မီးတောင် ဒေသတွင် နေထိုင်၍ ဟောပြောခြင်း
“တကယ်ထိတ်လန့်စရာကောင်းတဲ့ တွေ့ကြုံမှုတစ်ခုပါပဲ။ သမ္မာကျမ်းစာမှာပြောထားတဲ့ ကမ္ဘာကုန်ခြင်းဆိုတာ အဲဒီလိုနေမှာပဲ။ ကျွန်တော်တို့နိုးနိုးကြားကြားရှိနေပြီး အချိန်တိုင်း ယေဟောဝါဘုရားသခင်ရှေ့ ကောင်းတဲ့အနေအထားမှာ ရှိနေကြရမယ်။” ယင်းတို့မှာ ဗစ်တာအမည်ရှိ ယေဟောဝါသက်သေတစ်ဦး၏စကားများဖြစ်သည်။ သူသည် မက္ကစီကိုနိုင်ငံရှိ ပိုပိုအမည်ဖြင့်ရေပန်းစားနေသော ပိုပိုကယ်တယ်ပယ်တဲလ်မီးတောင်နှင့် အလွန်နီးသောနေရာတွင်နေထိုင်၍ သူ၏တွေ့ကြုံမှုကို ပြန်ပြောပြနေခြင်းဖြစ်သည်။
ဤမြည်ဟည်းနေသောမီးတောင်အကြောင်းကို ၁၉၉၄ ခုနှစ်မှစ၍ အပြည်ပြည်ဆိုင်ရာသတင်းတွင်ဖော်ပြခဲ့ကြသည်။a မီးတောင်ဝ၏မိုင် ၂၀ ဝန်းကျင်ရှိအရာအားလုံးသည် ကြီးမားသောအန္တရာယ်ဇုန်ထဲရောက်နေသည်ဟု အာဏာပိုင်များက ကောက်ချက်ချကြသည်။ မီးတောင်၏တောင်ဘက်ပိုင်းသည် အထူးအန္တရာယ်ရှိ၏၊ အကြောင်းမှာ မီးတောင်ဝသည် တောင်ဘက်သို့စောင်းနေပြီး ၎င်းမှချော်ရည်နှင့်ရွှံ့များ စီးဆင်းရာလမ်းကြောင်းဖြစ်ပေါ်နိုင်သည့် လျှိုမြောင်များစွာရှိသောကြောင့်ဖြစ်သည်။
ကြီးကျယ်သည့်မီးတောင်ပေါက်ကွဲမှုဖြစ်ခဲ့သော် မက္ကစီကိုမြို့သည် မည်သို့ဖြစ်သွားမည်ကို လူအများသိလိုကြသည်မှာ သဘာဝကျပါသည်။ ထိုမြို့သည် စိုးရိမ်ဖွယ်အခြေအနေသို့ရောက်နေသလော။ ထို့ပြင် မီးတောင်၏တောင်ဘက်ပိုင်းရှိ မိုရဲလတ်စ်ပြည်နယ်တွင်လည်း လူများစွာရှိသေးသည်။ ထိုဒေသမှသူများလည်း အန္တရာယ်ရှိနေပါသလော။ ထို့ပြင် အချိန်မရွေးဘာဖြစ်လာမည်ကိုမသိရဘဲ မီးတောင်ဒေသတွင်နေထိုင်ရခြင်းသည် ဘာနှင့်တူသနည်း။
မီးတောင်အန္တရာယ်
မက္ကစီကိုမြို့လယ်ခေါင်သည် ပိုပိုကယ်တယ်ပယ်တဲလ်၏ အနောက်မြောက်ဘက် ၄၅ မိုင်ခန့်တွင်တည်ရှိသော်လည်း ဆင်ခြေဖုံးရပ်ကွက်အချို့သည် ၂၅ မိုင်မျှနီးကပ်နေသည်။ ပညာရပ်သဘောအရ မြို့တော်နယ်မြေတစ်ခုလုံးနှင့် ယင်း၏လူဦးရေသန်း ၂၀ မှာအန္တရာယ်ဇုန်တွင်မရှိပါ။ သို့ရာတွင် မီးတောင်မှပြာအမြောက်အမြားထွက်လာပါက လေတိုက်သည့်အပေါ်မူတည်၍ ထိုနယ်မြေသည် အန္တရာယ်ကျရောက်နိုင်သည်။
မီးတောင်၏အရှေ့ဘက်ပိုင်းတွင် မီးတောင်ပြာ၏ဆိုးကျိုးသက်ရောက်မှုသည် ပိုမိုပြင်းထန်လေ့ရှိသည်။ ထိုနယ်မြေတွင် ပွဲဘလားမြို့နှင့် အခြားမြို့ကြီးမြို့ငယ်အတော်များများအပြင် အန္တရာယ်အများဆုံးရှိသည့်နယ်မြေအတွင်း နေထိုင်ကြသူ ၂၀၀,၀၀၀ ခန့်ရှိပါသည်။ ၁၉၉၇၊ မေ ၁၁၊ တနင်္ဂနွေနေ့တွင် မီးတောင်မှ ပြာတန်ပေါင်းများစွာကျခဲ့ပြီး ထိုနယ်မြေတစ်ခုလုံးမက အရှေ့ဘက်မိုင် ၂၀၀ ကျော်ရှိ ဗီရာခရုစ်ပြည်နယ်အထိ ရောက်ရှိခဲ့သည်။ မီးတောင်၏တောင်ဘက်ဒေသဖြစ်သော မိုရဲလတ်စ်ပြည်နယ်တွင် စုစုပေါင်းလူဦးရေ ၄၀,၀၀၀ ခန့်ရှိ မြို့ကြီးမြို့ငယ်များအပေါ်လည်း ပြင်းထန်သည့်အန္တရာယ်ကျရောက်နိုင်သည်။
ယေဟောဝါသက်သေများသည် ထိုအခြေအနေများကြားတွင်နေထိုင်၍ အလုပ်လုပ်နေကြသည်။ မက္ကစီကိုမြို့တော်ရှိ အသင်းတော် ၁,၇၀၀ ခန့်တွင် သက်သေခံ ၉၀,၀၀၀ ကျော်ရှိသည်။ ကင်းမျှော်စင်အသင်း၏ဌာနခွဲရုံးမှာ မက္ကစီကိုမြို့ပြင် အရှေ့မြောက်ဘက်တွင်ရှိ၍ မီးတောင်နှင့်မိုင် ၆၀ အဝေးတွင်တည်ရှိသည်။ ဌာနခွဲရုံးတွင် စေတနာ့ဝန်ထမ်း ၈၀၀ ကျော်အမှုထမ်းနေကြသည့်အပြင် စေတနာ့ဝန်ထမ်း ၅၀၀ ခန့်မှာ ဆောက်လုပ်ရေးအစီအစဉ်ကြီးတွင် လုပ်ဆောင်နေကြသည်။ သူတို့အားလုံးသည် အန္တရာယ်ဇုန်အပြင်ဘက်တွင် ရှိနေကြ၏။
မိုရဲလတ်စ်ပြည်နယ်တွင် ယေဟောဝါသက်သေများ၏အသင်းတော် ၅၀ ခန့်ရှိပြီး ဘုရားသခင့်နိုင်ငံတော်ကြေညာသူ ၂,၀၀၀ ကျော်ရှိသည်။ တယ်တဲလား ဒဲလ်ဘော်လ်ကန်နှင့် ဝါယာပန်းတွင်ရှိသော အသင်းတော်အချို့မှာ မီးတောင်ဝနှင့် ၁၂ မိုင်သာဝေးသည်။ ထို့အပြင် အရှေ့ဘက်တွင်ရှိသော ပွဲဘလားပြည်နယ်တွင် မီးတောင်နှင့် ၁၅ မှ ၂၀ မိုင်အတွင်းနေထိုင်ကြသော ကြေညာသူ ၆၀၀ ခန့်ရှိအသင်းတော်များရှိသည်။ အလွန်အန္တရာယ်ရှိသည့်အခြေအနေတွင် သူတို့ရှိနေကြသည်။
ယေဟောဝါသက်သေများ ဆက်လှုပ်ရှားလျက်နေ
အဆက်မပြတ်ခြိမ်းခြောက်မှုများကြားတွင် ယေဟောဝါသက်သေများသည် ဤနယ်မြေ၌ ဟောပြောခြင်းလုပ်ငန်းကို မရပ်စဲခဲ့ကြချေ။ ဆိုးဝါးသည့်ဤအခြေအနေများအောက်တွင် စည်းလုံးမှုနှင့် ယုံကြည်စိတ်ချမှုရှိစေသော ခရစ်ယာန်အစည်းအဝေးအစီအစဉ်များကိုလည်း သူတို့မှန်မှန်ပြုလုပ်ကြသည်။ (ဟေဗြဲ ၁၀:၂၄၊ ၂၅) အသင်းတော်တစ်ခုမှ သတင်းတစ်ခုကဤသို့ဖော်ပြသည်– “ဘုရားသခင့်နိုင်ငံတော်သတင်းအပေါ် လူတို့၏သဘောထားသည် ထူးထူးခြားခြားပြောင်းလဲလာသည်။ သာဓကအနေနှင့် မကြာသေးမီက ရွာငယ်လေးတစ်ခုတွင် လူ ၁၈ ဦးသည် အိမ်တွင်းကျမ်းစာသင်အံမှုကို လက်ခံခဲ့ကြသည်။”
မီးတောင်နှင့် ၁၂ မိုင်အဝေးတွင်တည်ရှိသော အသင်းတော်တစ်ခုက ဤသို့သတင်းပေးပို့သည်– “တိုးတက်မှုသည် အလွန်ထူးခြားလာသည်။ ဤအသင်းတော်ကို ၁၉၉၆ နိုဝင်ဘာလတွင် တည်ထောင်ခဲ့သည်။ နောက်ခြောက်လအတွင်း လူ ၁၀ ဦးသည် လယ်ကွင်းဓမ္မအမှုတွင်ပါဝင်ရန် အရည်အချင်းပြည့်မီလာကြသည်။ ကြေညာသူအချို့သည် မီးတောင်ဝနှင့် ဆယ်မိုင်လောက်သာဝေးသော နေရာတွင်နေထိုင်ကြသည်။ ထိုနေရာတွင် ခရစ်ယာန်အစည်းအဝေးများကိုကျင်းပကြပြီး တက်ရောက်သူ ၄၀ ခန့်ရှိသည်။”
မီးတောင်နှင့် ၁၅ မိုင်သာဝေးသော ပွဲဘလားပြည်နယ်၊ စဲန် အဂပ်စတင်း အစ်ဂ်စတာဝိခ်စ္စလာမြို့တွင်နေထိုင်သော မဂ်ဒါလေးနားသည် ကျမ်းစာသင်အံမှုများစွာကျင်းပလျက်ရှိသည်။ ကြီးကျယ်သောပေါက်ကွဲမှု တစ်ကြိမ်ဖြစ်ပြီးနောက် မည်သို့ဖြစ်ပျက်ခဲ့ကြောင်း သူမဤသို့ပြန်ပြောပြသည်။
“အိမ်ကထွက်ခွာသင့်တယ်လို့ ကျွန်မတို့သတင်းရတာနဲ့—ပြာမိုးရွာနေတဲ့ကြားမှာ ထွက်ပြေးခဲ့ကြတယ်။ အရေးပေါ်အခြေအနေကြားမှာ ကျွန်မနဲ့ကျမ်းစာလေ့လာနေတဲ့ ဒိုရာဒိုမိသားစုကို သတိရမိတယ်။ ပိုပြီးလုံခြုံတဲ့နေရာကိုပြောင်းရွှေ့ပေးဖို့ ညီအစ်ကိုတချို့နဲ့ ဒိုရာဒိုတို့ရဲ့အိမ်ကိုသွားခဲ့ကြတယ်။ အနီးအနားမှာရှိတဲ့ ပွဲဘလားမြို့မှာ ယေဟောဝါသက်သေများရဲ့ ကယ်ဆယ်ရေးကော်မတီဟာ လုပ်ငန်းစတင်နေပြီဖြစ်တယ်။ အဲဒီမှာ ကျွန်မတို့အားလုံးဆက်ဆံခံရပုံကို ဒိုရာဒိုမိသားစုက အတော်သဘောကျသွားတယ်။ ခရစ်ယာန်ညီအစ်ကိုတွေက ကျွန်မတို့အတွက် ကြိုတင်ပြင်ဆင်ပေးထားကြတဲ့ နေရာတွေမှာ နေထိုင်ဖို့နေရာရခဲ့တယ်။ ကျွန်မတို့အိမ်နဲ့ဝေးနေပေမဲ့ လိုလေသေးမရှိဘူး။ ဒီမိသားစုက ဘုရားသခင့်နိုင်ငံတော်ခန်းမမှာ အစည်းအဝေးတချို့ကို တက်ခဲ့ကြဖူးပေမဲ့ သူတို့တစ်ခါမှမမြင်ဖူးတဲ့ ညီအစ်ကိုတွေပြတဲ့မေတ္တာကို အံ့အားသင့်ခဲ့ကြတယ်။ ကျွန်မတို့အိမ်တွေကိုပြန်ပြီး အပတ်အနည်းငယ်ကြာပြီးတဲ့နောက် ဒီမိသားစုဟာ အစည်းအဝေးအားလုံးကို မှန်မှန်စတက်ကြပါတော့တယ်။ မကြာခင် သတင်းကောင်းကြေညာသူများဖြစ်ဖို့ အရည်အချင်းပြည့်မီလာကြတယ်။ အခုဆိုရင် သူတို့ထဲကနှစ်ယောက် နှစ်ခြင်းခံပြီးပါပြီ။ အရန်ရှေ့ဆောင်ဓမ္မအမှုဆောင်များအဖြစ် လအနည်းငယ်အမှုဆောင်ခဲ့ကြပြီး မှန်မှန်ရှေ့ဆောင်လုပ်ငန်းကိုတက်လှမ်းဖို့ စီစဉ်နေကြပါတယ်။”
မီးတောင်ဝနှင့် ၁၃ မိုင်အဝေးတွင်နေထိုင်သော မာသအမည်ရှိ အသက် ၂၀ အရွယ်မိန်းကလေးတစ်ဦးသည် မသန်မစွမ်းဖြစ်မှုကြောင့် အခွင့်အရေးရတိုင်း မဟောပြောဘဲမနေခဲ့ပါ။ လွန်ခဲ့သည့်သုံးနှစ်၊ ၎င်းမီးတောင်တစ်ဖန်ပြန်အသက်ဝင်လာချိန်က သမ္မာတရားကို သူမသိရှိလာခဲ့သည်။ သူမနေထိုင်သည့်မတ်စောက်သောကုန်းမြင့်တွင် ထိန်းဖို့ခက်ခဲမည့် ဘီးတပ်ကုလားထိုင်ကို အသုံးပြုမည့်အစား မြည်းကိုစီး၍ ဟောပြောခြင်းလုပ်ငန်းတွင်ပါဝင်ပါသည်။ စည်းဝေးများသို့လည်း ထိုမြည်းကိုစီးသွားသည်။ မြည်းပေါ်တက်ရန်၊ ဆင်းရန်အတွက် အသင်းတော်မှညီအစ်မများကို အားထားနေရသည်ဖြစ်၍ မေတ္တာရှိညီအစ်ကိုအသင်းအပင်းဝင်တစ်ဦးဖြစ်ရသောကြောင့် မာသသည် ယေဟောဝါကိုအလွန်ကျေးဇူးတင်ပါသည်။ သူမသည် ဓမ္မအမှုတွင် လစဉ် ၁၅ နာရီကျော်ပါဝင်သည်။
ဤသီးခြားနယ်မြေများတွင် ယေဟောဝါသက်သေများသည် ဘာသာရေးပွဲနေ့များ ကျင်းပချိန်တွင်ပါဝင်ရန် အိမ်နီးချင်းများ၏ဖိအားပေးမှုကို ခံရလေ့ရှိသည်။ မီးတောင်နှင့် ၁၂ မိုင်ခန့်အကွာတွင်တည်ရှိသော တူလ်စင်ဂိုကျေးရွာမှ လူတစ်ဦးသည် ယေဟောဝါသက်သေများထံမှ ပွဲနေ့များအတွက် အလှူငွေကောက်ခံရန် တာဝန်ရရှိလေသည်။ ညီအစ်ကိုများက ထိုဘာသာရေးပွဲနေ့များတွင် မိမိတို့အဘယ်ကြောင့်မပါဝင်နိုင်ကြောင်းကို စိတ်ရှည်စွာရှင်းပြကြသည်။ ထိုသူသည် ညီအစ်ကိုများထံမှငွေရဖို့ မည်မျှအထိကြိုးစားသနည်းဟူမူ သူတို့နှင့်စတင်ပေါင်းသင်းလာရာ သူတို့၏ယုံကြည်ချက်အချို့ကိုသိရှိလာလေသည်။ သူ၏မေးခွန်းများ၏အဖြေကို မိမိ၏ကိုယ်ပိုင်ကျမ်းစာထဲတွင် တွေ့ရသည့်အတွက် သူကျေနပ်ခဲ့သည်။ သူ့ဇနီး၊ သမီးနှင့်အတူ အစည်းအဝေးများကိုတစ်နှစ်ခန့် မှန်မှန်တက်ရောက်ခဲ့ပြီး သတင်းကောင်းကြေညာသူတစ်ဦးဖြစ်လိုသည့်ဆန္ဒကို ဖော်ပြခဲ့ပြီ။
သင်မည်သို့အသင့်ရှိနိုင်မည်နည်း
မီးတောင်ပညာရှင်များသည် လေ့လာမှုများပြုလုပ်ကြကာ အန္တရာယ်ရှိသည့် ပိုပိုကယ်တယ်ပယ်တဲလ်သတင်းကို တရားဝင်ကြေညာထုတ်ပြန်ခဲ့ကြသော်လည်း မည်သည့်အချိန်၌ မည်သို့ဖြစ်ပျက်မည်ကို မည်သူမျှအမှန်မသိခဲ့ကြချေ။ သတင်းဖြန့်ချိရေးနှင့် အနီးအနားတွင်နေထိုင်ကြသူများ၏အဆိုအရ အချိန်မရွေးထိုမီးတောင်ပေါက်ကွဲနိုင်သည်။ တကယ့်အန္တရာယ်ပင်။ အာဏာပိုင်များသည် အလွန်စိုးရိမ်နေကြပြီး အရေးအကြောင်းပေါ်ခဲ့သော် အသင့်ဖြစ်နေရန် သူတို့တတ်နိုင်သမျှပြင်ဆင်ထားလိုကြသည်မှာ အမှန်ပင်။ သို့သော် အန္တရာယ်မကျရောက်သေးဘဲ လူအလုံးအရင်းနှင့်ထွက်ခွာခြင်း မဖြစ်စေလိုသောကြောင့် သတိပေးချက်ထုတ်ပြန်ခြင်းကိစ္စတွင် သတိကြီးစွာထားရမည်မှာ ထင်ရှားပါသည်။ သို့ဖြစ်လျှင် မည်သို့ပြုသင့်သနည်း။
“သမ္မာသတိရှိသောသူသည် အမှုကိုမြော်မြင်၍ ပုန်းနေတတ်၏။ ဉာဏ်တိမ်သောသူမူကား၊ အစဉ်အတိုင်းသွား၍ အမှုနှင့်တွေ့တတ်၏” ဟုနယပုံပြင်ကျမ်းကဆိုသည်။ (သု. ၂၂:၃) ထို့ကြောင့် ဘယ်သောအခါမျှ ဘာမျှဖြစ်လာမည်မဟုတ်သည့်နှယ် လျစ်လျူရှုခြင်း၊ ထိုစိုးရွံ့ဖွယ် သဘာဝစွမ်းအားကို တမင်ကလာစောင့်ကြည့်နေခြင်းမပြုဘဲ အခွင့်အရေးတံခါးပွင့်နေစဉ် လုံခြုံမှုရရှိဖို့ ပြုလုပ်စရာကိုပြုလုပ်ခြင်းသည် ပညာရှိလမ်းစဉ်ဖြစ်သည်။ ထိုနေရာရှိယေဟောဝါသက်သေများသည် ထိုသို့ပင်ရှုမြင်ကြသည်။
မကြာသေးမီက ကင်းမျှော်စင်အသင်း၏ဌာနခွဲရုံးမှ ကိုယ်စားလှယ်များသည် အန္တရာယ်ဇုန်ရှိအသင်းတော်များနှင့် အဆက်အသွယ်ရှိကြသော ပွဲဘလားပြည်နယ်မှ နယ်လှည့်ကြီးကြပ်မှူးများနှင့်တွေ့ဆုံခဲ့ကြသည်။ နယ်လှည့်ကြီးကြပ်မှူးများနှင့် ကယ်ဆယ်ရေးကော်မတီအဖွဲ့ဝင်များသည် မီးတောင်ဝနှင့် ၁၅ မိုင်အကွာအတွင်းနေထိုင်ကြသော မိသားစုတိုင်းထံလည်ပတ်ရန် အစီအစဉ်များပြုလုပ်ကြသည်။ ထိုမိသားစုများသည် ထိတ်လန့်ဖွယ်ပေါက်ကွဲမှုမဖြစ်ပျက်မီ အန္တရာယ်ဇုန်မှပြောင်းရွှေ့ကြရန် အကြံပေးခံရသည်။ လူပေါင်း ၁,၅၀၀ ကို ပွဲဘလားမြို့သို့ရွှေ့ပြောင်းပေးရန်အတွက် သယ်ယူပို့ဆောင်ရေးနှင့် နေရာထိုင်ခင်းတို့ကိုစီစဉ်ပေးခဲ့ကြသည်။ အချို့မိသားစုများသည် အခြားမြို့ရှိဆွေမျိုးများနှင့် နေထိုင်ရန်ပြောင်းရွှေ့သွားကြသည်။
အကြီးစားသတိပေးမှု
မကြာမီပေါက်ကွဲတော့မည်ဖြစ်ကြောင်း ထင်ရှားသည့်လက္ခဏာများမှာ ပိုပိုကယ်တယ်ပယ်တဲလ်မှထွက်သော မီးခိုး၊ မီးနှင့် မြည်ဟည်းသံတို့ဖြစ်သည်။ လွတ်မြောက်လိုသူများသည် အာဏာပိုင်များထုတ်ပြန်သည့် သတိပေးချက်ကိုလိုက်နာ၍ လိုအပ်သလိုလုပ်ဆောင်ကြရမည်။ မီးတောင်နှင့်အနီးဆုံးနယ်မြေရှိ ယေဟောဝါသက်သေများသည် မိမိတို့လွတ်မြောက်မှုအတွက်သာမက အန္တရာယ်ကိုသိမြင်ရန် သူတစ်ပါးကိုကူညီပေးဖို့နှင့် အချိန်မနှောင်းမီ ယင်းနှင့်စပ်လျဉ်း၍ ကြိုတင်လုပ်ဆောင်ရန် အမြဲတမ်းနိုးနိုးကြားကြားရှိကြသည်။
အကြီးစားအနေနှင့်လည်း ယေဟောဝါသက်သေများသည် ကျမ်းစာပရောဖက်ပြုချက်များ၏အလင်းကြောင့် ကမ္ဘာ့ဖြစ်ရပ်များကို သတိပြုကာ နိုးနိုးကြားကြားရှိနေကြသည်။ စစ်မက်များ၊ မြေငလျင်လှုပ်ခြင်း၊ ငတ်မွတ်ခေါင်းပါးခြင်း၊ ရောဂါနှင့် ရာဇဝတ်မှုတို့သည် မီးတောင်လှုပ်ရှားမှုကဲ့သို့ပင် အရေးပါသည်။ ယင်းတို့သည် ယေရှုခရစ်ကြိုတင်ပြောခဲ့သည့် “အစီအစဉ်စနစ်၏ဆုံးခန်း” ကိုမှတ်သားပြသော စုပေါင်းနိမိတ်၏ အစိတ်အပိုင်းများဖြစ်ကြသည်။ ထိုဆုံးခန်းသည် မည်သည့်အချိန်ရောက်လာမည်ကို မည်သူမျှတိတိကျကျမသိကြရသော်လည်း ယင်းသည် မကြာမီရောက်လာ၍ အလွန့်အလွန်နီးကပ်နေကြောင်း သံသယရှိစရာမလိုပါ။—မဿဲ ၂၄:၃၊ ကဘ၊ ၇-၁၄၊ ၃၂-၃၉။
ယနေ့ အရေးတကြီးလိုအပ်သည်မှာ နေရာတကာရှိလူတို့သည် ယေရှု၏အောက်ပါသတိပေးချက်ကို အလေးဂရုပြုရန်ဖြစ်သည်– “သင်တို့သည် ကိုယ်ကိုကိုယ်သတိပြုကြလော့။ သို့မဟုတ် အစားအသောက်လွန်ကြူးခြင်း၊ လောကီစိုးရိမ်ခြင်းအားဖြင့် စိတ်နှလုံးပင်ပန်းလျက်နေစဉ်တွင်၊ ထိုနေ့ရက်သည် သင်တို့နှင့် အမှတ်တမဲ့တွေ့ကြုံလိမ့်မည်။” (လုကာ ၂၁:၃၄) ယင်းသည် ကျွန်ုပ်တို့လုပ်ဆောင်ရမည့် ပညာရှိလမ်းစဉ်ဖြစ်သည်မှာ ရှင်းပါသည်။ မီးတောင်နှင့်ပတ်သက်သည့် သတိပေးလက္ခဏာများကို ပေါ့ပေါ့ဆဆမယူမှတ်သင့်သကဲ့သို့ “သင်တို့သည်ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မမှတ်သောအချိန်နာရီ၌ လူသားသည်ကြွလာလိမ့်မည်” ဟုတိုက်တွန်းခဲ့သော လူသားယေရှုခရစ်ကြွလာခြင်းကို လျစ်လျူမရှုကြရပါ။—မဿဲ ၂၄:၄၄။
[အောက်ခြေမှတ်ချက်များ]
a အန္တရာယ်ရှိသည့်ဤမီးတောင်အကြောင်းကို ၁၉၉၇၊ မတ် ၈ ထုတ်နိုးလော့! [လိပ်] မဂ္ဂဇင်းတွင် ဖော်ပြထားသည်။
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
မာသ (မြည်းပေါ်မှ) သည်အခြားသူများနှင့်အတူ ပိုပိုကယ်တယ်ပယ်တဲလ်ဒေသတွင် သက်သေခံနေ