စာရှုသူများထံမှမေးခွန်းလွှာ
▪ ယေရမိမြည်တမ်းစကား ၄:၁၀ ၌မိမိတို့ ကလေးများကိုစားသောမိခင်တို့အား “စိတ်ကြင်နာတတ်သောမိန်းမတို့” ဟုအဘယ်ကြောင့်ရည်ညွှန်းဖေါ်ပြသနည်း။
ဘီစီအီး ၆၀၇ ခု၊ ယေရုရှလင်မြို့ ဗာဗုလုန်လူမျိုး၏ ဝိုင်းရံခြင်းခံရချိန်အတောအတွင်း မျှော်လင့်ချက်မရှိ စိတ်ပျက်ဖွယ်အခြေအနေအကြောင်းကို ယေရမိက အောက်ပါအတိုင်းရုပ်လုံးပေါ်အောင်ရေးသားခဲ့သည်။ “စိတ်ကြင်နာတတ်သောမိန်းမတို့သည် မိမိတို့သားကိုပင် ပြုတ်ရကြ၏။ ငါ၏လူမျိုးသတို့သမီးသည် ပျက်စီးသောကာလ၌ မိမိတို့သားကိုပင်စားရကြ၏။”—ယေရမိမြည်တမ်းစကား ၄:၁၀။
ရာစုနှစ်ပေါင်းများစွာကြို၍ မောရှေက ဣသရေလလူမျိုး၏ အနာဂတ်သည် “ကောင်းချီးမင်္ဂလာ” သို့မဟုတ် “ကျိန်ခြင်းမင်္ဂလာ” ဖြစ်မည်အကြောင်း သတိပေးခဲ့သည်။ ဘုရားသခင့်ပညတ်တော်ကို စောင့်ရှောက်လျှင် ကောင်းချီးမင်္ဂလာခံစားရမည်။ သို့သော် ကိုယ်တော်၏ ဖြောင့်မတ်သောလမ်းတော်တို့ကို ငြင်းပယ်လျှင်ဒုက္ခဆင်းရဲခံရမည်။ ထိတ်လန့်စရာကောင်းသော အကျိုးဆက်တစ်ခုကား ဣသရေလလူမျိုးတို့သည် မိမိတို့သားသမီးကိုပင်စားရသည့် အခြေအနေအထိ အကျဉ်းအကျပ်ဆိုက်ခြင်းဖြစ်သည်။ (တရားဟောရာ ၂၈:၁၊ ၁၁-၁၅၊ ၅၄၊ ၅၅၊ ၃၀:၁။ ဝတ်ပြုရာ ၂၆:၃-၅၊ ၂၉) နာခံမှုမရှိသော သစ္စာမဲ့လူမျိုးကို ဗာဗုလုန်လူမျိုးလက်သို့ ယေဟောဝါ စွန့်ပစ်လိုက်သည့်နောက်တွင် ထိုအတိုင်းပင် ဖြစ်ပျက်ခဲ့သည်။
ယေရမိမြည်တမ်းစကား ၄:၁၀ တွင်ပရောဖက်ယေရမိက မိခင်တို့၏ပင်ကိုယ်သဘာဝအားဖြင့် သားသမီးများအပေါ် ယုယကြင်နာ၍ အကာအကွယ်ပေးတတ်မှုတည်းဟူသော ထင်ရှားသည့်အချက်ကို ထုတ်နှုတ်တင်ပြခြင်းဖြစ်သည်။ (၃ ဓမ္မရာဇဝင် ၃:၂၆၊ ၂၇။ ၁ သက်သာလောနိတ် ၂:၇) သို့တစေ၊ ဝိုင်းရံခံရသော ယေရုရှလင်မြို့တွင် ငတ်မွတ်ခေါင်းပါးခြင်းသည် အလွန်ပြင်းထန်ဆိုးရွားလှသဖြင့် ပင်ကိုယ်အားဖြင့် ကြင်နာတတ်သောမိခင်တို့ပင် မိမိတို့၏သားသမီးတို့ကို ပြုတ်၍မစားဘဲ မနေနိုင်အောင်ဖြစ်ခဲ့သည်။—ယေရမိမြည်တမ်းစကား ၂:၂၀ နှင့်နှိုင်းယှဉ်ပါ။
ယုဒအမျိုးသားများ မေရှိယကို ငြင်းပယ်လိုက်ပြီးနောက်၌လည်း အလားတူအခြေအနေမျိုးဖြစ်ပျက်ခဲ့သည်။ မေရှိယသည် ယေရုရှလင်မြို့ဝိုင်းရံခံရမည့်အကြောင်း သတိပေးခဲ့သည်။ (မဿဲ ၂၃:၃၇၊ ၃၈၊ ၂၄:၁၅-၁၉။ လုကာ ၂၁:၂၀-၂၄) စီအီး ၇၀ ခု၊ ယေရုရှလင်မြို့ဝိုင်းရံခံရစဉ်က ကြောက်မက်ဖွယ်ရာများအနက် တစ်ခု၏အကြောင်းကို သမိုင်းဆရာ ဂျိုစီဖပ်စ် ကဤသို့ရေးသားဖေါ်ပြထားသည်။ “ဧလျာဇာ၏သမီး မေရီသည် သူမ၏သားကို သတ်ပြီး မီးကင်၍ တစ်ဝက်ကိုစားသည်။ ကျန်တစ်ဝက်ကို ဝှက်ထားလိုက်သည်။”—The Jewish War, Williamson ပြန်ဆိုသည်။ အခန်း ၂၀၊ စာမျက်နှာ ၃၁၉။
ဘုရားသခင်၏ တရားတော်နှင့်နည်းလမ်းတော်တို့ကို စွန့်ပယ်ခြင်းမှာ အမှန်ပင် ဉာဏ်အမြော်အမြင်မဲ့သောလမ်းစဉ်ဖြစ်ပေသည်။