ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၀ ၇/၁၅ စာ. ၃၁
  • စာရှုသူများထံမှ မေးခွန်းလွှာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာရှုသူများထံမှ မေးခွန်းလွှာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • ဆင်တူတဲ့ အကြောင်းအရာ
  • သမ္မာကျမ်းစာက လောင်းကစားခြင်းကိုရှုတ်ချထားသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
က၉၀ ၇/၁၅ စာ. ၃၁

စာရှုသူများထံမှ မေးခွန်းလွှာ

▪ အလှူဒါနအတွက်ရန်ပုံငွေစုနေပါက ထီလက်မှတ်များကို အပျော်တမ်းအနေနှင့် ခရစ်ယာန်တစ်ဦး ဝယ်သင့်ပါသလော။

ယေဟောဝါရှင်သည် ‘ပျော်ရွှင်တော်မူသော ဘုရားသခင်’ ဖြစ်တော်မူသောကြောင့် သမ္မာကျမ်းစာသည် လျောက်ပတ်သော အပန်းဖြေမှုကို မဖျက်ပါ။ (၁ တိမောသေ ၁:၁၁) ကိုယ်တော်.လူမျိုးသည် တေးသံ၊ ဣန္ဒြေရှိသော အကအခုန်၊ တော်ရုံသင့်ရုံ စားခြင်း၊ သောက်ခြင်း၊ မျှတမှုရှိသော အားကစား နှင့် အခြားကစားနည်းအမျိုးမျိုးတွင် ပါဝင်နိုင်ကြပါသည်။ (ဆာလံ ၁၅၀:၄။ ဒေသနာ ၂:၂၄) သို့ရာတွင် လောင်းတမ်းကစားခြင်းသည် ဘုရားသခင်၏ ပညာပါသြဝါဒနှင့်ဆန့်ကျင်သည်။ ထီလက်မှတ်များသည်လည်း တတန်းတစားတည်းဖြစ်သည်။

ထီလက်မှတ်ကား အဘယ်နည်း။ ဆုရရန် ကံစမ်းမဲလက်မှတ်ဝယ်ခြင်းဖြစ်သည်။ မဲချခြင်း သို့မဟုတ် အခြားနည်းတစ်မျိုးမျိုးဖြင့် နံပါတ်တစ်ကိုရွေးခြင်းဖြင့် ဆုနိုင်သူတို့ကို သတ်မှတ်ပေးသည်။aအများအားဖြင့်ဆိုလျှင် ဆုကြေးကြီးကြီးတစ်ခုရှိသည်။ ကျပ်ငွေ သန်းချီနိုင်သည်။ ဤမျှများသောဆုငွေကိုမက်မောကြသဖြင့် ကံစမ်းမဲလက်မှတ်များဝယ်ခြင်းသည် “အများဆုံးပါဝင်ကြသော လောင်းကစားခြင်းတစ်မျိုး” ဖြစ်ချေပြီ။ (The World Book Encyclopedia) ထီလက်မှတ်များဖြင့် သန်းကုဋေချီလူတို့သည် လောင်းကစားပြုကြသည်။

အချို့က ထီလက်မှတ်ဝယ်ခြင်း၌ အမှားမပါ၊ မကောင်းမှုမဟုတ်ရသည်မှာ လက်မှတ်တစ်စောင် (ကံစမ်းမှု)တန်ကြေးသည် အလွန်နည်းလှသည်။ ယင်းကိုဝယ်သူများလည်း မိမိသဘောနှင့်မိမိပြုရုံမက အမြတ်အစွန်းအချို့သည်လည်း ဆင်းရဲသူတို့ကိုကူညီပေးခြင်း အစရှိသည့် လှူဒါန်းဖို့အတွက်ဖြစ်သည်။ ဤသို့တွေးတောခြင်းသည် မည်မျှအခြေခိုင်လုံသနည်း။

ထီလက်မှတ်ဝယ်ခြင်းသည် အကုန်အကျနည်းသည့် ပျော်ရွှင်နည်းတစ်မျိုးပါဟုဆိုကြငြား လောဘစိတ်ပါဝင်သည်ကိုကား မငြင်းဆိုနိုင်။ ဆုငွေများများရရန် လူတို့ထီလက်မှတ်များဝယ်လေ့ရှိသည်။ “နိုင်ငံတော်ကို အမွေမခံနိုင်ရန်’ အတားအဆီးဖြစ်စေသည်အထိ အပြစ်ကြီးလေးသည့် လောဘစိတ်မရှိရ ဟူသောဘုရားသခင်၏တားမြစ်ချက်နှင့် ဆန့်ကျင်နေပေသည်။ ထိုကြောင့် လောင်းကစားခြင်းဖြင့် လောဘစိတ်အမြဲပြသောခရစ်ယာန်တစ်ဦးကို အသင်းတော်မှ နှင်ထုတ်ပစ်နိုင်ပါသည်။ (၁ ကောရိန္သု ၅:၁၁။ ၆:၁၀) သမ္မာကျမ်းစာဤသို့ဆိုသည်။ “အစအဦး၌ လောဘအလိုက် ဥစ္စာပိုင်ရသော်လည်း အဆုံးတွင် အမင်္ဂလာတည်လိမ့်မည်။” (သု၊ ၂၀:၂၁) ခရစ်ယာန်တစ်ဦးသည် ထီလက်မှတ်ဝယ်ပြီး ‘ကံစမ်းကြည့်’ ရန် စဉ်းစားမိလျှင် ထီထိုးခြင်းအခြေခံသည့် လောဘစိတ်ကို အလေးအနက်စဉ်းစားသင့်သည်။ ပါဝင်ရန်နေနေသာသာ ‘လောဘလွန်ကျူးခြင်းကို စကားဖြင့်မျှမဆက်ဆံကြနှင့်’ ဟု ဧဖက် ၅:၃ ကဆိုထားသည်။

ထီထိုးသူအများစုကို ဆင်းရဲသားရပ်ကွက်များတွင် တွေ့ရှိရသည်။ ထိုကြောင့် လက်မှတ်အဖိုးအခနည်းဦးတော့ မိသားစုတကယ်လိုအပ်သည့် စားဝတ်နေရေးနှင့် ဆေးဖိုးဝါးခအတွက်ရန်ပုံငွေသည် အခြားတစ်ဘက်သို့ ရောက်သွားနေခြင်းဖြစ်မည်။ ခရစ်ယာန်အမည်ခံပြီး မိသားစုလိုအပ်ရာကို လျစ်လျူရှုသူသည် “ယုံကြည်ခြင်းတရားကို ငြင်းပယ်၏။”—၁ တိမောသေ ၅:၈။

ထီလက်မှတ်ခသည် နည်းလွန်းလှသဖြင့် တစ်ဦးတစ်ယောက်သို့မဟုတ်၊ မိသားစုအတွက်ငွေကို မထိခိုက်သည့်တိုင် အခြားသူတို့အတွက် ဆိုးကျိုးမဖြစ်စေဟု မဆိုနိုင်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ထီလက်မှတ်ဝယ်သူ မည်သူမဆို ဆုနိုင်ချင်သူချည်းသာဖြစ်သည်။ သူရမည့်ဆုငွေသည် အဘယ်ကလာမည်နည်း။ အကယ်၍ ထီလက်မှတ်သည် ကျပ် ၁၀ ဘဲထားဦး ဆုငွေသည် ကျပ် ၁၀၀၀၀၀ ဖြစ်လျှင် အခြားလူတစ်သောင်းမှ ထီလက်မှတ်ငွေကို သူယူလိုက်ခြင်းဖြစ်မည်။ ယင်းက သူတစ်ပါးပစ္စည်းကို မတပ်မက်ရ ဟူသော ဘုရားသခင့်သြဝါဒနှင့် ညီညွတ်ပါမည်လော။ (တရားဟောရာ ၅:၂၁) အမှန်မှာ သူ့ဆုငွေသည် ထိုထက်မကသောသူများ၏ငွေဖြစ်မည်။ အကြောင်းမှာ လက်မှတ် ၁၀၀၀၀ ထက်မကရောင်းထုတ်ခဲ့ရမည်။ လက်မှတ်ရောင်းရသောငွေမှ စီမံကွပ်ကဲရေးကုန်ကျစားရိတ်နှင့်၊ ထီလက်မှတ်ရောင်းရခြင်း၏ အကြောင်းပြချက်ဖြစ်သောရန်ပုံငွေအတွက်ပါ ပေးရကြမည်။ ထိုကြောင့် မိမိလက်မှတ်အတွက် ကျပ် ၁၀ မိမိတတ်နိုင်ဦးတော့ အခြားများစွာသောသူတို့ကော။ ထို့ပြင် သူဆုငွေရခြင်းကို ကြေညာသည့်အခါ အခြားသူတို့လည်း ငွေမတတ်နိုင်ဘဲ ထီထိုးကြရန် တိုက်တွန်းခံရကြမည်။

ထီထိုးခြင်းနှင့် တွဲနေသည်ကား မကြိုးပမ်းဘဲ ဆုငွေရရန်စိတ်ဆန္ဒလည်း ပါဝင်နေသည်။ မှန်ပါသည်။ ထီထိုးခြင်းသည် ပျင်းရိခြင်းကိုအားပေးသည်။ ထိုသို့ဖြစ်ရန် သွေးဆောင်သည်။ သို့သော် သမ္မာကျမ်းစာက ဘုရားသခင့်လူမျိုးသည် ချွေတာရမည်။ ဝီရိယရှိရမည်။ ကြိုးစားလုပ်ကိုင်ရမည်ဟု မှာကြားထားသည်။ ‘အလကားရယူ’ စိတ်ထားမွေးစေမည့်အစား “အလုပ်မလုပ်ချင်သောသူ မည်သည်ကား အစာကိုလည်း မစားစေနှင့်” ဟုမှာကြားထားသည်။—၂ သက်သာလောနိတ် ၃:၁၀။ သု၊ ၁၃:၄။ ၂၀:၄။ ၂၁:၂၅။ ၁ သက်သာလောနိတ် ၄:၉-၁၂။

သူတစ်ပါးသည် ကိုယ့်သဘောနှင့်ကိုယ် ထီထိုးကြသည်၊ ယင်းသည်လည်း တရားဝင်ဖြစ်သည့်အတွက် ခရစ်ယာန်များ ၄င်းတွင် ပါဝင်ရန်အကြောင်းခိုင်လုံသည်မဟုတ်ပါ။ အချို့အစိုးရများသည် တရားဝင်အခြားလောင်းကစားနည်းများ၊ ပြည့်တန်ဆာလုပ်ငန်း၊ အိမ်ထောင်ဘက်အများယူခြင်းကို ခွင့်ပြုထားသည်။ ဤသို့သောအပြုအမူများ တရားဝင်၍ များစွာသောသူတို့ ပြုလုပ်နေကြဦးတော့ ယင်းအမှုကိစ္စများသည် ဘုရားသခင့်ရှေ့တော်တွင် သင့်တော်လျောက်ပတ်သည်ဟုမဆိုနိုင်ပေ။ ထိုအစား ခရစ်ယာန်များသည် ဒါဝိဒ်ကဲ့သို့ယူမှတ်ကြသည်။ “အိုယေဟောဝါ၊ ကိုယ်တော်၏လမ်းတို့ကို အကျွန်ုပ်အား ပြညွှန်၍ ခရီးတော်တို့ကို သွန်သင်တော်မူပါ။ ကိုယ်တော်၏သမ္မာတရားကိုပြ၍ အကျွန်ုပ်ကိုသွန်သင်တော်မူပါ။ အကြောင်းမူကား၊ ကိုယ်တော်သည် အကျွန်ုပ်ကိုကယ်တင်သောဘုရားသခင်ဖြစ်တော်မူ၏။”—ဆာလံ ၂၅:၄၊ ၅။

ခရစ်ယာန်တစ်ဦးသည် ဆင်းရဲသူ၊ ချို့တဲ့သူ၊ သက်ကြီးရွယ်အိုတို့ကို တကယ်ကူညီပေးလိုလျှင် ကိုယ်ထိလက်ရောက်ကူညီပေးနိုင်ပါသည်။ သို့မဟုတ် လောင်းကစားမှုမပါသည့်နည်းမျိုးဖြင့် ကူညီပေးနိုင်ပါသည်။

[အောက်ခြေမှတ်ချက်များ]

a ထီဟုကျယ်ကျယ်ပြန့်ပြန့် သိသော်လည်း၊ ဤကစားမျိုးကိုအလောင်းအစား၊ အောင်ဘာလေ၊ ချဲသို့မဟုတ် အခြားဒေသခံနာမည်ဖြင့်လည်း ခေါ်ပေသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ