ယုံကြည်သည်ဟု အများဆိုကြ
“ယေရှုဟာ အံ့သြဖွယ်ပါပဲ! ကိုယ်တော်ဟာ ကောင်းမြတ်လှပါတယ်!” ဟူ၍ ဘရာဇီးမှ ဘာသာတရားကိုင်းရှိုင်းသူ အမျိုးသမီးတစ်ဦးကဆို၏။ မှန်ပါသည်၊ ယေရှုနာမတော်၏တန်ခိုးကို ငြင်းပယ်၍မရချေ။ သမိုင်းတစ်လျှောက်တွင် ကိုယ်တော့်အတွက် စိတ်လိုကိုယ်လျောက်ဆင်းရဲခံ၍ အသက်စတေးခဲ့ကြသူများရှိခဲ့သည်။
တမန်တော်ပေတရုနှင့် ယောဟန်တို့သည် ယေရုရှလင်မြို့၌ ‘ယေရှု၏နာမကို အမှီပြု၍’ ဟောပြောခဲ့ကြသည်။ ထိုသို့ပြုခဲ့ကြခြင်းကြောင့် အဖမ်းခံရပြီး အပြင်းအထန်ရိုက်နှက်ခံရ၏။ သို့တိုင် “သခင်ယေရှု၏နာမကြောင့် မိမိတို့သည် အရှက်ကွဲခြင်းကိုခံထိုက်ကြသည်ဟု မှတ်တော်မူသောကြောင့် ဝမ်းမြောက်သောစိတ်ရှိ၍ လွှတ်တော်မှထွက်သွားကြ၏။”—တမန်တော် ၅:၂၈၊ ၄၁။
ယေရှု၏နာမကို ကြည်ညိုလေးမြတ်ခဲ့သော ပထမရာစုမှ အခြားခရစ်ယာန်တစ်ဦးမှာ အန္တိပဖြစ်သည်။ သူ့အကြောင်းကို သမ္မာကျမ်းစာ၏နောက်ဆုံးစာစောင်ဖြစ်သည့် ဗျာဒိတ်ကျမ်း၌ ယေရှုက “စာတန်၏နေရာအရပ်၌ သင်တို့တွင် အသေသတ်ခြင်းကိုခံရသော . . . သစ္စာရှိ၍ ငါ့ဘက်၌သက်သေခံ” သူဟူ၍ဖော်ပြခဲ့၏။ (ဗျာဒိတ် ၂:၁၃) ပေရဂံအသင်းတော်ရှိ အခြားခရစ်ယာန်များနှင့်အတူ အန္တိပသည် ခရစ်တော်၌ယုံကြည်ခြင်းကို မငြင်းပယ်ခဲ့ကြချေ။ အသက်စတေးရသည့်တိုင် ယေရှု၏နာမတော်ကို အန္တိပစွဲကိုင်ထားခဲ့ပါသည်တကား!
ရာစုနှစ်တစ်ဝက်ခန့်ကြာပြီးနောက် စီ.အီး. ၁၅၅ တွင် ပေါလီကပ်အမည်ရှိ ခရစ်ယာန်တစ်ဦးသည် ခရစ်တော်ကိုပြစ်တင်ရှုတ်ချဖို့ အမိန့်ပေးခံရသောအခါ အလားတူစမ်းသပ်မှုမျိုးရင်ဆိုင်ခဲ့ရသည်။ သူက ဤသို့တုံ့ပြန်ခဲ့သည်– “ကိုယ်တော်၏အမှုကို ရှစ်ဆယ့်ခြောက်နှစ်တိုင်တိုင် ကျွန်ုပ်ထမ်းဆောင်ခဲ့ပြီ။ ကျွန်ုပ်အပေါ် အဘယ်ဆိုးကျိုးမျှ ပြုတော်မမူခဲ့ပါ။ အကျွန်ုပ်ကိုကယ်တင်တော်မူခဲ့သောမင်းကြီးအား အဘယ်နည်းဖြင့် ပြစ်တင်ရှုတ်ချနိုင်မည်နည်း။” ခရစ်တော်အား ငြင်းပယ်ဖို့ သူငြင်းဆိုခဲ့သောကြောင့် ပေါလီကပ်သည် သစ်တိုင်၌မီးရှို့ခံခဲ့ရ၏။
တမန်တော်များ၊ အန္တိပနှင့် အခြားသူတို့သည် ယေရှုနှင့်ပတ်သက်သော သူတို့၏သက်သေခံချက်မှန်ကန်ကြောင်းကို အသေခံခြင်းဖြင့် ထောက်ခံရဲကြသည်တကား! ယခုခေတ်ရှိ လူတို့ကော။
ယနေ့ ယေရှု၏နာမ
ယေရှု၏နာမသည် ပြင်းထန်စွာ စိတ်လှုံ့ဆော်ပေးနေဆဲရှိ၏။ လက်တင်အမေရိက၌ ယေရှုကို ယုံကြည်သည်ဟုဆိုကြသောချာ့ချ်များ၏အရေအတွက် တိုးများလာခြင်းသည် မကြာသေးမီ ဆယ်စုနှစ်များအတွင်း အများဆုံးဖြစ်သည်။ ရွာငယ်လေးများ၌ပင် ပင်တီကော့စတယ်လ်ချာ့ချ်တစ်ခုရှိ၏။ တစ်ချိန်တည်းတွင် ဤကဲ့သို့သောချာ့ချ်များ၏ နိုင်ငံရေးဩဇာလွှမ်းမိုးမှုမှာ တိုးပွားလာနေသည်။ ဥပမာ၊ ဘရာဇီးနိုင်ငံ၏လွှတ်တော်နှင့် ဥပဒေပြုအဖွဲ့တွင် ထိုချာ့ချ်များ၏အဖွဲ့ဝင်များသည် ၃၁ နေရာယူထားသည်။
အမေရိကန်ပြည်ထောင်စု၌လည်း ဘာသာရေးလှုပ်ရှားမှုအသစ်တစ်ခု၏ အဓိကအာရုံစိုက်ရာသည် ယေရှုဖြစ်သည်။ ယင်းအသင်းဝင်များက မိမိတို့ကိုယ်ကို ကတိစောင့်သိသူများဟူ၍ အမည်ခံယူကြ၏။ ၁၉၉၇ ခုနှစ်တွင် တိုင်းမ်မဂ္ဂဇင်းက သူတို့၏အစည်းအဝေးများကို တက်ရောက်သူအရေအတွက်သည် ၁၉၉၁ ခုနှစ်တွင် ၄,၂၀၀ ရှိပြီး ၁၉၉၆ ခုနှစ်တွင် ၁.၁ သန်းအထိ တိုးများသွားသည်ဟုဖော်ပြသည်။ ယင်း၏ ဓမ္မတေးတစ်ပုဒ်က ဤသို့ဖြစ်သည်– “အို ယေရှု၌ အောင်ပွဲခံ၊ ကျွန်ုပ်၏ ထာဝရကယ်တင်ရှင်။”
သို့သော် ယေရှု၏နာမကိုခံယူပြီး ပြုလုပ်သမျှအမှုအားလုံးတို့သည် မြင့်မြတ်ခဲ့သည်မဟုတ်ချေ။ ကိုယ်တော်၏နာမကို အမည်ခံပြီးစစ်တိုက်ခဲ့ကြ၏။ ယေရှုနာမဖြင့် ဂျူးများကို အစုလိုက်သတ်ဖြတ်ခြင်း၊ ဘာသာဝင်မဟုတ်သူများကို ရက်စက်စွာသတ်ခြင်း၊ သဘောမတူညီသူတို့ကို နှိပ်စက်ညှဉ်းပန်းခြင်း၊ အင်္ဂါအစိတ်အပိုင်းများကို ဖြတ်တောက်ပစ်ခြင်းနှင့် သစ်တိုင်တွင်မီးရှို့ခြင်းတို့ကို ပြုလုပ်ခဲ့ကြပြီ။ ထို့အပြင် မကြာသေးမီက စီးပွားရေးဆန်ဆန်ဧဝံဂေလိတရားဟောပြောခြင်းသည် နာမည်ထွက်နေသည်။ ဤအမှုအားလုံးတို့သည် ယေရှု၏နာမနှင့် ၎င်းအမှန်ကိုယ်စားပြုရာကို စဉ်းလဲဖောက်ပြန်၍ ရွံရှာဖွယ်နည်းဖြင့် အလွဲသုံးစားပြုခြင်းပါတကား!
ထို့ပြင် ယင်းက ချက်ကျသောမေးခွန်းအချို့ ပေါ်ထွက်စေသည်– ယေရှု၏နာမ၌ ယုံကြည်ခြင်းမှ အဘယ်အရာဖြစ်ပေါ်လာသနည်း။ ယင်းကိစ္စကို ယေဟောဝါသက်သေများ မည်သို့သဘောထားသနည်း။ နောက်ဆောင်းပါးက ဤမေးခွန်းများကို ဖြေပေးပါလိမ့်မည်။