ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၀ ၄/၁၅ စာ. ၂၉-၃၀
  • အကြောင်းခြင်းရာ ဖြစ်ရပ်မှန်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အကြောင်းခြင်းရာ ဖြစ်ရပ်မှန်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ရာဇဝတ်မှု ဖြေရှင်းခြင်း
  • မည်သူ့တာဝန်နည်း
  • လူသတ်သမားအစစ်
  • ဒေါသနဲ့ပတ်သက်ပြီး ကျမ်းစာ ဘာဆိုထားသလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • သင့်စိတ်ဓာတ်ကိုထိန်းချုပ်လော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ရာဇဝတ်မှုဆိုင်ရာပြဿနာကို ဖြေရှင်း၍ရနိုင်သလော
    နိုးလော့!—၂၀၀၈
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
က၉၀ ၄/၁၅ စာ. ၂၉-၃၀

အကြောင်းခြင်းရာ ဖြစ်ရပ်မှန်

ရာဇဝတ်မှု ဖြေရှင်းခြင်း

အမေရိကန်ပြည်ထောင်စုတွင် မှုခင်းဆိုင်ရာ ဥပဒေကို တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ပေးမည်ဟု မဲဆွယ်တရားဟောပြောသော နိုင်ငံရေးသမားတို့က ကတိပေးကြစေကာမူ ရာဇဝတ်မှုကို ထိန်းချုပ်၍မရနိုင်ကြောင်း၊ ရာဇဝတ်မှုဆိုင်ရာ တရားရေးစနစ်ချည်းသက်သက်ဖြင့် ယင်းကိုမဟန့်တားနိုင်ကြောင်း အမေရိကန်ရှေ့နေများအသင်း (American Bar Association) ကမကြာမီက ဝန်ခံခဲ့သည်။ ၁၉၈၆ ခုနှစ်အတွင်း ရာဇဝတ်မှု ၃၄ သန်းကျူးလွန်ခဲ့ကြောင်း ABA ကခန့်မှန်းထားသော်လည်း စုပေါင်းလေ့လာမှုများအရ “ထောင်ဒဏ်စီရင်ချက်ချခံရသောအမှုမှာ သိန်းဂဏန်းအနည်းငယ်မျှသာဖြစ်သည်” ဟု The New York Times ကတင်ပြ၏။ ထိုမျှမက ရာဇဝတ်မှုအများစုမှာ ရဲသို့တိုင်ကြားခြင်းမရှိကြောင်း ABA ကဆို၏။ သို့ဖြစ်လျက်နှင့်ပင် အကျဉ်းထောင်တို့သည် ပြည့်လျှံလျက်ရှိပြီး တရားရုံးများ၌လည်း ရာဇဝတ်အမှုများ ဒုနှင့်ဒေးဖြစ်နေသည်။ “များများတရားစွဲ၍ ထောင်ချခြင်းဖြင့် ရာဇဝတ်မှုကို တားဆီးနိုင်မည်ဟူ၍ တကယ်မျှော်လင့်စရာအကြောင်းမရှိ” ဟု ထိုလေ့လာမှုက ဝန်ခံထားကြောင်း Times မဂ္ဂဇင်းက ဖေါ်ပြသည်။

ကျီးလန့်စာစားနေရသော ပြည်သူတို့အနေဖြင့် ဤဝန်ခံချက်ကြောင့် အထိတ်တလန့်ဖြစ်ကောင်းဖြစ်မည်။ သို့သော် အကြားအမြင် ဗဟုသုတရှိသော သမ္မာကျမ်းစာကျောင်းသားတို့မူကား ထိုသို့မဖြစ်ကြချေ။ လွန်ခဲ့သော ရာစုနှစ်ပေါင်းများစွာက တမန်တော်ပေါလုက ယခုလက်ရှိစနစ်၏ “နောက်ဆုံးသော နေ့ရက်များ” ၌ ‘ဆိုးညစ်သူများသည် ဆိုးယုတ်သည်ထက် ပိုမိုဆိုးယုတ်စွာ ကျင့်လာကြလိမ့်မည်’ ဟုကြိုတင်ဟောပြောထားသည်။ (၂ တိမောသေ ၃:၁၊ ၁၃) သို့သော်လည်း လူမတတ်နိုင်သောအရာကို ဘုရားသခင်တတ်နိုင်တော်မူ၏။ ဆိုးညစ်သူများသည် ‘ဤကမ္ဘာမြေမှ ပယ်ရှင်းခံရမည်’ ဟု ကိုယ်တော်ကတိထားတော်မူ၏။—သု၊ ၂:၂၂။

မည်သူ့တာဝန်နည်း

၁၉၈၈ ခုနှစ်၊ ဒီဇင်ဘာလတွင် စကော့တလန်ပြည် လော့ကဘီ (Lockerbie) မြို့ကောင်းကင်ယံ၌ပင် အမေရိကန် ကမ္ဘာ့လေကြောင်းဌာနမှ ပျံသန်းမှု ခရီးစဉ် ၁၀၃ ပေါက်ကွဲခဲ့စဉ်က ခရီးသည် ၂၅၈ ယောက်စလုံး သေဆုံးသွားကြသည်။ လေယာဉ်အပျက်အစီးအပိုင်းအစများ လူနေအိမ်အတော်များများပေါ် ကျရောက်ခဲ့သဖြင့် လော့ကဘီမြို့သား ဆယ့်တစ်ယောက်လည်း အဆစ်ပါသွားသည်။ ထိုထိတ်လန့်ဖွယ် လေကြောင်းဘေးဒုက္ခကြီး၌ သေဆုံးသွားကြသော ချစ်ရသူတို့အတွက် ဆွေမျိုးများနှင့် မိတ်ဆွေများအားလုံး ယူကြုံးမရ တသသဖြစ်ရကြသည်။ ဤအဖြစ်ဆိုးကြီးအတွက် ဘုရားသခင်၌ တာဝန်ရှိသလော။

စကော့တလန်ပြည်မှ ဗရင်ဂျီဂိုဏ်းအုပ်တစ်ဦးက ထိုသို့ယူဆပုံရသည်။ The New York Times သတင်းစာအဆိုအရ သန့်ရှင်းသောသုံးပါးတစ်ဆူ ဗရင်ဂျီဘုရားရှိခိုးကျောင်းတွင် သူအောက်ပါအတိုင်းဟောပြောခဲ့သည်။ “အဖဘုရား၊ ကိုယ်တော်သည် မေတ္တာရှင်ဘုရားသခင်ဖြစ်ပါက အဘယ်ကြောင့် ဤသို့ဖြစ်ခွင့်ပြုတော်မူသနည်း။ အပြစ်မဲ့သူ ရာနှင့်ချီ၍ အဘယ်ကြောင့် ပျက်စီးခွင့်ပြုတော်မူသနည်း။ . . . ဤမျှများပြားသော ကျန်ရစ်သူ မိသားစုဆွေမျိုးများအား ဤရက်စက်၍ ကြေကွဲဖွယ်အဖြစ်ဆိုးမျိုးကို အဘယ်ကြောင့် ခံစားစေတော်မူသနည်း။”

ထိုသို့သော ဆင်းရဲဒုက္ခအတွက် ဘုရားသခင်အား တကယ်အပြစ်တင်နိုင်သလော။ စုံစမ်းစစ်ဆေးသူတို့၏အဆိုအရ အကြမ်းဖက်သမား၏ဗုံးကြောင့် ပေါက်ကွဲသည့် သက်သေအထောက်အထားများကို အပျက်အစီးများ၌ တွေ့ရသည်။ လူတို့သည် ကိုယ်ကျိုးစီးပွားအတွက် အချင်းချင်းတိုက်ခိုက်ရာတွင် အခြားသူတို့အား ထိခိုက်နစ်နာမှုအတွက် ဘုရားသခင်အပေါ် တာဝန်လွှဲချသင့်ပါသလော။ မသင့်ပါ။ လူသားတို့သည် မိမိပြုလုပ်သမျှ၏ အကျိုးဆက်ကို မလွဲမသွေ ခံယူရန်မျှော်လင့်ထားသင့်သည်။ တမန်တော်ပေါလုက “လူသည် မျိုးစေ့ကြဲသည်အတိုင်း အသီးအနှံကို ရိတ်ရလိမ့်မည်” ဟုရေးသားခဲ့၏။ (ဂလာတိ ၆:၇) ထိုမျှမက သူတစ်ပါး၏ ရက်စက်၍ တာဝန်မဲ့သော လုပ်ရပ်ကြောင့်အပြစ်မဲ့သော သားကောင်ဖြစ်ရရှာသူတို့နှင့်စပ်လျဉ်း၍ ဒေသနာ ၉:၁၁ ၌ “အချိန်စေ့ခြင်း၊ မမျှော်မှန်းနိုင်သော ဖြစ်ပျက်ခြင်းများကို လူရှိသမျှ ကြုံတတ်သည်” ဟုဆိုထား၏။ ထိုကြောင့် လူတို့ဒုက္ခရောက်သည်ကို ဘုရားသခင်အလိုတော်ရှိ၍ မဟုတ်ဘဲ လူတစ်ယောက်သည် စိုးရိမ်ရသောအချိန်တွင် အမှတ်မထင် ကြုံကြိုက်၍မရှိသင့်သောနေရာတွင် ရောက်ရှိသွားခြင်းကြောင့် ထိခိုက်ဒဏ်ရာရခြင်း သို့မဟုတ် သေဆုံးခြင်းဖြစ်နိုင်သည်။

လူသတ်သမားအစစ်

အဓမ္မရန်ပြုတတ်သူ၊ အမြဲတမ်း ကသောကမြော၊ ရှူးရှူးဒိုင်းဒိုင်း လုပ်တတ်သူတို့မှာ နှလုံးရောဂါ၏ အဓိကပစ်မှတ်ဖြစ်ကြောင်း ကျွမ်းကျင်သူများ ယုံကြည်လက်ခံလာသည်မှာ နှစ်များစွာရှိပြီ။ သို့သော် ယခုအခါ၌ အသစ်တွေ့ရှိသော အထောက်အထားက စိတ်တိုခြင်း မဟုတ်ဘဲ ဒေါသအမျက်သည် လူသတ်သမားအစစ်ဖြစ်ကောင်းဖြစ်နိုင်သည် ဟူ၍ညွှန်နေသည်။ ဒယုခ်တက္ကသိုလ်ဆေးဘက်ဆိုင်ရာဗဟိုဌာန (Duke University Medical Center) မှ ဒေါက်တာဝီလ်လျံ (Redford Williams Jr.) က ကသောကမျော ရှူးရှူးဒိုင်းဒိုင်းဖြစ်ခြင်းမှာ “နှလုံးကို ဤမျှဒုက္ခမပေးပါ” ဟုရှင်းပြကြောင်း New York Post ကရေးသားသည်။ “တကယ်ဒုက္ခပေးသည်မှာ ရန်လိုစိတ်နှင့် ဒေါသပြင်းထန်၍ သူတစ်ပါးနှင့်ဆက်ဆံရာတွင် ချုပ်တည်းမှုမရှိဘဲ စိတ်လိုက်မာန်ပါ ပြုမူတတ်ခြင်းသာဖြစ်” ကြောင်း ဝီလ်လျံကထောက်ပြသည်။ နှလုံးရောဂါအတွက် စိုးရိမ်ရသူများမှာ “ထစ်ခနဲဆို ဒေါသငယ်ထိပ်ရောက်တတ်သူများ” နှင့် သူတစ်ပါး၏စေတနာကို အယုံအကြည်မရှိသူများဖြစ်သည်။ “သူတို့သည် မကြာမကြာ စိတ်ဆိုးတတ်ပြီး ချုပ်တည်းမည့်အစား ဘဝင်မကျမှုကို ဘွင်းဘွင်းထုတ်ဖေါ်လေ့ရှိသည်ဟု Post သတင်းစာက ဂရုပြုဖေါ်ပြသည်။

အမျက်ဒေါသ၏ ဆိုးကျိုးကို သမ္မာကျမ်းစာကျောင်းသားများ သိခဲ့သည်မှာ ကြာမြင့်လှပြီ။ လွန်ခဲ့သော ရာစုနှစ်ပေါင်းများစွာက ပညာရှိရှောလမုန်မင်းကြီးက “စိတ်တိုသောသူသည် မိုက်စွာသောအမှုကို ပြုတတ်” ကြောင်း၊ “ဒေါသထွက်လွယ်သောသူသည် ရန်ကိုနှိုးဆော်တတ်” ကြောင်း ရေးသားခဲ့သည်။ သို့သော် “စိတ်ရှည်သောသူမူကား ရန်ငြိမ်းစေတတ်၏။” (သု၊ ၁၄:၁၇။ ၁၅:၁၈) သမ္မာကျမ်းစာပေးသော ဤသြဝါဒကို ပညာရှိရှိလိုက်နာသူတို့သည် နှလုံးရောဂါအန္တရာယ်ကို လျော့ပါးစေနိုင်သည်။ “ငြိမ်သက်သောနှလုံးသည် ကိုယ်ကာယအသက်ရှင်ရာအကြောင်း၊ ငြူစူခြင်းမူကား အရိုးများ၏ ဆွေးမြေ့ရာအကြောင်း ဖြစ်သည်” ဟု ဘုရားသခင့်နှုတ်ကပတ်တော်ဆိုရာ၌ မှန်ကန်လှပေသည်။—သု၊ ၁၄:၃၀။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ