နက်နဲရာတစ်ခုပြည့်တန်ဆာ မဟာဗုလုန်ကားမည်သူနည်း
လူ သန်းပေါင်းများစွာ၏ ဘဝအပေါ် ဩဇာညောင်းခဲ့သော အမျိုးသမီးတစ်ဦး၊ ယုတ်ညံ့သော ပြည့်တန်ဆာ အဆုံးစီရင်ကွပ်မျက်ခံလိုက်ရပြီ။ သို့သော် ရိုးရိုးသာမန်အဆုံးစီရင်ခြင်းမျိုးမဟုတ်ပေ။ ဘာကွာခြားသနည်း။ သူမအား ကွပ်မျက်သော လက်မရွံ့အာဏာသားကား တိရစ္ဆာန်တစ်ကောင်ဖြစ်သည်။ သူမအား ကိုယ်တုံးလုံးချွတ်၍ အသားကို မျိုပြီးလျှင် ရုပ်ကလာပ်ကို မီးရှို့ဖျက်ဆီးပစ်မည့် သားရဲတိရစ္ဆာန်ဖြစ်သည်။ ဩဇာကြီးမားသော ဤအမျိုးသမီးကား မည်သူနည်း။ သားရဲတစ်ကောင်က သူမအား အဘယ်ကြောင့် တိုက်ခိုက်သနည်း။ ဤသို့ကြမ်းကြုတ်သောဘဝဇာတ်သိမ်းမျိုးဖြင့် အဆုံးသတ်ရအောင် သူမဘာလုပ်ခဲ့သနည်း။a—ဗျာဒိတ် ၁၇:၁၆၊ ၁၇။
ဤကား လျှို့ဝှက်နက်နဲဆန်းကြယ်သော ဇာတ်လမ်းတစ်ပုဒ်၏ ကျောရိုးဖြစ်သည်။ သို့သော် စိတ်ကူးယဉ်ဝတ္တုတစ်ပုဒ်အတွက် ဇာတ်လမ်းဇာတ်ကွက်ကား မဟုတ်ပေ။ ယခုပြည့်စုံလျက်ရှိသော သမိုင်းဝင်ဖြစ်ရပ်အမှန်ဖြစ်သည်။ ဤယုတ်ညံ့သော ပြည့်တန်ဆာသည် ယခုအချိန်အထိ သင့်ဘဝအပေါ် ဩဇာညောင်းလျက်ရှိချင်ရှိမည်ဖြစ်သောကြောင့် သင်နှင့်လည်း ကင်းမည်မဟုတ်ပေ။ ထိုမျှမက သင်သူမနှင့်အတူနေခြင်း သို့မဟုတ် ကင်းကင်းရှင်းရှင်းနေခြင်းသည် သေရေးရှင်ရေးတမျှအရေးကြီးသည်။ သို့ဖြစ်လျှင် သူမကား မည်သူနည်း။
နက်နဲသော ဤအမျိုးသမီး၏ ဖောက်သည်များ
ဤအရှက်မရှိသော မြှူဆွယ်သူ ပြည့်တန်ဆာမအကြောင်းကို ယောဟန်က သမ္မာကျမ်းစာမှ ဗျာဒိတ်ကျမ်းစောင်တွင် အသေးစိတ်စီကုံးရေးသားထားသည်။ ထိုတွင် ဤသို့ဖတ်ရသည်။ “[ကောင်းကင်တမန်သည်] ငါ့ကိုဝိညာဉ်တော်အားဖြင့် တောသို့ဆောင်သွားလေ၏။ ခေါင်းခုနစ်လုံးနှင့် ချိုဆယ်ချောင်းရှိ၍ ဘုရားသခင်၏ အသရေတော်ကို ရှုတ်ချသောနာမတို့နှင့် အပြည့်ရှိသောသားရဲနီအပေါ်မှာ ထိုင်လျက်ရှိသော မိန်းမတစ်ဦးကို ငါမြင်၏။ ထိုမိန်းမသည် အဝတ်နီ၊ အဝတ်မောင်းကိုဝတ်လျက် ရွှေတန်ဆာ၊ ကျောက်မြတ်တန်ဆာ၊ ပုလဲတန်ဆာကိုဆင်လျက်ရှိ၏။ စက်ဆုပ်ရွံရှာဖွယ်သောအရာနှင့်လည်းကောင်း၊ မိမိမတရားသောမေထုန်နှင့် ညစ်ညူးခြင်းနှင့်လည်းကောင်း ပြည့်သောရွှေဖလားကို ကိုင်လျက်ရှိ၏။ နဖူး၌အက္ခရာတင်သောဘွဲ့မူကား နက်နဲသောအရာ၊ ‘ဗာဗုလုန်မြို့ကြီး၊ ပြည့်တန်ဆာတို့၏အမိ၊ မြေ၌စက်ဆုပ်ရွံရှာဖွယ်သောအရာတို့၏အမိ’ ပေတည်း။”—ဗျာဒိတ် ၁၇:၃-၅။
ဤ “ဗာဗုလုန်မြို့ကြီး” သို့မဟုတ် ‘မဟာဗာဗုလုန်’ ကား ကြောက်စရာအမျိုးသမီးတစ်ဦးဖြစ်ရပေမည်။ အခန်းငယ် ၁ ၌ သူမသည် ‘ရေအများပေါ်မှာထိုင်’ နေသည်ဟုဆိုထားသောကြောင့်တည်း။ ဘာဆိုလိုသနည်း။ ဘုရားသခင့် ကောင်းကင်တမန်က ဤသို့ရှင်းပြ၏ “ပြည့်တန်ဆာထိုင်နေရာ သင်မြင်သောရေများကား အသီးသီးဘာသာစကားကို ပြောသော လူအမျိုးမျိုးအစုစုဖြစ်သတည်း။” (ဗျာဒိတ် ၁၇:၁၅) ကမ္ဘာချီ၍ ဩဇာကြီးမားသော ပြည့်တန်ဆာဖြစ်သည်မှာ သံသယရှင်းပါသည်။ သို့သော် သူမသည် သာမန်အပေါစားပြည့်တန်ဆာကား မဟုတ်ပေ။ ပြည့်တန်ဆာလုပ်ငန်း၏သခင်မ “ပြည့်တန်ဆာတို့၏အမိ” ဖြစ်သည်။ မတရားမေထုန်ကိစ္စ၌ အမိန့်ပေးညွှန်ကြားသည်။ သို့သော် သူမ၌လည်း အထူးဖောက်သည်များရှိသည်။
ကောင်းကင်တမန်က ဤပြည့်တန်ဆာမကြီးနှစ်ခြိုက်သဘောကျသည့် ဖောက်သည်များ မည်သူတို့ဖြစ်ကြောင်း ဖေါ်ပြသည်။ သူတို့မည်သူမည်ဝါဖြစ်ကြောင်း မည်သို့ဖေါ်ပြသနည်း။ “လောကီရှင်ဘုရင်တို့သည် မတရားသောမေထုန်ကို သူ [မဟာဗာဗုလုန်] နှင့်ပြုကြပြီ။ မြေကြီးသားတို့သည် သူ၏မတရားသော မေထုန်၏စပျစ်ရည်နှင့် ယစ်မူးကြပြီ” ဟု ဆို၏။ (ဗျာဒိတ် ၁၇:၂) မြှူဆွယ်ကောင်းသော ဤပြည့်တန်ဆာမသည် “လောကီရှင်ဘုရင်တို့” တည်းဟူသော ကမ္ဘာ့နိုင်ငံရေးအုပ်စိုးရှင်များကို ညှို့ယူဖမ်းစားနိုင်လောက်အောင် သူတို့နှင့် အလွန်ရင်းနှီးသော ဆက်သွယ်မှုရှိရပေမည်။ ထိုကြောင့် သူမကားမည်သူနည်း။
ကောင်းကင်တမန်က သူမ၌ အမည်နာမရှိကြောင်း၊ ယင်းဆန်းကြယ်နက်နဲသော အမည်နာမမှာ ‘မဟာဗာဗုလုန်’ ဖြစ်ကြောင်း ပြောဆို၏။ ယခုသူမမည်သူဖြစ်ကြောင်း ခွဲခွဲခြားခြားသိမြင်နိုင်သော သဲလွန်စနှစ်ခုရရှိထားသည်။ တစ်ခုကား သူမသဘောကျသော ဖောက်သည်များနှင့် နောက်တစ်ခုကား သူမ၏နာမ မဟာဗာဗုလုန်ဖြစ်သည်။ ဤသဲလွန်စတို့က အဘယ်အဖြေထွက်ပေါ်စေသနည်း။
[အောက်ခြေမှတ်ချက်များ]
a ဤနက်နဲဆန်းကြယ်သော အမျိုးသမီးနှင့်စပ်လျဉ်းသည့် ဤအကြောင်းများနှင့်တကွ ဆက်နွယ်နေသည့်မေးခွန်းများအကြောင်းကို အဓိကထား၍ ဆက်တိုက်တင်ပြသွားမည့် ကင်းမျှော်စင်လေးစောင်အနက် ဤကား ပထမတစ်စောင်ဖြစ်သည်။