ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၅ ၅/၁၅ စာ. ၂၉-၃၁
  • သူသည် မေရှိယ၏ရှေ့တော်ပြေးဖြစ်ခဲ့

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သူသည် မေရှိယ၏ရှေ့တော်ပြေးဖြစ်ခဲ့
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သူ၏တာဝန်ကို တင်ကူးပြောထား
  • တောကန္တာရတွင် ဟစ်ကြော်သံ
  • “လူအပေါင်းတို့” သတိပေးခံရ
  • မေရှိယကိုမိတ်ဆက်ပေး
  • အဆုံးအထိသစ္စာစောင့်သိ
  • လမ်းခရီးကိုပြင်ဆင်သူ နှစ်ခြင်းပေးသူယောဟန်
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • လမ်းကို ယောဟန် ပြင်ဆင်ပေး
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • လမ်းခရီးတော်ကို ယောဟန်ပြင်ဆင်
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • စာရှုသူများထံမှ မေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
က၉၅ ၅/၁၅ စာ. ၂၉-၃၁

သူသည် မေရှိယ၏ရှေ့တော်ပြေးဖြစ်ခဲ့

သားရေခါးပတ်ကြီးက သူ၏နေလောင်ထားသည့်အသားအရေကို ပိုပြီးပေါ်လွင်ထင်ရှားစေသည်။ ကုလားအုတ်အမွေးဖြင့်ရက်ထားသော အဝတ်ကိုဝတ်ထားရာ သူသည် အမှန်ပင်ပရောဖက်တစ်ပါးနှင့် တူသည်။ များစွာသောသူတို့သည် ယော်ဒန်မြစ်ရှိသူ့ထံသို့ လာရန်ဆွဲဆောင်ခံရကြသည်။ မိမိသည် နောင်တရအပြစ်သားများကို နှစ်ခြင်းပေးရန်အသင့်ရှိကြောင်း ဤဆွဲဆောင်မှုရှိသောအမျိုးသားသည် ထိုနေရာတွင် ရဲရင့်စွာကြွေးကြော်သည်။

လူအများ အံ့အားသင့်ကြသည်! ဤအမျိုးသားကား မည်သူနည်း။ သူ၏ရည်ရွယ်ချက်ကား အဘယ်နည်း။

ဤသူနှင့်ပတ်သက်၍ ယေရှုဤသို့ပြောသည်– “မည်သည့်အကြောင်းကြောင့် ထွက်သွားကြသနည်း။ ပရောဖက်ကိုကြည့်ရှုရန်လော။ ဟုတ်မှန်၏။ ပရောဖက်ထက်လည်း ကြီးမြတ်သူဖြစ်သည်၊ ငါဆို၏။ . . . မိန်းမတို့ဖွားမြင်သူများအနက် ဗတ္တိဇံဆရာယောဟန်ထက် ကြီးမြတ်သူမပေါ်မရှိ။” (မဿဲ ၁၁:၉-၁၁၊ သမ) ယောဟန်သည် အဘယ့်ကြောင့်ဤသို့သော ထူးခြားသည့်အမျိုးသား ဖြစ်ရပါသနည်း။ သူသည် မေရှိယ၏ရှေ့တော်ပြေးဖြစ်သောကြောင့်တည်း။

သူ၏တာဝန်ကို တင်ကူးပြောထား

ယောဟန်မမွေးဖွားမီနှစ်ပေါင်း ၇၀၀ ကျော်က ဤသူသည် တောကန္တာရတွင် ဟစ်ကြော်မည်ဖြစ်ကြောင်း ယေဟောဝါဤသို့ကြေညာခဲ့သည်– “ထာဝရဘုရားကြွတော်မူရာလမ်းကို ပြင်ကြလော့။ ငါတို့ဘုရားသခင်၏လမ်းခရီးတော်ကို လွင်ပြင်၌ဖြောင့်စေကြလော့!” (ဟေရှာယ ၄၀:၃; မဿဲ ၃:၃) ယောဟန်မဖွားမြင်မီနှစ်ပေါင်း ၄၀၀ ကျော်က အနန္တတန်ခိုးရှင်ဘုရားသခင် ဤသို့ကြေညာခဲ့သည်– “ကြည့်ရှုလော့! ထာဝရဘုရား၏ကြောက်မက်ဖွယ်နေ့ကြီးမရောက်မီ ပရောဖက်ဧလိယကို သင်တို့ရှိရာသို့ ငါစေလွှတ်မည်။” (မာလခိ ၄:၅) ယေရှုမဖွားမြင်မီ ခြောက်လခန့်စော၍ မွေးလာသည့် နှစ်ခြင်းဆရာယောဟန်သည် မတော်တဆမွေးလာခြင်း သို့မဟုတ် ဓမ္မတာအတိုင်းမွေးဖွားလာခြင်းမျှ မဟုတ်ပေ။ ကတိတော်ထားရာကလေးဖြစ်သည့် ဣဇာက်မွေးဖွားလာသကဲ့သို့ ယောဟန်၏မိဘများဖြစ်သော ဇာခရိနှင့် ဧလိရှဗက်တို့နှစ်ယောက်စလုံးသည် ပုံမှန်ကလေးမွေးနိုင်သည့်အရွယ် လွန်နေပြီဖြစ်သောကြောင့် သူ၏မွေးဖွားခြင်းသည် အံ့ဖွယ်အမှုတစ်ခုဖြစ်သည်။—လုကာ ၁:၁၈။

ယောဟန်ကို ကိုယ်ဝန်မရှိသေးမီကပင် သူရရှိမည့်တာဝန်၊ အလုပ်နှင့် အသက်တာပုံစံတို့ကို ကောင်းကင်တမန်ဂါဗြေလအားဖြင့် ထုတ်ဖော်ပြောထားပြီးဖြစ်သည်။ ဧလိယ၏တက်ကြွမှုနှင့် စိတ်ဓာတ်ဖြင့် ယောဟန်သည် နာခံမှုမရှိသောသူများကို သေလမ်းမှ ပြန်လှည့်လာစေမည်ဖြစ်ပြီး ယေရှုကို မေရှိယအဖြစ်လက်ခံရန် သူတို့ကိုပြင်ဆင်ပေးမည်ဖြစ်သည်။ မွေးကတည်းကယောဟန်သည် ဘုရားသခင်ကို အကြွင်းမဲ့ဆက်ကပ်ထားသည့် စပျစ်ရည်နှင့်အရက်ကို မတို့သောနာဇရိလူတစ်ယောက်ဖြစ်မည်။ မှန်သည်၊ သဲကန္တာရအတွင်း သူ၏အစားအစာသည် “ကျိုင်းကောင်နှင့်တော၌ဖြစ်သော ပျားရည်” ဖြစ်သည်။ (မာကု ၁:၆; တောလည်ရာ ၆:၂၊ ၃; လုကာ ၁:၁၃-၁၇) ရှမွေလကဲ့သို့ ယောဟန်သည် ကလေးဘဝကတည်းက အမြင့်မြတ်ဆုံးဘုရားသခင်၏ ဂုဏ်ကျက်သရေရှိလုပ်ငန်းတော်အတွက် သီးသန့်ခွဲထားခံရသူဖြစ်သည်။—၁ ဓမ္မရာဇဝင် ၁:၁၁၊ ၂၄-၂၈။

ယောဟန်ဟူသည့်အမည်ကိုပင် ဘုရားသခင် ရွေးချယ်ခဲ့သည်။ “ယောဟန်” ဟုပြန်ဆိုသည့် ဟေဗြဲအမည်မှာ “ယေဟောဝါရှင် မျက်နှာသာပေးထား; ယေဟောဝါရှင် ကောင်းချီးပေးထား” ဟု အဓိပ္ပာယ်ရသည်။

ရှစ်ရက်မြောက်နေ့တွင် ဤကလေးကို အရေဖျားလှီးသောအခါ သူ၏ဖခင်ဇာခရိ ဤသို့ကြွေးကြော်ရန် ဘုရားသခင့်မှုတ်သွင်းခြင်း ခံရသည်– “အချင်းသူငယ်၊ သင်သည်လည်း အမြင့်ဆုံးသောဘုရား၏ပရောဖက်ဟု ခေါ်ဝေါ်ခြင်းကိုခံရလိမ့်မည်။ အကြောင်းမူကား၊ ငါတို့ဘုရားသခင်၏ သနားတော်မူခြင်းကျေးဇူးတော်အားဖြင့် အပြစ်ဖြေ၍ကယ်တင်ခြင်းသို့ရောက်နိုင်ကြောင်းကို ဘုရားသခင်၏လူမျိုးအား ဖော်ပြသဖြင့် ထာဝရဘုရား၏လမ်းခရီးတော်ကို ပြင်ဆင်ခြင်းငှာ သင်သည်ရှေ့တော်၌သွားရလိမ့်မည်။ ထိုသနားတော်မူခြင်းကျေးဇူးတော်အားဖြင့်၊ ကောင်းကင်မှနေအရုဏ်သည် ငါတို့အပေါ်သို့တက်” လိမ့်မည်။(လုကာ ၁:၇၆-၇၈) ယောဟန်၏လူအများရှေ့ဓမ္မအမှုသည် သူ့အသက်တာတွင် အရေးတကာ့အရေးအကြီးဆုံးဖြစ်သည်။ ယင်းနှင့်ယှဉ်လိုက်လျှင် အခြားအရာရှိရှိသမျှသည် မဖြစ်စလောက်လေးဖြစ်သွားသည်။ ထို့ကြောင့် ကျမ်းစာစောင်များက ယောဟန်အသက်တာ၏ ဦးဦးဆုံး အနှစ် ၃၀ ကို အခန်းငယ်တစ်ခုတည်းဖြင့် ဤသို့ ခြုံငုံဖော်ပြသည်– “ထိုသူငယ်သည်ကား၊ ကြီးပွား၍ ဉာဏ်သတ္တိနှင့်ပြည့်စုံ၏။ ဣသရေလလူတို့အား မထင်ရှားမီတိုင်အောင် တောအရပ်၌နေလေ၏။”—လုကာ ၁:၈၀။

တောကန္တာရတွင် ဟစ်ကြော်သံ

တိဗေရိကဲသာနန်းစံ ၁၅ နှစ်မြောက်တွင် ပုန္တိပိလတ်သည် ယုဒနယ်စားဖြစ်ချိန်၌ နှစ်ခြင်းဆရာယောဟန်သည် ဤအံ့အားသင့်ဖွယ် သတင်းနှင့်အတူ တောကန္တာရတွင် ပေါ်လာသည်– “ကောင်းကင်နိုင်ငံတော်တည်လုနီးပြီ။ ထို့ကြောင့်နောင်တရကြလော့။” (မဿဲ ၃:၂; မာကု ၁:၄; လုကာ ၃:၁၊ ၂) ဤဒေသတစ်ခုလုံးရှိအများပြည်သူတို့ နိုးကြားလာကြသည်။ ဤရဲရင့်သောကြွေးကြော်မှုက သေချာသောမျှော်လင့်ချက်တစ်ခုကို တမ်းတနေကြသော လူများ၏နှလုံးကို ထိမိခဲ့သည်။ ယောဟန်၏ကြေညာချက်က နှလုံးပါပါနောင်တရခြင်းကို တောင်းဆိုသည့်အတွက် ယင်းသည် လူများ၏နှိမ့်ချမှုကိုလည်း စိန်ခေါ်ချက်ဖြစ်စေသည်။ သူ၏ရိုးဖြောင့်မှန်ကန်မှုနှင့် ခိုင်မာမှုတို့က သူ့အား ဘုရားသခင်စေလွှတ်သည့် လူတစ်ယောက်အဖြစ် မှတ်ယူရန် နှလုံးရိုးဖြောင့်သူနှင့် စိတ်ရင်းမှန်သူများစွာတို့ကို တွန်းပို့ပေးခဲ့သည်။

ယောဟန်၏ကျော်ကြားမှုသည် နေ့တစ်နေ့၏အရုဏ်ဦးကဲ့သို့ နှံ့ပြားသွားသည်။ သူ၏အဝတ်အစားနှင့် ဆက်ကပ်လုပ်ဆောင်မှုတို့ကြောင့်သူ့အား ယေဟောဝါ၏ပရောဖက်တစ်ပါးအနေနှင့် လွယ်လင့်တကူအသိအမှတ်ပြုကြသည်။ (မာကု ၁:၆) ယဇ်ပုရောဟိတ်များနှင့် လေဝိသားများပင် စိတ်ဝင်စားမှုကို အဘယ်အရာကဖြစ်စေကြောင်း သိရှိရန် ယေရုရှလင်မှလာခဲ့ကြသည်။ နောင်တရရမည်ဟုတ်စ။ အဘယ်ကြောင့်နှင့် အဘယ်အတွက်နည်း။ ဤအမျိုးသားကား မည်သူနည်း။ သူတို့သိလိုကြသည်။ ယောဟန်က– “‘ငါသည် ခရစ်တော်မဟုတ်’ ဟု ထိမ်ဝှက်ခြင်းမရှိအတည့်အလင်းပြောဆို၏။ ထိုသူတို့ကလည်း ‘သို့ ဖြစ်လျှင် သင်သည်အဘယ်သူနည်း။ ဧလိယဖြစ်သလော’ ဟုမေးပြန်၏။ ယောဟန်က ‘ငါသည် ဧလိယမဟုတ်’ ဟုဆို၏။ ‘ဤမည်သောပရောဖက်ဖြစ်သလော’ ဟုမေးပြန်လျှင်၊ ‘မဟုတ်!’ ဟုဆိုပြန်၏။ ထိုသူတို့ကလည်း ‘သင်သည်အဘယ်သူနည်း။ ငါတို့ကိုစေလွှတ်သော သူတို့အားပြန်လျှောက်စရာရှိစေခြင်းငှာ သင်သည်ကိုယ်ကိုအဘယ်သို့ဆိုသနည်း’ ဟုမေးပြန်ကြ၏။ ယောဟန်ကလည်း ‘ငါသည်ပရောဖက်ဟေရှာယဟောပြောသည်နှင့်အညီ “ထာဝရဘုရား၏လမ်းခရီးတော်ကို ဖြောင့်စေကြလော့” ဟုတော၌ဟစ်ကြော်သောသူ၏အသံဖြစ်၏’ ဟုဆို၏။ အစေခံသောသူတို့ကား ဖာရိရှဲဖြစ်ကြသတည်း။ ထိုသူတို့ကလည်း ‘သင်သည် ခရစ်တော်မဟုတ်၊ ဧလိယမဟုတ်၊ ဤမည်သောပရောဖက်မဟုတ်သည်မှန်လျှင် အဘယ်ကြောင့်ဗတ္တိဇံကိုပေးသနည်း’ ဟုမေးပြန်ကြသည်။”—ယောဟန် ၁:၂၀-၂၅။

နောင်တယူခြင်းနှင့် နှစ်ခြင်းခံခြင်းတို့သည် ဘုရားသခင့်နိုင်ငံတော်ဝင်စားမည့်သူများအတွက် လိုအပ်သောခြေလှမ်းများဖြစ်သည်။ ထို့ကြောင့် ယောဟန်ဤသို့ပြန်ဖြေသည်– ‘ငါသည် နောင်တရသောအပြစ်သားများကို ရေဖြင့်နှစ်ခြင်းပေးသည်၊ သို့သော် ငါ့နောက်၌ ငါ့ထက်ကြီးမြတ်သောသူတစ်ဦးသည် သန့်ရှင်းသောဝိညာဉ်တော်ဖြင့်လည်းကောင်း၊ မီးဖြင့်လည်းကောင်းနှစ်ခြင်းပေးမည်။ ငါသည် ထိုသူ၏ခြေနင်းကြိုးကိုမျှ ဖြည်ခြင်းငှာမထိုက်။ ထို့ကြောင့် သတိရှိကြလော့! လက်တော်တွင် ဆန်ကောပါလျက် တလင်းကိုရှင်းလင်းစေသဖြင့်၊ ဂျုံစပါးကိုကျီ၌ စုသိမ်းသွင်းထား၍ အဖျင်းကိုကား မငြိမ်းနိုင်သောမီးဖြင့်ရှို့လတ္တံ့။’ (လုကာ ၃:၁၅-၁၇; တမန်တော် ၁:၅) အမှန်မှာ သန့်ရှင်းသောဝိညာဉ်တော်ကို မေရှိယ၏နောက်တော်လိုက်များအားပေးအပ်မည်ဖြစ်ပြီး ကိုယ်တော်၏ရန်သူများသည် မီးဖြင့်ဖျက်ဆီးခြင်းကို တွေ့ ကြုံရမည်ဖြစ်သည်။

“လူအပေါင်းတို့” သတိပေးခံရ

များစွာသောနှလုံးရိုးဖြောင့်သည့်ဂျူးများသည် ယောဟန်၏စကားများအားဖြင့် နက်ရှိုင်းစွာလှုံ့ဆော်ခံရပြီး ပညတ်ပဋိညာဉ်ကို ဖောက်ဖျက်ကြကြောင်း ပွင့်ပွင့်လင်းလင်းဝန်ခံကြသည်။ သူတို့သည် ယော်ဒန်မြစ်တွင် ယောဟန်ပေးသည့်နှစ်ခြင်းကို ခံခြင်းအားဖြင့်၊ မိမိတို့၏နောင်တယူခြင်းကို လူသိရှင်ကြားတင်ပြကြသည်။ (မဿဲ ၃:၅၊ ၆) ရလဒ်အနေနှင့် သူတို့၏နှလုံးသည် မေရှိယကိုလက်ခံရန် သင့်တော်လျောက်ပတ်သောအနေအထားတွင် ရှိခဲ့ကြသည်။ ဘုရားသခင့်ဖြောင့်မှန်သော တောင်းဆိုချက်များနှင့်ပတ်သက်သည့် အသိပညာအတွက် သူတို့၏ဆာလောင်နေမှုကို အာသာပြေစေခြင်းဖြင့် ယောဟန်သည် သူတို့အားမိမိ၏တပည့်များအဖြစ် ဝမ်းပန်းတသာသွန်သင်ခဲ့ပြီး မည်သို့ဆုတောင်းရမည်ကိုပင် သင်ပေးသည်။—လုကာ ၁၁:၁။

မေရှိယ၏ရှေ့တော်ပြေးနှင့်စပ်လျဉ်း၍ တမန်တော်ယောဟန်က ဤသို့ရေးသားခဲ့သည်– “ထိုသူကိုလူအပေါင်းတို့သည် အမှီပြု၍ ယုံကြည်ခြင်းသို့ရောက်မည်အကြောင်း ထိုသူသည် သက်သေခံဖြစ်၍ အလင်းတော်၏အကြောင်းကို သက်သေခံခြင်းငှာလာ၏။” (ယောဟန် ၁:၇) ထို့ကြောင့် နှစ်ခြင်းဆရာယောဟန်က “ဣသရေလ လူအပေါင်းတို့အား နောင်တနှင့်စပ်ဆိုင်သော ဗတ္တိဇံတရားကို ဟောပြော” သောအခါ လူအပေါင်းတို့သည် ယင်းကိုကြားကြရသည်။ (တမန်တော် ၁၃:၂၄) သူက မတန်တဆတောင်းယူလေ့ရှိခြင်းကို မလုပ်ကြရန် အခွန်ခံများအား သတိပေးခဲ့သည်။ စစ်သားများအား အဘယ်သူကိုမျှအနိုင်အထက်မပြုကြရန် သို့မဟုတ် မတရားမစွပ်စွဲရန် သတိပေးခဲ့သည်။ ထို့အပြင်သူက ဘာသာရေးသမားဖြစ်သော အရေခြုံဖာရိရှဲများနှင့် ဇဒ္ဒုကဲများကို ဤသို့ပြောခဲ့သည်– “အချင်းမြွေဆိုးအမျိုးတို့ ရောက်လုသောဘေးဒဏ်မှ ပြေးသွားစိမ့်သောငှာ၊ အဘယ်သူသည် သင်တို့ကို သတိပေးဘိသနည်း။ နောင်တရခြင်းနှင့် ထိုက်တန်သောအကျင့်ကို ကျင့်ကြလော့။ ‘အာဗြံဟံသည် ငါတို့အဘဖြစ်သည်’ ဟူ၍ စိတ်ထဲ၌မအောက်မေ့ကြနှင့်။ ဘုရားသခင်သည် ဤကျောက်ခဲတို့မှ အာဗြဟံသားတို့ကို ထုတ်ဖော်ဖန်ဆင်းနိုင်တော်မူသည်ဟု ငါအမှန်ဆို၏။”—မဿဲ ၃:၇-၉; လုကာ ၃:၇-၁၄။

အုပ်စုတစ်ခုအနေနှင့် ယောဟန်အချိန်ရှိ ဘာသာရေးခေါင်းဆောင်များသည် သူ့အားယုံကြည်ရန်ငြင်းဆိုကြပြီး နတ်ဆိုးစွဲသောသူဟု မတရားစွပ်စွဲကြသည်။ သူတို့သည် ထာဝရအသက်သို့ပို့ဆောင်သော ဖြောင့်မတ်သည့်လမ်းစဉ်ကို ပစ်ပယ်ခဲ့ကြသည်။ အခြားတစ်ဖက်တွင်မူ ယောဟန်၏အတိအလင်းပြောဆိုချက်များကို ယုံကြည်လာသည့် အပြစ်ရှိသောအခွန်ခံများနှင့် ပြည့်တန်ဆာများသည် နောင်တယူကာ နှစ်ခြင်းခံခဲ့ကြသည်။ အချိန်တန်သော် သူတို့သည် ယေရှုခရစ်ကို မေရှိယအဖြစ်လက်ခံခဲ့ကြသည်။—မဿဲ ၂၁:၂၅-၃၂; လုကာ ၇:၃၁-၃၃။

မေရှိယကိုမိတ်ဆက်ပေး

ခြောက်လကြာ—နွေဦးရာသီမှ စီ.အီး. ၂၉ နှောင်းပိုင်းအထိ—ယေဟောဝါ၏သစ္စာရှိသက်သေ ယောဟန်သည် လာမည့်မေရှိယအပေါ် ဂျူးများအာရုံစိုက်ကြရန် လမ်းညွှန်ပေးခဲ့သည်။ ယင်းအချိန်သည် မေရှိယဆိုင်ရာဘုရင်ပေါ်ထွန်းဖို့အတွက် အခါသမယဖြစ်သည်။ သို့သော် ကိုယ်တော်ပေါ်ထွန်းသောအခါ ယော်ဒန်မြစ်ကိုလာသည့်အခြားသူများကဲ့သို့ ဆင်းလာပြီး နှစ်ခြင်းပေးရန်တောင်းဆိုခဲ့သည်။ ပထမတွင် ယောဟန်သည်ကန့်ကွက်ခဲ့သော်လည်း နောက်ပိုင်းတွင် လိုက်လျောခဲ့သည်။ သန့်ရှင်းသောဝိညာဉ်တော်က ယေရှုအပေါ်ကျရောက်ပြီး မိမိချစ်နှစ်သက်သောသားဖြစ်ကြောင်း ယေဟောဝါရှင်၏အသံကို ကြားလိုက်ရသောအချိန်တွင် သူခံစားရသည့်ပျော်ရွှင်မှုကို စဉ်းစားသာကြည့်ပါ။—မဿဲ ၃:၁၃-၁၇; မာကု ၁:၉-၁၁။

ယောဟန်သည် ယေရှုကို မေရှိယအဖြစ် ဦးဦးဆုံးအသိအမှတ်ပြုသူဖြစ်ပြီး မိမိတပည့်ရင်းများကို ဤဘိသိက်ခံပုဂ္ဂိုလ်အား သူမိတ်ဆက်ပေးခဲ့သည်။ “ဤလောက၏အပြစ်ကို ဆောင်သွားသော ဘုရားသခင်၏သိုးသငယ်ကို ကြည့်လော့!” ဟုယောဟန်ပြောခဲ့သည်။ သူဤသို့လည်းကြွေးကြော်ခဲ့သည်– “ငါမရှိမီရှိနှင့်သည်ဖြစ်၍ ငါ့ထက်သာ၍ကြီးမြတ်သောသူသည် ငါ့နောက်ကြွလာသည်ဟုငါဆိုရာ၌ ထိုသူကိုဆိုလို၏။ အစက ထိုသူကိုငါမသိ၊ သို့သော်လည်း ထိုသူကို ဣသရေလလူတို့အား ထင်ရှားစေခြင်းငှာ ငါသည်ရေ၌ဗတ္တိဇံကိုပေးလျက်လာ၏။”—ယောဟန် ၁:၂၉-၃၇။

ယောဟန်၏လုပ်ငန်းသည် ယေရှု၏ဓမ္မအမှုနှင့် ခြောက်လခန့်မျှ တစ်ပြိုင်တည်းဆက်သွားခဲ့သည်။ သူတို့အချင်းချင်းသည် တစ်ယောက်လုပ်ဆောင်မှုကို တစ်ယောက်ကသိနားလည်သည်။ ယောဟန်သည် မိမိကိုယ်ကို သတို့သား၏အဆွေခင်ပွန်းအဖြစ် သဘောထားကာ သူနှင့် သူ၏လုပ်ငန်း ဆုတ်ယုတ်နေချိန်တွင် ခရစ်တော်တိုးပွားနေကြောင်း တွေ့မြင်ရခြင်းကို ဝမ်းမြောက်ရွှင်လန်းခဲ့သည်။—ယောဟန် ၃:၂၂-၃၀။

ယေရှုသည် ယောဟန်အား မိမိရှေ့တော်ပြေး၊ ဧလိယအားဖြင့်ပုံတင်ပြခံရသူအဖြစ် ကွဲကွဲပြားပြားဖော်ပြသည်။ (မဿဲ ၁၁:၁၂-၁၅; ၁၇:၁၂) အခြေအနေတစ်ခုတွင် ယေရှုဤသို့ဆိုခဲ့သည်– “ယောဟန်မရောက်မီတိုင်အောင် ပညတ္တိကျမ်းနှင့် အနာဂတ္တိကျမ်းရှိ၏။ ယောဟန်လက်ထက်မှစ၍ ဘုရားသခင်၏နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကိုဟောလျက်ရှိ၏။ လူများတို့သည်လည်း ဘုရားသခင့်နိုင်ငံတော်ကိုအနိုင်အထက်ဝင်ကြ၏။”—လုကာ ၁၆:၁၆။

အဆုံးအထိသစ္စာစောင့်သိ

ယောဟန်သည် အမှန်တရားကိုရဲရင့်စွာကြေညာခဲ့သောကြောင့် ဖမ်းဆီးထောင်ချခံခဲ့ရသည်။ သူသည် ဟေရုဒ်ဘုရင်၏အပြစ်ကိုပင် ထုတ်ဖော်ရန်မိမိတာဝန်ကို ခေါင်းမရှောင်ခဲ့ပါ။ ဤဘုရင်သည် သူ့သားအိမ်ရာပြစ်မှားပြီး သူ့ညီအရင်း၏မယား ဟေရောဒိနှင့်ပြစ်မှားခဲ့ခြင်းဖြင့် ဘုရားသခင့်ပညတ်ကို ချိုးဖောက်သည်။ ယောဟန်သည် ဤသူနောင်တရကောင်းရပြီး ဘုရားသခင်ကရုဏာခံစားရနိုင်ရန် ဘွင်းဘွင်းထုတ်ဖော်ပြောဆိုခဲ့သည်။

ယောဟန်၏ယုံကြည်မှုနှင့် မေတ္တာသည် မည်မျှကောင်းသော ပုံသက်သေပါတကား! သူသည် မိမိ၏ကိုယ်ရေးကိုယ်တာလွတ်လပ်မှုကို အဆုံးရှုံးခံကာ ယေဟောဝါထံသူ၏သစ္စာတည်ကြည်မှုနှင့် လူသားချင်းအပေါ်ထားသည့် သူ၏မေတ္တာတို့ကို ထင်ရှားပြခဲ့သည်။ ထောင်တစ်နှစ်ကျပြီးနောက် ယောဟန်သည် သူ့အား “ရန်ငြိုး” ထားသည့် ဆိုးယုတ်သော ဟေရောဒိက မာရ်နတ်တိုက်တွန်းသော စဉ်းလဲသည့်ကြံစည်ချက်ကို ပါးနပ်စွာလုပ်ဆောင်ခြင်းကြောင့် ခေါင်းဖြတ်သတ်ခံခဲ့ရသည်။ (မာကု ၆:၁၆-၁၉; မဿဲ ၁၄:၃-၁၂) သို့ဖြစ်သော်လည်း မေရှိယရှေ့တော်ပြေးသည် ယေဟောဝါထံထားသည့် မိမိ၏သမာဓိကို ဆက်လက်စောင့်သိခဲ့ပြီး မကြာမီ ဖြောင့်မတ်ခြင်းတည်ရာ ဘုရားသခင့်ကမ္ဘာသစ်အသက်တာကို စံစားရန် သေရာမှထမြောက်ခြင်းခံရပါမည်။—ယောဟန် ၅:၂၈၊ ၂၉; ၂ ပေတရု ၃:၁၃။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ