ဘာသာတရားကို အဘယ်ကြောင့် သူတို့စွန့်ခွာနေကြသနည်း
၁၉ ရာစုအလယ်ပိုင်းတွင် ပရတ်ရှား (ယခု ဂျာမနီမြောက်ပိုင်း) ပြည်သားတစ်ဦးက မိမိသည် မည်သည့်ဘာသာဝင်မျှမဟုတ်ဟုပြောဆိုခြင်းသည် မကြားစဖူးသောစကားဖြစ်သည်။ အမှန်မှာ ပင်မဘာသာတရားမှ ချာ့ချ်၏အယူဝါဒအတိုင်း မလိုက်နာသော အသင်းတစ်ခုသို့ ဘာသာပြောင်းခြင်းဖြင့်ပင် ရဲတို့၏အနီးကပ်စောင့်ကြည့်မှုကိုခံရသူ ဖြစ်နိုင်ပါသည်။ အချိန်အခါသည် ပြောင်းလဲလိုက်လေခြင်း!
ယနေ့ မြောက်မြားစွာသော ဂျာမန်လူမျိုးတို့သည် ချာ့ချ်များမှနုတ်ထွက်နေကြသည်။ အများအပြောအရ ၄ ယောက်လျှင် ၁ ယောက်က မိမိသည် မည်သည့်ဘာသာရေးအသင်းဝင်မျှမဟုတ်ဟုဆိုသည်။ ဩစတြီးယားနှင့် ဆွစ်ဇလန်နိုင်ငံတို့တွင်လည်း အလားတူဖြစ်နေသည်ကိုတွေ့ရသည်။ ခရစ်ယာန်ဘာသာတရားတစ်ခု၏ အသက်သွေးကြောသည် အသင်းသားများဖြစ်လျှင် “ဥရောပချာ့ချ်များသည် သေလုမြောပါးဖြစ်နေကြသည်” ဟုဂျာမန်စာရေးဆရာ ရီမာဂရိုနီမီယာက ဖော်ပြခဲ့သည်။
[ခရစ်ယာန်] ဘာသာတရားကို သူတို့ငြင်းပယ်ရသည့်အကြောင်း
များစွာသောသူတို့သည် ဘာသာရေးအဖွဲ့ကို အဘယ်ကြောင့် ငြင်းပယ်ကြသနည်း။ ငွေရေးကြေးရေးကြောင့်ဖြစ်လေ့ရှိ၏၊ အထူးသဖြင့် အသင်းသားများက ချာ့ချ်ကိုအခွန်ပေးရန် တောင်းဆိုခံရသောနိုင်ငံများတွင်ဖြစ်သည်။ များစွာသောသူတို့က ‘ငါ့ချွေးနှဲစာကို ဘာကြောင့် ချာ့ချ်ကိုပေးရမှာလဲ’ ဟုမေးကြသည်။ အချို့မှာမူ ချာ့ချ်၏စည်းစိမ်ချမ်းသာနှင့် ဩဇာအာဏာကြောင့် အော့နှလုံးနာကြသည်။ ချာ့ချ်၏စည်းစိမ်ကြောင့် ရုပ်ပစ္စည်းကို အလွန်အကျွံအာရုံစိုက်စေကာ “ခရစ်တော်အားယုံကြည်ခြင်းကို အလေးအနက်သဘောမထားကြရန်” တိုက်တွန်းခံခဲ့ရပြီဟုပြောဆိုသော ဂျာမနီနိုင်ငံ၊ ကိုလုံးမြို့မှ ဂိုဏ်းချုပ်ဂျိုအကင်မ် မေစနာနှင့် သူတို့ သဘောညီညွတ်ကြပုံရသည်။
အချို့သူများသည် ငြီးငွေ့ဖွယ်ကောင်းခြင်း၊ စိတ်ဝင်စားစရာမကောင်းခြင်း၊ သူတို့၏ဝိညာဉ်ရေးဆာမွတ်မှုကို မပြေစေနိုင်ခြင်းကြောင့် သူတို့၏ချာ့ချ်ကိုစွန့်ခွာခဲ့ကြခြင်းဖြစ်သည်။ သူတို့သည် ပရောဖက် အာမုတ်ကြိုတင်ဟောကြားခဲ့သော “အစာခေါင်းပါး၍မွတ်သိပ်ခြင်းဘေးမဟုတ်၊ ရေငတ်ခြင်းဘေးလည်းမဟုတ်၊ ထာဝရဘုရား၏အမိန့်တော်ကို မကြားရသောမွတ်သိပ်ခြင်းဘေး” ကိုကြုံတွေ့နေကြရသည်။ (အာမုတ် ၈:၁၁) သူတို့၏ဘာသာမှ မဆိုစလောက်သော ကျွေးမွေးမှုကိုသာ ရရှိသောကြောင့် ၎င်းနှင့် အဆက်ဖြတ်လိုက်ကြခြင်းဖြစ်သည်။
ပြဿနာများကို အမှန်ပင်ရင်ဆိုင်ကြရသော်လည်း ဘာသာတရားအားလုံးကို အဆက်ဖြတ်သင့်ပါသလော။ ဆာလောင်နေသူတစ်ဦးသည် ပေါင်မုန့်တစ်လုံးနှင့်တူသည့်အရာကိုတွေ့သည်ဟု မြင်ယောင်ကြည့်ပါ။ သို့ရာတွင် ၎င်းကိုစားကြည့်သောအခါ လွှစာမှုန့်ဖြင့်ပြုလုပ်ထားရာဖြစ်ကြောင်း တွေ့ရှိသွားသည်။ သူသည် အစာစားကာ သူ၏ဆာလောင်မှုကို ပြေစေဖို့မပြုဘဲနေပါမည်လော။ နေမည်မဟုတ်ပါ၊ တကယ့်အစာကို သူရှာဖွေပါလိမ့်မည်။ အလားတူစွာပင် [ခရစ်ယာန်] ဘာသာတစ်ခုသည် ၎င်းအသင်းသားများ၏ ဝိညာဉ်ရေးဆာလောင်မှုကို မရောင့်ရဲစေပါက သူတို့သည် [ခရစ်ယာန်] ဘာသာတရားကိုစွန့်လွှတ်သင့်ပါသလော။ သို့မဟုတ် သူတို့၏ဝိညာဉ်ရေးဆာလောင်မှုကိုပြေစေမည့် နည်းလမ်းကိုရှာဖွေခြင်းသည် သာ၍ပညာရှိမည်လော။ နောက်ဆောင်းပါးတွင်ဖော်ပြသည့်အတိုင်း များစွာသောသူတို့သည် ထိုသို့ပင်ပြုလုပ်ခဲ့ကြပြီ။