“မလေးစားဘဲမနေနိုင်” သည့်လုပ်ရပ်
တမန်တော်ပေတရုသည် ခရစ်ယာန်ချင်းများကို ဤသို့သတိပေးခဲ့သည်– “သာသနာပလူတို့သည် သင်တို့ကိုကဲ့ရဲ့ပြစ်တင်ကြသည်အမှုမှာ၊ ဘုရားသခင်ကြည့်ရှုစီရင်တော်မူသောနေ့ရက်၌၊ သင်တို့၏ကောင်းသောအကျင့်ကို သူတို့သည်ထောက်ရှု၍ ဘုရားသခင်ကိုချီးမွမ်းကြမည်အကြောင်း၊ သူတို့ရှေ့၌ တင့်တယ်လျောက်ပတ်စွာကျင့်နေကြလော့။” (၁ ပေတရု ၂:၁၂) အီတလီနိုင်ငံရှိ ယေဟောဝါသက်သေများသည် နှစ်များတစ်လျှောက် ထိုသို့သောအမူအကျင့်ကောင်းကို လူသူရှေ့ တင်ပြခဲ့ကြပြီ။ ယေရှု၏သွန်သင်ချက်နှင့်အညီ “အိမ်မိုးပေါ်မှာ ဟစ်ကြော်ကြ” ရာတွင် သူတို့၏ခရစ်ယာန်လုပ်ငန်းအားလုံးကို လူတကာရှေ့လုပ်ဆောင်ကြသည်။ (မဿဲ ၁၀:၂၇; ယောဟန် ၁၈:၂၀) သို့ဖြင့် အီတာလျံရှေ့နေတစ်ဦးနှင့် [ခရစ်ယာန်] ဘုန်းတော်ကြီးတစ်ပါးတို့က ယေဟောဝါသက်သေများသည် “ဘာသာရေးသမားအတုအယောင်ဂိုဏ်းဖြစ်” ပြီး “လူတို့ကိုထောင်ချောက်ဆင်ဖမ်းသော လျှို့ဝှက်အသင်းအဖွဲ့များ” အဝင်ဖြစ်သည်ဟု စွပ်စွဲချက်များ ထုတ်ပြန်ကြေညာခဲ့သောအခါ သက်သေခံများသည် အသရေဖျက်မှုနှင့် တရားစွဲရန်ဆုံးဖြတ်ခဲ့ကြသည်။
ပထမအကြိမ်အမှုစစ်ဆေးရာတွင် ထိုရှေ့နေနှင့် [ခရစ်ယာန်] ဘုန်းတော်ကြီးတို့သည် ဥပဒေမချိုးဖောက်ခဲ့ကြဟု ရုံးတော်ကအပြီးသတ်ချမှတ်ခဲ့သည်။ သို့ရာတွင် ၁၉၉၇၊ ဇူလိုင် ၁၇ တွင်ဗင်းနစ်အယူခံရုံးတော်က တရားခံနှစ်ဦးစလုံးသည် အပြစ်ရှိကြောင်းတွေ့ ရှိခဲ့ရာ ပထမရုံးတော်၏ဆုံးဖြတ်ချက်ကို ပယ်ဖျက်ခဲ့သည်။ အယူခံရုံးတော်က ဤသို့ဖော်ပြခဲ့သည်– “အငြင်းပွားနေသော ထုတ်ဝေထားသည့်စာပိုဒ်နှစ်ခုစလုံးပါ အသုံးအနှုန်းများနှင့် စကားစုများသည် ‘ယေဟောဝါသက်သေ’ ဘာသာဝင်များ၏အသရေကို အမှန်တကယ်ထိခိုက်စေနိုင်သည်။ ထိုဆောင်းပါးများ၏ရည်ရွယ်ချက်သည် ထိုဘာသာဝင်များကို လူသိရှင်ကြားရှုတ်ချရန်ဖြစ်ပုံရှိသည်။” ထိုဆောင်းပါးများကို “တရားဝင်ရေးသားထုတ်ဝေခွင့်နှင့် ဝေဖန်ခွင့်မရှိ” ဟု တရားရုံးတော်ကဖော်ပြခဲ့သည်။ ရုံးတော်က အသရေဖျက်သူနှစ်ဦးကိုဒဏ်ငွေရိုက်ခဲ့ပြီး အမှုနှစ်ခုစလုံးအတွက် သက်သေခံများ၏တရားရေးစရိတ်အားလုံးအပါအဝင် ရုံးတော်၏စရိတ်စကအားလုံးကိုပါပေးဆောင်ရမည်ဟု အမိန့်ထုတ်ပြန်ခဲ့သည်။
ဗင်းနစ်အယူခံရုံးတော်၏ တရားရေးစီရင်ချက်တွင် ဤသို့ရေးသားဖော်ပြခဲ့သည်– “[အီတာလျံ] ဖွဲ့စည်းပုံဥပဒေက သတ်မှတ်ပြဋ္ဌာန်းထားသော အခွင့်အရေးအားလုံးကို ညီညီမျှမျှဖြစ်စေကာ ကာကွယ်စောင့်ထိန်းပေးခြင်းအားဖြင့်သာလျှင် ဘာသာမတူသူများကိုလက်မခံခြင်းနှင့် ဘာသာရေးအယူသီးမှုတို့ကို တားဆီးနိုင်မည်ဖြစ်သည်။” အဆိုပါဆုံးဖြတ်ချက်က ယေဟောဝါသက်သေများ၏လုပ်ဆောင်မှုသည် ခိုးကြောင်ခိုးဝှက်မဟုတ်၊ အတုအယောင်ဘာသာရေးသမားများလည်းမဟုတ်ကြောင်းဖော်ပြသည်။ “ယေဟောဝါသက်သေများကို လျှို့ဝှက်အဖွဲ့အစည်းများနှင့် တစ်တန်းတစ်စားတည်းထားခြင်းသည် သမိုင်းဝင်အမှန်တရားစံနှုန်းကိုပင် မလေးစားရာကျသည်၊ အကြောင်းမှာ ဤဘာသာအမည်ခံသောအဖွဲ့အစည်းသည် မြို့ကြီးများစွာတွင်ရှိနေပြီး ယင်း၏အဖွဲ့ဝင်များ အထူးသဖြင့် တနင်္ဂနွေနေ့နှင့် အခြားအားလပ်ရက်များတွင် အယူပြောင်းစေခြင်းလုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နေသည်မှာ လူအများသိဖြစ်သောကြောင့်ပင်။ တစ်စုံတစ်ယောက်သည် သူတို့ဟောပြောသည့်အယူဝါဒကို မည်သို့ပင်သဘောထားစေကာမူ သူတို့၏အားထုတ်လုပ်ဆောင်မှုများကို မလေးစားဘဲမနေနိုင်ပါ” ဟုဖော်ပြခဲ့သည်။ ထို့ကြောင့် အီတလီနိုင်ငံရှိယေဟောဝါသက်သေများ၏ ထက်သန်စွာဟောပြောခြင်းနှင့် စံနမူနာယူဖွယ်ကောင်းသောအမူအကျင့်တို့သည် စိတ်စွန်းကွက်မှုကို ဖျောက်ဖျက်ရန်ထောက်ကူပေးခဲ့ပြီ။—မဿဲ ၅:၁၄-၁၆; ၁ ပေတရု ၂:၁၅။