အချို့သူများ ဘာသာပြောင်းရသည့်အကြောင်း
[ခရစ်ယာန်] ဘာသာတရားသည် လူအများအတွက် အမှတ်တံဆိပ်တစ်ခုမျှသာဖြစ်သည်။ တနင်္ဂနွေနေ့တွင် လူတစ်ဦး ရံဖန်ရံခါရောက်တတ်သည့်နေရာ၊ သူလက်ထပ်သည့်နေရာနှင့် သူသင်္ဂြိုဟ်ခံရမည့်နေရာကို ဖော်ပြပေမည်။ သို့သော် သူသည် မည်သို့သောပုဂ္ဂိုလ်မျိုး ဖြစ်ကြောင်း၊ သူသည် အဘယ်အရာကိုသိရှိ၍ ယုံကြည်သည်ကိုမူကား မတင်ပြကြပေ။ ဥပမာ၊ ခရစ်ယာန်အမည်ခံသူများမှ ၅၀ ရာခိုင်နှုန်းသည် တောင်ပေါ်ဒေသနာတော်ကို မည်သူဟောကြောင်းမသိဟု လေ့လာဆန်းစစ်ချက်တစ်ရပ်က ဖော်ပြခဲ့သည်။ ယင်းကို နာမည်ကျော်ကြားသော ဟိန္ဒူဘာသာဝင်၊ အိန္ဒိယနိုင်ငံ့ခေါင်းဆောင် မိုဟန်ဒပ်စ် ဂန္ဒီပင် သိခဲ့ပါသည်တကား!
များစွာသောသူတို့သည် မိမိတို့၏ယုံကြည်ခြင်းအကြောင်းကို အနည်းအကျဉ်းသာသိရှိကြရာ ဘာသာရေးမှသွေဖည်သွားကြခြင်းသည် အံ့အားသင့်စရာဖြစ်ပါသလော။ မဖြစ်ပေ။ သို့ရာတွင် ယင်းသည် မလွှဲမရှောင်နိုင်သောကိစ္စလည်းမဟုတ်ပေ။ သမ္မာကျမ်းစာကိုသင်ကြားရန် အကူအညီလက်ခံခဲ့ကြသူများသည် မိမိတို့အား မည်မျှအထောက်အကူပြုကြောင်း တွေ့ခဲ့ရ၍ အံ့အားသင့်လေ့ရှိခဲ့ကြသည်။ သမ္မာကျမ်းစာကိုယ်နှိုက်က ဤသို့ဆိုသည်– “ငါသည် သင်၏အကျိုးနှင့်ယှဉ်သောအရာကိုသွန်သင်၍၊ သင်သွားအပ်သောလမ်းဖြင့်ပို့ဆောင်သော သင်၏အရှင်ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] ဖြစ်၏။”—ဟေရှာယ ၄၈:၁၇။
ဝိညာဉ်ရေးဘက် ကျေနပ်ရောင့်ရဲမှုမရှိသော ဆာလောင်နေသူများသည် ဘာပြုလုပ်သင့်သနည်း။ ဘုရားသခင်အားဝတ်ပြုခြင်းကို သူတို့မစွန့်လွှတ်သင့်ပေ! ယင်းအစား သမ္မာကျမ်းစာကို လေ့လာဖတ်ရှု၍ သူတို့အတွက် ဘုရားသခင်ပြင်ဆင်ပေးတော်မူရာကို ရှာဖွေသင့်သည်။
ခက်ခဲသောမေးခွန်းများ၏အဖြေများ
အသက်ခုနစ်နှစ်အရွယ်တွင် ဗန့်တ်သည် မိခင်သေဆုံးခြင်းကို ကြည့်ခဲ့ရသည်။a သူ၏ကလေးဘဝတစ်လျှောက်လုံးတွင် ‘ကျွန်တော့်အမေ ဘယ်မှာလဲ၊ အမေမရှိဘဲ ဘာကြောင့် ကြီးပြင်းလာရတာလဲ’ ဟုတွေးတောမိခဲ့သည်။ ဆယ်ကျော်သက်အရွယ်တွင် ဗန့်တ်သည် တက်ကြွလှုပ်ရှားသော ချာ့ချ်အသင်းသားတစ်ဦးဖြစ်ခဲ့သည်။ လူသားတို့၏ဆင်းရဲခြင်းအတွက် စိုးရိမ်မကင်းဖြစ်ခဲ့ကာ နိုင်ငံရပ်ခြားတွင် အထောက်အကူပြုလုပ်သားတစ်ဦးဖြစ်လာရန် မျှော်လင့်ခဲ့သည်။ သို့တိုင် မိမိ၏ချာ့ချ်က ကျေနပ်ဖွယ်အဖြေများမပေးနိုင်သော မေးခွန်းများရှိသောကြောင့် သူသည် စိတ်အနှောင့်အယှက်ဖြစ်ခဲ့သည်။
ထို့နောက် ဗန့်တ်သည် ယေဟောဝါသက်သေတစ်ဦးဖြစ်သူ ကျောင်းနေဖက်တစ်ဦးအား စကားပြောခဲ့သည်။ သူ၏မိခင်သည် အဘယ်အရာကိုမျှမသိ၊ သေခြင်းတွင်အိပ်ပျော်နေကြောင်း ဤလူငယ်က သမ္မာကျမ်းစာမှ ပြသခဲ့သည်။ ဗန့်တ်သည် ဒေသနာ ၉:၅ ကဲ့သို့သော ၎င်းအကြောင်းကိုရှင်းပြသည့် ကျမ်းချက်မြောက်မြားစွာကို သင်ယူခဲ့သည်– “သေသောသူမူကား၊ အဘယ်အရာကိုမျှမသိ။” ထို့ကြောင့် သူ၏မိခင်သည် ငရဲကလေး—သို့မဟုတ် ထိုထက်ဆိုးသောနေရာတစ်ခုတွင် ဝေဒနာခံနေမနေနှင့်ပတ်သက်၍ ဗန့်တ်တွင် စိုးရိမ်ပူပန်ရသည့်အကြောင်းမရှိပေ။ မသေနိုင်သော ဝိညာဉ်စိုးလ်အယူကို ဘာသာတရားမြောက်မြားစွာက သင်ကြားပေးသော်လည်း လူ့ဝိညာဉ်စိုးလ်သည် လူပုဂ္ဂိုလ်မျှသာဖြစ်ကြောင်း သမ္မာကျမ်းစာတွင် ဗန့်တ်တွေ့ရှိခဲ့သည်။ လူပုဂ္ဂိုလ်သေဆုံးသောအခါ ဝိညာဉ်စိုးလ်ပါသေသည်။ “ပြစ်မှားသောဝိညာဉ်သည် အသက်သေရမည်။”—ယေဇကျေလ ၁၈:၄။
ဗန့်တ်သည် သေလွန်သူတို့အတွက် အံ့ဖွယ်အလားအလာရှိကြောင်းကိုလည်း သိရှိခဲ့သည်။ သမ္မာကျမ်းစာပါ တမန်တော်ဝတ္ထုတွင် သူကိုယ်တိုင် ဤသို့ဖတ်ရှုခဲ့ရသည်– “ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သောသူရှိသမျှတို့သည် သေခြင်းမှထမြောက်ကြလိမ့်မည်။” (တမန်တော် ၂၄:၁၅) ပရဒိသုအဖြစ်သို့ ဘုရားသခင် ပြန်လည်ထူထောင်တော်မူမည့် ဤကမ္ဘာမြေပေါ် ထိုရှင်ပြန်ထမြောက်ခြင်းဖြစ်ပျက်လိမ့်မည်ဖြစ်ကြောင်းကို သူသိရှိခဲ့၍ ဝမ်းသာလိုက်သည်ဖြစ်ခြင်း!—ဆာလံ ၃၇:၂၉; ဗျာဒိတ် ၂၁:၃၊ ၄။
မကြာမီတွင် ဗန့်တ်၏ဝိညာဉ်ရေးလိုအပ်ရာများသည် စစ်မှန်သော သမ္မာကျမ်းစာအသိပညာအားဖြင့် ဖြည့်စွက်ခံခဲ့ရသည်။ ဗန့်တ်သည် ဘာသာတရားကို မစွန့်လွှတ်ခဲ့ပါ။ ယင်းအစား မိမိ၏ဆာလောင်မှုကို မပြေစေနိုင်သောချာ့ချ်မှထွက်ခဲ့ပြီး သမ္မာကျမ်းစာအပေါ် ခိုင်မြဲစွာအခြေခံသော ဝတ်ပြုရေးပုံစံကို လက်ခံခဲ့သည်။ သူက ဤသို့ဆိုသည်– “အဲ့ဒီလိုဖြစ်ခဲ့တာ ၁၄ နှစ်ရှိပြီ၊ အဲဒီလိုလုပ်ခဲ့လို့ တစ်ခါမှ သံဝေဂမရခဲ့ဘူး။ အခုတော့ ဖန်ဆင်းရှင်ဟာ ဆင်းရဲစေတာမဟုတ်ဘူးဆိုတာ ကျွန်တော်သိပြီ။ စာတန်ဟာ ဒီအစီအစဉ်စနစ်ရဲ့ဘုရားသခင်ဖြစ်ပြီး ကျွန်တော်တို့ပတ်ပတ်လည်မှာရှိတဲ့ အခြေအနေတွေဟာ သူ့ကြောင့်ဖြစ်တာ။ ဒါပေမဲ့ စာတန့်လောကကဖြစ်ပေါ်စေတဲ့ ဝေဒနာတွေအားလုံးကို မကြာခင် ဘုရားသခင်ပြုပြင်ပေးပါလိမ့်မယ်။ ကျွန်တော့်အမေလည်း ပြန်ပြီးထမြောက်လာပါလိမ့်မယ်။ တကယ့်ကိုပျော်စရာဖြစ်မှာပါ!”
အကြောင်းအားလျော်စွာ၊ ဗန့်တ်သည် နိုင်ငံရပ်ခြားတွင် အခြားသူများကိုကူညီပေးရန် သူ၏ပန်းတိုင်ကို လက်လှမ်းမီခဲ့သည်။ သူသည် စိတ်ဆင်းရဲမှု၏ ဖြေရှင်းချက်အမှန်ဖြစ်သော ဘုရားသခင့်နိုင်ငံတော်အကြောင်းကို အခြားသူများသိရှိရန် တိုင်းတစ်ပါးတွင် ကူညီပေးနေပါသည်။ ဗန့်တ်နည်းတူ သန်းပေါင်းများစွာသောသူများသည် လူသားတို့၏ဆင်းရဲကို မကြာမီ ဘုရားသခင်အဆုံးသတ်တော့မည်ဖြစ်ကြောင်း သိရှိလာခဲ့ကြပြီဖြစ်သည်။ သူတို့၏ဝိညာဉ်ရေးလိုအပ်ရာကို ဖြည့်ဆည်းပေးနိုင်သောဘာသာရှိကြောင်း တွေ့ရှိကြ၍ ပီတိဖြာနေကြပါသည်။—မဿဲ ၅:၃။
ဘဝရည်ရွယ်ချက်ကားအဘယ်နည်း
အနောက်တိုင်းလောကသည် ပို၍ပို၍လောကီဆန်လာရာ ‘ဘဝရည်ရွယ်ချက်ကားအဘယ်နည်း’ ဟုလူအများက မေးကြသည်။ မိုက်ကယ်တွေ့ရှိခဲ့သည့်အတိုင်း အဖြေကို သမ္မာကျမ်းစာတွင်ရရှိနိုင်ပါသည်။ ၁၉၇၀ ပြည့်လွန်နှစ်များအလယ်တွင် မိုက်ကယ်သည် အကြမ်းဖက်အုပ်စုတစ်စုနှင့် ပူးပေါင်းလိုခဲ့သည်။ သူ့အသက်တာတွင် ရည်မှန်းချက်တစ်ခုသာရှိသည်။ ၎င်းမှာ အရင်းရှင်စနစ်၏မတရားမှုများအတွက် တရားခံဖြစ်သည်ဟု သူယူမှတ်သူတို့ကို ပစ်မှတ်အဖြစ်ထားခြင်းဖြစ်သည်။ “သေနတ်မပါဘဲ အိမ်ထဲက ဘယ်တော့မှမထွက်ဘူး” ဟုသူကပြောပြသည်။ “ကျွန်တော့်အစီအစဉ်က ထိပ်သီးနိုင်ငံရေးသမားများနဲ့ ဓနရှင်များကို ဖြစ်နိုင်သရွေ့များများသတ်ဖို့ဖြစ်တယ်။ အဲဒီအတွက် ကျွန်တော့်အသက်ကိုပေးဖို့ အသင့်ရှိတယ်။”
မိုက်ကယ်သည် ချာ့ချ်မှန်မှန်တက်သူတစ်ဦးဖြစ်သော်လည်း သူ၏ချာ့ချ်ရှိ မည်သူတစ်ဦးကမျှ ဘဝ၏စစ်မှန်သောရည်ရွယ်ချက်ကို မရှင်းပြနိုင်ခဲ့ကြချေ။ ထို့ကြောင့် ယေဟောဝါသက်သေများသည် အိမ်သို့ရောက်လာကြပြီး သူ၏မေးခွန်းများအတွက် ကျမ်းစာအဖြေများကို သူ့အားပြခဲ့ကြသောအခါ မိုက်ကယ်သည် ဂရုတစိုက်နားထောင်ခဲ့သည်။ သူသည် ဝတ်ပြုမှုအတွက် အစည်းအဝေးများကို ဒေသခံယေဟောဝါသက်သေများ၏ ဘုရားသခင့်နိုင်ငံတော်ခန်းမတွင် စတင်တက်ရောက်ခဲ့သည်။
မိုက်ကယ်၏မိတ်ဆွေများသည် သမ္မာကျမ်းစာ၌ သူ၏ စိတ်ဝင်စားမှုအသစ်ကို သိလိုကြသည်။ “ဒီတနင်္ဂနွေနေ့မှာ အစည်းအဝေးကိုလာတက်ကြလေ” ဟုသူတို့ကို မိုက်ကယ်တိုက်တွန်းခဲ့သည်။ “ခဏလေးပဲနေပါ။ ခင်ဗျားတို့ကြားတာကိုမကြိုက်ဘူးဆိုရင် ပြန်ကြပေါ့။” ထိုအတိုင်းပင် ၄၅-မိနစ်ကြာ ကျမ်းစာအခြေပြုဟောပြောချက်ပြီးနောက် သူ၏မိတ်ဆွေအများစုသည် ခန်းမမှထွက်ခွာသွားခဲ့ကြသည်။ သို့သော် စူစန်တစ်ဦးတည်း ကျန်ရစ်ခဲ့သည်။ ဤအမျိုးသမီးငယ်သည် သူမကြားရသည့်အရာကို အလွန်ပင်နှစ်ခြိုက်သွားသည်။ နောက်ပိုင်းတွင် မိုက်ကယ်နှင့်စူစန်သည် လက်ထပ်လိုက်ကြပြီး ယေဟောဝါသက်သေများအဖြစ် နှစ်ခြင်းခံခဲ့ကြသည်။ “အခုတော့ ကျွန်တော်တို့ ဘာကြောင့် ဒီကမ္ဘာပေါ်ရောက်နေကြတယ်ဆိုတာ ကျွန်တော်သိပြီ” ဟုမိုက်ကယ်ကပြောပြသည်။ “ကျွန်တော်တို့ကို ယေဟောဝါဖန်ဆင်းခဲ့တာပါ။ ကျွန်တော်တို့အသက်တာမှာ စစ်မှန်တဲ့ရည်ရွယ်ချက်ကတော့ ကိုယ်တော်ကိုသိကျွမ်းပြီး ကိုယ်တော့်အလိုတော်ကို ဆောင်ရွက်ဖို့ဖြစ်တယ်။ အဲဒါက စစ်မှန်တဲ့ကျေနပ်မှုကို ဖြစ်စေတယ်!”
မိုက်ကယ်၏ခံယူချက်ကို သန်းပေါင်းများစွာသောသူတို့ ခံယူထားကြသည်။ သူတို့သည် ဤကျမ်းစကားကိုနှလုံးသွင်းကြသည်– “အချုပ်အခြာစကားဟူမူကား၊ [“မှန်သော၊” ကဘ] ဘုရားသခင်ကိုကြောက်ရွံ့၍၊ ပညတ်တော်တို့ကိုစောင့်ရှောက်လော့။ ဤရွေ့ကား၊ လူနှင့်ဆိုင်သောအမှုအရာအလုံးစုံတို့ကိုချုပ်ခြာ [“ဝတ္တရားဖြစ်၊” ကဘ] သတည်း။”—ဒေသနာ ၁၂:၁၃။
ဘဝပြဿနာများကို ရင်ဆိုင်ဖြေရှင်းခြင်း
၂ တိမောသေ ၃:၁ [ကဘ] တွင်တွေ့ရသော ပရောဖက်ပြုချက်ပြည့်စုံနေခြင်းကို ကျွန်ုပ်တို့အားလုံးတွေ့ကြုံခံစားကြရသည်။ ထိုတွင်ဤသို့ဆိုသည်– “နောက်ဆုံးသောနေ့ရက်များ၌ ကိုင်တွယ်ရခဲယဉ်းသည့် ကျပ်တည်းသောကာလရောက်လာမည်ကို သိမှတ်ကြလော့။” မည်သူတစ်ဦးတစ်ယောက်မျှ “ကျပ်တည်းသောကာလ” ၏ပြဿနာများနှင့်မလွတ်နိုင်ချေ။ သို့သော် ၎င်းတို့ကို ရင်ဆိုင်ဖြေရှင်းနိုင်ရန် သမ္မာကျမ်းစာက ကူညီပေးပါသည်။
မောင်နှံစုံတစ်စုံဖြစ်သည့် စတီဗင်နှင့် ဩလစ်တို့ကို သုံးသပ်ကြည့်ပါ။ သူတို့သည် ယေဟောဝါသက်သေများနှင့် သမ္မာကျမ်းစာကို စတင်လေ့လာကြသောအခါ အခြားသူများစွာကဲ့သို့ သူတို့တွင် အိမ်ထောင်ရေးပြဿနာများရှိခဲ့ကြသည်။ “ကျွန်တော်တို့ဟာ တဖြည်းဖြည်းနဲ့ စိတ်ဝမ်းကွဲလာနေကြတယ်” ဟုစတီဗင်ကပြောပြသည်။ “ကျွန်တော်တို့မှာ ခြားနားတဲ့ပန်းတိုင်နဲ့ စိတ်ဝင်စားမှုရှိခဲ့ကြတယ်။” သူတို့ကို ဆက်ပေါင်းသင်းစေသည်ကား အဘယ်နည်း။ “ယေဟောဝါသက်သေတွေက ကျွန်တော်တို့အသက်တာမှာ ကျမ်းစာမူတွေကို ဘယ်လိုကျင့်သုံးနိုင်တယ်ဆိုတာကို ပြပေးခဲ့ကြတယ်” ဟုစတီဗင်ကဆက်ပြောသည်။ “ကိုယ်ကျိုးမဖက်ဘဲ ဂရုစိုက်တယ်ဆိုတဲ့အဓိပ္ပာယ်ကို ကျွန်တော်တို့ ပထမဦးဆုံးအကြိမ် သိနားလည်လာကြတယ်။ ကျမ်းစာမူတွေကိုကျင့်သုံးခြင်းက ကျွန်တော်တို့ကို အတူတကွ ပေါင်းစည်းစေခဲ့တယ်။ အခုတော့ ပျော်ရွှင်ပြီး ခိုင်မြဲတဲ့အိမ်ထောင်တစ်ခုဖြစ်နေပါတယ်။”
ဘုရားသခင်နှင့်ရင်းနှီးသောဆက်ဆံရေး
မကြာသေးခင်က ဂဲလပ်ဆန္ဒခံယူပွဲတစ်ရပ်အရ အမေရိကန်ပြည်သား ၉၆ ရာခိုင်နှုန်းသည် ဘုရားသခင်ကိုယုံကြည်ကြပြီး အများစုသည် ဆုတောင်းလေ့ရှိကြသည်။ သို့တိုင် သီးခြားဆန္ဒခံယူပွဲတစ်ရပ်အရ ချာ့ချ်နှင့်တရားဇရပ် တက်ရောက်သူအရေအတွက်သည် ရာစုတစ်ဝက်အတွင်းတွင် ယခု အနည်းဆုံးဖြစ်နေကြောင်း သိရှိရသည်။ အမေရိကန်ပြည်သား ၅၈ ရာခိုင်နှုန်းခန့်သည် တစ်လတစ်ကြိမ် သို့မဟုတ် ထိုထက်လျော့လျက် ချာ့ချ်တက်သည်ဟုဆိုကြသည်။ ရှင်းနေသည်ကား [ခရစ်ယာန်] ဘာသာတရားသည် သူတို့ကို ဘုရားသခင်နှင့်သာ၍မနီးကပ်စေခဲ့ပါဟူ၍ဖြစ်သည်။ ဤပြဿနာသည် အမေရိကန်ပြည်ထောင်စုတွင်သာဖြစ်သည်မဟုတ်။
လင်ဒါသည် ဘဗဲရီးယားနယ်တွင် ကြီးပြင်းလာခဲ့သည်။ သူမသည် ထက်သန်သောကက်သလစ်ဘာသာဝင်တစ်ဦးဖြစ်ပြီး မှန်မှန်ဆုတောင်းခဲ့သည်။ တစ်ကြိမ်တည်းတွင် အနာဂတ်ကို ကြောက်ရွံ့ခဲ့သည်။ လူတို့အတွက် ဘုရားသခင်၏ရည်ရွယ်တော်မူချက်အကြောင်းကို သူမ စိုးစဉ်းမျှမသိခဲ့ပါ။ အသက် ၁၄ နှစ်သာရှိချိန်တွင် လင်ဒါသည် ယေဟောဝါသက်သေများနှင့်တွေ့ဆုံခဲ့ကာ ဤသို့ပြောပြသည်– “သူတို့ပြောပြတဲ့အကြောင်းဟာ စိတ်ဝင်စားစရာကောင်းတဲ့အတွက် ကျမ်းစာလေ့လာမှု အထောက်အကူပြု စာပေနှစ်ခုကို ကျွန်မလက်ခံခဲ့ပြီး ချက်ချင်းပဲဖတ်လိုက်တယ်။” နှစ်နှစ်ကြာပြီးနောက် လင်ဒါသည် ယေဟောဝါသက်သေများနှင့် စတင်ကျမ်းစာလေ့လာခဲ့သည်။ “ကျမ်းစာထဲကနေ ဘုရားသခင်အကြောင်း သိရှိရသမျှဟာ ယုတ္တိရှိတယ်” ဟုသူမကပြောပြသည်။ လင်ဒါသည် သူမ၏ချာ့ချ်မှနုတ်ထွက်လိုက်ပြီး အသက် ၁၈ နှစ်အရွယ်တွင် ယေဟောဝါသက်သေတစ်ဦးအဖြစ် နှစ်ခြင်းယူခဲ့သည်။
လင်ဒါ ဘာသာပြောင်းရန် သူ့ကို မည်သည့်အရာက လှုံ့ဆော်ခဲ့သနည်း။ သူမက ဤသို့ရှင်းပြသည်– “ကျွန်မရဲ့ချာ့ချ်က ဘုရားသခင် ရှိတယ်ဆိုတာကိုသိရှိဖို့ ကူညီပေးခဲ့လို့ ကိုယ်တော်ကို ယုံကြည်အားထားတတ်လာတယ်။ ဒါပေမဲ့ ကိုယ်တော်ဟာ ပုဂ္ဂိုလ်တစ်ဦးမဖြစ်တဲ့အပြင် အလှမ်းဝေးနေတယ်။ ကျမ်းစာကို ကျွန်မလေ့လာတဲ့အခါ ဘုရားသခင်ကိုယုံကြည်တဲ့စိတ် ပိုခိုင်မြဲလာရုံမက ကိုယ်တော်ကိုသိကျွမ်းပြီး ချစ်တတ်လာအောင်လည်း ကူညီပေးပါတယ်။ အခုတော့ ဘယ်အရာထက်မဆို ပိုပြီးတန်ဖိုးကြီးမားတဲ့ ဘုရားသခင်နဲ့ ပုဂ္ဂိုလ်ရေးဆက်ဆံမှုကိုရရှိထားပါတယ်။”
စစ်မှန်သောဘာသာတရားသည် အကျိုးနပ်၏!
သင့်ဘာသာတရားသည် သင့်အား ဝိညာဉ်ရေးလမ်းညွှန်မှုပေးပြီး ဘဝပြဿနာများကိုရင်ဆိုင်ဖြေရှင်းရန် သမ္မာကျမ်းစာက မည်သို့ကူညီပေးနိုင်ကြောင်း သွန်သင်ပေးပါသလော။ အနာဂတ်နှင့်ပတ်သက်၍ ကျမ်းစာမျှော်လင့်ချက်ကို သွန်သင်ပေးပါသလော။ တိကျမှန်ကန်သော အသိပညာအပေါ်အခြေခံပြီး ဖန်ဆင်းရှင်နှင့် ရင်းနှီးသောပုဂ္ဂိုလ်ရေးဆက်ဆံမှုကို ရရှိစေပါသလော။ မရရှိစေပါက လက်မလျှော့ပါနှင့်။ ဘာသာတရားကိုစွန့်ပယ်မည့်အစား သမ္မာကျမ်းစာအပေါ် ခိုင်မြဲစွာအခြေပြုသော ဝတ်ပြုမှုပုံစံကိုရှာဖွေပါလေ။ သို့ဖြစ်လျှင် သင်သည် ဟေရှာယကျမ်းစာစောင်တွင် ပရောဖက်ပြုထားသော သူများနှင့်တူပါလိမ့်မည်– “အရှင်ထာဝဘုရားမိန့်တော်မူသည်ကား၊ ‘ငါ၏ကျွန်တို့သည်စားကြလိမ့်မည်။ . . . ငါ၏ကျွန်တို့သည် သောက်ကြလိမ့်မည်။ . . . ငါ၏ကျွန်တို့သည် ဝမ်းမြောက်ကြလိမ့်မည်။ . . . ငါ၏ကျွန်တို့သည် ရွှင်လန်းသောစိတ်နှင့် သီချင်းဆိုကြလိမ့်မည်။’”—ဟေရှာယ ၆၅:၁၃၊ ၁၄။
[အောက်ခြေမှတ်ချက်များ]
a ဤဆောင်းပါးတွင်ပါသော အမည်အချို့ကို ပြောင်းထားပါသည်။
[စာမျက်နှာ ၄ ပါ ရုပ်ပုံ]
သမ္မာကျမ်းစာသည် ဘုရားသခင်အား သိကျွမ်းပြီး ချစ်မြတ်နိုးတတ်လာရန် ကူညီပေးသည်