ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၈ ၁၂/၁၅ စာ. ၂၁-၂၅
  • လက်နက်ကိုင် ဓားပြများ တိုက်ခိုက်သောအခါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လက်နက်ကိုင် ဓားပြများ တိုက်ခိုက်သောအခါ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အကာအကွယ်နှင့် ဘုရားသခင့်နှုတ်မြွက်စကားတော်
  • ဓားပြတိုက်မှုအန္တရာယ်ကိုလျော့နည်းစေခြင်း
  • ဓားပြများလာသောအခါ
  • စိတ်တည်ငြိမ်ခြင်း
  • အနောက်အာဖရိက၌ ဓားပြတိုက်မှုတစ်ခု အကြံပျက်ခဲ့
  • ကြောက်ရွံ့ မှုဘယ်တော့အဆုံးသတ်မည်နည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • သူခိုးများမရှိသောကမ္ဘာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • ဗိမာန်တော်ကို ထပ်မံရှင်းလင်း
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • စာရှုသူများထံမှ မေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၇
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
က၉၈ ၁၂/၁၅ စာ. ၂၁-၂၅

လက်နက်ကိုင် ဓားပြများ တိုက်ခိုက်သောအခါ

အနောက်အာဖရိက ဆင်ခြေဖုံးရပ်ကွက် အစ်ခိုယီရှိအိမ်များသည် ရဲတိုက်များဖြစ်ကုန်လေပြီ။ အိမ်များစွာတွင် ဆယ်ပေမြင့်သောနံရံများရှိပြီး ၎င်းတို့၏ထိပ်ပေါ်တွင်အချွန်အတက်များ၊ ဖန်ကွဲဖန်စများ သို့မဟုတ် သွပ်ဆူးကြိုးခွေများတပ်ဆင်ထားသည်။ မင်းတုပ်များ၊ သံတိုင်များ၊ သံကြိုးများနှင့် သော့ခလောက်များခတ်ထားသော ကြီးမားခိုင်ခံ့သည့်ဂိတ်များတွင် အစောင့်များချထားကြ၏။ ပြတင်းပေါက်များတွင် သံတိုင်များတပ်ဆင်ထားသည်။ အိပ်ခန်းများကို သံမဏိတံခါးများဖြင့် ကျန်သောအိမ်အပိုင်းများမှကာထားသည်။ ညအခါ ခွေးကြီးများ—အယ်လ်ဇေးရှင်းနှင့်ရော့ဝီလာတို့—ကိုခြံဝင်းထဲတွင် လွှတ်ထားသည်။ မီးရောင်များကြောင့် ထိန်လင်းနေပြီး အခြေအနေကောင်းကြောင်းကို ကွန်ပျူတာထိန်းအစောင့်အကြပ်စနစ်က ဖြည်းညင်းစွာအချက်ပေး၏။

မိမိတို့၏အိမ်ကိုလုံခြုံစွာထားဖို့လိုကြောင်း မည်သူမျှစောဒကတက်မည်မဟုတ်ချေ။ “လက်နက်ကိုင်ဓားပြများ ရပ်ကွက်ထဲဝင်လု”; “ကလေးဓားပြများ ထိန်းမနိုင်သိမ်းမရ”; “လမ်းသရဲများ [မြို့နယ်တစ်ခုကို] ဝင်ဆီးစဉ် အထိတ်တလန့်ဖြစ်ရ” စသောသတင်းစာခေါင်းစီးများက ဝမ်းနည်းစွာဖော်ပြသည်။ ယင်းသည် နိုင်ငံများစွာ၏အခြေအနေဖြစ်သည်။ သမ္မာကျမ်းစာ ကြိုဟောထားသည့်အတိုင်း ကျွန်ုပ်တို့သည် ခဲယဉ်းသောကာလတွင် အမှန်နေထိုင်ကြရ၏။—၂ တိမောသေ ၃:၁။

ဓားပြတိုက်မှုအပါအဝင် ရာဇဝတ်မှုနှုန်းသည် ကမ္ဘာတစ်ဝန်းတိုးများလျက်ရှိသည်။ အစိုးရများစွာသည် မိမိတို့၏နိုင်ငံသားများကို ကာကွယ်ရန်မတတ်နိုင်၊ ကာကွယ်ပေးလိုစိတ်လည်းမရှိချေ။ နိုင်ငံအချို့တွင် ရဲသားဦးရေနှင့်လက်နက်ပမာဏနည်းသောကြောင့် အကူအညီတောင်းခံသူများကို ကူညီပေးရန် မတတ်နိုင်ကြချေ။ ဘေးပန်းမှလူအများစုသည်လည်း ကူညီပေးရန် အင်တင်တင်ဖြစ်တတ်ကြသည်။

ရဲထံမှ သို့မဟုတ် လူထုထံမှ အကူအညီမရနိုင်သော ဒုက္ခသည်များသည် ကိုယ့်ကိုယ်ကိုကာကွယ်ကြရ၏။ ဖွံ့ဖြိုးဆဲနိုင်ငံရှိ ခရစ်ယာန်အကြီးအကဲတစ်ဦးက ဤသို့ပြောခဲ့သည်– “တကယ်လို့ အကူအညီအော်တောင်းမယ်ဆိုရင် ဓားပြတွေက ခင်ဗျားကိုအနာတရပြုလိမ့်မယ်၊ ဒါမှမဟုတ် သတ်ပစ်လိမ့်မယ်။ ပြင်ပအကူအညီကို မမျှော်ကိုးပါနဲ့။ တကယ်လို့ အကူအညီရမယ်ဆိုရင် ကောင်းတာပေါ့။ ဒါပေမဲ့ အကူအညီရဖို့ မမျှော်လင့်ပါနဲ့၊ အကူအညီအော်မတောင်းပါနဲ့။ အကူအညီကို အော်တောင်းခြင်းဟာ ဒုက္ခကိုဖိတ်ခေါ်ရာကျတယ်။”

အကာအကွယ်နှင့် ဘုရားသခင့်နှုတ်မြွက်စကားတော်

ခရစ်ယာန်များသည် ဤလောကနှင့်မဆက်ဆံကြသော်လည်း ဤလောကတွင် နေထိုင်လျက်ရှိကြသည်။ (ယောဟန် ၁၇:၁၁၊ ၁၆) ထို့ကြောင့် အများနည်းတူ သူတို့သည်လည်း မိမိတို့၏လုံခြုံမှုအတွက် တော်သင့်သောကာကွယ်မှုများပြုလုပ်ထားကြသည်။ သို့ရာတွင် ယေဟောဝါအား ဝတ်မပြုသူများစွာကဲ့သို့မဟုတ်ဘဲ ဘုရားသခင်၏လူတို့သည် ခရစ်ယာန်မူများ၏ဘောင်အတွင်း ကာကွယ်မှုကို ကြိုးစားရှာဖွေကြသည်။

ယင်းနှင့်ဆန့်ကျင်၍ အာဖရိကနိုင်ငံအချို့ရှိ လူတို့သည် ဓားပြတိုက်မှုမှ မိမိတို့ကိုယ်ကိုကာကွယ်ရန် အောက်လမ်းပညာကိုအသုံးပြုကြသည်။ ပယောဂဆရာတစ်ဦးသည် အကြံဉာဏ်တောင်းခံသူ၏လက်ကောက်ဝတ်၊ ရင်အုပ် သို့မဟုတ် ကျောကို လှီးပေးမည်။ ထို့နောက် ဆန်းကြယ်သောပီယဆေးများကို လှီးဖြတ်ထားသောနေရာထဲသို့ပွတ်ထည့်ပြီး မန်းမှုတ်ပေးလိုက်ရာ ထိုသူကို ဓားပြများမတိုက်ခိုက်နိုင်တော့ဟု ထင်မြင်စေသည်။ အခြားသူတို့မှာမူ မိမိတို့အိမ်များတွင် အဆောင်လက်ဖွဲ့များ သို့မဟုတ် ဆန်းကြယ်သောပီယဆေးများ ထားရှိကြခြင်းဖြင့် ဓားပြများကိုယ်ထိလက်ရောက်ကျူးလွန်မှုမပြုဘဲ ထွက်ခွာသွားစေမည့် “အာမခံချက်” ရှိသည်ဟုယုံကြည်ကြသည်။

ခရစ်ယာန်စစ်များသည် မည်သည့်အောက်လမ်းပညာကိုမျှ မလိုက်စားကြချေ။ နတ်ဝိဇ္ဇာအတတ်ရှိရှိသမျှသည် ကမ္ဘာပေါ်တွင် အကြမ်းဖက်မှုများကို တိုးများလာစေသော နတ်ဆိုးများနှင့် အဆက်အသွယ်ပြုစေနိုင်သည့်အတွက် ထိုသို့သောအကျင့်အားလုံးကို မှန်ကန်စွာပင် ပြစ်တင်ရှုတ်ချထားသည်။ (ကမ္ဘာဦး ၆:၂၊ ၄၊ ၁၁) သမ္မာကျမ်းစာက “ကာလဗေဒင်ကို မကြည့်ရ” ဟုရှင်းလင်းစွာဖော်ပြထားသည်။—ဝတ်ပြုရာ ၁၉:၂၆။

အချို့သူများသည် သေနတ်များကိုင်ဆောင်ထားခြင်းဖြင့် လုံခြုံမှုရှိဖို့ အရဲစွန့်ကြိုးစားကြသည်။ သို့သော် ခရစ်ယာန်များမူကား “ဓားကိုကိုင်သောသူရှိသမျှတို့သည် ဓားဖြင့်ဆုံးခြင်းသို့ ရောက်ကြလိမ့်မည်” ဟူ၍မိန့်ဆိုခဲ့သော ယေရှု၏စကားကို အလေးအနက်ထားကြသည်။ (မဿဲ ၂၆:၅၂) ဘုရားသခင့်လူများသည် “ဓားလက်နက်များကို ထွန်သွားဖြစ်စေခြင်းငှာ . . . ထုလုပ်” ခဲ့ကြပြီဖြစ်ရာ ဓားပြတိုက်မှု သို့မဟုတ် ကိုယ်ထိလက်ရောက်ကျူးလွန်မှုတို့ခံရသည့်အခါ မိမိတို့ကိုယ်ကိုကာကွယ်ဖို့အတွက် သေနတ်များကို မဝယ်ယူကြချေ။—မိက္ခာ ၄:၃။

လက်နက်ကိုင်လုံခြုံရေးအစောင့်များထားခြင်းနှင့်ပတ်သက်၍ကော အသို့နည်း။ ယင်းသည် ကိုယ်ပိုင်ဆုံးဖြတ်ချက်ချရမည်ဖြစ်သော်လည်း ဤကဲ့သို့သောစီစဉ်မှုသည် သူတစ်ပါးလက်ထဲသေနတ်ပေးလိုက်ခြင်းဖြစ်သည်ကို အမှတ်ရပါ။ ဓားပြတစ်ဦးလာလျှင် အစောင့်များဘာလုပ်မည်ဟု အလုပ်ရှင်က မျှော်လင့်လိမ့်မည်နည်း။ စောင့်ကြပ်ရသည့် လူနှင့်ဥစ္စာပစ္စည်းများကို ကာကွယ်ဖို့လိုအပ်လာလျှင် အလုပ်ရှင်က အစောင့်များအား သူခိုးကိုသေနတ်ဖြင့်ပစ်သတ်ဖို့ မျှော်လင့်မည်လော။

အကာအကွယ်ရဖို့အတွက် မှော်အတတ်ကိုဖြစ်စေ၊ လက်နက်များကိုဖြစ်စေ ခရစ်ယာန်များအသုံးမပြုကြခြင်းသည် ဘုရားသခင်အား မသိသောသူများရှေ့တွင် မိုက်မဲပုံရှိပေမည်။ သို့သော် သမ္မာကျမ်းစာက ကျွန်ုပ်တို့ကို ဤသို့ယုံကြည်စိတ်ချစေသည်– “ထာဝရဘုရားကို ခိုလှုံသောသူမူကား လုံခြုံလိမ့်မည်။” (သု. ၂၉:၂၅) ယေဟောဝါသည် မိမိ၏လူများကို အဖွဲ့လိုက်အနေနှင့်ကာကွယ်သော်လည်း ဓားပြတိုက်မခံရရန် ကိစ္စရပ်တိုင်းတွင် မိမိ၏ကျေးကျွန်များကို ကြားဝင်ကာကွယ်ပေးမည်မဟုတ်ချေ။ ယောဘသည် ထူးခြားစွာသစ္စာရှိခဲ့သူဖြစ်သော်လည်း ယောဘ၏ကျွန်များအသတ်ခံရသည်အထိ သူ၏တိရစ္ဆာန်များကို တိုက်ခိုက်လုယက်ရန် ဘုရားသခင်ခွင့်ပြုခဲ့သည်။ (ယောဘ ၁:၁၄၊ ၁၅၊ ၁၇) ထို့ပြင် ဘုရားသခင်သည် တမန်တော်ပေါလုကို “ဓားပြတိုက်” ခံရရန်ခွင့်ပြုခဲ့သည်။ (၂ ကောရိန္သု ၁၁:၂၆) သို့ပင်ငြားလည်း ဘုရားသခင်သည် ဓားပြတိုက်မှုအန္တရာယ်လျော့ပါးစေမည့် မူများအတိုင်းအသက်ရှင်ရန် မိမိ၏ကျေးကျွန်များကို သွန်သင်ပေးတော်မူသည်။ ထို့ပြင် ကိုယ်တော်သည် ထိခိုက်ဒဏ်ရာရခြင်းကို လျော့နည်းစေမည့်နည်းများဖြင့် ဓားပြတိုက်မှုများကို တုံ့ပြန်တတ်ရန် အသိပညာကိုလည်း ပေးထားသည်။

ဓားပြတိုက်မှုအန္တရာယ်ကိုလျော့နည်းစေခြင်း

အမြော်အမြင်ရှိသူသည် ကြာမြင့်စွာကတည်းက ဤသို့သတိပြုမိခဲ့သည်– “ရတတ်သောသူ၏စည်းစိမ်မူကား၊ စည်းစိမ်ရှင်ကို အအိပ်ပျက်စေတတ်၏။” (ဒေ. ၅:၁၂) တစ်နည်းဆိုရလျှင် ဥစ္စာများစွာပိုင်ဆိုင်သူများသည် မိမိတို့၏ဥစ္စာပျောက်ဆုံးသွားမည်ကို စိုးရိမ်စိတ်ဖြင့် အိပ်မပျော်နိုင်ဖြစ်ပေမည်။

ထို့ကြောင့် စိုးရိမ်စိတ်ကိုသာမက ဓားပြတိုက်မှုအန္တရာယ်ကိုပါ လျော့နည်းစေနိုင်သည့်နည်းတစ်နည်းမှာ အဖိုးတန်ပစ္စည်းအမြောက်အမြားစုဆောင်းခြင်းကို ရှောင်ဖို့ဖြစ်သည်။ မှုတ်သွင်းခံရသည့် တမန်တော်က ဤသို့ရေးခဲ့သည်– “လောက၌ရှိသမျှသောအရာတည်းဟူသော ကိုယ်ကာယတပ်မက်ခြင်း၊ မျက်စိတပ်မက်ခြင်း၊ လောကီစည်းစိမ်၌ ဝါကြွားခြင်းတို့သည် ခမည်းတော်နှင့်မစပ်ဆိုင်၊ လောကနှင့်သာဆိုင်ကြ၏။” (၁ ယောဟန် ၂:၁၆) တန်ဖိုးကြီးပစ္စည်းများဝယ်ယူရန် လူတို့ကိုလှုံ့ဆော်ပေးသော ယင်းစိတ်ဆန္ဒကပင် အခြားသူများကို ခိုးယူရန် တိုက်တွန်းပေးသည်။ “လောကီစည်းစိမ်၌ ဝါကြွားခြင်း” ကလည်း တိုက်ခိုက်လုယက်လိုသူများကို ဖိတ်ခေါ်ရာကျနိုင်သည်။

ထင်ရှားပေါ်လွင်ခြင်းကို ရှောင်သည့်အပြင် ဓားပြတိုက်မှုကို ရှောင်နိုင်သည့်အခြားကာကွယ်နည်းတစ်နည်းမှာ အသင်သည် ခရစ်ယာန်စစ်တစ်ဦးဖြစ်ကြောင်း ပြသဖို့ဖြစ်သည်။ သင်သည် အခြားသူများအား မေတ္တာပြမည်၊ သင်၏ဆက်ဆံရေးသည် ရိုးသားပြီး ခရစ်ယာန်ဓမ္မအမှု၌ တက်ကြွစွာပါဝင်မည်၊ အခြားသူများအား မေတ္တာပြသမည်ဆိုလျှင် သင်သည် ရပ်ကွက်တွင် လူကောင်းတစ်ဦးဖြစ်သည့် လေးစားခံထိုက်သောသူဖြစ်ကြောင်း နာမည်ကောင်းရနိုင်ပါသည်။ (ဂလာတိ ၅:၁၉-၂၃) ဤကဲ့သို့သောခရစ်ယာန်ဂုဏ်သတင်းသည် လက်နက်တစ်ခုထက် ကာကွယ်မှုပိုပေးနိုင်သည်။

ဓားပြများလာသောအခါ

သို့သော် ဓားပြများသည် အိမ်ထဲရောက်နေပြီး သူတို့နှင့်ထိပ်တိုက်ရင်ဆိုင်ရလျှင် ဘာလုပ်သင့်သနည်း။ ပစ္စည်းဥစ္စာထက် သင့်အသက်က ပို၍အရေးကြီးသည်ကို သတိရပါ။ “လူဆိုးကိုမခုခံနှင့်။ မည်သူမဆို သင်၏လက်ယာပါးကို ရိုက်လျှင် လက်ဝဲပါးကို ခံဦးလော့။ . . . သင်၏အတွင်းအင်္ကျီကို ယူလိုသောသူ့ထံ အပြင်အင်္ကျီကိုလည်း ပေးခဲ့လော့” ဟူ၍ခရစ်တော်ယေရှုမိန့်ခဲ့၏။—မဿဲ ၅:၃၉၊ ၄၀၊ သမ။

၎င်းသည် ပညာရှိဆုံးမစကားဖြစ်သည်။ ခရစ်ယာန်များသည် မိမိပိုင်ဆိုင်ရာများကို ရာဇဝတ်သားများအား အသိပေးဖို့တာဝန်မရှိသော်လည်း ဓားပြများက ပြန်ခုခံခြင်း၊ လိုက်လျောမှုမရှိခြင်း သို့မဟုတ် လှည့်စားခြင်းတို့ကိုခံရလျှင် ပို၍အကြမ်းဖက်လာနိုင်ဖွယ်ရှိသည်။ ထိုသူတို့တွင် အများသည် “အကျင့်သိက္ခာဆိုင်ရာအာရုံအားလုံးပြီးသည်” အတွက်ကြောင့် ရက်စက်၍တရားမဲ့စွာပြုမူရန် အလွယ်တကူနှိုးဆော်ခံကြရသည်။—ဧဖက် ၄:၁၉၊ ကဘ။

ဆဲမျူအယ်လ်သည် စုပေါင်းအိမ်ရာတစ်ခုတွင်နေထိုင်သည်။ ဓားပြများသည် တိုက်တစ်တိုက်ကို ဝိုင်းထားပြီး တစ်ခန်းဝင်တစ်ခန်းထွက် လုယူတိုက်ခိုက်နေကြသည်။ သေနတ်ပစ်သံ၊ တံခါးများချိုးဖျက်သံနှင့် လူတို့အော်ဟစ်သံ၊ ငိုကြွေးသံ၊ မြည်းတမ်းသံများကို ဆဲမျူအယ်လ်ကြားခဲ့သည်။ ထွက်ပြေးဖို့မဖြစ်နိုင်တော့ချေ။ သို့နှင့် ဆဲမျူအယ်လ်သည် သူ၏ဇနီးနှင့်သားသုံးယောက်ကို ကြမ်းပြင်ပေါ်ဒူးထောက်နေပြီး လက်မြှောက်၍ မျက်စိမှိတ်ထားကာ စောင့်နေစေသည်။ ဓားပြများသည် အခန်းထဲသို့ ဝုန်းဒိုင်းကြဲ၍ဝင်လာသောအခါ သူတို့၏မျက်နှာကိုကြည့်မိလျှင် နောက်ပိုင်းတွင် သူတို့ကိုဖော်ထုတ်လိမ့်မည်ဟု သူတို့ထင်မြင်မည်ကိုသဘောပေါက်ပြီး ဆဲမျူအယ်လ်သည် မျက်လွှာချ၍စကားပြောခဲ့သည်။ “အထဲကိုဝင်ပါ။ ခင်ဗျားတို့ယူချင်တာကိုယူပါ။ ဘာကိုမဆို လွတ်လွတ်လပ်လပ်ယူသွားပါ။ ကျွန်တော်တို့ဟာ ယေဟောဝါသက်သေတွေဖြစ်တဲ့အတွက် ခင်ဗျားတို့ကို ပြန်ခုခံမှာမဟုတ်ပါဘူး” ဟုသူပြောခဲ့သည်။ ယင်းကြောင့် ဓားပြများသည် ကြောင်အမ်းအမ်းဖြစ်ခဲ့သည်။ နောက်တစ်နာရီလောက်အထိ လက်နက်ကိုင်သူစုစုပေါင်း ၁၂ ယောက်သည် တစ်စုပြီးတစ်စုဝင်လာခဲ့ကြသည်။ သူတို့သည် ရွှေငွေရတနာနှင့် လျှပ်စစ်ပစ္စည်းများကို သယ်ယူသွားကြသော်လည်း အဆောက်အဦရှိ အခြားသူများကဲ့သို့ ထိုမိသားစုကိုရိုက်နှက်ခြင်း သို့မဟုတ် ဓားမဖြင့်ခုတ်ခြင်း မပြုလုပ်ခဲ့ချေ။ ဆဲမျူအယ်လ်၏မိသားစုသည် မိမိတို့အသက်ချမ်းသာရသည့်အတွက် ယေဟောဝါအား ကျေးဇူးတင်ခဲ့ကြသည်။

ငွေကြေးနှင့်ပစ္စည်းဥစ္စာကို ဓားပြတိုက်ခံရသည့်အခါ ပြန်မခုခံသူများသည် ထိခိုက်ဒဏ်ရာရမှုလျော့နည်းစေမည်ဖြစ်ကြောင်း ယင်းကဖော်ပြသည်။a

တစ်ခါတစ်ရံ သက်သေခံလိုက်ခြင်းက ခရစ်ယာန်တစ်ဦးအတွက် အကာအကွယ်ဖြစ်စေနိုင်သည်။ ဓားပြများသည် အေဒါ၏အိမ်ကို ဝင်စီးသောအခါတွင် သူကဤသို့ပြောခဲ့သည်– “ခင်ဗျားတို့ကျပ်တည်းလို့ ဒီလိုလုပ်ကိုင်နေရတယ်ဆိုတာ ကျွန်တော်သိပါတယ်။ ကျွန်တော်တို့ ယေဟောဝါသက်သေတွေအနေနဲ့ တစ်နေ့ကျရင် လူတိုင်း ကိုယ့်အတွက်ကော၊ ကိုယ့်မိသားစုအတွက်ပါ စားစရာအလုံအလောက်ရှိလိမ့်မယ်လို့ ယုံကြည်ကြတယ်။ လူတိုင်း ဘုရားသခင့်နိုင်ငံတော်မှာ ငြိမ်းချမ်းပျော်ရွှင်စွာ နေရလိမ့်မယ်။” ယင်းက ထိုဓားပြ၏ကျူးကျော်ရန်စလိုစိတ်ကို ပျော့ပျောင်းစေခဲ့သည်။ သူတို့ထဲမှတစ်ဦးက ဤသို့ပြောခဲ့သည်– “မင်းအိမ်ကို ငါတို့လာမိလို့ တောင်းပန်တယ်၊ ဒါပေမဲ့ မင်းသိရမှာက ငါတို့ငတ်ပြတ်နေကြတယ်။” သူတို့သည် အေဒါ၏ပစ္စည်းဥစ္စာများကို လုယူသွားခဲ့ကြသော်လည်း သူနှင့်သူ့မိသားစုကိုကား မထိခိုက်ခဲ့ကြချေ။

စိတ်တည်ငြိမ်ခြင်း

အထူးသဖြင့် ဓားပြများ၏အဓိကရည်ရွယ်ချက်မှာ သူတို့၏လက်ခုပ်ထဲရှိသားကောင်များကို လက်အောက်ခံစေရန် အကြမ်းဖက်ဖို့ဖြစ်သည့် အန္တရာယ်ရှိသောအခြေအနေတွင် စိတ်တည်ငြိမ်ဖို့ လွယ်ကူမည်မဟုတ်ချေ။ ဆုတောင်းခြင်းက ကျွန်ုပ်တို့ကို ကူညီပေးပါလိမ့်မည်။ ကျွန်ုပ်တို့၏အကူအညီတောင်းဆိုသံသည် အသံမထွက်ဘဲတိုးမည်ဖြစ်သော်လည်း ယေဟောဝါကြားနိုင်သည်။ သမ္မာကျမ်းစာက ကျွန်ုပ်တို့ကို ဤသို့အာမခံသည်– “ထာဝရဘုရားသည် ဖြောင့်မတ်သောသူတို့ကို ကြည့်ရှုတော်မူ၏။ သူတို့အော်ဟစ်သံကိုလည်း နားထောင်တော်မူ၏။” (ဆာလံ ၃၄:၁၅) ကျွန်ုပ်တို့၏တောင်းဆိုချက်ကို ယေဟောဝါကြားပြီး မည်သည့်အခြေအနေမျိုးကိုမဆို စိတ်တည်ငြိမ်စွာကိုင်တွယ်နိုင်ဖို့ ဉာဏ်ပညာပေးသည်။—ယာကုပ် ၁:၅။

ဆုတောင်းသည့်အပြင် သင်သည် ဓားပြတိုက်ခံရလျှင် မည်သို့ပြုမည်နှင့်မပြုမည်ကို ကြိုတင်ဆုံးဖြတ်ထားခြင်းသည် စိတ်တည်ငြိမ်မှုရှိစေနိုင်သည့် အခြားနည်းတစ်နည်းဖြစ်သည်။ မည်သည့်အခြေအနေမျိုးကြုံရမည်ကို ကြိုတင်သိရှိနိုင်မည်မဟုတ်ချေ။ သို့တိုင် မီးလောင်နေသည့်တိုက်တစ်တိုက်တွင် သင်ရောက်နေခဲ့သည်ရှိသော် လွတ်မြောက်နိုင်သည့်နည်းများကို သိထားခြင်းသည် ပညာရှိရာရောက်သကဲ့သို့ သင်လုပ်ဆောင်ရမည့်အမှုများကို သိထားသင့်သည်။ ကြိုတင်စဉ်းစားထားခြင်းသည် စိတ်တည်ငြိမ်စေသည်၊ ကြောက်ဒူးတုန်ခြင်းမရှိစေ၍ ထိခိုက်ဒဏ်ရာလည်းမရစေရန် အကူအညီပေးသည်။

ဓားပြတိုက်ခြင်းနှင့်ပတ်သက်ပြီး ဘုရားသခင်၏ရှုမြင်ချက်ကို ဤသို့ရှင်းလင်းစွာဖော်ပြသည်– “ငါထာဝရဘုရားသည် တရားသဖြင့်စီရင်ခြင်းကို နှစ်သက်၏။ လုယူခြင်းအမှုနှင့် အဓမ္မအမှုကိုမုန်း၏။” (ဟေရှာယ ၆၁:၈) ယေဟောဝါသည် ပရောဖက်ယေဇကျေလအားမှုတ်သွင်းပြီး ဓားပြတိုက်ခြင်းကို အလွန်ကြီးလေးသောအပြစ်တစ်ခုအဖြစ်ဖော်ပြစေခဲ့သည်။ (ယေဇကျေလ ၁၈:၁၈) သို့ရာတွင် ဤကျမ်းစာစောင်ကပင် ဓားပြတိုက်လုယူထားသည့်ပစ္စည်းကိုပြန်ပေးသည့် နောင်တရသူကို ဘုရားသခင်သည် ကရုဏာရှိစွာခွင့်လွှတ်လိမ့်မည်ဟုလည်း ဖော်ပြထားသည်။—ယေဇကျေလ ၃၃:၁၄-၁၆။

ခရစ်ယာန်များသည် ရာဇဝတ်မှုမင်းမူနေသည့် ကမ္ဘာပေါ်တွင် အသက်ရှင်နေရလင့်ကစား ဓားပြတိုက်မှုမရှိတော့မည့် ဘုရားသခင့်နိုင်ငံတော်တွင် အသက်ရှင်ရမည့်မျှော်လင့်ချက်၌ ပျော်မွေ့လျက်ရှိကြသည်။ ထိုအချိန်ကာလအကြောင်းကို သမ္မာကျမ်းစာက ဤသို့ကတိပြုသည်– “[ဘုရားသခင့်] လူအပေါင်းတို့သည် ကိုယ်ပိုင်သောစပျစ်ပင်၊ ကိုယ်ပိုင်သောသင်္ဘောသဖန်းပင်အောက်မှာ ထိုင်ကြလိမ့်မည်။ ကြောက်စေသောသူတစ်ယောက်မျှမရှိရ။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏ နှုတ်တော်ထွက်အမိန့်တော်ရှိ၏။”—မိက္ခာ ၄:၄။

အနောက်အာဖရိက၌ ဓားပြတိုက်မှုတစ်ခု အကြံပျက်ခဲ့

ယူးနစ္စ အက်ဘူးပြောပြသည်

“ကျွန်မတို့အိမ်မှာ အသင်းတော်စာအုပ်ကြီးသင်တန်းကျင်းပနေကြရက်မှာ ဓားပြတိုက်ဖို့ ကြံစည်ထားကြတာကိုး။ အဲဒီရက်မှာ ညီအစ်ကို၊ ညီအစ်မတွေနဲ့ စိတ်ဝင်စားတဲ့သူတွေလာဖို့ ကျွန်မတို့ဂိတ်တံခါးကို ဖွင့်ထားတတ်တယ်။ ဓားပြတွေက ကျွန်မတို့ထုံးစံနဲ့ စည်းဝေးချိန်ကို သိထားပုံရတယ်။ စာအုပ်ကြီးသင်တန်းကျင်းပတဲ့နေ့မှာ တစ်နေရာရာက ကားခိုးလာပြီး ကျွန်မတို့ဂိတ်မှာ လာစောင့်နေကြတာဖြစ်မယ်။

“ဖြစ်ပုံက အဲဒီအပတ်က တိုက်နယ်ကြီးကြပ်မှူးလည်ပတ်တဲ့အပတ်ဖြစ်နေလို့ ကျွန်မတို့အိမ်မှာ စည်းဝေးမလုပ်ဘဲ ဘုရားသခင့်နိုင်ငံတော်ခန်းမမှာ စည်းဝေးခဲ့ကြတယ်။ စည်းဝေးပြီးသွားတော့ အကြီးအကဲစည်းဝေးရှိသေးတယ်။ ခါတိုင်းဆို ကလေးတွေနဲ့ ကျွန်မအိမ်ပြန်နှင့်တယ်။ ဒါပေမဲ့ အကြီးအကဲဖြစ်တဲ့ ကျွန်မခင်ပွန်းက သူ့ကိုစောင့်ခိုင်းတယ်။ သိပ်မကြာပါဘူးတဲ့။ ဒါနဲ့ ကျွန်မတို့စောင့်နေခဲ့ကြတယ်။

“နောက်တော့ ကားစက်နှိုးလို့မရဘူး။ တိုက်နယ်ကြီးကြပ်မှူးနဲ့ ကျွန်မခင်ပွန်းတို့က ကားပြင်လို့မရခဲ့ကြဘူး။ ခေါ်လိုက်တဲ့စက်ပြင်ဆရာကလည်း မပြင်ပေးနိုင်ခဲ့ဘူး။

“ဒါနဲ့ကလေးတွေ အိမ်ကိုလမ်းလျှောက်ပြန်ခဲ့ကြရတယ်။ ခဏကြာတော့ ကျွန်မလည်း အိမ်ပြန်သွားခဲ့တယ်။ ဆယ်နာရီလောက်မှာ ကျွန်မပြန်ရောက်ခဲ့တယ်။ ကားနဲ့မပြန်တော့ ကျွန်မကော ကလေးတွေပါ ဂိတ်တံခါးကြီးမဖွင့်ဘဲ ခြံထဲဝင်ခဲ့ကြတယ်။

“အိပ်ခန်းထဲကို ကျွန်မရောက်တဲ့အချိန်မှာ ကျယ်လောင်တဲ့သေနတ်သံကြားလိုက်တယ်။ ဘာဖြစ်နေပါလိမ့်လို့တွေးမိတယ်။ ရဲကို ဖုန်းဆက်ဖို့ကြိုးစားတော့လည်း ဖုန်းပျက်နေတယ်။ အောက်ထပ်ကို အတင်းပြေးဆင်းပြီး သံတံခါးမကြီးကိုပိတ်ပြီးတော့ အလယ်ထပ်က တံခါးကိုပါသော့ခတ်လိုက်တယ်။ မီးတွေကိုလည်းပိတ်လိုက်တယ်။ ကလေးတွေက ကြောက်ဒူးတုန်နေတဲ့အတွက် စိတ်တည်တည်ငြိမ်ငြိမ်ထားကြဖို့ပြောပြီး ကာကွယ်ပေးပါလို့ ယေဟောဝါကို ကျွန်မတို့အတူတူဆုတောင်းခဲ့တယ်။ ဒီအတောအတွင်း ကျွန်မခင်ပွန်းက ဘုရားသခင့်နိုင်ငံတော်ခန်းမမှာ ကားစက်နှိုးဖို့ကြိုးစားနေတုန်းပဲ။

“ပြတင်းပေါက်ကနေ အပြင်ကိုကြည့်လိုက်တော့ ဂိတ်အပြင် လမ်းပေါ်မှာ လူတစ်ယောက်လဲကျနေတာ တွေ့လိုက်ရတယ်။ ဓားပြတွေ ထွက်ပြေးသွားပုံရလို့ ဒဏ်ရာရထားတဲ့လူကို ကျွန်မကားပေါ်တင်ပြီး ဆေးရုံကိုအမြန်ဆုံးပို့ပေးလိုက်တယ်။ အန္တရာယ်များပေမဲ့ အဲဒီလိုမလုပ်လို့မဖြစ်ဖူးလေ။ ဒါပေမဲ့လည်း နောက်နေ့မှာ သူသေသွားရှာတယ်။

“အဲဒီလိုကြေကွဲစရာဖြစ်ခဲ့ပေမဲ့ ဒါထက်ပိုဆိုးနိုင်သေးတယ်။ တိုက်နယ်ကြီးကြပ်မှူးလည်ပတ်တဲ့အပတ်ဖြစ်လို့ ကျွန်မတို့အိမ်မှာ စာအုပ်ကြီးသင်တန်းမလုပ်ဖြစ်ခဲ့တာ။ ကားပျက်လို့လည်း မိသားစုလိုက် အိမ်မပြန်လာခဲ့တာ။ ဓားပြတွေသေချာပေါက်ဖမ်းချုပ်ကြမယ့် ကျွန်မခင်ပွန်းက အတော်နောက်ကျမှပြန်လာခဲ့တာ။ အဲဒါတွေရော တခြားအဖြစ်အပျက်တွေက အဲဒီညမှာ ကျွန်မတို့အကျိုးအတွက်ပါပဲ။

“ယေဟောဝါဟာ ကျွန်မတို့ရဲ့ခံတပ်နဲ့ခိုလှုံရာဖြစ်ပါတယ်။ ဒီကျမ်းချက်ပြောတဲ့အတိုင်းပါပဲ– ‘ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] သည်မြို့ကို စောင့်တော်မမူလျှင်၊ ကင်းစောင့်တို့သည် အချည်းနှီးစောင့်ကြ၏။’”—ဆာလံ ၁၂၇:၁။

[အောက်ခြေမှတ်ချက်များ]

a သို့သော် ကန့်သတ်၍သာလိုက်လျောရ၏။ ယေဟောဝါ၏ကျေးကျွန်များသည် အဘယ်နည်းဖြင့်မျှ ဘုရားသခင့်ပညတ်တော်ချိုးဖောက်သည့်အမှုကို လိုက်လျောပြုလုပ်နိုင်မည်မဟုတ်ချေ။ ဥပမာ၊ ခရစ်ယာန်တစ်ဦးသည် တလိုတလားမုဒိမ်းကျင့်ခံမည်မဟုတ်ချေ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ