ရွေးချယ်ပိုင်ခွင့်အတွက်စီရင်ချက်
စကြဝဠာတစ်ခွင် ဂုဏ်အထင်ရှားဆုံးပုဂ္ဂိုလ်ကိုယ်တိုင်ပင် အသိပညာရှိရှိရွေးချယ်မှုကို ထောက်ခံ၏။ ကိုယ်တော်သည် ကျွန်ုပ်တို့၏ဖန်ဆင်းရှင်ဖြစ်သည်။ လူ့လိုအပ်ရာများကို အကန့်အသတ်မဲ့သိထားသဖြင့် ကိုယ်တော်သည် ကျွန်ုပ်တို့လိုက်လျှောက်ရမည့် ပညာရှိလမ်းစဉ်နှင့်ပတ်သက်၍ ဆုံးမစကား၊ သတိပေးချက်နှင့် လမ်းညွှန်ချက်တို့ကို ရက်ရောစွာပေးထားတော်မူသည်။ သို့တိုင် အသိဉာဏ်ရှိသတ္တဝါများကို ကိုယ်တော်ပေးထားသည့် လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ကို လျစ်လျူမရှုချေ။ ဘုရားသခင်၏ပရောဖက်မောရှေသည် ကိုယ်တော်၏အမြင်ကို ဤသို့ရောင်ပြန်ဟပ်ခဲ့သည်– “အသက်ရှင်ခြင်း၊ သေခြင်း၊ ကောင်းချီးပေးခြင်း၊ ကျိန်ခြင်းတို့ကို သင့်ရှေ့၌ငါထားသည်။ . . သို့ဖြစ်၍၊ သင်နှင့်သင့်အမျိုးအနွယ်သည် အသက်ရှင်မည်အကြောင်း . . . အသက်တရားကို ရွေးယူလော့။”—တရားဟောရာ ၃၀:၁၉၊ ၂၀။
အဆိုပါမူသည် ဆေးလောကအပေါ်သက်ရောက်မှုရှိသည်။ အသိပညာရှိရှိရွေးချယ်မှု သို့မဟုတ် အသိပညာရှိရှိသဘောတူညီမှုကို ယခင်က လက်မခံခဲ့သော ဂျပန်နှင့်အခြားနိုင်ငံများတွင် တဖြည်းဖြည်းလက်ခံလာလေပြီ။ အဆိုပါအသိပညာရှိရှိသဘောတူညီမှုကို ဒေါက်တာမီချီတာရို နာကာမူရက ဤသို့ဖော်ပြခဲ့သည်– “လူနာ၏ရောဂါ၊ ရောဂါခန့်မှန်းချက်၊ ကုသနည်းနှင့် နောက်ဆက်တွဲဖြစ်နိုင်မည့်အကျိုးဆက်တို့ကို လူနာနားလည်လွယ်မည့်စကားဖြင့် ဒေါက်တာကရှင်းပြခြင်း၊ လူနာကိုယ်တိုင် ဆေးကုသနည်းကို ဆုံးဖြတ်လက်ခံဖို့ သူ၏အခွင့်အရေးကို လေးစားသည့်သဘောဖြစ်သည်။”—ဂျပန်ဆေးဂျာနယ်။
လူနာများအား ယင်းသို့ကုသပေးခြင်းကိုငြင်းဆန်ရန် ဂျပန်နိုင်ငံရှိဆရာဝန်များက နှစ်ချီ၍ အကြောင်းများစွာတင်ပြခဲ့ကြပြီး တရားရုံးများကလည်း ဆေးလောကထုံးစံကို လိုက်လျောလိုခဲ့ကြသည်။ ထို့ကြောင့် တိုကျိုအထက်တရားရုံးမှ တရားသူကြီးချုပ်တာခီအို အီနာဘသည် အသိပညာရှိရှိရွေးချယ်မှုစီရင်ချက်ကို ၁၉၉၈၊ ဖေဖော်ဝါရီ ၉ ရက်တွင်ချမှတ်ခဲ့ခြင်းသည် အလွန်အရေးပါခဲ့သည်။ ၎င်းစီရင်ချက်ကားအဘယ်နည်း၊ တရားရုံးများအထိ ရောက်ရှိခဲ့ရသည့် ယင်းအမှုကားအဘယ်နည်း။
လွန်ခဲ့သည့် ၁၉၉၂၊ ဇူလိုင်လတွင် ယေဟောဝါသက်သေတစ်ဦးဖြစ်သော အသက် ၆၃ နှစ်အရွယ်ရှိမီဆာအီ တာခီဒါသည် တိုကျိုတက္ကသိုလ်ရှိ ဆေးဘက်ဆိုင်ရာသိပ္ပံဆေးရုံတွင် ရောဂါကုသခဲ့သည်။ သူသည် အသည်းကင်ဆာဖြစ်နေ၍ ခွဲစိတ်ကုသရန်လိုသည်ဟုဆိုကြသည်။ သွေးကို အလွဲသုံးစားမပြုလုပ်ရဟူသော သမ္မာကျမ်းစာညွှန်ကြားချက်ကို လွန်စွာနာခံလိုသောကြောင့် သွေးမဲ့ဆေးကုသမှုကိုသာ ခံယူလိုကြောင်း ဆရာဝန်များကို သူပြတ်သားစွာပြောပြခဲ့သည်။ (ကမ္ဘာဦး ၉:၃၊ ၄; တမန်တော် ၁၅:၂၉) သူ၏ဆုံးဖြတ်ချက်ကြောင့် မည်သည့်ပြဿနာပင်ဖြစ်ပါစေ ဆရာဝန်များနှင့်ဆေးရုံ၏တာဝန်မဟုတ်ကြောင်း တာဝန်ကင်းလွတ်ခွင့်ပုံစံကို သူတို့လက်ခံယူထားခဲ့ကြသည်။ သူ၏ဆန္ဒကို လိုက်လျောမည်ဟု သူတို့အာမခံခဲ့သည်။
သို့သော် မီဆာအီကိုခွဲစိတ်ပြီးနောက် သတိမေ့နေစဉ်အတွင်း တိကျပြတ်သားစွာပြောပြထားသော သူ၏ဆန္ဒကိုတိုက်ရိုက်ဆန့်ကျင်ပြီး သွေးသွင်းပေးခဲ့သည်။ ကြိုးစားလျှို့ဝှက်ထားခဲ့သည့် ခွင့်မပြုဘဲသွေးသွင်းခြင်းကိစ္စကို ဆေးရုံအလုပ်သမားတစ်ဦးက သတင်းထောက်တစ်ဦးအား သတင်းပေးခဲ့ပုံရှိသောအခါ ဘူးပေါ်သကဲ့သို့ပေါ်ကုန်သည်။ ဤရိုးသားသောခရစ်ယာန်အမျိုးသမီးသည် ခွင့်မပြုဘဲ သွေးသွင်းခဲ့ခြင်းကိစ္စကို သိရှိသောအခါ အလွန်ဝမ်းနည်းပက်လက်ဖြစ်ခဲ့သည်ကို သင်ကိုယ်ချင်းစာနိုင်သည်။ ဆေးဝန်ထမ်းအဖွဲ့သည် ကတိတည်ပြီး မိမိ၏ဘာသာရေးခံယူချက်များကို လေးစားလိမ့်မည်ဟုယုံကြည်အားထားခဲ့သည်။ ဆရာဝန်/လူနာကြားရှိဆက်ဆံရေးကို လွန်လွန်ကျူးကျူးချိုးဖောက်ခဲ့သောကြောင့် သူခံစားခဲ့ရသည့် ကြေကွဲဖွယ်စိတ်နာကျင်မှုနှင့် အခြားသူများလည်း အလားတူလွဲမှားစွာဆေးကုသမှုမခံရမည်အကြောင်း အစဉ်အလာတစ်ခုရှိစေရန် တရားစွဲခဲ့၏။
ပြည်သူ့စည်းကမ်းသေဝပ်ရေးနှင့်ကျင့်ဝတ်
တိုကျိုခရိုင်တရားရုံးမှ တရားသူကြီးသုံးဦးသည် ထိုအမှုကိုစစ်ဆေးခဲ့ပြီး သမားတော်များဘက်မှနေပြီး အသိပညာရှိရှိသဘောတူညီမှုအခွင့်အရေးကို ဆန့်ကျင်၍အမိန့်ချခဲ့သည်။ ၁၉၉၇၊ မတ် ၁၂ ရက်တွင်ထုတ်ဆင့်ခဲ့သော သူတို့၏ဆုံးဖြတ်ချက်အရ လုံးဝသွေးမသွင်းဘဲဆေးကုသရန် သဘောတူညီချက်ချုပ်ဆိုခြင်းသည် တရားမဝင်ဟုဆိုသည်။ သူတို့၏အကြောင်းပြချက်မှာ ဆရာဝန်တစ်ဦးသည် အရေးပေါ်ကိစ္စဖြစ်ပေါ်ခဲ့လျှင်ပင် သွေးမသွင်းပေးရန် အထူးသဘောတူညီချက်ပြုထားခြင်းသည် ကိုဂျိုး ရိုဇိုကူa သို့မဟုတ် လူမှုရေးစံနှုန်းများကို ချိုးဖောက်ရာကျသည်ဟူ၍ဖြစ်သည်။ သူတို့၏ယူဆချက်မှာ လူနာတစ်ဦး၏ဘာသာရေးခံယူချက်များသည် မည်သို့ပင်ရှိစေကာမူ ဆရာဝန်တစ်ဦး၏အဓိကတာဝန်သည် အကောင်းဆုံးနည်းလမ်းဖြင့် အသက်ကယ်ရန်ဖြစ်သဖြင့် ထိုသို့သောသဘောတူညီချက်သည် အစကတည်းက တရားဝင်လိမ့်မည်မဟုတ်ဟူ၍ဖြစ်သည်။ နောက်ဆုံးစိစစ်ချက်၌ လူနာတစ်ဦး ကြိုတင်ပြောထားမည့် ဆေးဘက်ဆိုင်ရာတောင်းဆိုချက်တစ်ခုထက် ကျွမ်းကျင်သောသမားတော်၏ယူဆချက်ကို ဦးစားပေးသင့်သည်ဟု သူတို့စီရင်ဆုံးဖြတ်ခဲ့ကြသည်။
ထို့ပြင် ဆရာဝန်တစ်ဦးသည် ခွဲစိတ်ကုသမှုတစ်ခု၏ အခြေခံလုပ်ထုံးလုပ်နည်း၊ အကျိုးသက်ရောက်မှုများနှင့် အန္တရာယ်များကို ကြိုတင်ရှင်းပြဖို့ဖြစ်သော်လည်း ထပ်တူအကြောင်းများကြောင့် သူသည် “သွေးသွင်းဖို့ရည်ရွယ်၊ မရည်ရွယ်ကြောင်းကို မပြောဆိုဘဲနေနိုင်သည်” ဟူ၍တရားသူကြီးများက ထုတ်ပြန်ကြေညာခဲ့သည်။ သူတို့၏စီရင်ချက်မှာ ဤသို့ဖြစ်သည်– “တရားခံများဖြစ်ကြသောဆရာဝန်များက မည်သည့်အခြေအနေ၌မဆို သွေးမသွင်းလိုသည့် တရားလို၏ဆန္ဒကိုသဘောပေါက်နားလည်ကာ သူ၏ဆန္ဒကိုလေးစားမည့်ပုံစံမျိုးဖြင့် သူ့အား အဆိုပါခွဲစိတ်ကုသမှုကို လက်ခံစေခဲ့ခြင်းကို ဥပဒေနှင့်မညီ သို့မဟုတ် မလျောက်ပတ်ဟူ၍ မသတ်မှတ်နိုင်ပေ။” သူတို့၏အတွေးအခေါ်မှာ ဆရာဝန်များက ယင်းသို့သာမပြုပါမူ လူနာသည် ခွဲစိတ်ကုသမခံဘဲ ဆေးရုံမှဆင်းသွားမည်ဟူ၍ဖြစ်သည်။
ထိုတရားရုံးစီရင်ထုံးသည် အသိပညာရှိရှိသဘောတူညီမှုကို ထောက်ခံသူတို့အား တုန်လှုပ်ချောက်ချားစေခဲ့သည်။ ဂျပန်နိုင်ငံတွင် အသိပညာရှိရှိသဘောတူညီမှုကိစ္စနှင့်ပတ်သက်သည့် တာခီဒါအမှု၏စီရင်ချက်နှင့်အကျုံးဝင်မှုများကို ဆွေးနွေးသုံးသပ်ရာ၌ တရားမဥပဒေပိုင်းဆိုင်ရာ အခွင့်အာဏာရှိ ကျော်ကြားသူတစ်ဦးဖြစ်သည့် တာခါအို ယာမာဒါက ဤသို့ရေးသားခဲ့သည်– “ဤစီရင်ချက်အတွေးအခေါ်ကို အတည်ပြုလျှင် သွေးသွင်းခြင်းငြင်းဆန်မှုနှင့် အသိပညာရှိရှိသဘောတူညီမှု ဥပဒေဆိုင်ရာမူသည် လေထဲတွင်အရောင်လှုပ်နေသော ဖယောင်းတိုင်ဖြစ်လာပါလိမ့်မည်။” (ဟိုဂါကူ ကျိုရှစ်စု ဥပဒေဂျာနယ်) အတင်းအဓမ္မသွေးသွင်းခဲ့ခြင်းသည် “ယုံကြည်အားထားမှုကို အကြီးအကျယ်ချိုးဖောက်ခြင်းဖြစ်ရာ ခိုးကြောင်ခိုးဝှက်တိုက်ခိုက်မှုနှင့်တူသည်” ဟုသူကပြင်းထန်သောစကားလုံးများဖြင့် အပြစ်တင်ရှုတ်ချခဲ့သည်။ ယုံကြည်ချက်ကိုပျက်စီးစေသည့် ဤအပြုအမူမျိုးကို “မည်သည့်အခါမျှလုံးဝခွင့်မပြု” သင့်ဟူ၍ ပါမောက္ခယာမာဒါက ထပ်ဆင့်ပြောခဲ့သည်။
မီဆာအီ၏မဝံ့မရဲစိတ်က အများပြည်သူ၏အာရုံစူးစိုက်မှုကိုခံရရန် အခက်အခဲဖြစ်စေခဲ့သည်။ သို့ရာတွင် သွေးကိုအထွတ်အမြတ်ထားခြင်းနှင့်ပတ်သက်၍ ယေဟောဝါ၏နာမတော်နှင့် ဖြောင့်မတ်သောစံနှုန်းများကို ထုချေရှင်းလင်းခြင်း၌ မိမိပါဝင်နိုင်ကြောင်း သိမြင်လာရာ မိမိပြုလုပ်ရမည့်အပိုင်းကိုပြုလုပ်ရန် ဆုံးဖြတ်ခဲ့သည်။ ထိုအခါ သူ၏ဥပဒေအကျိုးဆောင်ကို ဤသို့စာရေးခဲ့သည်– “ကျွန်မ မြေမှုန့်လောက်တောင် တန်ဖိုးမရှိပါဘူး။ ကျွန်မလို အရည်အချင်းမရှိတဲ့လူတစ်ယောက်ကို ဘာကြောင့်အသုံးပြုပါလိမ့်လို့ တွေးတောမိတယ်။ ဒါပေမဲ့ ကျောက်ခဲတွေကိုတောင် ကြွေးကြော်စေနိုင်တဲ့ ယေဟောဝါအမိန့်တော်တွေကို ကြိုးစားလုပ်ဆောင်တဲ့အခါ ကျွန်မကို ကိုယ်တော်ခွန်အားပေးပါလိမ့်မယ်။” (မဿဲ ၁၀:၁၈; လုကာ ၁၉:၄၀) ထိုအမှုစစ်ဆေးနေစဉ် သက်သေအစစ်ခံရာစင်ပေါ်တွင် သူသည် သစ္စာဖောက်ခံရသည့်အတွက် မည်မျှစိတ်ဒုက္ခရောက်ခဲ့ရကြောင်းတုန်ရီသည့်လေသံဖြင့် လျှောက်တင်ခဲ့၏။ “ဗလက္ကာရပြုခံရတဲ့အမျိုးသမီးတစ်ယောက်လို စော်ကားခံခဲ့ရတယ်လို့ ကျွန်မခံစားမိတယ်။” သူ၏သက်သေထွက်ဆိုချက်ကြောင့် ထိုနေ့က တရားရုံးအခန်းထဲတွင် မျက်ရည်မကျသူနည်းခဲ့သည်။
အံ့အားသင့်ဖွယ် အားပေးခံမှု
ခရိုင်တရားရုံး၏ဆုံးဖြတ်ချက်ကြောင့် ထိုအမှုကို အထက်တရားရုံးသို့ ချက်ချင်းအယူခံဝင်ခဲ့၏။ အချေအတင်စတင်ဆွေးနွေးချက်ကို အယူခံတရားရုံးတွင် ၁၉၉၇၊ ဇူလိုင်လ၌ ပြုလုပ်ခဲ့ရာ ယခုအားနည်းပြီး ဖြူဖပ်ဖြူရော်ဖြစ်နေသော်လည်း စိတ်ဆုံးဖြတ်ချက်အပြည့်ရှိ မီဆာအီသည် ဘီးတပ်ကုလားထိုင်ဖြင့် ရောက်ရှိနေခဲ့သည်။ ကင်ဆာရောဂါပြန်ထနေရာ တုန်တုန်ချည့်ချည့်ဖြစ်နေရှာသည်။ ဖြစ်ရိုးထုံးစံမရှိသော လုပ်ဆောင်မှုဖြင့် တရားသူကြီးချုပ်က တရားရုံးပြုမူဆောင်ရွက်ရန် ရည်ရွယ်ထားသည့်ဦးတည်ချက်ကို ရှင်းလင်းစွာဖော်ပြသောအခါ မီဆာအီသည် အလွန်အားတက်ခဲ့သည်။ ဆရာဝန်တစ်ဦးသည် လူနာ၏ဆန္ဒကိုလျစ်လျူရှုပိုင်ခွင့်ရှိသည်၊ လိုက်လျောလိမ့်မည့်ပုံစံတင်ပြသော်လည်း အခြားတစ်စုံတစ်ခုပြုလုပ်ရန် တိတ်တဆိတ်ဆုံးဖြတ်ထားနိုင်သည်ဟူသော အောက်တရားရုံး၏ကောက်ချက်နှင့် အယူခံတရားရုံးက သဘောမတူနိုင်ကြောင်း ပြတ်ပြတ်သားသားဖော်ပြခဲ့သည်။ ဆေးပညာကို “မှီခိုနေစေရန် အသိအမြင်မရှိစေနှင့်” ဟုအဓိပ္ပာယ်ရသည့် “ရှီရာရှီမူ ဘီခါရာဇူ ယိုရာရှိမူ ဘီရှီ”b ခေါ်ဖခင်ကဲ့သို့အုပ်ချုပ်နည်းစနစ်ကို တရားရုံးသည် ထောက်ခံလိမ့်မည်မဟုတ်ကြောင်း တရားသူကြီးချုပ်ကပြောဆိုခဲ့၏။ မီဆာအီသည် နောက်ပိုင်းတွင် ဤသို့ပြောခဲ့သည်– “ခရိုင်တရားရုံးရဲ့စီရင်ချက်နဲ့လုံးဝမတူတဲ့ တရားသူကြီးရဲ့တရားမျှတတဲ့စီရင်ချက်ကို ကျွန်မကြားသိရတာ အရမ်းဝမ်းသာတယ်။” သူက ဤသို့ထပ်မံပြောဆိုခဲ့သည်– “အဲဒီအတွက် ယေဟောဝါကို ကျွန်မဆုတောင်းခဲ့တာ။”
နောက်တစ်လတွင် မီဆာအီကွယ်လွန်သွားခဲ့ကာ သူ့အားချစ်မြတ်နိုးသောမိသားစုနှင့် သူ၏ရိုးသားသောယုံကြည်ချက်များကို နားလည်ပြီးလေးစားကြသည့် အခြားဆေးရုံတစ်ခု၏ အမှုထမ်းများဝန်းရံလျက်ရှိခဲ့သည်။ သူသေဆုံးသွားသောကြောင့် အကြီးအကျယ်ဝမ်းနည်းခဲ့ကြရသော်လည်း သူ့သားမားဆားမီနှင့် မိသားစုမှအခြားသူများသည် သူ့ဆန္ဒအတိုင်း အမှုပြီးဆုံးသည့်အထိ ဆောင်ရွက်သွားရန် ဆုံးဖြတ်လုပ်ကိုင်ခဲ့ကြသည်။
စီရင်ချက်
နောက်ဆုံး၌ ၁၉၉၈၊ ဖေဖော်ဝါရီ ၉ ရက်တွင် အထက်တရားရုံးမှ တရားသူကြီးသုံးဦးသည် အောက်တရားရုံး၏စီရင်ချက်ကို ပယ်ဖျက်ကာ သူတို့၏စီရင်ချက်ကို ချမှတ်ခဲ့၏။ တရားရုံးအခန်းငယ်တွင် သတင်းထောက်များ၊ တက္ကသိုလ်ဆရာများနှင့် အမှုကိုတောက်လျှောက်စိတ်ဝင်စားခဲ့သည့် အခြားသူများနှင့် ပြည့်လျှံနေခဲ့သည်။ နာမည်ကြီးသတင်းစာများနှင့် ရုပ်မြင်သံကြားဌာနများက ထိုစီရင်ချက်ကို သတင်းပေးဖော်ပြခဲ့ကြသည်။ သတင်းစာခေါင်းစဉ်အချို့က ဤသို့ဖြစ်သည်– “တရားရုံး– လူနာများ ဆေးကုသနည်းငြင်းပယ်နိုင်”; “အထက်တရားရုံး– သွေးသွင်းခြင်း အခွင့်အရေးချိုးဖောက်မှု”; “အဓမ္မသွေးသွင်းခဲ့သောဆရာဝန်အမှုရှုံး”; နှင့် “သွေးသွင်းခံရသည့်ယေဟောဝါသက်သေ လျော်ကြေးရ။”
စီရင်ချက်နှင့်ပတ်သက်သော သတင်းများသည် တိကျမှန်ကန်ပြီး ထောက်ခံအားပေးမှုချည်းသာဖြစ်၏။ ဒေလီရိုမီအွတ်ရီသတင်းစာက ဤသို့ဖော်ပြခဲ့သည်– “လူနာတစ်ဦးငြင်းဆိုခဲ့သည့် ကုသနည်းများကို ဆရာဝန်များ အသုံးပြုခဲ့ခြင်းသည် မသင့်တော်ဟု တရားသူကြီးတာခီအို အီနာဘကဆိုခဲ့သည်။” ထို့ပြင် ဤသို့ပြတ်သားစွာဖော်ပြခဲ့သည်– “[သွေးသွင်း] ပေးခဲ့သောဆရာဝန်များသည် လူနာကုသခံလိုသည့်နည်းကို ရွေးချယ်ခွင့်မပေးခဲ့ပါ။”
အသက်အန္တရာယ်ကြုံရသည့်အခါ၌ပင် သွေးကိုအသုံးမပြုရန် နှစ်ဦးနှစ်ဖက်သဘောတူညီချက်ရှိကြောင်း လုံလောက်သည့်အထောက်အထားမရှိဟု တရားရုံးကယူမှတ်သော်လည်း အဆိုပါသဘောတူညီချက်၏ တရားဝင်မှုနှင့်ပတ်သက်၍ တရားသူကြီးများက အောက်တရားရုံးနှင့် သဘောတူညီမှုမရှိဟု အာဆာဟီ ရှင်ဘွန်းသတင်းစာက ဤသို့ထောက်ပြခဲ့သည်– “မည်သည့်အခြေအနေမျိုး၌မဆို သွေးမသွင်းရဟု သက်ဆိုင်သူနှစ်ဦးနှစ်ဖက်စလုံး ရှင်းလင်းပြတ်သားစွာ သဘောတူချက်ရှိခဲ့ပါမူ တရားရုံးက ယင်းကို ပြည်သူ့စည်းကမ်းသေဝပ်ရေးနှင့်ဆန့်ကျင်သည်ဟူ၍ မယူမှတ်ချေ၊ သို့ဖြင့် တရားမဝင်ပေ။” ထို့ပြင် ဤသတင်းစာက “တစ်နေ့နေ့တွင် လူတိုင်း သေရမည်ဖြစ်ပြီး သေရမည့်အချိန်သို့ဖြစ်စဉ်ကို တစ်ဦးစီဆုံးဖြတ်နိုင်သည်” ဟုတရားသူကြီးများ၏အမြင်ကို ထောက်ပြခဲ့သည်။
အမှန်အားဖြင့် ယေဟောဝါသက်သေများသည် ယင်းကိစ္စကို စူးစမ်းရှာဖွေခဲ့ကြပြီးဖြစ်ကာ အသက်ရှင်ရန် အကောင်းဆုံးနည်းကို သူတို့ရွေးချယ်ထားကြောင်း စိတ်ချယုံကြည်ကြသည်။ ထိုတွင် လူသိများသော သွေးသွင်းခြင်းအန္တရာယ်များကို ငြင်းပယ်ခြင်းနှင့် နိုင်ငံအများတွင် ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနေကြသည့်အပြင် ဘုရားသခင့်ပညတ်နှင့်ညီညွတ်သော သွေးမပါသည့်ကုသနည်းများကို လက်ခံခြင်းတို့ပါဝင်သည်။ (တမန်တော် ၂၁:၂၅) ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဆိုင်ရာ နာမည်ကျော်ဂျပန်ပါမောက္ခတစ်ဦးက ဤသို့ထောက်ပြခဲ့သည်– “အမှန်စင်စစ် ဆွေးနွေးဆဲ [သွေးသွင်း] ကုသနည်းကို ငြင်းပယ်ခြင်းသည် ‘မည်သို့သေရမည်’ ကိုရွေးချယ်ခြင်းမဟုတ်ဘဲ မည်သို့အသက်ရှင်ရမည်ကိုရွေးချယ်ခြင်းဖြစ်သည်။”
အထက်တရားရုံးမှ ချမှတ်ခဲ့သောစီရင်ချက်က သမားတော်များ၏ ချင့်ချိန်၍ဆောင်ရွက်ပိုင်ခွင့်သည် အချို့ထင်ခဲ့သလောက် မကျယ်ပြန့်ကြောင်း သတိပေးနှိုးဆော်သင့်သည်။ ယင်းကြောင့် လူ့ကျင့်ဝတ်လမ်းညွှန်ချက်များကို ပြဋ္ဌာန်းသည့် ဆေးရုံများ ပိုများလာစေသင့်သည်။ ဤတရားရုံးစီရင်ထုံးကို အများအားဖြင့် လက်ခံခဲ့ကြပြီး မိမိတို့၏ကုသနည်းနှင့်ပတ်သက်၍ ပြောပိုင်ခွင့်သိပ်မရှိခဲ့သော လူနာများအတွက် အားပေးမှုတစ်ခုဖြစ်ခဲ့သော်လည်း ယင်းကို အဖွဲ့အားလုံးက စိတ်အားထက်သန်စွာ မခံယူခဲ့ကြချေ။ ပြည်သူပိုင်ဆေးရုံနှင့် ဆရာဝန်သုံးဦးသည် ထိုအမှုကိုတရားရုံးချုပ်သို့ အယူခံဝင်ထားသည်။ ထို့ကြောင့် စကြဝဠာပိုင်သအုပ်စိုးရှင်သည် လုပ်ပိုင်ခွင့်များပေးသကဲ့သို့ ဂျပန်နိုင်ငံ၏အမြင့်ဆုံးတရားရုံးက လူနာ၏လုပ်ပိုင်ခွင့်ထောက်ခံပေး၊ မပေး ကျွန်ုပ်တို့စောင့်ကြည့်ကြရမည်။
[အောက်ခြေမှတ်ချက်များ]
a တရားသူကြီး အနက်ဖွင့်ဆို၍ ကျင့်သုံးရန်ချန်လှပ်ထားသည့် ဥပဒေအရတိတိကျကျမဖော်ပြထားသော ယူဆချက်တစ်ရပ်ဖြစ်သည်။
b ယင်းသည် ငယ်သားများကို အုပ်ချုပ်ပုံဖြစ်သည့် တိုကူဂါဝါခေတ်က မြေရှင်သခင်များ၏ဝါဒဖြစ်သည်။