ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၅ ၈/၁၅ စာ. ၁၂-၁၇
  • မောပန်းသူများအတွက် မေတ္တာပါသောဖိတ်ကြားချက်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မောပန်းသူများအတွက် မေတ္တာပါသောဖိတ်ကြားချက်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • “ဝန်လေး၍ပင်ပန်းသောသူ” များ
  • ခက်ခဲဆင်းရဲခြင်း၏ အကြောင်းရင်းခံ
  • ယနေ့ ယေရှု၏ဖိတ်ခေါ်ချက်
  • သက်သာမှုနှင့် လန်းဆန်းမှု
  • မဿဲ ၁၁:၂၈-၃၀— “ငါ့ထံသို့လာကြလော့။ ငါသည် ချမ်းသာပေးမည်”
    ကျမ်းပိုဒ် ရှင်းပြချက်များ
  • ‘သင်တို့စိုးလ်များအတွက် လန်းဆန်းမှုတွေ့ရှိခြင်း’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • “ကျွန်တော့်ဆီ လာကြပါ။ ခင်ဗျားတို့ကို လန်းဆန်းစေမယ်”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
  • ဖိစီးမှုဒဏ်မှ သက်သာရာရခြင်း—လက်တွေ့ကျ ကုစားနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
က၉၅ ၈/၁၅ စာ. ၁၂-၁၇

မောပန်းသူများအတွက် မေတ္တာပါသောဖိတ်ကြားချက်

“ဝန်လေး၍ပင်ပန်းသောသူအပေါင်းတို့၊ ငါ့ထံသို့လာကြလော့။ ငါသည် လန်းဆန်းစေမည်။”—မဿဲ ၁၁:၂၈၊ ကဘ။

၁ တတိယအကြိမ် ဒေသစာရီလှည့်လည် ဟောပြောတော်မူစဉ် ဂါလိလဲပြည်တွင် ယေရှုအဘယ်အရာကို မြင်တော်မူသနည်း။

စီ.အီး. ၃၂ ခုနှစ် အစပိုင်းလောက်တွင် ယေရှုသည် ဂါလိလဲပြည်၌ တတိယအကြိမ် ဒေသစာရီလှည့်လည် ဟောပြောနေတော်မူခဲ့သည်။ ကိုယ်တော်သည် မြို့ရွာများတစ်လျှောက် ဒေသစာရီလှည့်လည်ပြီး “တရားဇရပ်တို့၌ ဆုံးမသြဝါဒပေးလျက် နိုင်ငံတော်နှင့်ယှဉ်သောဧဝံဂေလိတရားကိုဟောလျက် လူများခံရသောအနာရောဂါအမျိုးမျိုးတို့ကို ငြိမ်းစေ” တော်မူခဲ့သည်။ ဤသို့ပြုတော်မူစဉ် လူအစုအဝေးတို့ကို မြင်တော်မူပြီး “သနားခြင်းစိတ် ရှိတော်မူ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ထိန်းသူမရှိသောသိုးကဲ့သို့ ပင်ပန်း၍အားလျော့လျက်ရှိနေကြ၏။”—မဿဲ ၉:၃၅၊ ၃၆၊ သမ္မာ။

၂။ လူတို့ကို ယေရှု မည်သို့အကူအညီပေးသနည်း။

၂ သို့ရာတွင် ယေရှုသည် လူအစုအဝေးတို့ကို သနားခြင်းစိတ်ရှိရုံထက်မက ပြုတော်မူ၏။ “စပါးရှင်” ယေဟောဝါဘုရားသခင်ထံဆုတောင်းကြရန် တပည့်တော်များအား ညွှန်ကြားတော်မူပြီးနောက် လူတို့အားကူညီပေးရန် သူတို့ကို စေလွှတ်တော်မူခဲ့သည်။ (မဿဲ ၉:၃၈; ၁၀:၁) ထို့နောက် လူတို့အတွက် တကယ့်သက်သာမှုနှင့် နှစ်သိမ့်မှုရရှိမည့်နည်းကို ကိုယ်တော်တိုင် အာမခံ ကမ်းလှမ်းတော်မူခဲ့သည်။ ကိုယ်တော်သည် သူတို့အား ဤနှစ်ထောင်းအားရဖွယ် ဖိတ်ကြားချက်ကိုကမ်းလှမ်းတော်မူ၏– “ဝန်လေး၍ပင်ပန်းသောသူအပေါင်းတို့၊ ငါ့ထံသို့လာကြလော့။ ငါသည် လန်းဆန်းစေမည်။ ငါ့ထမ်းပိုးကိုတင်၍ ငါ့ထံ၌နည်းခံကြလော့။ ငါသည် နူးညံ့သိမ်မွေ့နှိမ့်ချသော စိတ်သဘောရှိ၏။ သင်တို့စိုးလ်သည် လန်းဆန်းရလိမ့်မည်။”—မဿဲ ၁၁:၂၈၊ ၂၉၊ ကဘ။

၃။ ယနေ့ ယေရှု၏ဖိတ်ကြားချက်သည် အဘယ်ကြောင့်ထပ်တူစွဲမက်ဖွယ်ဖြစ်သနည်း။

၃ ယနေ့ ကျွန်ုပ်တို့သည် အလွန်ဝန်လေး၍ပင်ပန်းသည်ဟု လူအများအထင်ရှိကြသော အချိန်၌အသက်ရှင်နေရကြ၏။ (ရောမ ၈:၂၂; ၂ တိမောသေ ၃:၁) အချို့ဆိုလျှင် အသက်မွေးမှုအတွက်လုံးပန်းရာ၌ အချိန်နှင့်ခွန်အား များစွာကုန်ခန်းနေကြရာ မိသားစု၊ မိတ်ဆွေနှင့် အခြားအရာအတွက် အချိန်အနည်းငယ်သာကျန်တော့သည်။ လူအများသည် ရောဂါဝေဒနာ၊ ဒုက္ခဆင်းရဲ၊ စိတ်ဓာတ်ကျဆင်းမှု၊ အခြားအခြားသော ကာယ၊ စိတ္တဆိုင်ရာ ပြဿနာများနှင့် ဝန်ပိနေကြသည်။ ဖိအားကို ခံနေကြရ၍ အချို့က အပျော်အပါးလိုက်စားခြင်း၊ စားသောက်ခြင်း၊ မူးယစ်ဆေးဝါးအလွဲသုံးစွဲခြင်း၌ပင် မိမိတို့ကိုယ်ကိုနှစ်မြှုပ်ကာ သက်သာမှုရရန်ကြိုးစားကြသည်။ ယင်းက သူတို့အား ဆိုးကျိုးသံသရာဝဲသြဃတွင်းထဲကျဆင်းစေပြီး ပြဿနာနှင့်ဖိစီးမှု ပိုမိုများပြားစေ၏။ (ရောမ ၈:၆) ယေရှု၏မေတ္တာပါသောဖိတ်ကြားချက်သည် ရှေးအချိန်ကကဲ့သို့ပင် ယခုလည်း စွဲမက်ဖွယ်အမှန်ဖြစ်နေသေးကြောင်း ထင်ရှားသည်။

၄။ ယေရှု၏ မေတ္တာပါသောဖိတ်ကြားချက်မှ အကျိုးခံစားရရန် အဘယ်မေးခွန်းများကို သုံးသပ်သင့်သနည်း။

၄ သို့သော် ယေရှုအား သနားခြင်းစိတ်ရှိစေသည်တိုင် ကိုယ်တော်၏ခေတ်ကလူတို့ကို “ပင်ပန်း၍အားလျော့” ပုံရှိစေသည့်အရာကား အဘယ်နည်း။ သူတို့ထမ်းရွက်ရသောဝန်ထုပ်ဝန်ပိုးများကား အဘယ်အရာဖြစ်ပြီး ယေရှု၏ဖိတ်ကြားချက်က သူတို့ကို မည်သို့အထောက်အကူပြုမည်နည်း။ မောပန်းသူများအတွက် ယေရှု၏မေတ္တာပါသောဖိတ်ကြားချက်မှ ကျွန်ုပ်တို့အကျိုးခံစားရရန် ဤမေးခွန်းများ၏အဖြေများသည် တကယ်ပင်အကူအညီဖြစ်စေလိမ့်မည်။

“ဝန်လေး၍ပင်ပန်းသောသူ” များ

၅။ ယေရှု ဓမ္မအမှုဆောင်စဉ် ဖြစ်ပျက်ခဲ့သော ဤအဖြစ်အပျက်ကို တမန်တော်မဿဲဖော်ပြခြင်းသည် အဘယ်ကြောင့်လျောက်ပတ်သနည်း။

၅ ယေရှု ဓမ္မအမှုဆောင်ရာတွင် ဖြစ်ပျက်ခဲ့သော ဤအဖြစ်အပျက်ကို မဿဲတစ်ဦးတည်းသာ မှတ်တမ်းတင်ခဲ့ခြင်းသည် စိတ်ဝင်စားဖွယ်ရာဖြစ်သည်။ အခွန်ကောက်သမားတစ်ဦးဖြစ်ခဲ့သော လေဝိဟူ၍လည်းအခေါ်ခံရသူ မဿဲသည် လူတို့ထမ်းရွက်ကြရသည့်ဝန်ထုပ်ဝန်ပိုးတစ်ခုကို ကောင်းစွာသိသည်။ (မဿဲ ၉:၉; မာကု ၂:၁၄) ယေရှုအချိန်က နေ့စဉ်အသက်တာ စာအုပ်က ဤသို့ဆိုသည်– “ငွေနှင့်ပစ္စည်းဖြင့် [ဂျူးများ] ပေးဆောင်ရသောအခွန်များသည် အလွန်ကြီးမားပါသည်။ ပိုပြီးဝန်လေးစေသည့်အရာကား အခွန်ကောက်စနစ်နှစ်ခုဖြစ်သည့် မြို့ပြအခွန်များနှင့် ဘာသာရေးအခွန်များတို့ကို တစ်ပြိုင်တည်းပေးဆောင်ရခြင်းဖြစ်သည်; နှစ်မျိုးစလုံးမှာ မသေးငယ်ချေ။”

၆။ (က) ယေရှုအချိန်က အသုံးပြုခဲ့သော အခွန်ကောက်စနစ်ကား အဘယ်နည်း။ (ခ) အခွန်ကောက်သမားများသည် အဘယ်ကြောင့်ဤမျှနာမည်ပျက်ကြရသနည်း။ (ဂ) ခရစ်ယာန်ချင်းတို့အား အဘယ်အရာကိုသတိပေးရန်လိုသည်ဟု ပေါလု ယူမှတ်ခဲ့သနည်း။

၆ ဤသည်အားလုံးတို့ကို အထူးသဖြင့် ဝန်ထုပ်ဝန်ပိုးဖြစ်စေသည့် အကြောင်းတရားမှာ ထိုခေတ်ထိုအခါ၏ အခွန်ကောက်စနစ်ပင်ဖြစ်သည်။ စီရင်စုနယ်များအတွင်း အခွန်ကောက်ခံမှုကို ရောမအရာရှိများက ငွေကြေးအများဆုံးပေးနိုင်သူတို့အား လုပ်ပိုင်ခွင့်ပေးကြသည်။ တစ်ဖန် ထိုပုဂ္ဂိုလ်တို့က အမှန်တကယ် အခွန်ကောက်ခံခြင်းလုပ်ငန်းကို ကြီးကြပ်ရန်အတွက် ဒေသခံတစ်မြေတည်းသား အတူနေထိုင်သူများထဲမှလူတို့ကို တစ်ဆင့်ပြန်၍ငှားရမ်းအသုံးပြုကြသည်။ ဤအဆင့်ဆင့်ကြံဖန်မှုတွင်ပါဝင်သူယောက်တိုင်းက မိမိတို့ရရှိသည့် ကော်မရှင်ခ သို့မဟုတ် ဝေစုအပေါ်ထပ်လောင်းရန် လုပ်ပိုင်ခွင့်အပြည့်အဝရှိသည်ဟု သဘောထားကြသည်။ ဥပမာ၊ လုကာက “ဇက္ခဲအမည်ရှိသော အခွန်ခေါင်းတစ်ယောက်ရှိ၏၊ ထိုသူသည် ငွေရတတ်သောသူဖြစ်၏” ဟုဖော်ပြသည်။ (လုကာ ၁၉:၂) “အခွန်ခေါင်း” ဇက္ခဲနှင့် သူ၏ကြီးကြပ်မှုအောက်ရှိသူများသည် လူတို့၏ဆင်းရဲနွမ်းပါးမှုကိုမငဲ့ဘဲ အမြတ်ထုတ်ကာ ကြီးပွားချမ်းသာလာကြပုံရှိသည်။ ဤကဲ့သို့သောစနစ်ကဖြစ်ပေါ်စေသည့် အလွဲသုံးစားပြုမှုနှင့် အဂတိလိုက်စားမှုကြောင့် လူတို့သည် အခွန်ကောက်သမားများကို အပြစ်သားများ၊ ပြည့်တန်ဆာများနှင့် တစ်တန်းတစ်စားတည်းထားစေကာ အများသောကိစ္စ၌ အထိုက်အလျောက်မှန်ကောင်းမှန်ပေမည်။ (မဿဲ ၉:၁၀; ၂၁:၃၁၊ ၃၂; မာကု ၂:၁၅; လုကာ ၇:၃၄) လူတို့သည် မခံမရပ်နိုင်လောက်အောင် ဝန်လေး၍ပင်ပန်းနေကြရာ တမန်တော်ပေါလုက ရောမထမ်းပိုးအောက်တွင် မကျေမနပ်မဖြစ်ကြဘဲ “လူအသီးသီးခံထိုက်သည်အတိုင်း ပေးကြလော့။ အခွန်ကိုခံထိုက်သောသူအား အခွန်ကိုလည်းကောင်း၊ အကောက်ကိုခံထိုက်သောသူအား အကောက်ကိုလည်းကောင်း ပေးကြလော့” ဟုခရစ်ယာန်ချင်းတို့အား သတိပေးရန်လိုအပ်သည်ဟု ယူမှတ်ခဲ့ခြင်းသည် အံ့ဩစရာမဟုတ်ပါ။—ရောမ ၁၃:၇က; လုကာ ၂၃:၂ နှိုင်းယှဉ်။

၇။ ရောမနိုင်ငံ၏ ပြစ်မှုဆိုင်ရာ ဥပဒေများက လူတို့၏ဝန်ထုပ်ဝန်ပိုးကို မည်သို့ထပ်တိုးစေသနည်း။

၇ “ကြောက်ထိုက်သောသူကို ကြောက်ကြလော့။ ရိုသေထိုက်သောသူကို ရိုသေကြလော့” ဟူ၍လည်း ခရစ်ယာန်များအား ပေါလုသတိပေးခဲ့သည်။ (ရောမ ၁၃:၇ခ) ရောမလူမျိုး၏ ပြစ်မှုဆိုင်ရာဥပဒေများသည် ရက်စက်ပြီးပြင်းထန်ကြောင်း လူသိများသည်။ လူတို့ကိုချုပ်ကိုင်ထားရန် ကျာပွတ်နှင့်ဒဏ်ပေးခြင်း၊ ကြိမ်လုံးနှင့် ရိုက်နှက်ခြင်း၊ အလုပ်ကြမ်းနှင့်ထောင်ဒဏ်ပေးခြင်း၊ အဆုံးစီရင်ခြင်းတို့ကို မကြာခဏပြုတတ်ကြသည်။ (လုကာ ၂၃:၃၂၊ ၃၃; တမန်တော် ၂၂:၂၄၊ ၂၅) ဂျူးခေါင်းဆောင်များပင်လျှင် သင့်တော်၏ဟု ထင်မှတ်သည့်အခါ ဤသို့အပြစ်ဒဏ်စီရင်ရန်အခွင့်ရထားကြသည်။ (မဿဲ ၁၀:၁၇; တမန်တော် ၅:၄၀) ဤကဲ့သို့သောစနစ်သည် ၎င်းအောက်အသက်ရှင်နေထိုင်ရသူ မည်သူမဆိုအား မတရားစိုးမိုးခြင်းမဟုတ်သည့်တိုင် အမှန်တကယ်ပင် လုံးလုံးဖိနှိပ်ချုပ်ချယ်မှုဖြစ်သည်။

၈။ ဘာသာရေးခေါင်းဆောင်များသည် လူတို့အပေါ် ဝန်ထုပ်ဝန်ပိုးကို မည်သို့တင်သနည်း။

၈ သို့ရာတွင် ရောမအခွန်အတုတ်များနှင့် ဥပဒေများထက် ဆိုးရွားသေးသည်ကား ထိုအချိန်အခါက ဘာသာရေးခေါင်းဆောင်များ သာမန်လူတို့အပေါ်တင်သည့် ဝန်ထုပ်ဝန်ပိုးဖြစ်သည်။ အမှန်မှာ၊ လူတို့သည် “ဝန်လေး၍ပင်ပန်း” နေသည်ဟု ယေရှုဖော်ပြရာတွင် ယင်းကိုကိုယ်တော်အဓိကဆိုလိုနေခြင်း ဖြစ်ပုံရှိသည်။ ဘာသာရေးခေါင်းဆောင်များသည် အဖိနှိပ်ခံနေရသူများအား မျှော်လင့်ချက်နှင့် စိတ်သက်သာမှုပေးမည့်အစား “အလွန်လေး၍ ထမ်းခဲသောဝန်တို့ကိုပြင်ဆင်၍ သူတစ်ပါးပခုံးပေါ်မှာ တင်တတ်ကြ၏။ မိမိတို့မူကား လက်ဖျားနှင့်မျှမရွေ့လိုကြ” ဟု ယေရှုမိန့်တော်မူသည်။ (မဿဲ ၂၃:၄; လုကာ ၁၁:၄၆) ဘာသာရေးခေါင်းဆောင်များ—အထူးသဖြင့် ကျမ်းတတ်များနှင့် ဖာရိရှဲများ—သည်မာနကြီး၍ စိတ်ခက်ထန်သော အရေခြုံသူများဖြစ်ကြောင်း ခရစ်ဝင်ကျမ်းများက အထင်အရှားဖော်ပြထားခြင်းကို သတိမပြုမိဘဲမနေနိုင်ပါ။ သူတို့သည် သာမန်လူတန်းစားတို့အား ပညာတတ်မဟုတ်၊ မစင်ကြယ်သူများဟူ၍ အထင်အမြင်သေးပြီး သူတို့တွင်ရှိသော တစ်ပါးအမျိုးသားတို့ကို စက်ဆုပ်ရွံရှာကြသည်။ သူတို့၏စိတ်ထားနှင့်ပတ်သက်သော ဋီကာကျမ်းတစ်ခုက ဤသို့ဆိုသည်– “မြင်းအပေါ် ဝန်မတန်တဆတင်သူကို ယနေ့ ပညတ်အရ အပြစ်စီရင်နိုင်သည်။ ဘာသာရေးသင်ကြားမှု လုံးဝမရှိသော ‘သာမန်လူတို့’ အပေါ် ပညတ် ၆၁၃ ခုကိုတင်ပြီး အကူအညီလုံးလုံးမပေးဘဲ ဘုရားတရားမဲ့သူများဟူ၍ စီရင်ချက်ချသူတစ်ဦးကိုမူ မည်သို့ဆိုမည်နည်း။” အမှန်ဆိုလျှင် တကယ့်ဝန်ထုပ်ဝန်ပိုးကား မောရှေပညတ်မဟုတ်ဘဲ လူတို့အပေါ်စီရင်ချမှတ်ထားသော ထုံးတမ်းစဉ်လာ အမြောက်အမြားတို့ဖြစ်သည်။

ခက်ခဲဆင်းရဲခြင်း၏ အကြောင်းရင်းခံ

၉။ ယေရှုအချိန်ရှိ လူတို့၏အခြေအနေသည် ရှောလမုန်မင်းကြီးခေတ်နှင့်နှိုင်းယှဉ်လျှင် မည်သို့နည်း။

၉ တစ်ခါတစ်ရံ လူတို့အပေါ်တင်သော ငွေကြေးဝန်ထုပ်ဝန်ပိုးသည် လေးလံလွန်းသဖြင့် ဆင်းရဲနွမ်းပါးမှုအနှံ့အပြားဖြစ်နေသည်။ ဣသရေလလူမျိုးသည် မောရှေပညတ္တိကျမ်းကသတ်မှတ်သည့် အသင့်အတင့်သာဖြစ်သောအခွန်အတုတ်ကို ပေးဆက်ကြရ၏။ ထို့နောက် ရှောလမုန်အစိုးရချိန်အတွင်း လူအပေါင်းတို့သည် ဗိမာန်တော်နှင့် အခြားအဆောက်အအုံများကို ဆောက်လုပ်ခြင်းအစရှိသည့် အလွန်တန်ဖိုးကြီးမားသော နိုင်ငံ့စီမံကိန်းများကို ပြုစုဆောင်ရွက်ခဲ့ကြသည်။ (၃ ဓမ္မရာဇဝင် ၇:၁-၈; ၉:၁၇-၁၉) သို့တိုင် လူတို့သည် “စားသောက်ပျော်မွေ့လျက်နေကြ၏။ . . . ယုဒအမျိုးနှင့် ဣသရေလအမျိုးသားတို့သည် ဒန်မြို့မှစ၍ ဗေရရှေဘမြို့တိုင်အောင် အသီးအသီး မိမိစပျစ်ပင်၊ မိမိသင်္ဘောသဖန်းပင်အောက်မှာ ငြိမ်ဝပ်စွာနေကြ၏” ဟုသမ္မာကျမ်းစာကဆိုသည်။ (၃ ဓမ္မရာဇဝင် ၄:၂၀၊ ၂၅) ဤကွာခြားချက်က အဘယ်ကြောင့်နည်း။

၁၀။ ပထမရာစုတိုင်လေသော် ဣသရေလလူမျိုး၏အခြေအနေသည် အဘယ်ကြောင့်ထိုသို့ဖြစ်ရသနည်း။

၁၀ ထိုလူမျိုးသည် စစ်မှန်သောဝတ်ပြုရေးဘက် မြဲမြံတည်ကြည်သည့်ကာလပတ်လုံး ယေဟောဝါ၏မျက်နှာသာတော်ကိုခံစားကြရပြီး နိုင်ငံ့အသုံးစရိတ်ကြီးမားသော်လည်း လုံခြုံမှုရှိပြီး ကြီးပွားချမ်းသာရသောကောင်းချီးကို ခံစားကြရသည်။ သို့ရာတွင် သူတို့သည် “[ကိုယ်တော်၏] နောက်သို့မလိုက်၊ လမ်းလွှဲလျက် [ကိုယ်တော်] မှာထားသောစီရင်ထုံးဖွဲ့ချက်တို့ကိုမစောင့်” ပါက ယင်းနှင့်ပြောင်းပြန်ဖြစ်ပြီး ဒုက္ခများပြင်းထန်စွာခံရမည်ဖြစ်သည်။ အမှန်မှာ၊ “ဣသရေလအမျိုးသည် တစ်ပါးအမျိုးသားတို့တွင် ပုံခိုင်းရာကဲ့ရဲ့ရာဖြစ်ရလိမ့်မည်။” (၃ ဓမ္မရာဇဝင် ၉:၆၊ ၇) ထိုအတိုင်းပင်ဖြစ်ပျက်လာသည်။ ဣသရေလနိုင်ငံသည် တိုင်းတစ်ပါး၏အုပ်ချုပ်မှုအောက် ရောက်ရှိခဲ့သည်။ တစ်ချိန်က ကြီးကျယ်ခမ်းနားသောနိုင်ငံသည် လက်အောက်ခံနိုင်ငံတစ်ခုမျှဖြစ်လာလေတော့သည်။ သူတို့၏ဝိညာဏတာဝန်များကိုပျက်ကွက်ခြင်းအတွက် ပေးဆပ်ရသောတန်ဖိုးသည် ဆိုးရွားလှသည်တကား!

၁၁။ လူတို့သည် “ထိန်းသူမရှိသောသိုးကဲ့သို့ ပင်ပန်း၍အားလျော့လျက်ရှိနေကြ၏” ဟူ၍ ယေရှုအဘယ်ကြောင့်ယူမှတ်ရသနည်း။

၁၁ ယင်းတို့အားလုံးက ယေရှုတွေ့မြင်သူတို့သည် “ပင်ပန်း၍အားလျော့လျက်ရှိနေကြ၏” ဟူ၍ ကိုယ်တော်အဘယ်ကြောင့်ယူမှတ်ရကြောင်းကို နားလည်စေသည်။ ယေဘုယျအားဖြင့် ဤသူတို့သည် ဘုရားသခင်၏ပညတ်အတိုင်းအသက်ရှင်၍ ကိုယ်တော်နှစ်သက်တော်မူမည့်နည်းအတိုင်း ကိုးကွယ်ဝတ်ပြုရန် ကြိုးစားနေကြသော ဣသရေလလူမျိုး၊ ယေဟောဝါ၏လူများ ဖြစ်ကြသည်။ မည်သို့ပင်ရှိစေကာမူ နိုင်ငံရေးနှင့် စီးပွားရေးအာဏာရှင်များသာမက သူတို့တွင်ရှိ ယုံကြည်ခြင်းဖောက်ပြန်သူ ဘာသာရေးခေါင်းဆောင်များကပါ သူတို့အားခေါင်းပုံဖြတ်ပြီး နှိပ်ကွပ်ကြသည်။ သူတို့သည် “ထိန်းသူမရှိသောသိုးကဲ့သို့” သူတို့အားဂရုစိုက်မည့်သူ၊ သူတို့အတွက် အသနားခံပေးမည့်သူမရှိဘဲ ဖြစ်နေကြရသည်။ သူတို့သည် အလွန်ခက်ထန်သောအခြေအနေများကို ခံရပ်နိုင်ရန် အကူအညီလိုအပ်နေသည်။ ယေရှု၏မေတ္တာပါ၍ နူးညံ့သိမ်မွေ့သောဖိတ်ခေါ်ချက်သည် တကယ်အခန့်သင့်သည်တကား!

ယနေ့ ယေရှု၏ဖိတ်ခေါ်ချက်

၁၂။ ယနေ့ ဘုရားသခင်၏ကျေးကျွန်များနှင့် စိတ်ရင်းမှန်သူအချို့သည် အဘယ်ဖိစီးမှုများကို ခံနေကြရသနည်း။

၁၂ ယနေ့လည်း နည်းအမျိုးမျိုးတွင် အလားတူဖြစ်နေသည်။ ရိုးသားမှန်ကန်စွာ အသက်ရှင်နေထိုင်ရန် ကြိုးစားနေကြသောစိတ်ရင်းမှန်သူများစွာတို့သည် ပျက်စီးယိုယွင်းသောစနစ်၏ ဖိစီးမှုများနှင့် တောင်းခံချက်တို့ကို ခံရပ်ရန်ခက်ခဲကြောင်း တွေ့ရကြသည်။ ယေဟောဝါထံ မိမိတို့ကိုယ်ကိုဆက်ကပ်အပ်နှံထားသူများပင်လျှင် ထိုသို့ဖြစ်နေကြသည်။ ယေဟောဝါ၏ကျေးကျွန်များအနက် အချို့သည် သူတို့တာဝန်အားလုံးကို ကျေပွန်လိုကြသော်လည်း တာဝန်ကျေဖို့ရန် အခက်အခဲပိုမိုကြုံတွေ့နေကြရကြောင်း မှတ်တမ်းကပြသည်။ သူတို့သည် အလွန်ဝန်လေး၍ မောပန်းအားလျော့နေကြ၏။ စိတ်တည်ငြိမ်မှုရရှိနိုင်ရန် ပူပန်မှုအားလုံးကိုမေ့ပျောက်ပြီး လူသူနှင့်ဝေးသောနေရာသို့သွားနိုင်မည်ဆိုလျှင်ကောင်းလိုက်မည်ဖြစ်ခြင်းဟု အချို့က ခံစားနေကြရသည်။ သင်သည်လည်း ထိုသို့ခံစားဖူးသလော။ သင်နှင့်ရင်းနှီးကျွမ်းဝင်သူတစ်ဦးသည် ထိုအခြေအနေမျိုးတွင် ရောက်နေပါသလော။ မှန်ပါသည်၊ ယေရှု၏ နှစ်ထောင်းအားရဖွယ်ကောင်းသော ဖိတ်ကြားချက်သည် ယနေ့ ကျွန်ုပ်တို့အတွက် အဓိပ္ပာယ်များစွာရှိသည်။

၁၃။ ယေရှုသည် ကျွန်ုပ်တို့အား သက်သာမှုနှင့် လန်းဆန်းမှုရရှိစေနိုင်ကြောင်း အဘယ်ကြောင့်စိတ်ချနိုင်သနည်း။

၁၃ ယေရှုသည် ကိုယ်တော်၏မေတ္တာပါသောဖိတ်ကြားချက်ကို မကမ်းလှမ်းမီ ဤသို့မိန့်တော်မူခဲ့သည်– “ငါ၏ခမည်းတော်သည် ခပ်သိမ်းသောအရာတို့ကို ငါ၌ အပ်ပေးတော်မူပြီ။ ခမည်းတော်မှတစ်ပါး အဘယ်သူမျှ သားတော်ကိုမသိ။ သားတော်နှင့် သားတော်သည် လင်းစေလိုသောသူမှတစ်ပါး အဘယ်သူမျှ ခမည်းတော်ကိုမသိ။” (မဿဲ ၁၁:၂၇) ယေရှုနှင့် ကိုယ်တော်၏ခမည်းတော်စပ်ကြားရှိ ဤရင်းနှီးသောဆက်ဆံမှုကြောင့် ယေရှု၏ဖိတ်ခေါ်ချက်ကိုလက်ခံပြီး ကိုယ်တော့်တပည့်တော်များဖြစ်လာခြင်းအားဖြင့် “နှစ်သိမ့်ခြင်းအမျိုးမျိုးပေးတော်မူသောဘုရား” သခင်ယေဟောဝါနှင့် ရင်းနှီးသောနှစ်ကိုယ်ကြားဆက်ဆံမှုကို ရရှိနိုင်မည်ဖြစ်သည်။ (၂ ကောရိန္သု ၁:၃၊ သမ; ယောဟန် ၁၄:၆ နှိုင်းယှဉ်။) ထို့ပြင် ‘ခပ်သိမ်းသောအရာတို့ကို ကိုယ်တော်၌ အပ်ပေးတော်မူပြီ’ ဖြစ်ရာ ယေရှုခရစ်တစ်ဦးတည်းသာလျှင် ကျွန်ုပ်တို့၏ဝန်ထုပ်ဝန်ပိုးများကို လျှော့ပေါ့ပေးနိုင်သည့် တန်ခိုးအာဏာရှိတော်မူသည်။ အဘယ်ဝန်ထုပ်များကို ဆိုလိုသနည်း။ ယိုယွင်းသောသားရဲအုပ်ချုပ်ရေး၊ စီးပွားရေးနှင့် ဘာသာရေးစနစ်များအပြင် ကျွန်ုပ်တို့၏မွေးရာပါ အပြစ်တရားနှင့် မစုံလင်မှုကြောင့် ဖြစ်ပေါ်လာသောဝန်ထုပ်ဝန်ပိုးများဖြစ်သည်။ ယင်းသည် အစကနဦးကတည်းက အားယူစိတ်ချနိုင်စရာအတွေးပါတကား!

၁၄။ မည်သည့် ပင်ပန်းခြင်းမှ ယေရှုလန်းဆန်းမှုပေးနိုင်သနည်း။

၁၄ ယေရှုက ဆက်လက်၍ ဤသို့ဆိုသည်– “ဝန်လေး၍ပင်ပန်းသောသူအပေါင်းတို့၊ ငါ့ထံသို့လာကြလော့။ ငါသည် လန်းဆန်းစေမည်။” (မဿဲ ၁၁:၂၈၊ ကဘ) ယေရှုသည် ကြိုးစားပမ်းစားလုပ်ကိုင်ခြင်းကို ဆန့်ကျင်၍ပြောဆိုနေခြင်းမဟုတ်ပါ။ အကြောင်းမှာ၊ တပည့်တော်များလုပ်ကိုင်စရာအလုပ်ကို ကြိုးစားအားထုတ်၍လုပ်ကိုင်ရန် ကိုယ်တော်မကြာခဏသြဝါဒပေးတော်မူခဲ့သည်။ (လုကာ ၁၃:၂၄) သို့သော် ‘ပင်ပန်းစွာလုပ်ကိုင်ခြင်း’ (“အလုပ်ကြမ်းလုပ်ခြင်း”၊ Kingdom Interlinear) က များသောအားဖြင့် အကျိုးဖြစ်ထွန်းမှုမရှိသော မောမောပန်းပန်းနှင့် ကြာမြင့်စွာလုပ်ကိုင်ရသည့် အလုပ်ကြမ်းကို ဆိုလိုသည်။ “ဝန်လေး” သည်ဟူမူကား မတန်တဆဝန်တင်ခံရခြင်းသဘောမျိုးသက်ရောက်စေသည်။ ခြားနားချက်မှာ ဝှက်ထားသောဘဏ္ဍာကိုတူးဖော်သူနှင့် အလုပ်ကြမ်းစခန်းတွင် ရေမြောင်းများတူးရသူတို့ကို နှိုင်းယှဉ်ကြည့်သကဲ့သို့ဖြစ်သည်။ သူတို့နှစ်ဦးသည် ထပ်တူပင်ပန်းသောအလုပ်မျိုးကို လုပ်ကိုင်နေကြ၏။ တစ်ဦးအတွက် သူ၏အလုပ်သည် စိတ်ဇောထက်သန်စွာလုပ်ကိုင်စရာဖြစ်သော်လည်း အခြားတစ်ဦးအတွက်မူ မပြီးနိုင်တော့သည့်ငြီးငွေ့စရာတကုပ်ကုပ်လုပ်ရသောအလုပ်မျိုးဖြစ်သည်။ ဤတွင်ခြားနားစေသည့်အရာမှာ လုပ်ကိုင်ရသည့်ရည်ရွယ်ချက် သို့မဟုတ် ရည်ရွယ်ချက်ကင်းမဲ့ခြင်းဖြစ်ပေသည်။

၁၅။ (က) ကျွန်ုပ်တို့သည် လေးလံသောဝန်ထုပ်ဝန်ပိုးကို ထမ်းရွက်နေရသည်ဟု ခံစားရမည်ဆိုလျှင် မိမိကိုယ်ကို အဘယ်မေးခွန်း မေးသင့်သနည်း။ (ခ) ကျွန်ုပ်တို့ဝန်ထုပ်ဝန်ပိုးများ၏ ဇာစ်မြစ်နှင့်ပတ်သက်၍ ဘာပြောဆိုနိုင်သနည်း။

၁၅ သင်သည် “ဝန်လေး၍ပင်ပန်းသည်”၊ သင့်အချိန်နှင့်ခွန်အားအပေါ် တောင်းဆိုချက်များလွန်းနေသည်ဟူ၍ ခံစားရသလော။ သင်ထမ်းရွက်နေရသောဝန်ထုပ်ဝန်ပိုးများသည် သင့်အတွက် လေးလံလွန်းနေသလော။ ထိုသို့ဖြစ်မည်ဆိုလျှင် ‘ဘာအတွက် ငါအပင်ပန်းခံနေတာလဲ။ ဘယ်လိုဝန်မျိုးကို ငါထမ်းနေတာလဲ’ ဟူ၍ မိမိကိုယ်ကိုမေးမြန်းလျှင်ကောင်းပေမည်။ ယင်းနှင့်စပ်လျဉ်း၍ ကျမ်းစာဋီကာဆရာတစ်ဦးသည် လွန်ခဲ့သော နှစ်ပေါင်း ၈၀ ကျော်အချိန်ကတည်းက ဤသို့ဖော်ပြထားသည်– “ဘဝ၏ဝန်ထုပ်ဝန်ပိုးများကို သုံးသပ်ကြည့်မည်ဆိုလျှင် နှစ်မျိုးနှစ်တန်းစားရှိသည်; ယင်းတို့ကို ကိုယ့်ဘာသာကိုယ်တင်သည့်ဝန်နှင့် မရှောင်လွှဲနိုင်သောဝန်– မိမိအပြုအမူကြောင့်ဖြစ်ရသည့်ဝန်နှင့် မိမိကြောင့်မဟုတ်သောဝန်များဟူ၍သတ်မှတ်နိုင်သည်။” ထို့နောက် သူက ဤသို့ထပ်ဆင့်သည်– “မိမိကိုယ်ကို ကြပ်ကြပ်မတ်မတ်စစ်ဆေးပြီးနောက် ကျွန်ုပ်တို့၏ဝန်ထုပ်ဝန်ပိုးအများစုမှာ ကိုယ့်ဘာသာကိုယ်တင်ထားသောဝန်များဖြစ်နေသည်ကို တွေ့ရှိကြရာ ကျွန်ုပ်တို့အများစုသည် အံ့သြသွားပါလိမ့်မည်။”

၁၆။ မိမိကိုယ်နှိုက်အပေါ် အဘယ်ဝန်ထုပ်ဝန်ပိုးများကို ပညာကင်းမဲ့စွာတင်မိနိုင်သနည်း။

၁၆ မိမိကိုယ်နှိုက်အပေါ် တင်ထားသောဝန်ထုပ်ဝန်ပိုးအချို့ကား အဘယ်နည်း။ ယနေ့ ကျွန်ုပ်တို့သည် ရုပ်ဝါဒဆန်သော၊ အပျော်အပါးကိုစွဲမက်သော၊ စာရိတ္တယိုယွင်းသောလောကတွင် အသက်ရှင်နေကြရသည်။ (၂ တိမောသေ ၃:၁-၅) ဆက်ကပ်အပ်နှံထားသောခရစ်ယာန်များပင်လျှင် လောကဝတ်ပုံစားပုံနှင့် ယင်း၏ဘဝပုံစံကိုတုပရန် အမြဲဖိအားပေးခံနေရသည်။ တမန်တော်ယောဟန်က “ကိုယ်ကာယတပ်မက်ခြင်း၊ မျက်စိတပ်မက်ခြင်း၊ လောကီစည်းစိမ်၌ဝါကြွားခြင်း” အကြောင်း ရေးသားခဲ့သည်။ (၁ ယောဟန် ၂:၁၆) ယင်းတို့သည် ကျွန်ုပ်တို့ကိုလွယ်လင့်တကူ ဩဇာလွှမ်းနိုင်သည်။ အကြွေးနစ်ခံလိုသည်တိုင် လောကီပျော်ရွှင်မှုတို့ကို များများစားစားခံစားရန်၊ သို့မဟုတ် တစ်မျိုးတစ်မည်သောဘဝပုံစံအတိုင်း နေထိုင်နိုင်ရန် အချို့သူတို့ အလိုရှိသည်။ ထို့နောက် အကြွေးဆပ်စရာငွေရရန် အလုပ်ကိုတရားလွန်လုပ်ကိုင်ဖို့၊ သို့မဟုတ် အလုပ်တစ်ခုထက်မက လုပ်ကိုင်ဖို့အကြောင်းပေါ်နေသည်ကို သူတို့တွေ့ရှိကြရ၏။

၁၇။ ပိုမိုဝန်လေးစေရန် မည်သည့်အခြေအနေက ဖြစ်ပေါ်စေနိုင်၍ ယင်းကို မည်သို့ကုစားနိုင်သနည်း။

၁၇ လူတစ်ဦးသည် အခြားသူများပိုင်ဆိုင်ရာအချို့ကို ကိုယ်တိုင်ပိုင်ဆိုင်ရန်၊ သို့မဟုတ် သူတို့လုပ်ကိုင်နေသည့်အလုပ်အချို့ကိုလုပ်ကိုင်ရန် မမှားပါဟု ဆင်ခြင်မည်ဖြစ်သော်လည်း မလိုအပ်ဘဲနှင့် မိမိအပေါ်မိမိ ဝန်ထုပ်ဝန်ပိုးတင်နေ၊ မတင်နေကြောင်းကို စစ်ဆေးကြည့်ရန် အရေးကြီးသည်။ (၁ ကောရိန္သု ၁၀:၂၃) မိမိထမ်းရွက်နိုင်သည့်ဝန် အကန့်အသတ်သာရှိသောကြောင့် အခြားဝန်ထုပ်ဝန်ပိုးထပ်မံတင်လိုလျှင် တစ်ခုခုကို ဖယ်ရှားပစ်ဖို့လိုသည်။ မကြာခဏဆိုသလိုပင် ကျွန်ုပ်တို့၏ဝိညာဏအကျိုးအတွက် အရေးပါသောအရာများ—ကိုယ်ပိုင်ကျမ်းစာလေ့လာခြင်း၊ စည်းဝေးတက်ခြင်းနှင့် လယ်ကွင်းဓမ္မအမှုတို့—ကိုဦးဆုံးဖယ်ရှားပစ်လေ့ရှိကြသည်။ အကျိုးရလဒ်ကား ဝိညာဉ်ခွန်အားကင်းမဲ့ခြင်းဖြစ်၍ ယင်းကြောင့် ဝန်ထုပ်ဝန်ပိုးကိုထမ်းရွက်ရန် ပိုမိုခဲယဉ်းစေသည်။ ယေရှုခရစ်က ဤအန္တရာယ်အကြောင်းကို ဤသို့သတိပေးတော်မူသည်– “သင်တို့သည် ကိုယ်ကိုကိုယ် သတိပြုကြလော့။ သို့မဟုတ် အစားအသောက်လွန်ကြူးခြင်း၊ လောကီစိုးရိမ်ခြင်းအားဖြင့် စိတ်နှလုံးပင်ပန်းလျက်နေစဉ်တွင် ထိုနေ့ရက်သည် ကျော့ကွင်းကဲ့သို့ သင်တို့နှင့် ရုတ်ခနဲတွေ့ကြုံလိမ့်မည်။” (လုကာ ၂၁:၃၄၊ ၃၅၊ သမ္မာ; ဟေဗြဲ ၁၂:၁) ဝန်လေး၍ပင်ပန်းနေမည်ဆိုလျှင် ကျော့ကွင်းကို သိမှတ်ပြီး အလွတ်ရုန်းထွက်ရန် မလွယ်ကူပါ။

သက်သာမှုနှင့် လန်းဆန်းမှု

၁၈။ ကိုယ်တော်ထံလာသူများအား ယေရှုအဘယ်အရာကိုကမ်းလှမ်းသနည်း။

၁၈ ထို့ကြောင့် ယေရှုက မေတ္တာပါသော ဤသက်သာရာသက်သာကြောင်းကို ကမ်းလှမ်းတော်မူသည်– “ငါ့ထံသို့လာကြလော့။ ငါသည် လန်းဆန်းစေမည်။” (မဿဲ ၁၁:၂၈၊ ကဘ) ဤတွင် “လန်းဆန်းစေမည်” နှင့် အငယ် ၂၉ တွင်ပါသော “လန်းဆန်းမှုပေးမည်” ဟူသောစကားလုံးများသည် စပ်ထွားဂျင့်ဘာသာပြန်ကျမ်းက “ဥပုသ်” သို့မဟုတ် “ဥပုသ်စောင့်ခြင်း” အတွက် ဟေဗြဲစကားလုံးကို ပြန်ဆိုရန် အသုံးပြုသော ဂရိစကားလုံးများမှ ဆင်းသက်လာသည်။ (ထွက်မြောက်ရာ ၁၆:၂၃) သို့ဖြစ်၍ ကိုယ်တော်ထံလာသူတို့သည် အလုပ်မလုပ်ကိုင်ရတော့ဟူ၍ ယေရှုကတိပေးနေခြင်းမဟုတ်ဘဲ ဘုရားသခင်၏ရည်ရွယ်ချက်နှင့်အညီ သူတို့ဆောင်ရွက်ရမည့်လုပ်ငန်းအတွက် အသင့်ဖြစ်နေရန် သူတို့ကိုလန်းဆန်းစေမည်ဟု ကတိပြုနေတော်မူခြင်းဖြစ်သည်။

၁၉။ လူတစ်ဦးသည် မည်သို့ ‘ယေရှုထံလာ’ မည်နည်း။

၁၉ သို့ရာတွင် လူတစ်ဦးသည် မည်သို့ ‘ယေရှုထံလာ’ မည်နည်း။ တပည့်တော်အားများ ယေရှုက ဤသို့မိန့်တော်မူသည်– “တစ်စုံတစ်ယောက်သည် ငါ့နောက်သို့လိုက်လိုလျှင် ကိုယ့်ကိုယ်ကိုစွန့်လွှတ်ရမည်။ ညှဉ်းဆဲခံရာနှက်တိုင်ကိုထမ်း၍ ငါ့နောက်သို့အဆက်မပြတ်လိုက်ရမည်။” (မဿဲ ၁၆:၂၄၊ ကဘ) သို့ဖြစ်၍ ယေရှုထံလာခြင်းဟူသည် မိမိအလိုကို ဘုရားသခင်နှင့်ခရစ်တော်တို့၏အလိုအတိုင်းဖြစ်စေရန်၊ ထမ်းရွက်စရာတာဝန်တစ်မျိုးတစ်မည်ကို လက်ခံရန်၊ ယင်းကို အဆက်မပြတ်ပြုလုပ်ဆောင်ရွက်နေရန်သဘော သက်ရောက်သည်။ ယင်းတို့အားလုံးသည် အလွန်အမင်းတောင်းဆိုခြင်းလော။ ပေးဆက်စရာတန်ဖိုးသည် မြင့်မားလွန်းသလော။ မောပန်းသူများအား မေတ္တာပါသောဖိတ်ကြားချက်ကို ယေရှုကမ်းလှမ်းပြီးနောက် ကိုယ်တော်အဘယ်စကားများကိုမိန့်တော်မူခဲ့ကြောင်း သုံးသပ်ကြည့်ကြစို့။

သင်မှတ်မိနိုင်သလော

◻ ယေရှုခေတ်ရှိလူတို့သည် အဘယ်နည်းများဖြင့် ဝန်လေးနေကြသနည်း။

◻ လူတို့ခက်ခဲဆင်းရဲရခြင်း၏ အကြောင်းရင်းခံကား အဘယ်နည်း။

◻ အလွန်ဝန်လေးနေသည်ဟု ကျွန်ုပ်တို့ခံစားကြရပါက မိမိကိုယ်ကိုမိမိ မည်သို့စစ်ဆေးသင့်သနည်း။

◻ မိမိကိုယ်နှိုက်အပေါ် အဘယ်ဝန်ထုပ်ဝန်ပိုးများကို ပညာကင်းမဲ့စွာ တင်မိနိုင်သနည်း။

◻ ယေရှုကတိထားတော်မူသော လန်းဆန်းမှုကို ကျွန်ုပ်တို့မည်သို့ရရှိနိုင်မည်နည်း။

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

မိမိအပေါ်မိမိတင်တတ်သော ဝန်ထုပ်ဝန်ပိုးအချို့ကား အဘယ်နည်း

[Picture Credit Line on page 15]

Courtesy of Bahamas Ministry of Tourism

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ