ပြည့်တန်ဆာမကြီး၏ ဇာတိရုပ် ဖေါ်ထုတ်
စာတန်၏ထိန်းချုပ်မှုအောက်ရှိ မျက်မှောက်ကမ္ဘာစနစ်ကြီး၌ “ဤလောက၏ဘုရား” စီမံကြိုးဆွဲနေသော အင်အားစုသုံးရပ်ရှိသည်။ ယင်းတို့မှာ နိုင်ငံရေးအုပ်ချုပ်မှု၊ ဧရာမစီးပွားရေးကြိုးကိုင်ချယ်လှယ်မှုနှင့် ဘာသာတရားတို့ဖြစ်သည်။ လူ့သမိုင်းနှစ်ထောင်ပေါင်းများစွာအတွင်း ယင်းအင်အားစုသုံးရပ်တို့သည် အုပ်ချုပ်ရေးစနစ်တိုင်းတွင် အပြောင်းအလဲမရှိသောအရာများ ဖြစ်ကြသည်။ တန်ခိုးကြီးသော ဤအင်အားစုတို့မှ အဘယ်အင်အားစုကို “ပြည့်တန်ဆာတို့၏အမိ” က အထိမ်းအမှတ်ပြုသနည်း။ —၂ ကောရိန္သု ၄:၃၊ ၄။ The Jerusalem Bible; ဗျာဒိတ် ၁၂:၉; ၁၇:၅။
ဤတွင်ဆွေးနွေးနေသော ယောဟန်၏ရူပါရုံအရ “လောကီရှင်ဘုရင်တို့” တည်းဟူသော အုပ်စိုးရှင်တို့သည် သူမ၏မတရားမေထုန်ကုတင်ပေါ် စိတ်ပါလက်ပါတက်ခဲ့ကြသည်။ (ဗျာဒိတ် ၁၈:၃) (ဤအကြောင်းနှင့်ပတ်သက်သော သမိုင်းအထောက်အထားများကို ရှေ့စာမျက်နှာများ၌ တင်ပြမည်။) ထိုကြောင့်မဟာဗာဗုလုန်သည် ဤကမ္ဘာ့စနစ်ကြီး၏ နိုင်ငံရေးအုပ်ချုပ်ရေး အင်အားစုကို အထိမ်းအမှတ်ပြုသောအရာမဖြစ်နိုင်ပေ။
ယနေ့လူ့ရေးလူ့ရာတွင် အလွန်အရေးပါလှသောကဏ္ဍမှာပါဝင်နေသည့် ဧရာမစီးပွားရေးနှင့်ပတ်သက်၍ မည်သို့ဆိုမည်နည်း။ ယင်းသည် နိုင်ငံအများ၌ အမှန်ပင်တန်ခိုးကြီးမားသော ဩဇာတစ်ရပ်ဖြစ်ပေသည်။ အမှန်ဆိုရလျှင် မည်သူချမ်းသာ၍ မည်သူဆင်းရဲမည်ကိုပင် အဆုံးအဖြတ်ပေးသည်။ ယင်းသည် မဟာဗာဗုလုန်ဖြစ်သလော။ ဤမေးခွန်းကိုဖြေဆိုပေးသည့် အရေးကြီးသော သဲလွန်စတစ်ခုကို ယောဟန်အား ကောင်းကင်တမန်ပေးခဲ့သည်။ ဗာဗုလုန်မြို့ကြီးပျက်သုဉ်းလေပြီဟူသော တုန်လှုပ်ချောက်ခြားစရာ အဖြစ်အပျက်ကို သူကြေညာခဲ့သည်။ သူမစက်ဆုပ်ရွံရှာစရာကောင်းကြောင်းကို ရုတ်တရက်တွေ့လာကြသော သူမ၏ဖောက်သည်များနှင့် လင်ငယ်များတို့ကို သူမလက်လွှတ်နေရသည်။ “လောကီရှင်ဘုရင်တို့” အပြင် သူမထံမှန်မှန်သွားသောဧည့်သည် မည်သူရှိသေးသနည်း။ ကောင်းကင်တမန် ဤသို့ဖေါ်ပြ၏။ “အကြောင်းမူကား လူမျိုးအပေါင်းတို့သည် သူမ၏မတရားသောမေထုန်၏ အဆိပ်အတောက်တည်းဟူသော စပျစ်ရည်ကိုသောက်ကြပြီ။ လောကီရှင်ဘုရင်တို့သည် မတရားမေထုန်ကို သူနှင့်ပြုကြပြီ။ လောကီကုန်သည်တို့သည် သူ၏ကာမဂုဏ်စည်းစိမ်ကြွယ်ဝခြင်းအားဖြင့် ဥစ္စာရတတ်ကြပြီ။” မှန်ပေသည်။ လောကီကုန်သည်တို့သည် သူမနှင့် ကုန်သွယ်ခြင်း၊ ပေါင်းဖေါ်ခြင်းအားဖြင့် သူမ၏ ‘အရှက်မရှိသော ကာမဂုဏ်စည်းစိမ်’ ကို တိုးပွားစေရာမှ သူတို့လည်း အကျိုးအမြတ်ထုတ်ယူခဲ့ကြသည်။ သို့ဖြစ်သောကြောင့် သူမသည် ကမ္ဘာချီကြီးကျယ်သော ဧရာမစီးပွားရေးလုပ်ငန်းကိုလည်း အထိမ်းအမှတ်ပြုသောအရာမဖြစ်နိုင်ပေ။—ဗျာဒိတ် ၁၈:၃။
ထိုကြောင့် ဤသို့စစ်ထုတ်လိုက်သောအခါ နိုင်ငံရေးအုပ်ချုပ်ရေးနှင့် ဧရာမစီးပွားရေးကြိုးကိုင်ချယ်လှယ်မှုတို့ကို ထည့်စဉ်းစားစရာမလိုတော့ပေ။ သို့ဖြစ်လျှင် ဘာကျန်နေသနည်း။ “လူအမျိုးမျိုးတို့သည် သင်၏ပြုစားခြင်းပရိယာယ်အားဖြင့် လှည့်ဖြားခြင်းကိုခံရကြပြီ” ဟူသောစွဲချက်နှင့်လည်း ကိုက်ညီသော အင်အားစုပင်ဖြစ်ရပေမည်။ ယင်းသည် တစ်ချိန်က တန်ခိုးကြီးထွားခဲ့သော်ငြားလည်း ယခုအခါ မှေးမှိန်ဆုတ်ယုတ်လျက်ရှိသော အင်အားစု၊ ရှေးဗာဗုလုန်ခေတ်မှစ၍ လူမျိုးတိုင်း၏အတွေးအခေါ်နှင့် အပြုအမူတို့ကို အကြီးအကျယ် ဩဇာညောင်းလာခဲ့သော အင်အားစုပင်ဖြစ်သတည်း။ သူမသည် ‘မြေကြီးဘုရင်မင်းတို့ကို အစိုးရသောနိုင်ငံ’ ကိုပိုင်သော သူတည်းဟူသော မှောက်မှားသောဘာသာပင်ဖြစ်သည်။—ဗျာဒိတ် ၁၇:၁၈။ ၁၈:၂၃။
စိတ်ရိုးသားဖြောင့်မတ်သော ဘာသာရေးသမားအချို့အဖို့ ထိတ်လန့်စရာထင်ရသော်ငြားလည်း မဟာဗာဗုလုန်ပြည့်တန်ဆာတို့၏အမိသည် စာတန့်မှောက်မှားသောဘာသာ၊ ကမ္ဘာ့အင်ပါယာ၏အထိမ်းအမှတ်ဖြစ်ပေသည်။ သူမသည် သမိုင်းတစ်လျှောက်အတွင်း နိုင်ငံရေးနှင့် ငွေကြေးစီမံအုပ်ချုပ်ရေးအင်အားစုတို့ကို တစ်နည်းမဟုတ်တစ်နည်း အလိုလိုက်အကြိုက်ဆောင်ခဲ့လေသည်။
စစ်ဝါဒသမား ဗာဗုလုန်
အနာဂတ္တိရူပါရုံနှင့်အညီ မဟာဗာဗုလုန်သည် နိုင်ငံ၊ လူမျိုးအနွယ်တို့ကို သွေးထွက်သံယိုစစ်ပွဲများ၊ ခရူးဆိတ်စစ်ပွဲများနှင့် လူမျိုးရေးမုန်းတီးတိုက်ခိုက်မှုများဆီသို့ ခေါ်ဆောင်သွားလျက် သူတို့အား ဂါထာမန္တရားရွတ်ဖတ်ခြင်း၊ သန့်ရှင်းသောရေ၊ ဆုတောင်းခြင်းနှင့် ရဲရဲတောက်မျိုးချစ်မိန့်ခွန်းများ ချွေခြင်းအားဖြင့် ကောင်းချီးပေးလာခဲ့သည့် ပြည့်တန်ဆာမကြီးဖြစ်ပေသည်။a—ဗျာဒိတ် ၁၈:၂၄။
သူမ၏ဓမ္မဆရာဘုန်းကြီးများ၊ အထူးသဖြင့် စစ်တပ်တွင်အမှုထမ်းသော သင်းအုပ်ဆရာ၊ ဂိုဏ်းအုပ်ဆရာတို့သည် ကမ္ဘာစစ်ကြီးနှစ်ခုနှင့် အခြားတိုက်ပွဲကြီးများ၌ မြေဇာပင်များအဖြစ် ပြည်သူလူထုကို စည်းရုံးရာတွင် အုပ်ချုပ်သူတို့၏လက်ကိုင်တုတ်များအဖြစ် တလိုတလားထမ်းဆောင်ခဲ့ကြသည်။ အစုလိုက်အပြုံလိုက်သတ်ဖြတ်ကြရာ ကမ္ဘာစစ်ကြီးနှစ်ခုတည်း၌ လူပေါင်းသန်း ၅၀ မှ ၆၀ ခန့်အသက်ဆုံးရှုံးခဲ့ကြရသည်။
ထိုမျှမက ဘာသာတရားသည် “လောကီရှင်ဘုရင်တို့” အပေါ်၌လည်း အကြီးအကျယ်သြဇာညောင်းရန် ယင်းတို့၏ကံကြမ္မာ၊ ယင်းတို့၏ နောက်ဆက်ခံများကို အဆုံးအဖြတ်ပေးရန် အစဉ်သဖြင့်အားထုတ်ကြိုးပမ်းခဲ့ကြသည်။ သာဓကအနည်းငယ်ကို အကျဉ်းချုံးသုံးသပ်ကြည့်ကြပါစို့။
[အောက်ခြေမှတ်ချက်များ]
a “သန့်ရှင်းသော” ခရူးဆိတ်စစ်ပွဲများ (၁၀၉၆-၁၂၇၀)၊ ဥရောပတွင် အနှစ်သုံးဆယ်စစ်ပွဲ (၁၆၁၈-၄၈)၊ ကမ္ဘာစစ်ကြီးနှစ်ခု နှင့် အိန္ဒိယပြည် (၁၉၄၈) ခွဲခြမ်းစဉ်က ဟိန္ဒူနှင့်မူစလင်လူမျိုး ၂၀၀၀၀၀ ခန့်သတ်ဖြတ်ခံရခြင်းတို့သည် ဘာသာတရားကျူးလွန်ခဲ့သော သွေးချောင်းစီးသည့် ပြစ်မှုကြီးများအနက်မှ သာဓကအနည်းအကျဉ်းမျှသာဖြစ်သည်။
[စာမျက်နှာ ၁ ပါ ရုပ်ပုံ]
နိုင်ငံရေး၊ စီးပွားရေး၊ သို့မဟုတ် ဘာသာရေး၊ မည်သည့်အရာကို “မဟာဗာဗုလုန် ပုံဆောင်သနည်း။