သင်မှတ်မိသလော
မကြာမီကထုတ်ဝေခဲ့သော ကင်းမျှော်စင် များ၌ လက်တွေ့ကျသော တန်ဖိုးများ တွေ့ခဲ့ရသလော။ အောက်ပါအချက်တို့ဖြင့် သင့်မှတ်ဉာဏ်ကို စစ်ဆေးကြည့်ပါ။
▫ ‘မိဘ၊ သားမယား၊ ညီအစ်ကို၊ နှမတို့ကိုလည်းကောင်း၊ ထိုမျှမက မိမိအသက်ကိုလည်းကောင်းမမုန်းလျှင်’ မိမိ၏တပည့်တော်မဖြစ်နိုင်ဟု ယေရှုဆိုရာ၌ အဘယ်အဓိပ္ပာယ်ရှိသနည်း။ (လုကာ ၁၄:၂၆)
တပည့်တော်တစ်ဦးအနေဖြင့် ဆွေမျိုးများနှင့် မိမိအသက်ကို စာသားအတိုင်း ပကတိမုန်းရမည်ဟု ယေရှုဆိုလိုခြင်းမဟုတ်ပါ။ အခြားသူကိုလည်းကောင်း၊ မိမိအသက်ကိုလည်းကောင်း ချစ်ရာတွင် ယေရှုကိုချစ်ခြင်းထက် လျော့၍ချစ်ရမည်ဟု ဆိုလိုခြင်းသာဖြစ်သည်။—၁/၁၊ စာမျက်နှာ ၆။
▫ အတိတ်နှင့်ပစ္စုပ္ပန်ကာလတို့တွင် သက်သေခံတို့၏ သာသနာပြုလုပ်ငန်း အောင်မြင်ရန် ပံ့ပိုးပေးသည့် အဓိကအချက်သုံးချက်ကား အဘယ်နည်း။
တစ်ချက်မှာ နေအိမ်များ၌ရှိသောလူတို့နှင့် ပုဂ္ဂိုလ်ရေးထိတွေ့ခြင်းဖြစ်သည်။ အခြားတစ်ချက်မှာ ကျမ်းစာပေါ်အခြေခံသည့် တိုက်ရိုက်ကျ၍ ရှင်းလင်းသော သတင်းစကားဖြစ်သည်။ တတိယတစ်ချက်မှာ လူတို့နှင့် ဆက်ဆံရာတွင် သာသနာပြုများပြသသည့် ခရစ်တော်ကဲ့သို့သော မေတ္တာဖြစ်သည်။—၁/၁၊ စာမျက်နှာ ၁၄။
▫ အာဗြဟံပဋိညာဉ်အပြင် ပညတ်ပဋိညာဉ်ကို ယာယီသဘောဖြင့် ဘုရားသခင်အဘယ်ကြောင့် ထပ်ဆင့်ပေးတော်မူခဲ့သနည်း။
ပညတ်ပဋိညာဉ်က ဣသရေလအမျိုးသည် ထာဝရယဇ်ပုရောဟိတ်နှင့် စုံလင်သောပူဇော်သက္ကာလိုအပ်နေသော အပြစ်သားများဖြစ်ကြောင်း ထင်ရှားစေသည်။ အမျိုးအနွယ်ဆင်းသက်ရာမျိုးနွယ်ကို ကာကွယ်ပေးပြီး အမျိုးအနွယ်ကို ကွဲကွဲပြားပြားခွဲခြားသိမြင်နိုင်ရန် အထောက်အကူပြုသည်။ တစ်နေ့သောအခါ ဘုရားသခင်ပိုင်ဆိုင်သော ရှင်ဘုရင်–ယဇ်ပုရောဟိတ်လူမျိုးတစ်မျိုး ဖြစ်ပေါ်လာမည်ကိုလည်း ဖေါ်ပြသည်။—၂/၁၊ စာမျက်နှာ ၁၈။
▫ ကျွန်ုပ်တို့အားလုံးအတွက် ထာဝရကောင်းချီးမင်္ဂလာရရှိစေသည့် မြင့်မြတ်သောပဋိညာဉ်ခုနစ်ခုကားအဘယ်နည်း။
ဧဒင်ပဋိညာဉ်၊ အာဗြဟံပဋိညာဉ်၊ ပညတ်ပဋိညာဉ်၊ မေလခိဇေဒက်ကဲ့သို့သော ယဇ်ပုရောဟိတ်ဆိုင်ရာ ပဋိညာဉ်၊ ဒါဝိဒ်နိုင်ငံတော်ပဋိညာဉ်၊ ပဋိညာဉ်သစ်နှင့် နိုင်ငံတော်ပဋိညာဉ်တို့ဖြစ်သည်။—၂/၁၊ စာမျက်နှာ ၂၁။
▫ သမ္မာကျမ်းစာလက်ရေးစာမူများ၌ တွေ့ရသည့် ထောင်ချီသော ကွဲလွဲချက်တို့က ဘုရားသခင့်နှုတ်ကပတ်တော်ဖြစ်သည်ဟူသော သမ္မာကျမ်းစာ၏အဆိုကို အင်အားချိနဲ့စေပါသလော။
မချိနဲ့စေပါ။ ယင်းကွဲလွဲချက်အားလုံးနီးပါးသည် မူရင်းကျမ်းအတွက် အရေးမပါလှကြောင်း သမ္မာကျမ်းစာပညာရှင်တို့က ပြောပြသည်။ ယင်းတို့သည် သမ္မာကျမ်းစာ စစ်မှန်ခြင်းအထောက်အထားတို့ကို ပို၍ခိုင်လုံစေသည်။ (ဆာလံ ၁၁၉:၁၀၅။ ၁ ပေတရု ၁:၂၅)—၂/၁၊ စာမျက်နှာ ၂၈-၂၉။
▫ “နာမ်မယုံရုပ်ဝါဒီ” ဟူသည့် ဝေါဟာရ အဘယ်မှဆင်းသက်လာသနည်း။ သမ္မာကျမ်းစာတွင် ယင်းကို အဘယ်သို့ အသုံးပြုထားသနည်း။
“နာမ်မယုံရုပ်ဝါဒီ” (အင်္ဂလိပ်လို Agnostic ) မှာ “မသိသော” ဟူ၍အဓိပ္ပာယ်ရှိသော ဂရိစာလုံး (aʹgno․stos) မှဆင်းသက်လာသည်။ အာသင်မြို့သားတို့အား ဟောပြောရာတွင် “ငါတို့မသိသော ဘုရားသခင်အဖို့” ရည်စူး၍ သူတို့တည်ထားသော ယဇ်ပလ္လင်တစ်ခုကို ရည်ညွှန်းပြောကြားစဉ်က အဆိုပါစကားလုံး၏ ပုံသဏ္ဍာန်ကွဲတစ်မျိုးကို ပေါလုအသုံးပြုခဲ့သည်။ (တမန်တော် ၁၇:၂၃)—၂/၁၅၊ စာမျက်နှာ ၅။
▫ အချို့ကျမ်းစာညွှန်ကြားချက်သည် ကွဲပြားသည့်အယူအဆ ကောက်ယူနိုင်သည်ဟု ထင်ရသည့်အခါမျိုး၌ ကျွန်ုပ်တို့မည်သို့လုပ်ဆောင်သင့်သနည်း။
ကျွန်ုပ်တို့သည် ကနဦးခရစ်ယာန်များတင်ပြခဲ့သည့် နှိမ့်ချသော တုံ့ပြန်ပုံမျိုးပြသ၍ ဘုရားသခင့်အသင်းတော်မှလာသော ဆုံးဖြတ်ချက်နှင့် ညွှန်ကြားချက်တို့ကို လက်ခံသင့်သည်။ (တမန်တော် ၁၅:၆-၂၉)—၂/၁၅၊ စာမျက်နှာ ၂၂။
▫ “မဖြောင့်မတ်ခြင်းဆိုင်ရာ ဓနအားဖြင့် မိတ်ဖွဲ့ကြလော့။ သို့မှ ထိုဓနကုန်ခန်းသော် သင်တို့ကို ထာဝရတည်းခိုရာများသို့ လက်ခံကြလိမ့်မည်” ဟု ယေရှုမိန့်တော်မူရာတွင် ဘာကိုဆိုလိုသနည်း။ (လုကာ ၁၆:၉)
ကျွန်ုပ်တို့သည် မိမိလက်ဝယ်ရှိ မည်သည့်စည်းစိမ်ဥစ္စာကိုမဆို နိုင်ငံတော်အကျိုးစီးပွားအတွက် လုံ့လဝီရိယစိုက်၍ အသုံးပြုခြင်းအားဖြင့် ယေဟောဝါနှင့် သားတော်ယေရှုတို့နှင့် မိတ်ဖွဲ့သင့်သည်။ ဤအရှင်နှစ်ပါးသာလျှင် ရုပ်ဝတ္တုဓနဥစ္စာများ ကုန်ခန်းပျက်စီးသောအခါ ကျွန်ုပ်တို့အဖို့ ကောင်းကင်ဘုံတွင်ဖြစ်စေ၊ မြေကြီးပရဒိသုဘုံတွင်ဖြစ်စေ ထာဝရတည်းခိုရာနေရာများစီမံပေးနိုင်သော အရှင်တို့ဖြစ်သည်။—၃/၁၊ စာမျက်နှာ ၉။
▫ ယေဟောဝါပေးသနားသော ထိုးထွင်းဉာဏ်မှ အကျိုးကျေးဇူးခံစားလိုပါက ကျွန်ုပ်တို့ဘက်မှ အဘယ်အရာသုံးခုကို လိုက်နာရန် လိုအပ်သနည်း။
ယေဟောဝါ၏အဖွဲ့အစည်းတော်ကို တန်ဖိုးထားလေးစားဖို့လိုသည်။ ဘုရားသခင့်နှုတ်ကပတ်တော်နှင့် နှုတ်ကပတ်တော်ကိုနားလည်စေနိုင်သည့် အထောက်အကူပြု စာပေတို့ကို မှန်မှန်လေ့လာဆည်းပူးရမည်။ လေ့လာဆည်းပူးထားသည့် အရာများနှင့် ယင်းတို့ကို နေ့စဉ်ဘဝအသက်တာတွင် မည်သို့ကျင့်သုံးရမည်ကို ဆင်ခြင်တွေးတောရမည်။—၃/၁၅၊ စာမျက်နှာ ၁၂။
▫ ရှေးဣသရေလလူမျိုးများသည် ဤမျှထိုးထွင်းဉာဏ်ကင်းမဲ့စွာ အဘယ်ကြောင့်ပြုမူခဲ့ကြသနည်း။
သူတို့အတွက် ယေဟောဝါပြုလုပ်ပေးတော်မူသမျှကို ကျေးဇူးတင်လေးစားစွာ စဉ်းစားတွေးတောခြင်းမပြုခဲ့ကြ၍ဖြစ်သည်။ (ဆာလံ ၁၀၆:၇၊ ၁၃)—၃/၁၅၊ စာမျက်နှာ ၁၈။
▫ ဗျာဒိတ် ၉:၁၆ ၌ဆိုထားသော “မြင်းစီးသူရဲ” တို့အဘယ်အရာကို ကိုယ်စားပြုသနည်း။
ဤပုံဆောင်မြင်းများသည် အရေအတွက်ယုတ်လျော့လျက်ရှိသော ဘိသိက်ခံအကြွင်းအကျန်များကိုသာ ကိုယ်စားပြုသည်မဟုတ်ဘဲ “အခြားသိုးများ” မှ တိုးပွားလျက်ရှိသော အင်အားကောင်းသည့် “လူအုပ်ကြီး” ကိုပါ ကိုယ်စားပြုသည်။ (ဗျာဒိတ် ၇:၉။ ယောဟန် ၁၀:၁၆)—၄/၁၊ စာမျက်နှာ ၂၁။