ကျမ်းစာပါ ဆုတောင်းချက်များကို အနီးကပ်ကြည့်ရှုထိုက်
အလွန်စိုးရိမ်ကြောင့်ကြနေသော အမျိုးသမီးတစ်ဦး၊ ဘုရင်တစ်ပါးနှင့် ဘုရားသခင့်သားတော်တို့ မြွက်ဆိုခဲ့သည့် ဆုတောင်းချက်များကို ကျွန်ုပ်တို့ယခု အနီးကပ်ကြည့်ရှုကြမည်။ ဆုတောင်းချက်တစ်ခုစီသည် သီးခြားအခြေအနေများကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ သို့တိုင် ဤကဲ့သို့သောအခြေအနေများက ယနေ့ကျွန်ုပ်တို့အပေါ်အကျိုးသက်ရောက်နိုင်သည်။ ဤနမူနာများမှ ကျွန်ုပ်တို့အဘယ်အရာကို သင်ယူနိုင်သနည်း။
“ကိုယ်တော်ကျွန်မ၏ ဆင်းရဲခြင်းကို ကြည့်ရှု”
သင်သည် ရေရှည်ပြဿနာတစ်ခုနှင့် ရုန်းကန်နေရပါသလော။ သို့မဟုတ် သင့်တွင် စိုးရိမ်ကြောင့်ကြမှုဖြင့် ဝန်လေးပင်ပန်းလာပါသလော။ သို့ဖြစ်လျှင် သင်သည် မိမိ၏သားဦး ရှမွေလကို မမွေးမီက ဟန္နအခြေအနေနှင့် အလွန့်အလွန်တူနေသည်။ သူမတွင် သားသမီးမထွန်းကားသဖြင့် အခြားအမျိုးသမီးများ၏ ကဲ့ရဲ့ပြစ်တင်ခြင်းကို ခံနေရရှာသည်။ အမှန်မှာ ဟန္န၏အခြေအနေသည် သူမအား အစာမစားနိုင်သည့်အထိ စိတ်အလွန်ဗယောက်ဗယက်ဖြစ်ကာ စိုးရိမ်ပူပန်နေသည်။ (၁ ဓမ္မရာဇဝင် ၁:၂-၈၊ ၁၅၊ ၁၆) သူမသည် ယေဟောဝါထံ အသနားခံပြီး အောက်ပါအတိုင်း တောင်းခံပန်ကြားခဲ့သည်–
“အို ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၊ ကိုယ်တော်၏ကျွန်မကို မေ့လျော့တော်မမူဘဲ ကိုယ်တော်ကျွန်မ၏ဆင်းရဲခြင်းကို ကြည့်ရှုအောက်မေ့သဖြင့် သားယောက်ျားကိုပေးသနားတော်မူလျှင် သူ၏ဆံပင်ရိတ်ခြင်းကိုအလျှင်းမပြု၊ တစ်သက်လုံးထာဝရဘုရား၏ကျွန်ဖြစ်စေခြင်းငှာ ကျွန်မအပ်ပါမည်ဟု သစ္စာကတိပြုလေ၏။”—၁ ဓမ္မရာဇဝင် ၁:၁၁။
ဟန္နသည် မရေမရာပြောဆိုနေခြင်းမဟုတ်ကြောင်း သတိပြုပါ။ သူမသည် ယေဟောဝါထံ (သားယောက်ျားကလေးအတွက်) အသေအချာအတိအကျတောင်းခံပြီး ရည်ရွယ်ချက်အတိအကျနှင့် (ဘုရားသခင်အသုံးပြုဖို့ရန်) ဆုတောင်းပါသည်။ ယင်းက ကျွန်ုပ်တို့အား ဘာပြောပြသနည်း။
ဆင်းရဲဒုက္ခရောက်ချိန်တွင် အသေအချာအတိအကျဆုတောင်းပါ။ သင်သည် အဘယ်ပြဿနာပင် ကြုံတွေ့စေကာမူ—သင့်အိမ်တွင်းရေးအခြေအနေ၊ အထီးကျန်မှု သို့မဟုတ် နာမကျန်းဖြစ်မှုဖြစ်စေ—ယင်းနှင့်ပတ်သက်၍ ယေဟောဝါထံ ဆုတောင်းပါ။ သင့်အခက်အခဲနှင့်ပတ်သက်၍ အခြေအနေအတိအကျနှင့် သင်ခံစားရပုံတို့ကို ကိုယ်တော်ထံဖော်ပြပါ။ “ညနေတိုင်း ကျွန်မရဲ့ ဒုက္ခတွေရှိရှိသမျှကို ယေဟောဝါထံ ပုံအပ်တယ်” ဟု လူအီဇာအမည်ရှိ မုဆိုးမတစ်ဦးက ဆိုသည်။ “တစ်ခါတလေမှာ အတော်များပေမဲ့လည်း တစ်ခုစီကို ရှင်းရှင်းလင်းလင်း ဖော်ပြတယ်။”
ယေဟောဝါထံ အသေအချာအတိအကျစကားပြောခြင်းသည် အကျိုးဖြစ်ထွန်းသည်။ သို့ပြုခြင်းဖြင့် မိမိပြဿနာကို မိမိအား ပီပီပြင်ပြင်သိနားလည်စေသည်။ ထိုအခါထင်သလောက်မခက်လှကြောင်းတွေ့ရမည်။ အသေအချာအတိအကျ ဆုတောင်းခြင်းသည် စိုးရိမ်ကြောင့်ကြမှုနှင့်ပတ်သက်၍ ကျွန်ုပ်တို့အား သက်သာရာရစေသည်။ သူမ၏ဆုတောင်းချက် အဖြေမရသေးခင်ကပင် ဟန္နသည် စိတ်ချလက်ချရှိခဲ့ပြီး “နောက်တစ်ဖန် မျက်နှာညှိုးငယ်ခြင်းမရှိချေ။” (၁ ဓမ္မရာဇဝင် ၁:၁၈၊ သမ္မာ) ထို့အပြင် တိတိကျကျဆုတောင်းခြင်းက ဆုတောင်းချက်အဖြေကိုသတိပြုမိစေသည်။ “ကျွန်တော့်ဆုတောင်းချက်တွေကို ပို၍တိတိကျကျပြောဆိုလေလေ အဖြေဟာပို၍သိသာလေလေပဲ” ဟုဂျာမနီတွင်ရှိခရစ်ယာန်တစ်ယောက်ဖြစ်သော ဗန်ဟာ့တ်ကဆိုသည်။
“သို့ရာတွင် အကျွန်ုပ်သည် သူငယ်ဖြစ်ပါ၏”
သို့သော် လူတစ်ဦးသည် မထိုက်တန်ဟု ထင်မှတ်သည့် တာဝန်တစ်ခုကို လက်ခံရရှိပါက ခြားနားသောစိုးရိမ်ပူပန်မှုကို ခံစားကောင်းခံစားရပေမည်။ တစ်ခါတစ်ရံ သင်သည် ယေဟောဝါက သင့်အားပေးသောတာဝန်တစ်ခုကြောင့် စိတ်ဖိစီးခံနေရပါသလော။ သို့တည်းမဟုတ် လူတချို့က သင်ရရှိထားသောတာဝန်သည် မအပ်စပ်သောအရာအဖြစ် သဘောထားကြသလော။ ငယ်ရွယ်သော ရှောလမုန်သည် ဣသရေလဘုရင်အဖြစ် ဘိသိက်ပေးခံရသောအခါ ဤအခြေအနေမျိုးကို ရင်ဆိုင်ခဲ့သည်။ အချို့သော ထင်ရှားသည့်လူကြီးများက အခြားတစ်ယောက်ကို မင်းမြှောက်ရန် ထောက်ခံကြသည်။ (၃ ဓမ္မရာဇဝင် ၁:၅-၇၊ ၄၁-၄၆; ၂:၁၃-၂၂) သူ၏အုပ်ချုပ်မှုအစောပိုင်း၌ ရှောလမုန်သည် ဆုတောင်းချက်ကို ဤသို့တောင်းခဲ့သည်–
“ယခုမှာ အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရား ကိုယ်တော်ကျွန်ကို . . . ရှင်ဘုရင်အရာ၌ ခန့်ထားတော်မူပြီ။ သို့ရာတွင် အကျွန်ုပ်သည် သူငယ်ဖြစ်ပါ၏။ ထွက်ဝင်ခြင်းငှာ မတတ်နိုင်ပါ . . . ကိုယ်တော်ကျွန်သည် ကိုယ်တော်၏လူတို့ကို တရားစီရင်နိုင်မည်အကြောင်း ကောင်းမကောင်းကို ပိုင်းခြား၍သိတတ်သောဉာဏ်ကို ပေးသနားတော်မူပါ။”—၃ ဓမ္မရာဇဝင် ၃:၇-၉။
ရှောလမုန်သည် သူ၏ဆုတောင်းချက်ကို ယေဟောဝါနှင့် သူ၏ဆက်ဆံရေး၊ သူရရှိထားသော တာဝန်နှင့် ဤတာဝန်ကို ထမ်းဆောင်နိုင်ရန် အရည်အသွေးတို့အပေါ်တွင် အာရုံစူးစိုက်ခဲ့သည်။ ထပ်တူစွာပင် ကျွန်ုပ်တို့သည် မိမိတို့အရည်အသွေးမမီနိုင်ဟု ထင်ရသည့်တာဝန်ကို ပေးအပ်ခံရသောအခါ လုပ်ဆောင်နိုင်ဖို့ လိုအပ်ရာများကို ဖြည့်စွက်ပေးရန် ဘုရားသခင်ကို တိုးလျှိုးအသနားခံသင့်သည်။ အောက်ပါအတွေ့အကြုံများကို စဉ်းစားကြည့်ပါ–
ယူဂျီန်း ရှင်းပြသည်မှာ “ကင်းမျှော်စင်အသင်းရဲ့ ဌာနခွဲရုံးမှာ သာ၍ကြီးမားတဲ့တာဝန်ထမ်းဆောင်ဖို့ ဖိတ်ကြားခံရတဲ့အခါ လုံးဝထမ်းဆောင်နိုင်မှာမဟုတ်ဘူးလို့ ခံစားခဲ့ရတယ်။ အဲဒီမှာ ပိုပြီးအရည်အချင်းရှိ အတွေ့အကြုံများတဲ့ အခြားသူတွေရှိနေပါတယ်။ နောက်နှစ်ရက်လောက် မအိပ်နိုင်ဘဲ ဆုတောင်းနေတော့တယ်။ အဲဒါက ကျွန်တော့်ကို အားတက်စေပြီး လိုအပ်တဲ့အာမခံချက်ကို ပေးခဲ့ပါတယ်။”
ရွိုင်သည် မိမိ၏လူသိများသောလူငယ်မိတ်ဆွေတစ်ယောက် ရုတ်တရက်ကြေကွဲဖွယ်သေဆုံးသွားသည့်အတွက် အသုဘဟောပြောချက်ပေးရန် တောင်းဆိုခံရသည်။ လူများရာနှင့်ချီ၍ ကျိန်းသေလာကြမည်။ ရွိုင်ဘာလုပ်ခဲ့သနည်း။ “ခွန်အားရှိဖို့နဲ့ သင့်တော်တဲ့စကားလုံးကို ရှာတွေ့ဖို့၊ တည်ဆောက်မှုပေးတဲ့ သဘောထားများကို တင်ပြနိုင်ဖို့၊ နှစ်သိမ့်အားပေးဖို့အတွက် ဒီလောက်တစ်ခါမျှဆုမတောင်းခဲ့ဘူး။”
ဖန်ဆင်းရှင်က ‘နိုးဆော်မှု’ ကြောင့်လည်းကောင်း၊ ကိုယ်တော့်အဖွဲ့အစည်းတိုးချဲ့မှုကြောင့်လည်းကောင်း ပိုမိုများပြားသောမိမိ၏ကျေးကျွန်များကို တာဝန်လွှဲအပ်နေခြင်းမှာ ဓမ္မတာအကျိုးတရားပင်ဖြစ်သည်။ (ဟေရှာယ ၆၀:၂၂) တိုးချဲ့ထားသောလုပ်ငန်းတွင် ပါဝင်ရန် တောင်းဆိုခံရပါက သင့်အပိုင်းမှလိုအပ်သည့် မည်သည့်အတွေ့အကြုံ၊ လေ့ကျင့်မှု၊ အရည်အသွေးအတွက်ကိုမဆို ယေဟောဝါသည် ကျိန်းသေဖြည့်စွက်ပေးနိုင်ကြောင်းစိတ်ချပါ။ ရှောလမုန်ကဲ့သို့ ထပ်တူနည်းဖြင့် ဘုရားသခင်ထံချဉ်းကပ်ပါ။ ကိုယ်တော်သည် သင့်တာဝန်ကို ဆောင်ရွက်နိုင်ရန် လိုအပ်သလိုဖြည့်စွက်ပေးပါလိမ့်မည်။
“ထိုသူအပေါင်းတို့သည် တစ်လုံးတစ်ဝတည်းဖြစ်” ရန်
ယနေ့ဖြစ်ပေါ်လာသည့် တတိယအခြေအနေမှာ အုပ်စုတစ်စုကို ကိုယ်စားပြုဆုတောင်းပေးရန်လိုအပ်လာသောအခါဖြစ်သည်။ အခြားသူများ၏ အကျိုးအလို့ငှာ ဆုတောင်းပေးရန် တောင်းဆိုလာသောအခါ ကျွန်ုပ်တို့သည် အဘယ်အရာအတွက် ဆုတောင်းသင့်သနည်း။ ယောဟန် အခန်းကြီး ၁၇ တွင်မှတ်တမ်းတင်ထားသည့် ယေရှုဆုတောင်းချက်ကို ဆင်ခြင်ကြည့်ပါ။ ကိုယ်တော်သည် လူသားတစ်ဦးအနေနှင့် နောက်ဆုံးညနေတွင် မိမိတပည့်တော်များရှေ့မှောက် ဤဆုတောင်းချက်ကို မြွက်ကြားခဲ့သည်။ ကိုယ်တော်သည် အဘယ်တိုးလျှိုးအသနားခံခြင်းမျိုးကို မိမိ၏ကောင်းကင်ခမည်းတော်ထံသို့ တောင်းခံခဲ့သနည်း။
ယေရှုသည် ယေဘုယျပန်းတိုင်များနှင့် ရောက်ရှိနေသူများ၌ရှိသည့် မျှော်လင့်ချက်ကို အလေးပေးခဲ့သည်။ ကိုယ်တော်သည် ယေဟောဝါ၏နာမတော် ဘုန်းထင်ရှားရေးနှင့် ဘုရားသခင့်နိုင်ငံတော် လူသိရှင်ကြားဖြစ်ရေးကို ဖော်ပြခဲ့သည်။ ယေရှုက ကျမ်းစာအသိပညာပေါ်အခြေခံသည့် ခမည်းတော်၊ သားတော်နှင့်ကိုယ်ပိုင်အတွင်းကျကျဆက်ဆံရေး၏ တန်ဖိုးကို အလေးပေးခဲ့သည်။ ကိုယ်တော်က မိမိနောက်တော်လိုက်များကို ဤလောကမှ တသီးတခြားဖြစ်ရန်မိန့်မြွက်ခဲ့ပြီး ယင်းကအတိုက်အခံအတွက်ကြံ့ကြံ့ခံစေမည်ဖြစ်သည်။ ခရစ်တော်က မိမိ၏ဤတပည့်တော်များကို ကာကွယ်ရန်နှင့် စစ်မှန်သောဝတ်ပြုရေးတွင် သူတို့တစည်းတလုံးတည်းရှိရန်လည်း မိမိခမည်းတော်ထံ တောင်းဆိုခဲ့သည်။
မှန်ပါသည်၊ ယေရှုသည် တစည်းတလုံးရှိမှုကို အလေးပေးခဲ့သည်။ (ယောဟန် ၁၇:၂၀၊ ၂၁) ထိုညနေခင်းစောစောပိုင်းတွင် တပည့်တော်များသည် အတော်ပင်ကလေးဆန်ဆန် ငြင်းခုံခဲ့ကြသည်။ (လုကာ ၂၂:၂၄-၂၇) သို့သော် ဆုတောင်းရာတွင် ခရစ်တော်က အပြစ်တင်ရန်မဟုတ်ဘဲ တစည်းတလုံးတည်းရှိရန်တောင်းခံခဲ့သည်။ ထပ်တူနည်းဖြင့် မိသားစုနှင့် အသင်းတော်တို့တွင် ဆုတောင်းချက်များသည် မေတ္တာကို လှုံ့ဆော်ပေးခြင်းဖြစ်သင့်ပြီး အချင်းချင်းစိတ်ဝမ်းကွဲမှုကို ပပျောက်စေရန်တောင်းခံသင့်သည်။ ဆုတောင်းပေးခံရသူများသည် တပေါင်းတစည်းတည်းဖြစ်လာသင့်သည်။—ဆာလံ ၁၃၃:၁-၃။
ဤတပေါင်းတစည်းတည်းရှိမှုကို နားထောင်နေသူများက နိဂုံးတွင် “အာမင်” သို့မဟုတ် “ပြည့်စုံပါစေ” ဟု ပြောသောအခါ ထင်ရှားသည်။ ယင်းသို့ဖြစ်နိုင်ရန် သူတို့နားလည်ရမည်ဖြစ်ပြီး ပြောသည့်စကားတိုင်းကို သဘောတူရမည်ဖြစ်သည်။ ထို့ကြောင့် ရောက်ရှိနေသူအချို့နားမလည်သည့် အကြောင်းအရာတစ်ခုကို ဖော်ပြခြင်းသည် သင့်လျော်မည်မဟုတ်ပါ။ ဥပမာ၊ အသင်းတော်ကို ကိုယ်စားပြုဆုတောင်းသော အကြီးအကဲတစ်ဦးသည် အကြီးအကျယ်ဖျားနာနေသော ဝိညာဏညီအစ်ကိုညီအစ်မတစ်ယောက်ကို ယေဟောဝါကောင်းချီးသွန်းဖြိုးရန် တောင်းလျှောက်ပေမည်။ သို့သော် သူကိုယ်စားပြုဆုတောင်းပေးနေသောသူအများစုသည် ဤသူနှင့်သူ၏ဖျားနာနေကြောင်းကို ကြားသိထားမှသာလျှင် ယင်းသို့ပြုခြင်းသည် သာမန်အားဖြင့် အကောင်းဆုံးဖြစ်ပါလိမ့်မည်။
ယေရှုသည် အုပ်စုတွင်ပါဝင်သူ ယောက်စီ၏ကိုယ်ရေးကိုယ်တာ လိုအပ်ချက်များ တစ်ခုချင်းမဖော်ပြခဲ့ကြောင်းကိုလည်း သတိပြုမှတ်သားပါ။ ဤသို့သာဖော်ပြလျှင် တချို့သူများသာ သိထားသည့် အတွင်းရေးကိစ္စများကို ဖော်ပြရာရောက်လိမ့်မည်။ ကိုယ်ရေးကိုယ်တာ ပူပန်မှုများအတွက် သီးသန့်ဆုတောင်းနိုင်သည်။ ထိုအခါ မည်မျှပင်ရှည်ရှည်၊ မည်မျှပင် အတွင်းကျကျ ဆန္ဒရှိသလောက် ဖော်ပြနိုင်သည်။
လူတစ်ဦးသည် ဝတ်ပြုသူလူစုလူဝေးကြီးအတွက် ကိုယ်စားပြုဆုတောင်းရန် မိမိကိုယ်ကို မည်သို့ပြင်ဆင်သင့်သနည်း။ အတွေ့အကြုံရှိ ခရစ်ယာန်တစ်ဦး ဤသို့ရှင်းပြသည်– “ကျေးဇူးတော်ချီးမွမ်းစရာများ၊ ညီအစ်ကိုများတွင် ရှိကောင်းရှိမည့် တောင်းဆိုစရာများနှင့် သူတို့အကျိုးအတွက် ကျွန်တော်ဖော်ပြနိုင်သည့် တိုးလျှိုးတောင်းပန်ချက်များကို အရင်ဆုံး စဉ်းစားပါတယ်။ ချီးမွမ်းခြင်းအသုံးအနှုန်းများအပါအဝင် ကျွန်တော်ရဲ့သဘောထားများကို စိတ်ထဲမှာ အစဉ်လိုက်ထားပါတယ်။ လူထုရှေ့ဆုမတောင်းမီ တိတ်တဆိတ်ဆုတောင်းပြီး အသရေရှိရှိ ညီအစ်ကိုများကိုကိုယ်စားပြုရန် အကူအညီတောင်းခံပါတယ်။”
သင့်အခြေအနေမည်သို့ပင်ရှိစေကာမူ ကျမ်းစာ၌သင့်ကဲ့သို့သောအခြေအနေတစ်ခုတွင် တစ်ဦးတစ်ယောက်က မြွက်ဆိုသည့် ဆုတောင်းချက်တစ်ခုကို သင်တွေ့ရှိကောင်းတွေ့ရှိပါလိမ့်မည်။ ကျမ်းစာစောင်များတွင်ပါဝင်သည့် ဆုတောင်းချက်တသီတတန်းကြီးသည် ဘုရားသခင့်ချစ်ခင်ကြင်နာမှု၏ သာဓကဖြစ်သည်။ ဤဆုတောင်းချက်များကို ဖတ်ရှုစဉ်းစားဆင်ခြင်ခြင်းက သင့်ဆုတောင်းချက်များကို အရည်အသွေးတိုးတက်ကောင်းမွန်စေရန် ထောက်ကူပါလိမ့်မည်။
[စာမျက်နှာ ၅ ပါ လေးထောင့်ကွက်]
ကျမ်းစာပါ မှတ်သားဖွယ်ရာ ဆုတောင်းချက်များ
ယေဟောဝါ၏ကျေးကျွန်များသည် များလှစွာသောအခြေအနေအောက် ဆုတောင်းခဲ့ကြသည်။ အောက်ပါအခြေအနေတစ်ခု သို့မဟုတ် မကသောအခြေအနေအောက်တွင် သင်လိုလိုလားလားတုံ့ပြန်နိုင်ပါသလော။
ဧလျာဇာကဲ့သို့ သင်သည် ဘုရားသခင်ထံမှ လမ်းပြညွှန်ကြားမှု လိုအပ်ပါသလော။—ကမ္ဘာဦး ၂၄:၁၂-၁၄။
ယာကုပ်ကဲ့သို့ သင်သည် အန္တရာယ်ကျရောက်လုဆဲတွင် ရှိနေသလော။—ကမ္ဘာဦး ၃၂:၉-၁၂။
မောရှေကဲ့သို့ သင်သည် ဘုရားသခင်ကို ပို၍သိရန် စိတ်ဆန္ဒရှိပါသလော။—ထွက်မြောက်ရာ ၃၃:၁၂-၁၇။
ဧလိယကဲ့သို့ သင်သည် ရန်သူများနှင့် ထိပ်တိုက်ရင်ဆိုင် နေရသလော။—၃ ဓမ္မရာဇဝင် ၁၈:၃၆၊ ၃၇။
ယေရမိအတွက် ခက်ခဲခဲ့သကဲ့သို့ သင့်အတွက် ဟောပြောခြင်းသည် ခက်ခဲသလော။—ယေရမိ ၂၀:၇-၁၂။
ဒံယေလပြုခဲ့သကဲ့သို့ သင်သည် အပြစ်များကို ဝန်ချပြီး ခွင့်လွှတ်မှုရှာယူရန်လိုအပ်ပါသလော။—ဒံယေလ ၉:၃-၁၉။
ယေရှု၏တပည့်တော်များ ခံခဲ့ရသကဲ့သို့ နှိပ်စက်ညှဉ်းပန်းခြင်းကို ရင်ဆိုင်ရသလော။—တမန် ၄:၂၄-၃၁။
မဿဲ ၆:၉-၁၃; ယောဟန် ၁၇:၁-၂၆; ဖိလိပ္ပိ ၄:၆၊ ၇; ယာကုပ် ၅:၁၆ တို့လည်းရှု။
[စာမျက်နှာ ၆ ပါ လေးထောင့်ကွက်]
အမြစ်စွဲနေသည့် ဝသီတစ်ခုကို တိုက်လှန်နေချိန်တွင် ဆုတောင်းရမည့်အရာ
သင်သည် အထပ်ထပ်ပြန်ဖြစ်သည့် အားနည်းမှုကို ဆိုင်ပြိုင်တွန်းလှန်နေသလော။ ကျမ်းစာတွင်မှတ်တမ်းတင်ထားသည့် ဆုတောင်းချက်များက မည်သို့ထောက်ကူနိုင်သနည်း။ မိမိ၏အားနည်းချက်နှင့်ပတ်သက်၍ အကြိမ်ပေါင်းများစွာ ဆုတောင်းခဲ့သူဒါဝိဒ်ထံမှ သင်ယူပါ။
ဒါဝိဒ်ဤသို့သီဆိုခဲ့သည်– “အိုဘုရားသခင် အကျွန်ုပ်ကို စစ်ကြော၍ အကျွန်ုပ်၏နှလုံးကို သိမှတ်တော်မူပါ။ စုံစမ်း၍စိတ်အထင်များကိုလည်း သိမှတ်တော်မူပါ။” (ဆာလံ ၁၃၉:၂၃) ဒါဝိဒ်၏ဆန္ဒမှာ မသင့်လျော်သောဆန္ဒများ၊ စိတ်လှုပ်ရှားမှုများ သို့မဟုတ် ရည်ရွယ်ချက်များကို ယေဟောဝါဖော်ထုတ်ရန်ဖြစ်သည်။ တစ်နည်းပြောရလျှင် အပြစ်ကိုရှောင်ကြဉ်ရာတွင် ယေဟောဝါ၏ထောက်မမှုကို ဒါဝိဒ်တောင်းခံနေခြင်းဖြစ်သည်။
သို့သော် ဒါဝိဒ်၏အားနည်းမှုများသည် သူ့အပေါ်လွှမ်းမိုးသွားကာ သူသည်မဟာအမှားကြီးကို ကျူးလွန်ခဲ့သည်။ ဤတွင်ထပ်မံ၍ ဆုတောင်းချက်က သူအားထောက်ကူခဲ့သည်။ သို့နှင့် ဘုရားသခင်နှင့် ဆက်ဆံရေးပြန်လည်ရရှိခဲ့သည်။ ဆာလံ ၅၁:၂ အရ သူဤသို့အသနားခံခဲ့သည်– “ဒုစရိုက်အညစ်အကြေးကို အကုန်အစင်ဆေးကြော၍ အကျွန်ုပ်ကိုသန့်ရှင်းစေတော်မူပါ။”
ကျွန်ုပ်တို့လည်း မှားယွင်းသောတိမ်းလွဲမှုများကို ချိုးနှိမ်ထိန်းချုပ်နိုင်ရန် ယေဟောဝါ၏အထောက်အမအတွက် နှိမ့်ချစွာဆုတောင်းနိုင်သည်။ ယင်းကကျွန်ုပ်တို့အား အထပ်ထပ်ပြန်ဖြစ်တတ်သော အားနည်းမှုများကို အောင်မြင်ကျော်လွှားရန် ခွန်အားရှိစေပြီး အပြစ်ကိုရှောင်ကြဉ်ရန် ထောက်ကူနိုင်သည်။ အကျင့်ဆိုးတစ်ခုပြန်ဖြစ်လာပါက ဆက်လက်တွန်းလှန်နိုင်ဖို့ ကိုယ်တော် ကျွန်ုပ်တို့အားထောက်မရန် တိုးလျှိုးအသနားခံခြင်းဖြင့် ယေဟောဝါထံ ထပ်မံချဉ်းကပ်သင့်သည်။
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
အုပ်စုလိုက်အကျိုးအလို့ငှာ မြွက်သော ဆုတောင်းချက်များသည် ကျမ်းဆိုင်ရာမျှော်လင့်ချက်များနှင့် သာမန်ဝိညာဏပန်းတိုင်များကို အလေးပေးသင့်သည်