဝေးကိုကြိုမြင်သော လက်တွေ့ကျအမြော်အမြင် ရှိခြင်းကိုချီးမွမ်းနေခြင်းဖြစ်သည်။ အများအားဖြင့် “လောကီသားတို့သည်” ပါးနပ်စွာဖြင့် သူတို့၏ငွေ သို့မဟုတ် ရာထူးကို သူတို့အားပြန်အကျိုးပြုနိုင်မည့်သူများနှင့်အဆွေဖြစ်ရန်အတွက်အသုံးပြုကြသည်။ ထို့ကြောင့်ဘုရား၏ကျေးကျွန် “အလင်း၏သားများ” လည်း သူတို့၏ရုပ်ပစ္စည်း “မဖြောင့်မတ်သောစည်းစိမ်” ကို သူတို့အားပြန်လည်အကျိုးပြုမည့်နည်းဖြင့် ပညာရှိစွာသုံးသင့်သည်။
သို့သော်ယေရှုဆိုသည့်အတိုင်း “အစဉ်အမြဲတည်သောနေရာ” ၌ သူတို့အားလက်ခံမည့်သူများနှင့်အဆွေဖြစ်ရန် စည်းစိမ်ကိုသုံးသင့်သည်။ သိုးစုငယ်အတွက် ဤနေရာသည်ကောင်းကင်တွင်ဖြစ်၍ အခြားသိုးများအတွက်မူမြေကြီးပရဒိသုတွင်ဖြစ်သည်။ ယေဟောဝါနှင့်ကိုယ်တော်၏သားတော်သာ ဤနေရာများ၌လူတို့ကိုလက်ခံနိုင်သောကြောင့် ကျွန်ုပ်တို့သည် “မဖြောင့်မတ်သောစည်းစိမ်” ကိုနိုင်ငံတော်အကျိုးအတွက်အသုံးပြုခြင်းဖြင့် သူတို့နှင့်အဆွေဖြစ်နိုင်ရန်အားထုတ်သင့်သည်။ သို့ဖြင့် ရုပ်ပစ္စည်းများအရာမဝင်ပျက်စီးသောအခါ ကျွန်ုပ်တို့၏ထာဝရနောင်ရေးအတွက်စိတ်ချရလိမ့်မည်။
ဤရုပ်ပစ္စည်းဖြစ်သည့် သေးငယ်သောအရာတွင်သစ္စာရှိသူသည် သာ၍ကြီးသောအရာတွင်လည်း သစ္စာရှိမည်ဟု ယေရှုကဆက်၍ဆိုသည်။ “သို့ဖြစ်၍ မမြဲသောစည်းစိမ်ကိုသုံးရာတွင် သင်တို့သည်သစ္စာမရှိလျှင် မှန်သောစည်းစိမ် [ဝိညာဏ သို့မဟုတ် နိုင်ငံတော်ရေးရာကိုဆိုလို] ကိုသင်တို့၌ အဘယ်သူအပ်မည်နည်း။ သူတစ်ပါးအမှု၌ [ကိုယ်တော့်ကျေးကျွန်များအား ဘုရားသခင်အပ်နှင်းသော နိုင်ငံတော်ရေးရာ] သင်တို့သည်သစ္စာမရှိလျှင် အဘယ်သူသည်အပိုင် [ထာဝရနေထိုင်ရာ အရပ်များတွင် ရမည့်အသက်ဆု] ပေးမည်နည်း။”
ကျွန်ုပ်တို့သည် “မဖြောင့်မတ်သောစည်းစိမ်” ရုပ်ပစ္စည်းများ၏ကျွန်ဖြစ်နေစဉ် တစ်ချိန်တည်းတွင် ဘုရား၏ကျေးကျွန်စစ်မဖြစ်နိုင်ချေ။ ယေရှုနိဂုံးချုပ်သကဲ့သို့ပင် “အဘယ်သူမျှသခင်နှစ်ဦးအစေမခံနိုင်။ သခင်တစ်ဦးကိုမုန်း၍ တစ်ဦးကိုချစ်မည်။ သခင်တစ်ဦးကိုမှီခို၍ တစ်ဦးကိုမခန့်မညားပြုမည်။ သင်တို့သည်ဘုရားသခင်၏အစေကိုလည်းကောင်း၊ လောကီစည်းစိမ်၏အစေကိုလည်းကောင်း မခံနိုင်ကြ။” လုကာ ၁၅:၁၊ ၂၊ ၁၆:၁-၁၃။ ယောဟန် ၁၀:၁၆။
▪ ယေရှု၏ပုံဥပမာရှိဘဏ္ဍာစိုးသည် နောင်တွင်သူ့အားကူညီပေးနိုင်မည့်သူများနှင့် မည်သို့အဆွေဖွဲ့သနည်း။
▪ “မဖြောင့်မတ်သောစည်းစိမ်” ကားအဘယ်နည်း။ ယင်းတို့ဖြင့်ကျွန်ုပ်တို့မည်သို့အဆွေဖွဲ့နိုင်သနည်း။
▪ ကျွန်ုပ်တို့အား “အစဉ်အမြဲတည်သောနေရာ၌” မည်သူလက်ခံနိုင်ပြီး ယင်းနေရာများကားအဘယ်နည်း။