ယေဟောဝါ၊ မျက်နှာမလိုက်သော “မြေတစ်ခွင်လုံး၏တရားသူကြီး”
“ခမည်းတော်သည် . . . မျက်နှာမလိုက်ဘဲ လူတစ်ဦးစီ၏အလုပ်အတိုင်းတရားစီရင်တော်မူ၏။”—၁ ပေတရု ၁:၁၇၊ ကဘ။
၁၊ ၂။ (က) ယေဟောဝါသည် ကြီးမြတ်သောတရားသူကြီးဖြစ်သည်ကိုသိရခြင်းက အဘယ့်ကြောင့်ကျွန်ုပ်တို့အား ကြောက်ရွံ့မှုနှင့်နှစ်သိမ့်မှုဖြစ်စေသင့်သနည်း။ (ခ) လူမျိုးများနှင့်တရားဆိုင်ရာတွင် ကိုယ်တော့်မြေကြီးပေါ်ရှိကျေးကျွန်များသည် မည်သည့်ကဏ္ဍ၌ပါဝင်သနည်း။
ယေဟောဝါသည် ကြီးမြတ်တော်မူသော “မြေတစ်ခွင်လုံး၏တရားသူကြီး” ဖြစ်တော်မူ၏။ (ကမ္ဘာဦး ၁၈:၂၅၊ ကဘ) စကြဝဠာတွင်အထွတ်အထိပ်ဘုရားဖြစ်တော်မူသောကြောင့် မိမိ၏ဖန်ဆင်းရာများကို တရားစီရင်ပိုင်ခွင့်အကြွင်းမဲ့ရှိသည်။ ယင်းသို့သိရခြင်းက တစ်ချိန်တည်းတွင် ကြောက်ရွံ့တုန်လှုပ်မှုနှင့် နှစ်သိမ့်မှုကိုဖြစ်စေသည်။ မောရှေက ဆန့်ကျင်ဟန်ရှိသောဤအဆိုကို စိတ်ထက်သန်စွာဖြင့်ပြောခဲ့သည်။ “အကြောင်းမူကား၊ သင်တို့၏ဘုရားသခင် [ယေဟောဝါ၊ ကဘ] သည် ဘုရားတို့၏ဘုရား၊ သခင်တို့၏သခင်၊ ကြီးမြတ်သောဘုရား၊ တန်ခိုးနှင့်ပြည့်စုံ၍ ကြောက်မက်ဖွယ်သောဘုရား၊ လူမျက်နှာကိုမထောက်၊ တံစိုးကိုမစားဘဲ မိဘမရှိသောသူငယ်၊ မုဆိုးမဘက်၌ တရားစီရင်၍ ဧည့်သည်အာဂန္တုတို့ကိုစုံမက်သဖြင့် အဝတ်အစားတို့ကိုပေးသနားသောဘုရားဖြစ်တော်မူ၏။”—တရားဟောရာ ၁၀:၁၇၊ ၁၈။
၂ မည်မျှထူးခြားထင်ရှားသည့်မျှတမှုပါတကား။ ကြီးမြတ်၊ တန်ခိုးကြီး၍ ကြောက်ရွံ့ဖွယ်ကောင်းသော်လည်း ဘက်မလိုက်ဘဲ မိဘမဲ့ကလေးများ၊ မုဆိုးမများ၊ တိုင်းတစ်ပါးသားတို့၏အကျိုးကို မေတ္တာဖြင့်ကာကွယ်တော်မူသည့်ဘုရားဖြစ်တော်မူသည်။ ယေဟောဝါထက်သာ၍မေတ္တာပြည့်ဝသောတရားသူကြီးမျိုးကို မည်သူမျှော်လင့်နိုင်မည်နည်း။ စာတန့်လောကရှိလူမျိုးများနှင့်တရားဆိုင်နေရသောအဖြစ်တွင် မိမိကိုယ်ကိုသရုပ်ဖော်ရာ၌ ယေဟောဝါသည် မြေကြီးပေါ်ရှိမိမိ၏ကျေးကျွန်များအား မိမိ၏သက်သေဖြစ်ရန်ခေါ်ဖိတ်တော်မူသည်။ (ဟေရှာယ ၃၄:၈။ ၄၃:၉-၁၂) ကိုယ်တော်သည် သူတို့၏သက်သေများအပေါ် မိမိ၏ဘုရားဇာတိတော်နှင့် တရားဝင်စကြဝဠာပိုင်သအုပ်စိုးခွင့်ကို အမှီသဟဲပြုတော်မမူ။ သို့ရာတွင် ကိုယ်တော်၏အထွတ်အထိပ်ဖြစ်တော်မူခြင်းကိုသက်သေထူရန် မိမိ၏သက်သေများအား သာလွန်ထူးခြားသည့်အခွင့်အရေးပေးတော်မူသည်။ ကိုယ်တော်၏သက်သေများသည် ကိုယ်တော်၏ဖြောင့်မတ်သည့်အကြွင်းမဲ့အစိုးပိုင်ခွင့်ကိုလက်အောက်ခံကြပြီး၊ သူတို့၏လူများရှေ့ဓမ္မအမှုဆောင်ခြင်းအားဖြင့် အခြားသူများလည်း မိမိတို့ကိုယ်ကို တရားသူကြီးချုပ်၏သြဇာအာဏာတော်အောက် အောက်ကျို့ရန် လှုံ့ဆော်ပေးသည်။
ယေဟောဝါ၏တရားစီရင်ရာနည်းလမ်း
၃။ ယေဟောဝါ၏တရားစီရင်ရာနည်းလမ်းကို မည်သို့မှတ်ချက်ချနိုင်သနည်း။ အာဒံနှင့်ဧဝတို့ကိစ္စတွင် ယင်းတို့မည်သို့ရှင်းလင်းထင်ရှားခဲ့သနည်း။
၃ လူ့ရာဇဝင်အစဦးပိုင်းတွင် ယေဟောဝါသည် ပြစ်မှားသူတစ်စုံတစ်ယောက်အား တစ်ဦးချင်းတရားစီရင်တော်မူခဲ့သည်။ တရားစီရင်ရေးကိစ္စများကို ကိုယ်တော်ကိုင်တွယ်ပုံကိုင်တွယ်နည်းပုံဥပမာက နောက်ပိုင်းတွင် မိမိ၏လူမျိုးတော်အတွင်း တရားစီရင်မှုများကိုလုပ်ဆောင်ရမည့် မိမိ၏ကျေးကျွန်များအား ပုံစံချမှတ်ပေးခဲ့ခြင်းဖြစ်သည်။ (ဆာလံ ၇၇:၁၁၊ ၁၂) ကိုယ်တော်၏တရားစီရင်ခြင်းကို ဤသို့မှတ်ချက်ချနိုင်သည်။ လိုအပ်သည့်အခါတည်ကြည်မြဲမြံပြီး ဖြစ်နိုင်သည့်အခါကရုဏာပြတော်မူသည်။ စိတ်လိုကိုယ်လျောက်ပုန်ကန်ခဲ့သော စုံလင်သူအာဒံနှင့်ဧဝတို့၏ကိစ္စတွင် သူတို့သည် ကရုဏာနှင့်မထိုက်တန်ခဲ့ပါ။ သို့နှင့်၊ ယေဟောဝါသည်သူတို့အား သေဒဏ်ချမှတ်ခဲ့သည်။ သို့ရာတွင် ကိုယ်တော့်ကရုဏာတော်သည် သူတို့၏သားစဉ်မြေးဆက်အပေါ်တွင်သက်ရောက်ခဲ့သည်။ သေဒဏ်စီရင်ချက်ကိုယေဟောဝါရွှေ့ဆိုင်းထားခြင်းအားဖြင့် အာဒံနှင့်ဧဝတို့အား သားသမီးမွေးဖွားခွင့်ပြုခဲ့သည်။ သူတို့၏သားစဉ်မြေးဆက်များအား အပြစ်နှင့်သေခြင်းအနှောင်အဖွဲ့မှလွတ်မြောက်ရန်မျှော်လင့်ချက်ကို မေတ္တာပါပါဖြင့်ကိုယ်တော်ပေးတော်မူခဲ့သည်။—ကမ္ဘာဦး ၃:၁၅။ ရောမ ၈:၂၀၊ ၂၁။
၄။ ကာဣနနှင့်ယေဟောဝါမည်သို့ဆက်ဆံခဲ့ပြီး ယင်းကိစ္စသည် အဘယ်ကြောင့်အထူးစိတ်ဝင်စားဖွယ်ဖြစ်သနည်း။
၄ ကာဣနနှင့်ယေဟောဝါဆက်ဆံပုံသည် အထူးစိတ်ဝင်စားဖွယ်ဖြစ်ခဲ့သည်။ အကြောင်းမှာ “အပြစ်တရားအောက်အရောင်းခံရသူ”၊ အာဒံနှင့်ဧဝတို့၏ မစုံလင်သောမျိုးဆက်ဆိုင်ရာ ပထမဆုံးမှတ်တမ်းဖြစ်သောကြောင့်ဖြစ်သည်။ (ရောမ ၇:၁၄၊ ကဘ) ယင်းကိုယေဟောဝါသည် ထောက်ထားဆင်ခြင်သောအားဖြင့် ကာဣနကို သူ့မိဘများအားဆက်ဆံသည့်နည်းနှင့်ခြားနားစွာဆက်ဆံခဲ့သလော။ ယင်းကိစ္စသည် ယနေ့ခရစ်ယာန်ကြီးကြပ်မှူးများအား သင်ခန်းစာဖြစ်စေသလော။ ကြည့်ကြစို့။ မိမိ၏ပူဇော်သက္ကာနှစ်သက်လက်ခံခြင်းမခံရသောအခါ ကာဣန၏ မှားယွင်းစွာတုံ့ပြန်ခြင်းကို ယေဟောဝါသိမြင်လာသောအခါ သူရောက်ရှိနေသည့်အန္တရာယ်အနေအထားကို ကိုယ်တော်သတိပေးတော်မူခဲ့သည်။ ‘ကာကွယ်ခြင်းသည် ကုသခြင်းထက်ကောင်း၏’ ဟူသောရှေးဆိုရိုးစကားရှိ၏။ အပြစ်သို့တိမ်းယိမ်းလိုက်ပါသည့်သဘောသည် ကာဣနအားကျွန်မပြုစေရန် ယေဟောဝါသူ့အား အတတ်နိုင်ဆုံးသတိပေးတော်မူခဲ့သည်။ သူ “ကောင်းမွန်စွာပြု” ဖို့ ကိုယ်တော်သူ့အားကူညီရန်ကြိုးစားခဲ့သည်။ (ကမ္ဘာဦး ၄:၅-၇) ယင်းက အပြစ်ရှိသောလူသားကို နောင်တရရန် ဘုရားသခင်၏ဦးဆုံးတောင်းဆိုချက်ဖြစ်သည်။ ကာဣနသည် နောင်တမရသည့်သဘောထားကိုတင်ပြပြီး ကြီးလေးသောပြစ်မှုကြီးကို ကျူးလွန်ပြီးသည့်နောက်ပိုင်းတွင် ယေဟောဝါသည် သူ့အားနယ်နှင်ဒဏ်ပေးလိုက်ပြီး လျှော့ပေါ့သောအားဖြင့် အခြားလူသားများသူ့ကိုမသတ်ရန်တားမြစ်သည့်စီရင်ချက်ထုတ်လိုက်သည်။—ကမ္ဘာဦး ၄:၈-၁၅။
၅၊ ၆။ (က) ယေဟောဝါသည် ရေလွှမ်းမိုးခြင်းမတိုင်မီခေတ်ကလူမျိုးဆက်နှင့် မည်သို့စခန်းသွားခဲ့သနည်း။ (ခ) သောဒုံနှင့်ဂေါမောရမြို့သားများကိုစီရင်ချက်မချမီ ယေဟောဝါဘာလုပ်ခဲ့သနည်း။
၅ ရေလွှမ်းမိုးခြင်းမတိုင်မီက ‘မြေကြီးသည် အဓမ္မအမှုနှင့်ပြည့်စုံ’ ကြောင်းကို ယေဟောဝါတွေ့မြင်တော်မူခဲ့သည်။ (ကမ္ဘာဦး ၆:၅၊ ၆) ရေလွှမ်မိုးခြင်းမတိုင်မီလူမျိုးဆက်ရှိ လူအများစုသည် မိမိတို့၏လွတ်လပ်စွာပြုလုပ်ပိုင်ခွင့်များကိုအလွဲသုံးခဲ့ကြသဖြင့် သူတို့ကိုတရားစီရင်ရမည်ဖြစ်သောကြောင့် ယေဟောဝါ “ဝမ်းနည်းတော်မူ” ခြင်းဖြစ်သည်။ သို့သော် နောဧအား “ဖြောင့်မတ်ခြင်းတရားကိုဟောသော” သူအဖြစ် နှစ်ပေါင်းများစွာဘုရားသခင်အသုံးပြုခဲ့ခြင်းအားဖြင့် လုံလောက်စွာသတိပေးတော်မူခဲ့သည်။ ထိုနောက်ပိုင်းတွင် ယေဟောဝါအတွက် ‘ဘုရားတရားမဲ့သည့်ထိုလောကကိုပြစ်ဒဏ်စီရင်ရန် နှောင့်နှေး’ နေစရာအကြောင်းလုံးဝမရှိတော့ပေ။—၂ ပေတရု ၂:၅၊ ကဘ။
၆ ဖောက်ပြန်သောသောဒုံနှင့်ဂေါမောရမြို့အား တရားစီရင်ခြင်းကိစ္စကိုကိုင်တွယ်ရန် ယေဟောဝါသည်အလားတူတာဝန်ရှိတော်မူသည်။ သို့ရာတွင် ကိုယ်တော်မည်သို့လုပ်ဆောင်သည်ကိုမှတ်သားပါလေ။ ဖြောင့်မတ်သူလောတ၏ဆုတောင်းချက်များအားဖြင့် ထိုလူများ၏မဖွယ်မရာသောအကျင့်များ “ကြွေးကြော်သောအသံ” ကို ကိုယ်တော်ကြားတော်မူခဲ့သည်။ (ကမ္ဘာဦး ၁၈:၂၀။ ၂ ပေတရု ၂:၇၊ ၈) သို့သော် အရေးမယူမီ ကိုယ်တော်သည် မိမိ၏ကောင်းကင်တမန်များအားဖြင့် “ဆင်းသက်” ၍ ဖြစ်ကြောင်းမှန်ရာကိုကြည့်ရှုတော်မူခဲ့သည်။ (ကမ္ဘာဦး ၁၈:၂၁၊ ၂၂။ ၁၉:၁) မတရားစွာမစီရင်မိစေရန် အာဗြဟံအားလည်း ထပ်မံသေချာစေခဲ့သည်။—ကမ္ဘာဦး ၁၈:၂၃-၃၂။
၇။ တရားရေးကော်မတီတွင်ပါဝင်ရသောအကြီးအကဲများသည် ယေဟောဝါတရားစီရင်ရာနည်းလမ်း၏ပုံသက်သေများမှ မည်သည့်သင်ခန်းစာရယူနိုင်သနည်း။
၇ ဤဥပမာမှ ယနေ့အကြီးအကဲများမည်သည့်အရာကို သင်ခန်းစာရယူနိုင်သနည်း။ အာဒံနှင့်ဧဝတို့၏ကိစ္စတွင် ပြစ်မှားသူများနှင့်သွေးသားတော်စပ်သော်လည်း ဤကိစ္စနှင့်ပတ်သက်၍အပြစ်မတင်ထိုက်သောသူများကို ယေဟောဝါသည် မေတ္တာနှင့်စာနာမှုတင်ပြတော်မူခဲ့သည်။ အာဒံနှင့်ဧဝတို့မှပေါက်ဖွားလာသူများအား ကိုယ်တော်ကရုဏာပြတော်မူခဲ့သည်။ ကာဣနကိစ္စတွင် သူကျရောက်နေသည့်အန္တရာယ်ကိုယေဟောဝါကြိုမြင်ပြီး သူနှင့်ကြင်နာစွာကျိုးကြောင်းဆင်ခြင်ပြီး အပြစ်မပြုမိရန်ကြိုတင်တားဆီးတော်မူခဲ့သည်။ နှင်ထုတ်ပြီးနောက်ပိုင်း၌ပင် ယေဟောဝါသူ့ကိုစာနာထောက်ထားခဲ့သည်။ ထို့ပြင်၊ ရေလွှမ်းမိုးခြင်းမတိုင်မီလူမျိုးဆက်ကို ယေဟောဝါသည် စိတ်ရှည်သည်းခံမှုများစွာပြသခဲ့ပြီးမှ တရားစီရင်ခဲ့ခြင်းဖြစ်သည်။ ခေါင်းမာမာနှင့်ဆိုးညစ်မှုများကိုကြုံတွေ့ရသောအခါ ယေဟောဝါသည် “နှလုံး၌နာကျင်တော်မူသည်။” လူများသည် ကိုယ်တော်၏ဖြောင့်မတ်သည့်ဥပဒေများကိုဖီဆန်သဖြင့် သူတို့အားဘက်မလိုက်တမ်းတရားစီရင်ရမည်ကို ကိုယ်တော်ဝမ်းနည်းတော်မူခဲ့သည်။ (ကမ္ဘာဦး ၆:၆၊ ကဘ။ ယေဇကျေလ ၁၈:၃၁။ ၂ ပေတရု ၃:၉ နှိုင်းယှဉ်။) သောဒုံနှင့်ဂေါမောရကိစ္စတွင် ယေဟောဝါသည် ဟုတ်ကြောင်းမှန်ရာကိုသက်သေထင်ရှားပြသခဲ့ပြီးမှ အရေးယူခဲ့ခြင်းဖြစ်သည်။ ယနေ့တရားရေးရာကိစ္စများကိုကိုင်တွယ်ဖြေရှင်းရသူများအတွက် မည်မျှကောင်းသည့်ပုံသက်သေပါတကား။
ဘိုးဘေးများခေတ်က လူသားတရားသူကြီးများ
၈။ ဘိုးဘေးများခေတ်က ယေဟောဝါ၏မည်သည့်အခြေခံပညတ်တော်များရှိခဲ့သနည်း။
၈ သူတို့အချိန်က စာထက်အက္ခရာတင်သည့်ပညတ်တစ်စုံတစ်ရာမရှိခဲ့သော်လည်း ဘိုးဘေးများသည် ယေဟောဝါ၏အခြေခံပညတ်များနှင့်အကျွမ်းတဝင်ဖြစ်ခဲ့ပြီး ကိုယ်တော့်ကျေးကျွန်များသည် ထိုပညတ်များကိုလိုက်လျှောက်ရန်တာဝန်ရှိကြသည်။ (ကမ္ဘာဦး ၂၆:၅ နှိုင်းယှဉ်။) ဧဒင်မှအဖြစ်အပျက်က ယေဟောဝါ၏စကြဝဠာအုပ်စိုးပိုင်ခွင့်ကို နာခံအောက်ကျို့ရန်လိုကြောင်းတင်ပြခဲ့သည်။ ကာဣန၏ကိစ္စက လူသတ်ခြင်းကိုယေဟောဝါမနှစ်သက်ကြောင်းဖော်ပြသည်။ ရေလွှမ်းမိုးမှုပြီးပြီးချင်း ဘုရားသခင်သည် အသက်ကိုလေးမြတ်မှု၊ လူအသက်သတ်ခြင်း၊ သေဒဏ်စီရင်ခြင်းနှင့် အသွေးစားခြင်းများနှင့်ဆိုင်သောပညတ်များကို လူသားများအားပေးခဲ့သည်။ (ကမ္ဘာဦး ၉:၃-၆) ဂါဇမြို့နားတွင် အာဗြဟံ၊ စာရာ၊ ဂေရာမင်းအဘိမလက်တို့ပါဝင်သောအဖြစ်အပျက်က ယေဟောဝါသည် သူ့မယားပြစ်မှားခြင်းကို ပြင်းပြင်းထန်ထန်ပြစ်တင်ရှုတ်ချတော်မူခဲ့သည်။—ကမ္ဘာဦး ၂၀:၁-၇။
၉၊ ၁၀။ ဘိုးဘေးများအသိုင်းအဝိုင်းတွင် တရားစီရင်ရေးစနစ်တစ်ခုရှိခဲ့ကြောင်း မည်သည့်ဥပမာကတင်ပြသနည်း။
၉ ထိုခေတ်က အိမ်ထောင်ဦးစီးသည် တရားသူကြီးအဖြစ်ဆောင်ရွက်ပြီး တရားရေးပြဿနာများကိုကိုင်တွယ်သည်။ အာဗြဟံနှင့်ပတ်သက်၍ ယေဟောဝါက “သူသည် မိမိနောက်၌ဖြစ်သောသားများ၊ အိမ်သူများတို့အားပညတ်မည့်အရာကိုငါသိ၏။ သူတို့သည်လည်း ထာဝရဘုရား၏တရားလမ်းသို့လိုက်၍ ဟုတ်မှန်ဖြောင့်မတ်စွာကျင့်ကြလိမ့်မည်” ဟုဖော်ပြတော်မူခဲ့သည်။ (ကမ္ဘာဦး ၁၈:၁၉) အာဗြဟံသည် မိမိ၏တိရစ္ဆာန်ထိန်းကျောင်းသူများနှင့် လောတ၏တိရစ္ဆာန်ထိန်းကျောင်းသူများစပ်ကြား ခိုက်ရန်ဖြစ်ခြင်းကိုဖြေရှင်းရာတွင် တစ်ကိုယ်ကောင်းမဆန်ဘဲ ပိုင်းခြားနားလည်နိုင်စွမ်းရှိခြင်းကိုတင်ပြခဲ့သည်။ (ကမ္ဘာဦး ၁၃:၇-၁၁) ယုဒသည် ရှေးဘိုးဘေးတို့၏အကြီးအကဲနှင့်တရားသူကြီးအဖြစ်ဆောင်ရွက်စဉ်က မိမိ၏ချွေးမတာမာကို သူ့သားအိမ်ယာပြစ်မှားသူဟုယူမှတ်သဖြင့် သူမအားကျောက်ခဲနှင့်ပစ်၍မီးရှို့သတ်ရန်စီရင်ခဲ့သည်။ (ကမ္ဘာဦး ၃၈:၁၁၊ ၂၄။ ယောရှု ၇:၂၅ နှိုင်းယှဉ်။) အဖြစ်မှန်အားလုံးကို သူသိရှိပြီးနောက်ပိုင်း သူမကို မိမိထက်သာ၍ဖြောင့်မတ်သူဟုကြေညာခဲ့သည်။ (ကမ္ဘာဦး ၃၈:၂၅၊ ၂၆) တရားစီရင်ချက်တစ်ခုမချမီ အဖြစ်အပျက်အားလုံးကိုသိရှိအောင်ပြုခြင်းသည် မည်မျှအရေးကြီးပါသည်တကား။
၁၀ ယောဘဝတ္ထုစာစောင်သည် တရားစီရင်ရေးလုပ်ထုံးလုပ်နည်းများကိုရည်ညွှန်းရေးသားထားပြီး ဘက်မလိုက်တရားစီရင်မှုလိုအပ်ကြောင်းကို ဖော်ပြသည်။ (ယောဘ ၁၃:၈၊ ၁၀၊ ၃၁:၁၁။ ၃၂:၂၁) ယောဘကိုယ်တိုင်က မိမိသည်မြို့တံခါးဝတွင်ထိုင်သောလေးစားခံရသည့်တရားသူကြီးဖြစ်ကြောင်း၊ မုဆိုးမများနှင့်မိဘမဲ့ကလေးများ၏အကျိုးကိုကာကွယ်၍ တရားရေးကိစ္စများကိုကိုင်တွယ်စီရင်ခဲ့ကြောင်းကို ပြန်ပြောပြသည်။ (ယောဘ ၂၉:၇-၁၆) ထို့ကြောင့် ဣသရေလလူမျိုးများထွက်မြောက်ရာကာလနှင့် သူတို့အတွက်တရားရေးဆိုင်ရာအခြေခံဥပဒေကိုဘုရားသခင်ပေးခြင်းမတိုင်မီအချိန်အထိ ဘိုးဘေးများ၏အသိုင်းအဝိုင်း၌ “အသက်ကြီးသူများ” သည် အာဗြဟံ၏သားစဉ်မြေးဆက်များတွင် တရားသူကြီးများအဖြစ်ဆောင်ရွက်ခဲ့ကြကြောင်းထင်ရှားသည်။ (ထွက်မြောက်ရာ ၃:၁၆၊ ၁၈) အမှန်မှာ လူများကိုကိုယ်စားပြုသော “အသက်ကြီးသူများ” သို့မဟုတ် “အကြီးအကဲများ” အား ပညတ်ပဋိညာဉ်ဆိုင်ရာကမ်းလှမ်းချက်ကို မောရှေမှတစ်ဆင့်ပေးအပ်ခြင်းခံခဲ့ရသည်။—ထွက်မြောက်ရာ ၁၉:၃-၇။
ဣသရေလလူမျိုးတို့၏တရားစီရင်ရေးစနစ်
၁၁၊ ၁၂။ ကျမ်းပညာရှင်နှစ်ဦး၏အဆိုအရ ဣသရေလလူမျိုးများ၏တရားစီရင်ရေးစနစ်ကို အခြားလူမျိုးများနှင့်ကွာခြားစေသည့်အချက်ကားအဘယ်နည်း။
၁၁ ဣသရေလလူမျိုးများအတွင်း တရားစီရင်ရေးကိစ္စများကို ကိုင်တွယ်စီမံပုံသည် သူတို့အနီးပတ်ဝန်းကျင်ရှိနိုင်ငံများလိုက်လျှောက်သော တရားစီရင်မှုဆိုင်ရာနည်းလမ်းများနှင့် လားလားကြီးကွာခြားခဲ့သည်။ တရားမမှုဥပဒေများနှင့်ရာဇဝတ်မှုဥပဒေများစပ်ကြား ထူးခြားကွဲပြားမှုမရှိခဲ့ပါ။ ယင်းနှစ်ခုစလုံးသည် စာရိတ္တနှင့်ဘာသာရေးဆိုင်ရာဥပဒေများနှင့်ဆက်စပ်နေသည်။ မိမိ၏အိမ်နီးနားချင်းကို ထိပါးကျူးကျော်ခြင်းသည် ယေဟောဝါကိုထိပါးကျူးကျော်ခြင်းပင်ဖြစ်သည်။ အဲန်ဒရာ ရှူရာခီ က မိမိရေးသားသော The People and the Faith of the Bible စာအုပ်တွင် ဤသို့ဖော်ပြထားသည်။ “ဟေဗြဲလူမျိုးများ၏တရားစီရင်ထုံးများသည် သူတို့၏အိမ်နီးချင်းနိုင်ငံများနှင့်ကွာခြားသည်။ အပြစ်ကျူးလွန်ခြင်းနှင့်ပြစ်ဒဏ်ချမှတ်ခြင်းတို့၏အဓိပ္ပာယ်သတ်မှတ်ချက်တွင်သာမက ဥပဒေသများကိုယ်နှိုက်၏ဆိုလိုရင်းတွင်လည်း ကွာခြားသည်။ . . . တိုရာဥပဒေသည် နေ့စဉ်အသက်တာနှင့်သီးခြားကွာဟမှုမရှိပါ။ ယင်းသည် ကောင်းချီးပေးခြင်း၊ ကျိန်ခြင်းများပါဝင်ခြင်းအားဖြင့် နေ့စဉ်အသက်တာ၏သဘာဝနှင့်ပါဝင်ပတ်သက်ရာအားလုံးကို ထိန်းချုပ်ထားသည်။ . . . ဣသရေလလူမျိုးများတွင် မြို့တော်၏တရားဥပဒေစီမံဆောင်ရွက်မှုများကို သီးခြားခွဲခြားဖော်ပြရန်မဖြစ်နိုင်သလောက်ပင်ဖြစ်သည်။ ယင်းတို့သည် အသက်ရှင်တော်မူသောဘုရားသခင်၏ အလိုတော်ကိုလိုက်နာခြင်းမှ ဖြစ်ပေါ်လာသောဘဝအသက်တာနှင့် တစ်သားတည်းကျနေသည်။”
၁၂ ဤသို့ထူးခြားသောအခြေအနေသည် တရားဥပဒေစီမံဆောင်ရွက်မှုများနှင့်ပတ်သက်၍ ဣသရေလလူမျိုးများ၏အဆင့်ကို ခေတ်ပြိုင်တိုင်းနိုင်ငံများထက် များစွာမြှင့်တင်ထားပေးသည်။ ကျမ်းပညာရှင် ရော်လန်ဒဗိုးက “ဣသရေလလူမျိုးတို့၏ပညတ်များသည် ပုံစံနှင့်ပါဝင်သည့်အချက်များဆင်တူသည့်ကြားကပင် အရှေ့အလယ်ပိုင်းဒေသများရှိ “သဘောတူစာချုပ်” များတွင်ပါဝင်သောစည်းကမ်းချက်များနှင့် ‘ဥပဒေ’ များတွင်ပါဝင်သောစည်းမျဉ်းများနှင့် အခြေအမြစ်ကျကျကွာဟမှုရှိသည်။ ယင်းတို့သည် ဘာသာရေးဆိုင်ရာဥပဒေသများဖြစ်သည်။ . . . အရှေ့အလယ်ပိုင်းရှိမည်သည့်ဥပဒေမျှ ဥပဒေပြုရေးသားရှင်သည် ဘုရားသခင်ဖြစ်ကြောင်းအခိုင်အမာပြောထားသည့် ဣသရေလလူမျိုးများ၏ပညတ်တော်များနှင့် ယှဉ်၍မရနိုင်ပါ။ ထိုပညတ်တော်များတွင် ကျင့်ဝတ်နှင့်လုပ်ထုံးလုပ်နည်းများဆိုင်ရာစည်းမျဉ်းဥပဒေများပါဝင်သည်ရှိသော် ယင်းတစ်ခုလုံးတွင် ဘုရားသခင့်ပဋိညာဉ်၏အပိုင်းကဏ္ဍအားလုံးပါဝင်သောကြောင့်ဖြစ်သည်။ ယင်းပဋိညာဉ်သည် လူလူချင်း၊ လူနှင့်ဘုရားသခင်၏ပေါင်းသင်းဆက်ဆံရေးတို့ကို ထိန်းချုပ်ထားသောကြောင့်ဖြစ်သည်။” မောရှေဤသို့မေးခဲ့သည်မှာ အဆန်းမဟုတ်ပါ။ “ငါသည်ယနေ့သင်တို့၌ထားသောတရားအပေါင်းနှင့်အမျှ ဖြောင့်မတ်သောစီရင်ထုံးဖွဲ့ချက်တို့ကိုရသော အဘယ်လူမျိုးကြီးရှိသနည်း။”—တရားဟောရာ ၄:၈။
ဣသရေလတရားသူကြီးများ
၁၃။ မောရှေသည် ယနေ့အကြီးအကဲများအတွက် မည်သည့်အချက်များတွင်ပုံသက်သေကောင်းဖြစ်သနည်း။
၁၃ ယင်းသို့အဆင့်အတန်းမြင့်သောတရားစီရင်ရေးစနစ်များအားဖြင့် တရားသူကြီးအဖြစ်ဆောင်ရွက်ရန် မည်ကဲ့သို့သောလူများလိုအပ်သနည်း။ ဣသရေလတွင် ဦးဆုံးတရားသူကြီးအဖြစ်ခန့်အပ်ခံရသူနှင့်ပတ်သက်၍ ကျမ်းစာက “မောရှေသည် မြေကြီးပေါ်မှာရှိနေသောသူအပေါင်းတို့ထက် သာ၍နူးညံ့သိမ်မွေ့သောသဘောရှိ၏” ဟုဖော်ပြထားသည်။ (တောလည်ရာ ၁၂:၃) သူသည် မိမိကိုယ်ကို အလွန်အမင်းယုံကြည်စိတ်ချခြင်းမရှိခဲ့ပါ။ (ထွက်မြောက်ရာ ၄:၁၀) လူများကိုတရားစီရင်ရသော်လည်း တစ်ခါတစ်ရံတွင် သူတို့အတွက်ဘုရားသခင်ကိုလျှောက်လဲပြောဆိုပေးရသူ၊ သူတို့၏အပြစ်များကိုတောင်းပန်ပြီး သူတို့အကျိုးအတွက် မိမိကိုယ်ကိုပင်အနစ်နာခံပေးရသူအဖြစ်လုပ်ဆောင်ခဲ့ရသည်။ (ထွက်မြောက်ရာ ၃၂:၁၁။ ၃၀-၃၂) သူဤသို့ကဗျာဆန်ဆန်ဖော်ပြခဲ့သည်။ “ငါ့ဒေသနာသည် မိုးရေကဲ့သို့စက်စက်ကျ၍ ငါ့စကားသည် နှင်းကဲ့သို့ဖြည်းညင်းစွာသက်ရောက်လိမ့်မည်။” (တရားဟောရာ ၃၂:၂) မိမိကိုယ်ပိုင်ဉာဏ်ကိုအမှီပြု၍လူများကိုတရားစီရင်ဖို့နေနေသာသာ ဤသို့ပင်သူကြေညာခဲ့သည်။ “သူတို့သည်အမှုရှိလျှင် ကျွန်ုပ်ထံသို့လာ၍ သူတို့၏အမှုကို ကျွန်ုပ်ဆုံးဖြတ်ရ၏။ ဘုရားသခင်၏ပညတ်တရားများကို သင်ချရ၏။” (ထွက်မြောက်ရာ ၁၈:၁၆) ဒွိဟဖြစ်ပါက ပြဿနာကို ယေဟောဝါထံတင်ပြသည်။ (တောလည်ရာ ၉:၆-၈၊ ၁၅:၃၂-၃၆၊ ၂၇:၁-၁၁) ယနေ့ ‘ဘုရားသခင်၏သိုးတော်စုကိုထိန်းကျောင်း’ ရပြီး တရားစီရင်ဆုံးဖြတ်ချက်များချမှတ်ရသောအကြီးအကဲများအတွက် မောရှေသည် ကောင်းသောပုံသက်သေဖြစ်ခဲ့သည်။ (တမန်တော် ၂၀:၂၈) သူတို့ညီအစ်ကိုများနှင့်သူတို့ဆက်ဆံရေးသည် ‘မြက်ပေါ်မှာစက်စက်ကျသောမိုးရေ’ ကဲ့သို့ဖြစ်ပါစေ။
၁၄။ ဣသရေလလူမျိုးတွင် တရားသူကြီးအဖြစ်မောရှေခန့်အပ်သောသူတို့၏ဝိညာဏအရည်အချင်းများကား အဘယ်နည်း။
၁၄ နောင်အခါတွင် လူများအတွက်တရားစီရင်ရေးကိစ္စများကို မောရှေကိုယ်တိုင်မဆောင်ရွက်ပေးနိုင်တော့ချေ။ (ထွက်မြောက်ရာ ၁၈:၁၃၊ ၁၈) အကူအညီရယူနိုင်ရန် သူ့ယောက္ခမ၏စကားကို သူလက်ခံခဲ့သည်။ ဤတွင်လည်း မည်ကဲ့သို့သောလူများကိုရွေးချယ်သနည်း။ ကျွန်ုပ်တို့ဤသို့ဖတ်ရသည်။ “‘ဘုရားသခင်ကိုကြောက်ရွံ့လျက်၊ သစ္စာနှင့်ပြည့်စုံလျက်၊ လောဘကိုရွံရှာလျက်၊ တတ်စွမ်းနိုင်သောသူတို့ကို လူအပေါင်းတို့အထဲကရွေးကောက် [လော့]’ . . . မောရှေသည်လည်း ယောက္ခမ၏စကားကိုနားထောင်၍ စကားရှိသည်အတိုင်းပြုလျက် တတ်စွမ်းနိုင်သောသူတို့ကို ဣသရေလအမျိုးထဲကရွေးကောက်၍ လူတစ်ထောင်အုပ်၊ တစ်ရာအုပ်၊ ငါးဆယ်အုပ်၊ တစ်ဆယ်အုပ်အသီးသီးခေါင်းအရာ၌ခန့်ထားလေ၏။ သူတို့သည် ခပ်သိမ်းသောအချိန်၌ လူတို့ကိုတရားစီရင်ကြ၏။ ခက်သောအမှု၌ မောရှေ၏အယူကိုခံကြ၏။ လွယ်သောအမှုကို အလိုလိုစီရင်ကြ၏။”—ထွက်မြောက်ရာ ၁၈:၂၁-၂၆။
၁၅။ ဣသရေလလူမျိုးတွင် တရားသူကြီးအဖြစ်လုပ်ဆောင်သူတို့၏အရည်အချင်းများကား အဘယ်နည်း။
၁၅ တရားသူကြီးများအဖြစ်လူများကိုရွေးချယ်ရာတွင် အသက်အရွယ်သည် တစ်ခုတည်းသောဆုံးဖြတ်စရာအကြောင်းမဟုတ်ကြောင်းကို တွေ့မြင်နိုင်သည်။ မောရှေဤသို့ပြောခဲ့သည်။ “ဉာဏ်ပညာ၊ သတိပညာနှင့် အတွေ့အကြုံရှိသောယောက်ျားများကို သင်တို့အမျိုးများထဲကရွေးပေးကြလော့။ သူတို့ကို သင်တို့၏အကဲအမှူးအရာ၌ငါခန့်ထားမည်။” (တရားဟောရာ ၁:၁၃၊ ကဘ) မောရှေသည် သူ့အချိန်မတိုင်မီနှစ်ပေါင်းများစွာကတည်းက လူငယ်ဧလိဟုပြောခဲ့သည့်စကားများနှင့် အတော်အကျွမ်းတဝင်ဖြစ်နေသည်။ “လူကြီးတို့သည် အစဉ်ပညာရှိသည်မဟုတ်။ အသက်ကြီးသောသူအပေါင်းတို့သည် မှန်သောတရားကိုနားလည်သည်မဟုတ်။” (ယောဘ ၃၂:၉) ခန့်အပ်ခံရသူများသည် “အတွေ့အကြုံရှိသောယောက်ျားများ” ဖြစ်ရန်လိုအပ်သည်မှာမှန်ပါသည်။ သို့သော်၊ ၎င်းတို့အပြင် သူတို့သည် တတ်စွမ်းနိုင်၊ ဘုရားကိုကြောက်ရွံ့၊ မတရားသောအကျိုးစီးပွားကိုမုန်းပြီး ဉာဏ်ပညာနှင့်သတိပညာရှိသော ယုံကြည်စိတ်ချနိုင်သည့်ယောက်ျားများဖြစ်ကြရမည်။ ယောရှု ၂၃:၃ နှင့် ၂၄:၁ တို့တွင်ဖော်ပြထားသော “အကဲအမှူးများ” နှင့် “တရားသူကြီးများ” သည် ထိုအခန်းငယ်များတွင်ဖော်ပြသော “အသက်ကြီးသူများ” နှင့်ကွာခြားမှုမရှိဘဲ သူတို့အထဲမှရွေးနှုတ်ထားသူများသာဖြစ်သည်။—Insight on the Scriptures, Volume 2, page 549 ရှု။
တရားစီရင်ခြင်း
၁၆။ ခန့်အပ်ပြီးခါစတရားသူကြီးများအား မောရှေပေးခဲ့သောသွန်သင်ချက်များနှင့်ပတ်သက်၍ ကျွန်ုပ်တို့ဘာမှတ်သားသင့်သနည်း။
၁၆ ခန့်အပ်ခံတရားသူကြီးများအား ညွှန်ကြားချက်ပေးရာတွင် မောရှေက “သင်တို့ညီအစ်ကို၏အမှုတို့ကိုနားထောင်၍ အမျိုးသားချင်းတရားတွေ့သည်ဖြစ်စေ၊ တစ်ပါးအမျိုးသားနှင့်တွေ့သည်ဖြစ်စေ တရားသဖြင့်စီရင်ကြလော့။ တရားအမှုကိုစီရင်သောအခါ အဘယ်သူ၏မျက်နှာကိုမထောက်ရ။ လူငယ်စကားကိုလူကြီးစကားကဲ့သို့မှတ်ရမည်။ အဘယ်လူကိုမျှမကြောက်ရ။ အကြောင်းမူကား၊ တရားအမှုကို ဘုရားသခင်ပိုင်တော်မူသောကြောင့်တည်း။ ကိုယ်တိုင်မစီရင်တတ်သောအမှုကို ငါ့ [မောရှေ] ထံမှာအယူခံရမည်။ ငါလည်းနားထောင်မည်” ဟုပြောခဲ့သည်။ —တရားဟောရာ ၁:၁၆၊ ၁၇။
၁၇။ မည်သူများတရားသူကြီးအဖြစ်ခန့်အပ်ခံရပြီး ယောရှဖတ်မင်းကသူတို့အား မည်သို့သတိပေးခဲ့သနည်း။
၁၇ မောရှေအသက်ရှင်စဉ်ကာလအတွင်းသာ ပြဿနာများကို သူ့ထံယူဆောင်သွားနိုင်သည်။ ထို့ကြောင့် ခက်ခဲသည့်အမှုကိစ္စများကို ယဇ်ပုရောဟိတ်များ၊ လေဝိများနှင့် အထူးသဖြင့် ခန့်အပ်ထားသောတရားသူကြီးများကြားနာနိုင်ရန် အခြားအစီအစဉ်များကိုပြုလုပ်ကြသည်။ (တရားဟောရာ ၁၇:၈-၁၂။ ၁ ရာဇဝင်ချုပ် ၂၃:၁-၄။ ၂ ရာဇဝင်ချုပ် ၁၉:၅၊ ၈) ယောရှဖတ်မင်းကြီးသည် ယုဒမြို့တော်တွင် မိမိခန့်အပ်သောတရားသူကြီးများအား “သင်တို့ပြုသောအမှုကိုသတိပြုကြလော့။ လူ၏အမှုကိုစောင့်၍တရားစီရင်သည်မဟုတ်။ သင်တို့စီရင်ရာတွင် ရှိတော်မူသောထာဝရဘုရား [ယေဟောဝါ၊ ကဘ] ၏အမှုကိုစောင့်၍စီရင်ရကြ၏။ . . . သင်တို့သည် စုံလင်သောစိတ်နှလုံးနှင့် ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ကိုကြောက်ရွံ့လျက်၊ သစ္စာစောင့်လျက်စီရင်ကြလော့။ အမြို့မြို့၌နေသောအမျိုးသားချင်းတို့တွင် . . . သင်တို့နှင့်အမျိုးသားချင်းတို့အပေါ်သို့အမျက်တော်သက်ရောက်စေခြင်းငှာ သူတို့သည် ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ကိုမပြစ်မှားရမည်အကြောင်း သတိပေးကြလော့။ သို့ပြုလျှင် ကိုယ်တိုင်အပြစ်လွတ်ကြလိမ့်မည်” ဟုပြောခဲ့သည်။—၂ ရာဇဝင်ချုပ် ၁၉:၆-၁၀။
၁၈။ (က) ဣသရေလလူမျိုးများတွင်ရှိသောတရားသူကြီးများ လိုက်နာကျင့်သုံးရသည့်စည်းမျဉ်းအချို့ကား အဘယ်နည်း။ (ခ) တရားသူကြီးများသည် မည်သည့်အချက်ကို အစဉ်အမြဲသတိရနေရမည်နည်း။ ယင်းအချက်ကိုမေ့လျော့ခြင်း၏ရလဒ်ကို မည်သည့်ကျမ်းချက်များကဖော်ပြသနည်း။
၁၈ ဣသရေလနိုင်ငံရှိတရားသူကြီးများလိုက်နာကျင့်သုံးရမည့်စည်းမျဉ်းမူများမှာ အောက်ပါအတိုင်းဖြစ်သည်။ ဆင်းရဲချမ်းသာမရွေး သာတူညီမျှသောတရားစီရင်ခြင်း (ထွက်မြောက်ရာ ၂၃:၃၊ ၆။ ဝတ်ပြုရာ ၁၉:၁၅)၊ ဘက်မလိုက်ခြင်းကိုကြပ်မတ်လိုက်နာခြင်း (တရားဟောရာ ၁:၁၇)၊ တံစိုးလက်ဆောင်မစားခြင်း တို့ဖြစ်သည်။ (တရားဟောရာ ၁၆:၁၈-၂၀) တရားသူကြီးများအစဉ်အမြဲသတိရနေရမည်မှာ သူတို့တရားစီရင်နေသူများသည် ယေဟောဝါ၏သိုးများဖြစ်ကြောင်းဖြစ်သည်။ (ဆာလံ ၁၀၀:၃) အမှန်မှာ ဇာတိဣသရေလလူမျိုးကို ယေဟောဝါငြင်းပယ်ရသည့်တစ်ခုသောအကြောင်းမှာ သူတို့၏ယဇ်ပုရောဟိတ်များနှင့်သိုးထိန်းများသည် ဖြောင့်မတ်ခြင်းနှင့်အညီတရားစီရင်ရန်ပျက်ကွက်ကြပြီး လူများကို ကြမ်းတမ်းစွာဆက်ဆံကြသောကြောင့်ဖြစ်သည်။—ယေရမိ ၂၂:၃၊ ၅၊ ၂၅။ ၂၃:၁၊ ၂။ ယေဇကျေလ ၃၄:၁-၄။ မာလခိ ၂:၈၊ ၉။
၁၉။ ခေတ်သက္ကရာဇ်မတိုင်မီက ယေဟောဝါ၏တရားမျှတမှုစံချိန်များကို စစ်ဆေးကြည့်ခြင်းက ကျွန်ုပ်တို့အတွက် မည်သည့်တန်ဖိုးရှိစေသနည်း။ နောက်ဆောင်းပါးတွင် မည်သည့်အချက်ကို သုံးသပ်ကြမည်နည်း။
၁၉ ယေဟောဝါသည် ပြောင်းလဲတော်မမူ။ (မာလခိ ၃:၆) ဣသရေလလူမျိုးများတွင် ပြုသင့်သည့်တရားစီရင်မှုနည်းလမ်းများနှင့် တရားမျှတမှုကိုငြင်းပယ်သူမည်သူမဆိုအား ယေဟောဝါမည်သို့ရှုမြင်ကြောင်းတို့သည် ယနေ့တရားစီရင်မှုများပြုရန်တာဝန်ရှိသောအကြီးအကဲများအား ခေတ္တရပ်၍စဉ်းစားကြည့်စေသင့်သည်။ တရားသူကြီးတစ်ဦးအနေနှင့်ယေဟောဝါ၏ပုံသက်သေနှင့် ဣသရေလလူမျိုးများတွင်ကိုယ်တော်ချမှတ်သောတရားစီရင်မှုနည်းစနစ်များသည် ခရစ်ယာန်အသင်းတော်အတွင်း တရားရေးကိစ္စများကိုကိုင်တွယ်ဖြေရှင်းရန် စည်းမျဉ်းမူများကိုပုံစံချပေးသည်။ လာမည့်ဆောင်းပါးတွင် ယင်းတို့ကိုတွေ့ရကြမည်။
ပြန်လည်ဆွေးနွေးရန်မေးခွန်းများ
▫ ယေဟောဝါ၏တရားစီရင်ရာနည်းလမ်းများကို မည်သို့မှတ်ချက်ချနိုင်သနည်း။
▫ ကာဣနနှင့် ရေလွှမ်းမိုးခြင်းမတိုင်မီလူမျိုးဆက်တို့နှင့် ယေဟောဝါ၏ဆက်ဆံရေးက ကိုယ်တော့်နည်းလမ်းတော်ကို မည်သို့ရှင်းပြသနည်း။
▫ ဘိုးဘေးများခေတ်က မည်သူများသည် တရားသူကြီးများအဖြစ်ဆောင်ရွက်သနည်း။ မည်သို့ဆောင်ရွက်ကြသနည်း။
▫ ဣသရေလလူမျိုးများ၏တရားစီရင်ရေးစနစ်ကို အခြားလူမျိုးများနှင့် ထူးခြားစေသည့်အချက်ကားအဘယ်နည်း။
▫ ဣသရေလလူမျိုးများတွင် မည်ကဲ့သို့သောလူများကို တရားသူကြီးအဖြစ်ခန့်အပ်ပြီး မည်သည့်စည်းမျဉ်းမူများကို သူတို့လိုက်လျှောက်ကြရသနည်း။