ရှုနင်မြို့—မေတ္တာနှင့် အကြမ်းဖက်မှုဖြင့် ထူးခြားထင်ရှား
ဂါလိလဲတောင်ပိုင်း၊ ယေဇရေလချိုင့်၏အရှေ့စွန်းတွင် ရှုနင်မြို့တည်ရှိသည်။ ဤမြို့ငယ်လေးသည် ကျမ်းစာသမိုင်းတွင် အရေးပါသောတိုက်ပွဲများအနက် နှစ်ခုကို တွေ့ ကြုံခဲ့ရသည့်အပြင် သစ္စာစောင့်သိသောမေတ္တာကို စံနမူနာချမှတ်ခဲ့သည့် အမျိုးသမီးနှစ်ဦး၏မွေးရပ်ဇာတိမြေအဖြစ်လည်း ကျော်ကြားခဲ့သည်။
လွင်ပြင်တစ်ဖက် ငါးမိုင်ခန့်အကွာတွင် ဂိလဗောတောင်တည်ရှိကာ ရှုနင်မြို့အနောက်ဘက်တွင်မူ မောရေတောင်ကုန်းဟုယူမှတ်ရသည့်တောင်ကုန်းတည်ရှိသည်။ ထိုတောင်ကုန်းနှစ်ခုကြားတွင် ဣသရေလတစ်နိုင်ငံလုံး၏ သီးနှံအဖြစ်ထွန်းဆုံးသောဒေသများအနက်တစ်ခု—ရေပေါပြီး အသီးအနှံအထွက်များသောနယ်မြေတစ်ခုရှိသည်။
ရှုနင်မြို့ဝန်းကျင်ရှိ ဤစိမ်းလန်းစိုပြည်သောကျေးလက်ဒေသသည် ပြောခဲ့ကြသမျှအချစ်ဇာတ်လမ်းများအနက် ဆွဲဆောင်မှုအရှိဆုံးအချစ်ဇာတ်လမ်းဖြစ်သည့် ရှောလမုန်သီချင်းအတွက် နောက်ခံကိုဖန်တီးပေးသည်။ ဤသီချင်းက မိမိ၏မိဖုရားတစ်ဦးဖြစ်ရန် ရှောလမုန်ဘုရင်ကကမ်းလှမ်းသည်ကို လက်ခံမည့်အစား သူမ၏သိုးထိန်းလုလင်လေးကို လက်ထပ်ရန်ပို၍နှစ်သက်သော အဆင်းလှသည့်ကျေးလက်သူတစ်ဦး၏အကြောင်းကို ပြောပြသည်။ ရှောလမုန်သည် သူမ၏အချစ်ကိုရရန် မိမိ၏ဉာဏ်ပညာနှင့်ကြွယ်ဝမှုရှိသမျှကို အသုံးချခဲ့သည်။ သူမအား “လကဲ့သို့တင့်တယ်လျက်၊ နေကဲ့သို့ထွန်းလင်းလျက် . . . နံနက်ကဲ့သို့မျှော်ရှုသောသတို့သမီးကား အဘယ်သူနည်း” ဟူ၍ထပ်တလဲလဲ သူချီးမွမ်းခဲ့သည်။ သူမစဉ်းစားနိုင်သမျှ လက်ဝတ်ရတနာများဖြင့် တယုတယထားမည်ဟု သူမအားကတိပေးသည်။—ရှောလမုန်သီချင်း ၁:၁၁; ၆:၁၀။
နန်းတွင်းသားဘဝ၏အရသာကို မြည်းစမ်းကြည့်ရန် ရှောလမုန်သည် မိမိ၏လက်ရွေးစင်စစ်သည်တော် ၆၀ နှင့်အတူ လိုက်ပါသည့်အခြွေအရံအဝင်အဖြစ် ယေရုရှလင်သို့ သူမအား လိုက်ပါစေသည်။ (ရှောလမုန်သီချင်း ၃:၆-၁၁) ရှေဘမိဖုရားမြင်သည့်အခါ “မိန်းမောတွေဝေ” ပြီးအလွန်အထင်ကြီးစွဲမက်ခဲ့ရသည့် မိမိ၏တော်ဝင်နန်းတော်တွင် သူမအားနေထိုင်စေသည်။—၃ ဓမ္မရာဇဝင် ၁၀:၄၊ ၅။
သို့သော် ရှုနင်မြို့မှလုံမလေးသည် သိုးထိန်းလုလင်လေးအပေါ် သစ္စာစောင့်ခဲ့သည်။ “ကျွန်မ၏ချစ်သူ” သည် “သစ်တောရှိအပင်စုထဲမှာ သစ်သော့ပင် [“ပန်းသီးပင်၊” ကဘ] ကဲ့သို့” ဖြစ်သည်ဟု သူမဆိုသည်။ (ရှောလမုန်သီချင်း ၂:၃) ရှောလမုန်သည် စပျစ်ဥယျာဉ်တစ်ထောင်ဖြင့် ပျော်မွေ့နေပါစေ၊ စပျစ်ဥယျာဉ်တစ်ခုသည်—သူမ၏ချစ်သူနှင့်အတူ—သူမအတွက်လုံလောက်သည်။ သူမ၏မေတ္တာကို မယိမ်းယိုင်သွားစေနိုင်ပါ။—ရှောလမုန်သီချင်း ၈:၁၁၊ ၁၂။
နောက်အဆင်းလှသောအမျိုးသမီးတစ်ဦးသည် ရှုနင်မြို့တွင်နေထိုင်သည်။ သူမ၏ရုပ်ဆင်းသဏ္ဌာန်ကို ကျွန်ုပ်တို့ဘာမျှမသိရသော်လည်း သူမသည် နှလုံးသားလှမည်မှာသေချာသည်။ သူမသည် ပရောဖက်ဧလိရှဲအား ပုံမှန်အစားအစာကျွေးမွေးရန်နှင့် နေရာထိုင်ခင်းစီမံပေးရန် ‘ကိုယ်ကိုချုပ်တည်း’—သို့မဟုတ် အတော်ဆင်းရဲခံခဲ့ရသည်ဟု သမ္မာကျမ်းစာကဖော်ပြသည်။—၄ ဓမ္မရာဇဝင် ၄:၈-၁၃။
ဧလိရှဲသည် အလွန်ပင်ပန်းသည့် ရှည်လျားသောခရီးမှ သူ့အတွက် သူမနှင့်သူမ၏ခင်ပွန်းတို့က ပြင်ဆင်ထားပေးသည့်အခန်းငယ်ကလေးသို့ ကျေးဇူးတင်စွာဖြင့်ပြန်လာနေသည်ကို ကျွန်ုပ်တို့မြင်ယောင်နိုင်သည်။ သူ၏ဓမ္မအမှုသည် အနှစ် ၆၀ ကြာခဲ့ရာ သူတို့၏နေအိမ်သို့ မကြာခဏလည်ပတ်ခဲ့ပေမည်။ ဤရှုနင်မြို့သူအမျိုးသမီးသည် ဧလိရှဲအား ဖြတ်သွားသည့်အခါတိုင်း မိမိတို့၏အိမ်တွင် ဝင်ရောက်တည်းခိုပါရန် အဘယ်ကြောင့်တောင်းဆိုခဲ့သနည်း။ ဧလိရှဲ၏လုပ်ငန်းကို သူမတန်ဖိုးထားသောကြောင့်ဖြစ်သည်။ ဤနှိမ့်ချမှုရှိပြီးတစ်ကိုယ်ကောင်းမဆန်သောပရောဖက်သည် တစ်မျိုးသားလုံး၏ကိုယ်ကိုကိုယ်သိသောစိတ်အဖြစ် လုပ်ဆောင်ခဲ့ပြီး ဘုရင်၊ ယဇ်ပုရောဟိတ်နှင့် တိုင်းသူပြည်သားများအား ယေဟောဝါကိုဝတ်ပြုရသည့်သူတို့၏တာဝန်ကို သတိပေးသည်။
ရှုနင်မြို့သူအမျိုးသမီးသည် ယေရှုဤသို့ပြောခဲ့ချိန်တွင် ကိုယ်တော်သတိရသူများထဲမှ တစ်ဦးဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိပါ– “ပရောဖက်၏မျက်နှာကိုထောက်၍၊ ပရောဖက်ကိုလက်ခံသောသူသည် ပရောဖက်၏အကျိုးကိုခံရလတ္တံ့။” (မဿဲ ၁၀:၄၁) ဘုရားသခင်ကိုကြောက်ရွံ့သောဤအမျိုးသမီးအား အထူးဆုတစ်ခုကို ယေဟောဝါပေးသနားခဲ့သည်။ သူမသည် နှစ်ပေါင်းများစွာမြုံနေသော်လည်း သားတစ်ယောက်ကို မွေးဖွားခဲ့သည်။ နှစ်အတန်ကြာပြီးနောက် ခုနစ်နှစ်ငတ်မွတ်ခေါင်းပါးခြင်းဘေးက တိုင်းပြည်ကို ပြုတ်ပြုတ်ပြုန်းစေသောအချိန်တွင်လည်း ဘုရားသခင်၏ကူညီမစမှုကို သူမရရှိခဲ့သည်။ နှလုံးထိမိသောဤမှတ်တမ်းက ဘုရားသခင့်ကျေးကျွန်များအား ကျွန်ုပ်တို့ပြသည့်ကြင်နာမှုကို မည်သည့်အခါမျှ ကောင်းကင်ခမည်းတော် သတိမပြုမိဘဲမနေကြောင်း ကျွန်ုပ်တို့အားပြန်အမှတ်ရစေသည်။—၄ ဓမ္မရာဇဝင် ၄:၁၃-၃၇; ၈:၁-၆; ဟေဗြဲ ၆:၁၀။
အနိုင်အရှုံးပြတ်သားသောတိုက်ပွဲနှစ်ခု
ရှုနင်မြို့ကို ဤသစ္စာစောင့်သောအမျိုးသမီးနှစ်ဦး၏ဌာနေအဖြစ် မှတ်မိကြသော်လည်း ၎င်းမြို့သည် ဣသရေလသမိုင်းကြောင်းကို အပြောင်းအလဲဖြစ်စေသည့်တိုက်ပွဲနှစ်ခုကိုလည်း တွေ့ ကြုံခဲ့ရသည်။ အနီးအနားတွင် အကောင်းဆုံးသောစစ်တလင်း—မောရေတောင်ကုန်းနှင့် ဂိလဗောတောင်ကုန်းကြားတွင် လွင်ပြင်ရှိသည်။ ကျမ်းစာခေတ်ကစစ်သူကြီးများသည် အကာအကွယ်ရရန် ရေပေါပြီးကုန်းမြင့်သည့်နေရာတွင် အမြဲစခန်းချကာ ဖြစ်နိုင်ပါက စစ်တပ်များ၊ မြင်းများနှင့် စစ်ရထားများလှုပ်ရှားသာသည့်သွေ့ခြောက်သောချိုင့်ဝှမ်းလွင်ပြင်ကို အပေါ်စီးမှမြင်ရသည့်နေရာတွင် စခန်းချသည်။ ရှုနင်မြို့နှင့် ဂိလဗောတောင်ကုန်းသည် ထိုသို့သောနေရာမျိုးဖြစ်သည်။
တရားသူကြီးများခေတ်အတွင်း မိဒျန်လူမျိုး၊ အာမလက်လူမျိုးနှင့် အခြားလူမျိုးများပါဝင်သည့် ၁၃၅,၀၀၀ ရှိသောစစ်တပ်တစ်တပ်သည် မောရေတောင်ကုန်းရှေ့ရှိလွင်ပြင်တွင် စခန်းချကြသည်။ သူတို့၏ကုလားအုတ်များသည် “သမုဒ္ဒရာသဲလုံးနှင့်အမျှ အတိုင်းမသိများကြ၏။” (တရားသူကြီး ၇:၁၂) လွင်ပြင်တစ်ဖက် သူတို့နှင့်မျက်နှာချင်းဆိုင်၊ ဂိလဗောတောင်ခြေဟာရုတ်ရေတွင်းနားတွင် တရားသူကြီးဂိဒေါင်၏ကွပ်ကဲမှုအောက်ရှိ ၃၂,၀၀၀ သာရှိသော ဣသရေလစစ်သားများရှိသည်။
တိုက်ပွဲမတိုင်မီရက်များအတွင်း တစ်ဖက်ကိုတစ်ဖက် စိတ်ဓာတ်ကျအောင်ကြိုးစားကြပေမည်။ လှောင်ပြောင်သရော်သောစစ်သားများ၊ စစ်ကုလားအုတ်များ၊ စစ်ရထားနှင့်မြင်းများက ခြေလျင်စစ်သားများအား ကြောက်စိတ်ကိုပေါ်ပေါက်စေနိုင်သည်။ ဣသရေလစစ်သားများလူစုနေစဉ် နေရာယူထားပြီးဖြစ်သောမိဒျန်စစ်သားများသည် ကြောက်ရွံ့တုန်လှုပ်ဖွယ်ကောင်းသောမြင်ကွင်းဖြစ်နေမည်မှာသေချာသည်။ ဂိဒေါင်က “ကြောက်လန့်သောသူမည်သည်ကား . . . ပြန်သွားစေ” ဟုပြောလိုက်ရာ သူ၏စစ်သားသုံးပုံနှစ်ပုံသည် စစ်မြေပြင်ကိုစွန့်ခွာခြင်းဖြင့်တုန့်ပြန်ခဲ့ကြသည်။—တရားသူကြီး ၇:၁-၃။
ယခု ဣသရေလစစ်သား ၁၀,၀၀၀ သာလွင်ပြင်တစ်ဖက်ရှိ ရန်သူစစ်သား ၁၃၅,၀၀၀ ကိုစူးစိုက်ကြည့်နေကာ မကြာမီမှာ ယေဟောဝါက ဣသရေလစစ်သားများကို အလွန်နည်းသောအရေအတွက်ဖြစ်သည့် ၃၀၀ အထိလျှော့ချခိုင်းသည်။ ဣသရေလထုံးစံအရ ဤအုပ်စုငယ်ကို သုံးစုခွဲလိုက်သည်။ အမှောင်ဖုံးလွှမ်းမှုအောက်တွင် ရန်သူ့စခန်း၏သုံးဘက်၌ လူဖြန့်ပြီး နေရာယူထားကြသည်။ ထို့နောက် ဂိဒေါင်အမိန့်ပေးလိုက်သောအခါ လူ ၃၀၀ သည် မီးတုတ်များထည့်ထားသည့်အိုးများကို ရိုက်ခွဲပြီး မီးတုတ်များကိုကိုင်မြှောက်ကာ ‘ယေဟောဝါနှင့်ဂိဒေါင်၏ဓား’ ဟုအော်ကြသည်! တံပိုးများကို ဆက်တိုက်မှုတ်ကြရသည်။ အမှောင်ထဲတွင် လန့်ဖျပ်ပြီးရှုပ်ထွေးနေသည့်စစ်သားများသည် လူ ၃၀၀ ကသူတို့အားတိုက်ခိုက်နေသည်ဟု ထင်သည်။ ယေဟောဝါသည် သူတို့ကို အချင်းချင်းပြန်တိုက်ခိုက်စေ၍ “တပ်သားအပေါင်းတို့သည် ပြေးလျက်၊ အော်လျက်ထွက်ပြေးကြ၏။”—တရားသူကြီး ၇:၁၅-၂၂; ၈:၁၀။
ဒုတိယတိုက်ပွဲသည် ရှောလုဘုရင်လက်ထက် ရှုနင်မြို့အနီးတွင်ဖြစ်သည်။ “ဖိလိတ္တိလူတို့သည် စုဝေး၍ ရှုနင်မြို့မှာတပ်ချကြ၏။ ရှောလုသည်လည်း ဣသရေလအမျိုးသားအပေါင်းတို့ကို စုဝေးစေ၍ သူတို့သည် ဂိလဗောမြို့မှာတပ်ချကြ၏” ဟုကျမ်းစာကမှတ်တမ်းတင်ထားသည်။ ယခင်နှစ်များစွာက ဂိဒေါင်၏တပ်ကဲ့သို့ပင်ဖြစ်သည်။ သို့သော် ရှောလုသည် ဂိဒေါင်ကဲ့သို့ ယေဟောဝါကို လုံးဝယုံကြည်အားကိုးခြင်းမရှိဘဲ အင်ဒေါရမြို့ရှိနတ်ဝင်သည်တစ်ဦးထံ အကြံဉာဏ်တောင်းခံခြင်းကို ပိုနှစ်သက်ခဲ့သည်။ ဖိလိတ္တိလူအလုံးအရင်းကို သူမြင်သောအခါ “ကြောက်၍အလွန်တုန်လှုပ်သောစိတ်နှလုံးရှိ၏။” တိုက်ပွဲအဆုံးတွင် ဣသရေလလူများသည် ထွက်ပြေးခဲ့ရပြီး အကြီးအကျယ်ရှုံးနိမ့်ခဲ့ရသည်။ ရှောလုနှင့်ယောနသန်နှစ်ဦးစလုံး အသက်ဆုံးရှုံးခဲ့ရသည်။—၁ ဓမ္မရာဇဝင် ၂၈:၄-၇; ၃၁:၁-၆။
ထို့ကြောင့် ရှုနင်မြို့၏သမိုင်းသည် မေတ္တာနှင့်အကြမ်းဖက်မှု၊ ယေဟောဝါကိုယုံကြည်အားကိုးမှုနှင့် နတ်ဆိုးများကိုယုံကြည်အားကိုးမှုတို့ဖြင့် ထင်ရှားလာခဲ့သည်။ ဤချိုင့်ဝှမ်းတွင် အမျိုးသမီးနှစ်ဦးသည် တည်တံ့မြဲမြံသောမေတ္တာနှင့် ဧည့်ဝတ်ကျေပွန်မှုကို တင်ပြခဲ့ကြပြီး ဣသရေလခေါင်းဆောင်နှစ်ဦးသည် အနိုင်အရှုံးပြတ်သားသောတိုက်ပွဲနှစ်ခုကို တိုက်ခိုက်ခဲ့ကြသည်။ စံနမူနာလေးခုက မိမိအားဝတ်ပြုသူများကို ဆုချရန် မည်သည့်အခါမျှမပျက်ကွက်သည့် ယေဟောဝါအပေါ် မှီခိုအားထားခြင်း၏အရေးကြီးမှုကို ဖော်ပြသည်။
[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]
မောရေတောင်ကိုနောက်ခံပြုထားသော ရှေးရှုနင်မြို့နေရာတွင်ရှိသည့် ခေတ်သစ်စူလန်ကျေးရွာ
[Credit Line]
Pictorial Archive (Near Eastern History) Est.