အန္တရာယ်ဝန်းကျင်တွင် သင်မည်သို့အသက်ရှင်လွတ်မြောက်နိုင်သနည်း
“ကျွန်မဟာ တစ်ချိန်လုံးကျီးလန့်စာစားဖြစ်နေရတယ်။ ဓာတ်လှေကားပေါ်မှာလည်း ကြောက်ရ။ ကိုယ့်ကားထဲမှာလည်း ကြောက်ရ။ ကိုယ့်အိမ်ခန်းထဲမှာလည်း ကြောက်ရ။ နေရာတကာမှာ ရာဇဝတ်မှုရှိတယ်။ လူတွေဟာ အမြဲပဲလုယက်ခံနေရကြတယ်” ဟု မရီးယားပြောသည်။ သင်သည် ဤဘရာဇီးအိမ်ရှင်မကဲ့သို့ သင့်ဝန်းကျင်တွင်၊ အထူးသဖြင့် ညအမှောင်၌ ကြောက်လန့်နေရသလော။
စုံထောက်ဝတ္ထုများကို ဖတ်ခြင်းသည် စိတ်လှုပ်ရှားစေနိုင်သော်လည်း ဘဝအဖြစ်မှန်တွင် များသောအားဖြင့် ပျော်ရွှင်ဖွယ်နှင့်နိဂုံးမချုပ်ပါ။ ရာဇဝတ်မှုသည် ဖြေရှင်းမှုမရှိဘဲ ကျန်ရှိနေပေမည်။ သို့တည်းမဟုတ် လူသတ်မှုများကြောင့် တစ်ဦးတစ်ယောက်ခမျာ လင်သား၊ ဖခင် သို့မဟုတ် သားမရှိဘဲ၊ ဇနီး၊ မိခင် သို့မဟုတ် သမီးမရှိဘဲ နေထိုင်ရကြပေမည်။ သင့်ဒေသတွင် ပြင်းထန်သောရာဇဝတ်မှု တိုးပွားနေပါသလော။ သင်သည် သင့်မိသားစုလုံခြုံစိတ်ချရမည့် ဆိတ်ငြိမ်သည့်အရပ်တစ်ခုကို တမ်းတသလော။ သို့တည်းမဟုတ် သင်သည် သင့်သားသမီးများကို ရာဇဝတ်မှုမင်းမူနေသောဒေသတွင် မနေမဖြစ်ကြီးပြင်းလာစေရန် အကြောင်းဖန်လာပါက အသက်ရှင်လွတ်မြောက်ရန် သင်ဘာလုပ်နိုင်သနည်း။
ရာဇဝတ်မှုအနည်းအကျဉ်းသာရှိသည့် မြို့ကြီးများရှိနေတုန်းဖြစ်သည်မှာ အမှန်ပင်။ နိုင်ငံများစွာတွင် လူများသည် မျက်စိအေးနားအေးကျေးလက်အရပ်များတွင် သို့မဟုတ် အေးအေးလူလူရှိသောရွာများတွင် နေထိုင်နေကြတုန်းပင်။ သို့သော် ယခင်က ရာဇဝတ်မှုကင်းသည်ဟုယူမှတ်ခဲ့သည့် ဒေသများတွင်ပင် အခြေအနေများသည် အလျင်အမြန်ပြောင်းလဲနေသည်။ ဥပမာ၊ ဘရာဇီးတွင် လွန်ခဲ့သည့် အနှစ် ၅၀ က လူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်များတွင် နေထိုင်ခဲ့ကြသည်။ ယခုမူ ၇၀ ရာခိုင်နှုန်းသည် မြို့ကြီးများတွင် နေထိုင်ကြသည်။ အလုပ်တာဝန်များနှင့်အတူ ရာဇဝတ်မှု၊ ရမ်းကားမှုတို့ကဲ့သို့သော မြို့တွင်းပြဿနာများသည် တိုးပွားလာခဲ့ပြီ။ အန္တရာယ်ရှိသောဒေသတွင် နေထိုင်သည်ဖြစ်စေ၊ မနေသည်ဖြစ်စေ သင်သည် အလုပ်သို့သွားရန် သို့မဟုတ် ကျောင်းတက်ရန်နှင့် ဝေယျာဝစ္စများလုပ်ဆောင်ရန် အိမ်မှဝေးသည့်နေရာသို့ သွားရမည်ဖြစ်တုန်းပင်။
ပျံ့နှံ့နေသော “ချောက်ချားဖွယ် မူမမှန်သောအခြေအနေ” များကို အသိအမှတ်ပြုလျက်ရီယိုဒီဂျနေရိုရှိ ရဲအုပ်တစ်ဦးက လူမှုရေးမမျှတမှုနှင့် ရာဇဝတ်ဂိုဏ်းများသည် ထောက်ကူသည့်အကြောင်းများဖြစ်ကြောင်း ရည်ညွန်းပြောဆိုသည်။ သူက သတင်းစာများနှင့် ရုပ်မြင်သံကြားတို့သည် ကြောက်ရွံ့ မှုကို ပျံ့နှံ့စေရန် ထောက်ကူနေပြီး “လူထု၏စိတ်အစဉ်ကို ရင်ထုမနာဖြစ်ဖွယ်သတင်းများဖြင့် လွှမ်းမိုးနေစေသည်” ဟုလည်း ခံစားရသည်။ မူးယစ်ဆေးဝါးစွဲခြင်း၊ မိသားစုပြိုကွဲခြင်းနှင့် အပြစ်ပုံထိုက်သည့် ဘာသာရေးဆိုင်ရာပညာရေးတို့ကလည်း မတရားမှုများကို မြေတောင်မြှောက်ပေးနေကြသည်။ သို့နှင့် အနာဂတ်တွင် ဘာဖြစ်မည်နည်း။ စာအုပ်များနှင့် ရုပ်ရှင်များတွင် ရမ်းကားသောင်းကျန်းမှုမြင်ကွင်းများကို အသေးအဖွဲသဘောထားကာ ပုံမှန်တင်ဆက်နေခြင်းသည် လူများကို အခြားသူများအပေါ် စာနာမှုကင်းမဲ့လာစေမည်လော။ ရာဇဝတ်မှုကင်းသည်ဟု ယူမှတ်ထားသည့်ဒေသများသည်လည်း အန္တရာယ်ရှိလာမည်လော။
ရမ်းကားမှုသည် ခံစားရသူအတွက် ရယ်စရာမဟုတ်ရကား ကျွန်ုပ်တို့သည် လုံခြုံမှုရှိရန် စိတ်ပြင်းပြကြသည်။ စိုးရိမ်မကင်းဖြစ်နေသောနိုင်ငံသားများသည် ရဲအရာရှိများကို လမ်းများပေါ်တွင် ပိုမိုထားရန်နှင့် ပြင်းပြင်းထန်ထန်ထောင်ဒဏ်ချမှတ်ပေးရန် သို့မဟုတ် သေဒဏ်ချမှတ်ရန်ပင် အပူတပြင်းတောင်းဆိုခဲ့ကြသည်မှာ အံ့အားသင့်စရာမဟုတ်ပါလေ! အသက်အန္တရာယ်များရှိငြား အချို့သူတို့သည် ကိုယ့်ကိုယ်ကိုခုခံဖို့အတွက် လက်နက်များကို ဆောင်ထားကြသည်။ အခြားသူများသည် လက်နက်ရောင်းဝယ်မှုအား ကန့်သတ်ရန် အာဏာပိုင်များကို တောင်းဆိုနေကြသည်။ အမှန်မှာ ဂျိုဟန်နက်စဘာ့ဂ်၊ မက္ကစီကိုစီးတီး၊ နယူးယောက်၊ ရီယိုဒီဂျနေရိုနှင့် ဆောပေါလိုကဲ့သို့သောမြို့ကြီးများရှိ သူများစွာသည် တစ်ခါမျှ အလုအယက်မခံခဲ့ရဖူးပါ။ အန္တရာယ်ဝန်းကျင်တွင် လူများသည် မည်သို့ကိုင်တွယ်ကြသည်ကို ဆန်းစစ်ကြစို့။
အပြုသဘောထား ဆက်လက်ထားရှိခြင်း
ရာဇဝတ်မှုမင်းမူသည့်ဒေသနှင့်ပတ်သက်၍ စာရေးဆရာတစ်ယောက်က “ကြမ်းတမ်းစွာနေထိုင်ရသည့်အခြေအနေများကြားမှ အတော်အတန် သိက္ခာရှိရှိရည်ရည်မွန်မွန်နေတတ်သည့် ထောင်နှင့်ချီသော ဘရာဇီးလူမျိုးများ၏ တော်လျော်မှုနှင့် မဆုတ်မနစ်ဇွဲ” တို့ကို ထုတ်နုတ်တင်ပြထားသည်။ ရီယိုဒီဂျနေရိုတွင် ၃၈ နှစ်ကြာနေပြီးနောက် ယော်ဇေက ဤသို့ဆိုသည်– “ကျွန်တော်ဟာ တချို့လမ်းတွေနဲ့ ဒေသတွေကို ရှောင်ပြီး ဘာကိုမျှ သိချင်တဲ့ပုံမပြဘူး။ လမ်းပေါ်မှာ ညဉ့်နက်တဲ့အထိလည်း မနေဘဲ အလွန်အမင်းကြောက်ရွံ့ မှုကို မပြဘူး။ ကျွန်တော်ဟာ သတိရှိပေမဲ့ လူတွေဟာ ရိုးသားသူပါလို့ ရှုမြင်ပြီး သိက္ခာရှိရှိနဲ့ တလေးတစားဆက်ဆံတယ်။”
မှန်ပါသည်၊ မလိုလားအပ်သော ဒုက္ခကို ရှောင်ရှားပါ။ မဆိုင်သည့်ကိစ္စတွင် ဝင်မစွက်ပါနှင့်။ လွှမ်းမိုးထားသောကြောက်ရွံ့ မှုက အာရုံကြောများကိုထိခိုက်နိုင်စေကာ သိမ်မွေ့သူများပင် မဆင်မခြင်ပြုမူစေတတ်သည့်အဖြစ်မှန်ကို ဘယ်တော့မျှလျှော့မတွက်ပါနှင့်။ အန္တရာယ်ဒေသရှိ မိမိ၏လုပ်ငန်းနှင့်ပတ်သက်၍ အိုဒဲရ် ဤသို့တွေ့မြင်သည်– “ကျွန်တော်ဟာ အပြုသဘော ကြိုးစားပြီးထားတယ်၊ ကြောက်ရွံ့စိတ်က မလိုလားအပ်တဲ့ တင်းမာမှုနဲ့ထိတ်လန့်မှု ဖြစ်စေတဲ့အတွက်ကြောင့် ဖြစ်လာနိုင်ကောင်းတဲ့ ဆိုးရွားတဲ့ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး ကြောက်စိတ်ကို မမွေးဘူး။ ကျွန်တော်ဟာ လူအားလုံးကို လေးစားမှုပြဖို့ကြိုးစားတယ်။” နိုးနိုးကြားကြားနေကာ မသင်္ကာဖွယ်ပုဂ္ဂိုလ်များကို ဝေးဝေးမှရှောင်ရှားနေသည့်အပြင် လူတစ်ဦး၏စိတ်လှုပ်ရှားမှု ထိန်းချုပ်ဖို့ နောက်အကူအညီကို သူဤသို့ထပ်ဆင့်တင်ပြသည်– “အကောင်းဆုံးကတော့ ယေဟောဝါဘုရားသခင်ထံ ယုံကြည်စိတ်ချမှုကို ပြုစုပျိုးထောင်ပြီး ကိုယ်တော့်မျက်ကွယ်ရာ တစ်ခုမျှမရှိကြောင်းနဲ့ အရာရာတိုင်းဟာ ကိုယ်တော့်ခွင့်ပြုချက်နဲ့ဖြစ်ပျက်ကြောင်းကို သတိရနေတယ်။”
သို့တိုင် မည်သူမျှ ကြောက်ကြောက်လန့်လန့်နှင့် မနေလိုပါ။ ထို့အပြင် အလွန်အမင်းကြောက်ရွံ့ ခြင်းနှင့်ဖိစီးမှုတို့က စိတ်လှုပ်ရှားမှုဆိုင်ရာနှင့် ကာယရေးဆိုင်ရာကျန်းမာရေးအား ထိခိုက်ခြင်းတို့ကို မည်သူ ငြင်းဆန်ပါမည်နည်း။ သို့အတွက် အချိန်မရွေး တိုက်ခိုက်ခံရနိုင်သည်ကို ကြောက်လန့်နေရသူများအတွက် အဘယ်မျှော်လင့်ချက်ရှိသနည်း။ ရာဇဝတ်မှုနှင့်ပတ်သက်၍ အဆိုးဆုံးအခြေအနေသည် ရှေ့ ၌ရှိနေသေးကြောင်း အထိတ်တလန့်ဖြစ်နေသူ များစွာရှိနေသောကြောင့် ဆိုးသွမ်းရမ်းကားမှု၏အဆုံးကို ကျွန်ုပ်တို့ တစ်နေ့နေ့တွေ့မြင်ရပါမည်လော။ နောက်ဆောင်းပါးဖြစ်သော “မည်သည့်အချိန်တွင် ကြောက်ရွံ့ မှုအဆုံးသတ်မည်နည်း” ကို ဖတ်ရန် ကျွန်ုပ်တို့ဖိတ်ခေါ်ပါသည်။