“ဘုရားသခင်သည် ငါတို့ဘက်၌ရှိတော်မူလျှင်၊ အဘယ်သူသည် ငါတို့တစ်ဖက်၌နေနိုင်မည်နည်း”
“သို့ဖြစ်၍ ဤအရာများတို့၌ အဘယ်သို့ပြောစရာရှိသနည်း။ ဘုရားသခင်သည် ငါတို့ဘက်၌ရှိတော်မူလျှင်၊ အဘယ်သူသည် ငါတို့တစ်ဖက်၌နေနိုင်မည်နည်း။”—ရောမ ၈:၃၁။
၁။ ဣသရေလလူမျိုးနှင့်အတူ အီဂျစ်ပြည်မှ မည်သူတို့ထွက်ခွာခဲ့ကြသနည်း၊ အဘယ်အရာက သူတို့ကိုထိုသို့ပြုစေခဲ့သနည်း။
ဣသရေလလူမျိုးသည် အီဂျစ်ပြည်တွင် ၂၁၅ နှစ်တိုင်နေထိုင်ခဲ့ကြပြီး ၎င်းနှစ်အတော်များများမှာ ကျွန်ဘဝဖြင့်နေထိုင်ခဲ့ကြရာမှ လွတ်မြောက်လာကြသောအခါ သူတို့နှင့် “အမျိုးမျိုးသောလူအများတို့သည်လည်း . . . လိုက်ကြ၏။” (ထွက်မြောက်ရာ ၁၂:၃၈) အီဂျစ်ပြည်ကို ဖရိုဖရဲပျက်စီးစေခဲ့ပြီး ၎င်း၏မှားသောဘုရားများကို လှောင်ပြောင်စရာဖြစ်စေခဲ့သည့် ကြောက်မက်ဖွယ်ကပ်ဘေးဆယ်ပါးကို ဣသရေလလူမျိုးမဟုတ်သော ထိုသူတို့ကြုံတွေ့ခဲ့ကြရသည်။ တစ်ကြိမ်တည်းတွင် အထူးသဖြင့် လေးခုမြောက်ကပ်ဘေးမှစ၍ ယေဟောဝါသည် မိမိ၏လူမျိုးတော်ကို ကာကွယ်နိုင်ကြောင်းကို သူတို့မြင်တွေ့ခဲ့ကြ၏။ (ထွက်မြောက်ရာ ၈:၂၃၊ ၂၄) ယေဟောဝါ၏ရည်ရွယ်ချက်များကို အကန့်အသတ်ဖြင့်သာ သူတို့သိရှိခဲ့ကြသော်လည်း ဤအချက်ကိုကား သူတို့သေချာသိကြသည်– အီဂျစ်ပြည်၏ဘုရားများသည် အီဂျစ်လူမျိုးကို မကာကွယ်နိုင်ကြောင်းနှင့် ယေဟောဝါမူကား ဣသရေလလူမျိုးဘက် ခွန်အားကြီးမားကြောင်းတင်ပြခဲ့ခြင်းဖြစ်သည်။
၂။ ရာခပ်သည် ဣသရေလသူလျှိုများကို အဘယ်ကြောင့်ထောက်ပံ့ကူညီပေးခဲ့သနည်း၊ ထိုလူမျိုး၏ဘုရားသခင်၌ သူယုံကြည်ကိုးစားခဲ့ခြင်းသည် အဘယ်ကြောင့်မမှားခဲ့သနည်း။
၂ နောင်အနှစ်လေးဆယ်လွန်ပြီး ကတိထားရာပြည်ထဲ ဣသရေလလူမျိုး မဝင်မီကလေးတွင် မောရှေကိုဆက်ခံသူ ယောရှုသည် နယ်မြေကိုစူးစမ်းရန် သူလျှိုနှစ်ဦးကိုစေလွှတ်ခဲ့သည်။ ထိုတွင် ယေရိခေါမြို့သူရာခပ်နှင့် သူတို့တွေ့ဆုံခဲ့ကြသည်။ အီဂျစ်ပြည်မှ ဣသရေလလူမျိုးထွက်ခွာလာချိန် အနှစ် ၄၀ ကာလအတောအတွင်း သူတို့ကိုကာကွယ်ရန် ယေဟောဝါစီရင်တော်မူခဲ့သော တန်ခိုးပါသည့်လုပ်ရပ်များအကြောင်း ကြားခဲ့ဖူးရာများက၊ သူ့အားသိရှိစေသည်မှာ ဘုရားသခင့်ကောင်းချီးကို သူရလိုလျှင် ကိုယ်တော့်လူမျိုးတော်ကို ကူညီပေးရမည်ဖြစ်သည်။ သူ၏ပညာရှိသောဆုံးဖြတ်ချက်ကြောင့် နောက်ပိုင်းတွင် ဣသရေလလူမျိုးတို့ မြို့တော်ကိုသိမ်းပိုက်သောအခါ သူနှင့်သူ့မိသားစုသည် အသက်ချမ်းသာရခဲ့ကြသည်။ သူတို့ကာကွယ်ခံခဲ့ကြရသည့် အံ့ဖွယ်နည်းကိုယ်နှိုက်က ဘုရားသခင်သည် သူတို့နှင့်အတူရှိကြောင်း မမှားနိုင်သောသာဓကဖြစ်၏။ သို့ဖြစ်၍ ဣသရေလအမျိုး၏ဘုရားသခင်၌ ရာခပ်ယုံကြည်ကိုးစားခဲ့ခြင်းသည် မမှားခဲ့ပါ။—ယောရှု ၂:၁၊ ၉-၁၃; ၆:၁၅-၁၇၊ ၂၅။
၃။ (က) ပြန်တည်ဆောက်ထားသော ယေရိခေါမြို့အနီးတွင် အဘယ်အံ့ဖွယ်အမှုကို ယေရှုပြုလုပ်ခဲ့သနည်း၊ ဂျူးတရားဟောဆရာများ မည်သို့တုံ့ပြန်ခဲ့ကြသနည်း။ (ခ) ဂျူးအချို့နှင့် နောင်တွင် ဂျူးမဟုတ်သူအများသည် အဘယ်အရာကို သိရှိလာခဲ့ကြသနည်း။
၃ ဆယ့်ငါးရာစုလွန်လေပြီးနောက် ယေရှုခရစ်သည် ပြန်လည်ဆောက်လုပ်ထားသော ယေရိခေါမြို့အနီးတွင် မျက်မမြင် သူတောင်းစားတစ်ဦးကို ကုသပေးခဲ့သည်။ (မာကု ၁၀:၄၆-၅၂; လုကာ ၁၈:၃၅-၄၃) ထိုသူက မိမိကို ကယ်မသနားရန် ယေရှုအားပန်ကြားခဲ့ရာ ဘုရားသခင့်ကျောထောက်နောက်ခံမှု ယေရှုရရှိထားသည်ကို သူအသိအမှတ်ပြုကြောင်းတင်ပြခဲ့သည်။ တစ်ဖက်တွင်မူ ဘုရားသခင့်အမှုတော်ကို ယေရှုထမ်းဆောင်နေသည့် အထောက်အထားအဖြစ် ကိုယ်တော်ပြုလုပ်ခဲ့သော အံ့ဖွယ်အမှုများကို ဂျူးဘာသာရေးခေါင်းဆောင်များနှင့် သူတို့၏နောက်လိုက်များသည် လက်မခံခဲ့ကြချေ။ ယင်းအစား ကိုယ်တော်ကိုအပြစ်ရှာခဲ့ကြသည်။ (မာကု ၂:၁၅၊ ၁၆; ၃:၁-၆; လုကာ ၇:၃၁-၃၅) ယေရှုကိုသူတို့အဆုံးစီရင်ကြပြီးနောက် ကိုယ်တော်ရှင်ပြန်ထမြောက်ပြီကို သူတို့ကြားသိသည့်အခါ၌ပင် ယင်းသည် ဘုရားသခင့်လုပ်ဆောင်ချက်ဖြစ်ကြောင်း သူတို့ဝန်မခံလိုကြချေ။ ယင်းအစား သူတို့ကဦးဆောင်၍ ယေရှု၏နောက်လိုက်များကို နှိပ်စက်ညှဉ်းပန်းကာ ‘သခင်ယေရှု၏ သတင်းကောင်းကြေညာခြင်း’ လုပ်ငန်းကို တားဆီးဖို့ကြိုးစားခဲ့ကြသည်။ သို့သော် ဂျူးအချို့နှင့် နောက်ပိုင်းတွင် ဂျူးမဟုတ်သူများစွာတို့သည် ထိုဖြစ်ရပ်များကို သတိပြုမိခဲ့ကြပြီး မှန်ကန်စွာအကဲဖြတ်ကြ၏။ ဘုရားသခင်သည် မိမိကိုယ်ကိုဖြောင့်မတ်သည်ဟုထင်မှတ်နေကြသူ ဂျူးခေါင်းဆောင်များကို ပစ်ပယ်ပြီး ယေရှုခရစ်၏နှိမ့်ချသော နောက်လိုက်များကို ကျောထောက်နောက်ခံပေးကြောင်း ထိုဖြစ်ရပ်များက သူတို့အား အထင်အရှားသိမြင်စေခဲ့သည်။—တမန်တော် ၁၁:၁၉-၂၁။
ယနေ့ မည်သူတို့သည် ဘုရားသခင့်ကျောထောက်နောက်ခံမှုရရှိသနည်း
၄၊ ၅။ (က) ဘာသာတရားရွေးချယ်မှုနှင့်ပတ်သက်၍ အချို့မည်သို့ယူမှတ်သနည်း။ (ခ) စစ်မှန်သောဘာသာတရားကို ခွဲခြားသတ်မှတ်သောအခါ အဓိကကျသောအချက်ကားအဘယ်နည်း။
၄ စစ်မှန်သောဘာသာနှင့်ပတ်သက်၍ မကြာသေးမီက ရုပ်သံလူတွေ့မေးမြန်းခန်းတစ်ခု၌ တရားဟောဆရာတစ်ဦးက ဤသို့ဆိုခဲ့သည်– “လူတစ်ဦးသည် ဘာသာတရားတစ်ခုနှင့်အညီနေထိုင်သောအခါ သူ့ကို သာ၍ကောင်းလာစေမည်ဆိုပါက ထိုဘာသာသည် အမှန်ဖြစ်သည်ဟု ကျွန်ုပ်အခိုင်အမာဆိုမည်။” မှန်ပါသည်၊ စစ်မှန်သောဘာသာသည် လူတို့ကို သာ၍ကောင်းလာစေသည်။ သို့သော် ဘာသာတရားတစ်ခုက လူကိုသာ၍ကောင်းလာစေရုံမျှဖြင့် ၎င်းသည် ဘုရားသခင့်ကျောထောက်နောက်ခံမှုရရှိသည်ဟု သက်သေထူပါသလော။ ဘာသာတရားတစ်ခုသည် မှန်မမှန်ပိုင်းဖြတ်ရန် ၎င်းမူသည် မှတ်ကျောက်ဖြစ်သလော။
၅ ဘာသာရေးခံယူချက်ရွေးချယ်မှုအပါအဝင် ကိုယ်ပိုင်ရွေးချယ်မှုများပြုနိုင်ခြင်းကို လူတိုင်းတန်ဖိုးထားကြသည်။ သို့ရာတွင် လွတ်လပ်စွာရွေးချယ်ခွင့်ရှိခြင်းကိုယ်နှိုက်က အမှန်ကိုရွေးချယ်လိမ့်မည်ဟု အာမမခံပါ။ ဥပမာ၊ လူအချို့သည် ဘာသာတရားတစ်ခု၏ဦးရေပမာဏ၊ ကြွယ်ဝမှု၊ အခမ်းအနားကျင်းပပုံထည်ဝါမှု သို့မဟုတ် သူတို့၏မိသားစုနှောင်ကြိုးပေါ်မူတည်လျက် ဘာသာတရားကို ရွေးချယ်ကြသည်။ ဘာသာတရားတစ်ခု မှန်မမှန်စိစစ်ရာ၌ ဤအရာတစ်ခုမျှ မည်သည့်နည်းဖြင့်မျှ အဆုံးအဖြတ်မပေးချေ။ ဤကိစ္စ၌အဓိကကျသည့်အချက်မှာ အဘယ်ဘာသာတရားသည် ဘုရားသခင့်အလိုတော်ကိုဆောင်ရွက်ရန် ယင်း၏နောက်လိုက်များကို တိုက်တွန်းပေးပြီး ‘ဘုရားသခင်သည် ငါတို့ဘက်၌ရှိတော်မူ၏’ ဟုသူတို့ယုံကြည်စိတ်ချစွာ ပြောဆိုစေဖို့ ဘုရားသခင်၏ကျောထောက်နောက်ခံမှုရရှိသည်ဟု ခိုင်လုံသောအထောက်အထား ပေးနိုင်သနည်းဟူ၍ဖြစ်သည်။
၆။ ဘာသာတရားအမှန်နှင့်အမှားကိစ္စအပေါ် ယေရှု၏အဘယ်စကားများက အလင်းဖြာပေးသနည်း။
၆ ယေရှုက “အတွင်း၌ကြမ်းတမ်းသောဝံပုလွေဖြစ်လျက် သိုးရေကိုခြုံ၍ သင်တို့ရှိရာသို့လာသော [အယူမှား] ပရောဖက်တို့ကို သတိနှင့်ရှောင်ကြလော့။ ထိုသူတို့၏အသီးကိုထောက်၍ သူတို့ကိုသိကြလိမ့်မည်” ဟုဆိုသောအခါ ဝတ်ပြုမှုအမှန်နှင့်အမှား ခွဲခြားသိမြင်ဖို့နည်းကို ကိုယ်တော်ချမှတ်ပေးခဲ့သည်။ (မဿဲ ၇:၁၅၊ ၁၆၊ သမ္မာ; မာလခိ ၃:၁၈) ယနေ့ မည်သူတို့၌ ဘုရားသခင့်ကျောထောက်နောက်ခံမှုရှိကြောင်း ပွင့်လင်းစွာဆုံးဖြတ်နိုင်ရန် စစ်မှန်သောဘာသာ၏ “အသီး” သို့မဟုတ် ခွဲခြားဖော်ပြသည့်အမှတ်အသားအချို့ကို သုံးသပ်ကြည့်ကြစို့။
ဘုရားသခင့်ကျောထောက်နောက်ခံမှု ရရှိထားသူတို့ကို ခွဲခြားဖော်ပြသည့်အမှတ်အသားများ
၇။ သမ္မာကျမ်းစာအပေါ် အခြေပြုသည့်အရာကိုသာ သွန်သင်ခြင်းဟူသည် အဘယ်အရာကိုဆိုလိုသနည်း။
၇ သူတို့၏သွန်သင်ချက်များကို သမ္မာကျမ်းစာအပေါ်အခြေပြုကြသည်။ ယေရှုကဤသို့ဆိုခဲ့သည်– “ငါဟောသော [တရားတော်] သည် ငါ၏ [တရားတော်] မဟုတ်။ ငါ့ကိုစေလွှတ်တော်မူသောသူ၏ [တရားတော်] ဖြစ်၏။ ထိုသူ၏အလိုတော်သို့လိုက်ချင်သောသူမည်သည်ကား၊ ဤ [တရားတော်] သည် ဘုရားသခင်၏ [တရားတော်] ဖြစ်သလော၊ ငါသည် ကိုယ်အလိုအလျောက်ဟောပြောသလောဟု ပိုင်းခြား၍သိလိမ့်မည်။” ထို့ပြင် “ဘုရားသခင်နှင့်စပ်ဆိုင်သောသူသည် ဘုရားသခင်၏စကားတော်ကို နားထောင်တတ်၏။” (ယောဟန် ၇:၁၆၊ ၁၇; ၈:၄၇) ဆင်ခြင်တုံတရားနှင့်အညီ လူတစ်ဦးသည် ဘုရားသခင့်ကျောထောက်နောက်ခံမှုရရှိရန် သမ္မာကျမ်းစာ၌ ဘုရားသခင်ဖွင့်ပြထားရာများကိုသာ သွန်သင်ပြီး လူ့ဉာဏ်ပညာ သို့မဟုတ် ထုံးတမ်းစဉ်လာအပေါ်အခြေပြုသော သွန်သင်ချက်များကို ငြင်းပယ်ရမည်။—ဟေရှာယ ၂၉:၁၃; မဿဲ ၁၅:၃-၉; ကောလောသဲ ၂:၈။
၈။ ဝတ်ပြုရေးတွင် ဘုရားသခင့်နာမတော်ကိုအသုံးပြုဖို့ အဘယ်ကြောင့်အရေးကြီးသနည်း။
၈ သူတို့သည် ဘုရားသခင့်နာမတော် ယေဟောဝါကိုအသုံးပြု၍ ကြေညာကြသည်။ ဟေရှာယကဤသို့ကြိုပြောခဲ့သည်– “ထိုကာလ၌လည်း ‘ထာဝရဘုရား၏ဂုဏ်တော်ကို ချီးမွမ်းကြလော့။ နာမတော်ကို [ခေါ်] ကြလော့။ အမှုတော်တို့ကို လူများတို့တွင် ဖော်ပြကြလော့။ နာမတော်သည် မြင့်မြတ်သောကြောင့် ချီးမွမ်းကြလော့။ ထာဝရဘုရားကို ထောမနာသီချင်းဆိုကြလော့။ ထူးဆန်းသောအမှုကိုပြုတော်မူပြီ။ အမှုတော်သည် မြေတစ်ပြင်လုံး၌ ထင်ရှားပါစေ’ . . . ဟုမြွက်ဆိုရလိမ့်မည်။” (ဟေရှာယ ၁၂:၄၊ ၅) မိမိ၏နောက်လိုက်များကို ဤသို့ဆုတောင်းရန် ယေရှုသွန်သင်ပေးခဲ့သည်– “ကောင်းကင်ဘုံ၌ရှိတော်မူသော အကျွန်ုပ်တို့အဘ၊ ကိုယ်တော်၏နာမတော်အား ရိုသေလေးမြတ်ခြင်းရှိပါစေသော။” (မဿဲ ၆:၉) ထို့ကြောင့် ဂျူးလူမျိုးဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ခရစ်ယာန်များသည် ‘[ဘုရားသခင့်] နာမတော်အဖို့ လူတစ်မျိုး’ အဖြစ်အမှုထမ်းဖို့ဖြစ်သည်။ (တမန်တော် ၁၅:၁၄) ‘မိမိနာမတော်အဖို့ လူတစ်မျိုး’ ဖြစ်လိုသူတို့ကို ကျောထောက်နောက်ခံပေးရန် ဘုရားသခင်နှစ်သက်ကြောင်းထင်ရှားသည်။
၉။ (က) ရွှင်လန်းခြင်းသည် စစ်မှန်သောဘာသာဝင်များကို အဘယ်ကြောင့်ခွဲခြားသိမြင်စေသနည်း။ (ခ) ဘာသာအမှန်နှင့် အမှားကို ဟေရှာယမည်သို့နှိုင်းယှဉ်ဖော်ပြသနည်း။
၉ သူတို့သည် ဘုရားသခင်၏ ရွှင်လန်းသောဂုဏ်ရည်တော်ကို ရောင်ပြန်ဟပ်ကြသည်။ ယေဟောဝါသည် “သတင်းကောင်း” ကိုစတင်ဖြစ်ပွားစေသူဖြစ်သောကြောင့် “ပျော်ရွှင်သောဘုရားသခင်” ဖြစ်တော်မူ၏။ (၁ တိမောသေ ၁:၁၁၊ ကဘ) သို့ဖြစ်၍ ကိုယ်တော်အားဝတ်ပြုသူတို့သည် ပျော်ရွှင်မှုမရှိ သို့မဟုတ် အမြဲတစေအပျက်သဘောရှုမြင်သူများ မည်သို့ဖြစ်နိုင်မည်နည်း။ ကမ္ဘာ့ဘေးဒဏ်များနှင့် ကိုယ်ရေးကိုယ်တာပြဿနာများအကြား စစ်မှန်သောခရစ်ယာန်များသည် ဝိညာဉ်အစာကို အလျှံပယ်မှန်မှန်စားသုံးကြရသောကြောင့် ဆက်လက်ရွှင်လန်းလျက်နေသည်။ သူတို့သည် ဘာသာမှားလိုက်စားသူတို့နှင့်မတူကြောင်း ဟေရှာယက ဤသို့နှိုင်းယှဉ်ဖော်ပြခဲ့သည်– “ထို့ကြောင့် အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား ‘ငါ၏ကျွန်တို့သည် စားကြလိမ့်မည်။ သင်တို့မူကား မွတ်သိပ်ကြလိမ့်မည်။ ငါ၏ကျွန်တို့သည် သောက်ကြလိမ့်မည်။ သင်တို့မူကား ရေငတ်ကြလိမ့်မည်။ ငါ၏ကျွန်တို့သည် ဝမ်းမြောက်ကြလိမ့်မည်။ သင်တို့မူကား ရှက်ကြောက်ကြလိမ့်မည်။ ငါ၏ကျွန်တို့သည် ရွှင်လန်းသောစိတ်နှင့် သီချင်းဆိုကြလိမ့်မည်။ သင်တို့မူကား ဝမ်းနည်းသောစိတ်နှင့် ငိုကြွေးကြလိမ့်မည်။ ကြေကွဲသောနှလုံးနှင့် ညည်းတွားမြည်တမ်းကြလိမ့်မည်။”—ဟေရှာယ ၆၅:၁၃၊ ၁၄။
၁၀။ စစ်မှန်သောဘာသာဝင်တို့သည် စမ်းသပ်ကြည့်ပြီးမှ သင်ယူလက်ခံခြင်းကို မည်သို့ရှောင်ရှားသနည်း။
၁၀ သူတို့၏အမူအကျင့်နှင့် ဆုံးဖြတ်ချက်တို့ကို ကျမ်းစာမူများအပေါ် အခြေပြုကြသည်။ နယပုံပြင်ကျမ်းရေးသူက ကျွန်ုပ်တို့ကိုဤသို့တိုက်တွန်း၏– “ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ကိုးစားလော့။ ကိုယ်ဉာဏ်ကိုအမှီမပြုနှင့်။ သွားလေရာရာ၌ ထာဝရဘုရားကိုမျက်မှောက်ပြုလော့။ သို့ပြုလျှင် သင်၏လမ်းခရီးတို့ကို ပဲ့ပြင်တော်မူမည်။” (သု. ၃:၅၊ ၆) ဘုရားသခင်ရေးရာဉာဏ်ပညာကို လျစ်လျူရှုသူတို့၏ ရှေ့နောက်မညီသော အတွေးအခေါ်များအစား ကိုယ်တော်၏လမ်းညွှန်မှုကို မျှော်ကိုးသူတို့အား ဘုရားသခင်ထောက်မတော်မူ၏။ လူတစ်ဦးသည် ကျမ်းစာနှင့်အညီ မိမိဘဝကို ပုံသွင်းရန် လိုလိုလားလားရှိလျှင် ထိုအတိုင်းအတာနှင့်အညီ သူသည် စမ်းသပ်ကြည့်ပြီးမှ သင်ယူလက်ခံခြင်းကို ရှောင်ရှားမည်။—ဆာလံ ၁၁၉:၃၃; ၁ ကောရိန္သု ၁:၁၉-၂၁။
၁၁။ (က) စစ်မှန်သောဘာသာဝင်များသည် တရားဟောဆရာနှင့် အသင်းသားအတန်းအစားအဖြစ်သို့ အဘယ်ကြောင့်မခွဲခြားနိုင်သနည်း။ (ခ) ဘုရားသခင့်လူမျိုးတော်အလယ်၌ ဦးဆောင်နေသူတို့သည် သိုးတော်စုအတွက် အဘယ်ပုံသက်သေကိုပြဖို့ဖြစ်သနည်း။
၁၁ သူတို့သည် ပထမရာစု ခရစ်ယာန်အသင်းတော်ပုံစံအတိုင်း ဖွဲ့စည်းခံရကြသည်။ ဤမူကိုယေရှုချမှတ်ခဲ့၏– “သင်တို့မူကား အရှင်ဘုရားဟု ခေါ်ဝေါ်ခြင်းကို မခံကြနှင့်။ ခရစ်တော်တည်းဟူသော သင်တို့ . . . ဆရာတစ်ပါးတည်းရှိ၏။ သင်တို့အပေါင်းသည် ညီအစ်ကိုချင်းဖြစ်ကြ၏။ မြေကြီးပေါ်မှာ အဘယ်သူကိုမျှ အဘဟူ၍မခေါ်ဝေါ်ကြနှင့်။ ကောင်းကင်ဘုံ၌ သင်တို့အဘတစ်ပါးတည်းရှိတော်မူ၏။ . . . ဆရာဟု ခေါ်ဝေါ်ခြင်းကို မခံကြနှင့်။ ခရစ်တော်တည်းဟူသော သင်တို့ . . . ဆရာတစ်ပါးတည်းရှိ၏။ သင်တို့တွင် အကြီးဖြစ်သောသူသည် သင်တို့အစေခံဖြစ်ရ၏။” (မဿဲ ၂၃:၈-၁၁) ညီအစ်ကိုများဖြင့်ဖွဲ့စည်းထားသော အသင်းတော်တစ်ခုတွင် ဘွဲ့ထူးဂုဏ်ထူးများနှင့် မိမိကိုယ်ကိုဂုဏ်တင်ကာ အသင်းသားတို့အထက် မိမိကိုယ်ကိုချီးမြှောက်သည့် ဘဝင်မြင့်သော တရားဟောဆရာအတန်းအစားမရှိစေပါ။ (ယောဘ ၃၂:၂၁၊ ၂၂) ဘုရားသခင့်သိုးတော်စုကို ထိန်းကျောင်းသူတို့သည် ဤသို့ပြုရန်မှာကြားခံရကြသည်– “အနိုင်ထိန်းရသောကြောင့်မဟုတ်၊ မစင်ကြယ်သောစီးပွားကို တပ်မက်သောကြောင့်မဟုတ်ဘဲ၊ အလိုလိုစေတနာစိတ်ရှိ၍ ကြည့်ရှုအုပ်ထိန်းကြလော့။ အသီးအသီးအုပ်သောအသင်းတော်တို့ကို အာဏာထား၍ အစိုးတရပြုသည်မဟုတ်ဘဲ၊ သိုးတော်စုရှေ့မှာ ပုံသက်သေကိုပြသောသူဖြစ်ကြလော့။” (၁ ပေတရု ၅:၂၊ ၃) စစ်မှန်သောခရစ်ယာန်သိုးထိန်းများသည် အခြားသူများ၏ယုံကြည်ခြင်းအပေါ် အစိုးတရပြုဖို့ မကြိုးစားကြချေ။ ဘုရားသခင့်အမှုတော်၌ လုပ်သားချင်းများအဖြစ် ပုံသက်သေကောင်းပြဖို့သာ သူတို့ကြိုးပမ်းကြသည်။—၂ ကောရိန္သု ၁:၂၄။
၁၂။ ဘုရားသခင်သည် မိမိ၏ကျောထောက်နောက်ခံမှုရလိုသူတို့ထံမှ လူ့အစိုးရများနှင့်ပတ်သက်၍ အဘယ်မျှတသောအမြင်ရှိဖို့ တောင်းဆိုသနည်း။
၁၂ သူတို့သည် လူ့အစိုးရများကို လက်အောက်ခံကြသည်၊ သို့သော် ကြားနေကြ၏။ “အစိုးရသောမင်းအာဏာစက်၏အုပ်စိုးခြင်းကို . . . ဝန်ခံ” ဖို့ပျက်ကွက်သူသည် ဘုရားသခင့်ကျောထောက်နောက်ခံမှုရဖို့ မမျှော်လင့်နိုင်ပါ။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ “အာဏာစက်ရှိသမျှသည် ဘုရားသခင်ခန့်ထားတော်မူရာဖြစ်သတည်း။ ထို့ကြောင့်၊ မင်းအာဏာကိုဆန်သောသူသည် ဘုရားသခင်စီရင်တော်မူရာကိုဆန်သောသူဖြစ်၏။” (ရောမ ၁၃:၁၊ ၂) သို့သော် ယေရှုက “ကဲသာဘုရင်၏ဥစ္စာကို ကဲသာဘုရင်အားဆက်ပေးကြလော့။ ဘုရားသခင်၏ဥစ္စာကိုကား ဘုရားသခင်အားဆက်ပေးကြလော့” ဟုမိန့်ဆိုသောအခါ ကွဲလွဲဆန့်ကျင်သောသဘော ရှိနိုင်ကြောင်းကို ကိုယ်တော်အသိအမှတ်ပြုခဲ့သည်။ (မာကု ၁၂:၁၇) ဘုရားသခင့်ကျောထောက်နောက်ခံမှုရလိုသူတို့သည် “[ဘုရားသခင်၏] နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားတော်ကို ရှေးဦးစွာရှာ” ရမည်၊ တစ်ကြိမ်တည်းတွင် ဘုရားသခင်အပေါ် သူတို့၏ပိုကြီးမားသောတာဝန်များနှင့် ညီညွတ်သည့် နိုင်ငံ့ဥပဒေများကိုလည်း သူတို့နာခံကြရမည်။ (မဿဲ ၆:၃၃; တမန်တော် ၅:၂၉) မိမိ၏တပည့်တော်များနှင့်ပတ်သက်၍ ယေရှုက “အကျွန်ုပ်သည် ဤလောကနှင့်မဆက်ဆံသကဲ့သို့ ဤသူတို့သည်မဆက်ဆံကြပါ” ဟုဆိုသောအခါ ကြားနေခြင်းကို ကိုယ်တော်အလေးပေးဖော်ပြခဲ့သည်။ နောက်ပိုင်းတွင် ကိုယ်တော်က ဤသို့ထပ်၍မိန့်ဆိုခဲ့၏– “ငါ၏နိုင်ငံသည် ဤဒေသအရပ်နှင့်မစပ်ဆိုင်။”—ယောဟန် ၁၇:၁၆; ၁၈:၃၆။
၁၃။ ဘုရားသခင့်လူမျိုးတော်ကို ခွဲခြားသိမြင်ရာ၌ မေတ္တာသည် အဘယ်ကဏ္ဍ၌ပါဝင်သနည်း။
၁၃ သူတို့သည် “ခပ်သိမ်းသောသူတို့အား ကျေးဇူးပြု” ကြရာ၌ မျက်နှာမလိုက်ကြချေ။ (ဂလာတိ ၆:၁၀) ခရစ်ယာန်မေတ္တာသည် မျက်နှာမလိုက်တတ်၊ အသားအရောင်၊ စီးပွားရေး သို့မဟုတ် ပညာအရည်အချင်း၊ လူမျိုးဘာသာမရွေး အားလုံးကိုလက်ခံသည်။ အားလုံးကိုအကျိုးပြုခြင်း အထူးသဖြင့် ယုံကြည်ခြင်းတူသူတို့ကို ကောင်းမှုပြုခြင်းက ဘုရားသခင့်ကျောထောက်နောက်ခံမှုရှိထားသူတို့ကို ခွဲခြားသိမြင်စေသည်။ ယေရှုကဤသို့မိန့်ဆိုခဲ့သည်– “သင်တို့သည် အချင်းချင်းချစ်ကြလျှင်၊ လူအပေါင်းတို့သည် ထိုမေတ္တာကိုထောက်၍ သင်တို့သည် ငါ၏တပည့်ဖြစ်သည်ကို သိရကြလိမ့်မည်။”—ယောဟန် ၁၃:၃၅; တမန်တော် ၁၀:၃၄၊ ၃၅။
၁၄။ ဘုရားသခင့်မျက်နှာသာရရှိထားသူတို့သည် အများနှစ်သက်လက်ခံမှုရကြသလော။ ရှင်းပြပါ။
၁၄ သူတို့သည် ဘုရားသခင့်အလိုတော်ဆောင်ခြင်းအတွက် နှိပ်စက်ညှဉ်းပန်းခံဖို့အသင့်ရှိကြသည်။ မိမိ၏နောက်လိုက်များကို ယေရှုဤသို့ကြိုတင်သတိပေးခဲ့သည်– “သူတို့သည် ငါ့ကိုညှဉ်းဆဲလျှင် သင်တို့ကိုညှဉ်းဆဲကြလိမ့်မည်။ ငါ့စကားကိုနားထောင်လျှင် သင်တို့၏စကားကိုနားထောင်ကြလိမ့်မည်။” (ယောဟန် ၁၅:၂၀; မဿဲ ၅:၁၁၊ ၁၂; ၂ တိမောသေ ၃:၁၂) ယုံကြည်ခြင်းအားဖြင့် လောကသားတို့ကို အပြစ်တင်သူနောဧကဲ့သို့ ဘုရားသခင့်ကျောထောက်နောက်ခံမှုရရှိထားသူတို့သည် အများနှစ်သက်မှုကို အမြဲမခံရကြချေ။ (ဟေဗြဲ ၁၁:၇) ယနေ့ ဘုရားသခင့်ကျောထောက်နောက်ခံမှုရလိုသူတို့သည် သမ္မာကျမ်းစာကို ပေါ့ပျက်သွားစေခြင်း သို့မဟုတ် နှိပ်စက်ညှဉ်းပန်းမှုမခံရဖို့ ဘုရားသခင်ရေးရာမူများကို အလျှော့ပေးလိုက်လျောခြင်း မပြုဝံ့ကြချေ။ ဘုရားသခင်အား မိမိတို့တည်ကြည်စွာ အမှုထမ်းသမျှကာလပတ်လုံး လူတို့သည် “အံ့ဩ၍ ကဲ့ရဲ့” ကြမည်ကို သူတို့သိထားကြသည်။—၁ ပေတရု ၂:၁၂; ၃:၁၆; ၄:၄။
အဖြစ်မှန်ကိုအကဲဖြတ်ရန်အချိန်
၁၅၊ ၁၆။ (က) ဘုရားသခင့်ကျောထောက်နောက်ခံမှုရရှိထားသော ဘာသာရေးအုပ်စုကို ခွဲခြားသိမြင်စေရာ၌ အဘယ်မေးခွန်းများက ထောက်ကူပေးမည်နည်း။ (ခ) သန်းပေါင်းများစွာသောသူတို့သည် အဘယ်ကောက်ချက်ချခဲ့ကြသနည်း၊ အဘယ်ကြောင့်နည်း။
၁၅ သင့်ကိုယ်သင်ဤသို့မေးပါ– ‘အဘယ်ဘာသာရေးအုပ်စုသည် ၎င်း၏သွန်သင်ချက်များက လူအများစု၏ယုံကြည်ချက်နှင့် ကွဲပြားသည့်အခါ၌ပင် သမ္မာကျမ်းစာကို စွဲကိုင်ထားကြောင်း လူသိများသနည်း။ မိမိတို့ကိုယ်ကိုခွဲခြားဖော်ပြရာ၌ ဘုရားသခင့်ကိုယ်ပိုင်နာမတော်ကို အသုံးပြုသည့်အထိ နာမတော်၏အရေးပါမှုကို မည်သူတို့အလေးပေးကြသနည်း။ ဘုရားသခင့်နိုင်ငံတော်ကို လူ့အခက်အခဲအားလုံး၏ တစ်ခုတည်းသောဖြေရှင်းနည်းအဖြစ် အပြုသဘောဖြင့် မည်သူတို့ညွှန်ပြကြသနည်း။ ခေတ်နောက်ကျသည်ဟု ယူမှတ်ခံရခြင်းကိုမစိုးရိမ်ဘဲ အမူအကျင့်ဆိုင်ရာ သမ္မာကျမ်းစာစံနှုန်းများကို မည်သူတို့ကိုင်စွဲကြသနည်း။ အဘယ်အုပ်စုသည် လခစားတရားဟောဆရာမရှိခြင်း၊ အသင်းသားအားလုံးမှာ ဟောပြောသူများဖြစ်ကြခြင်းအတွက် လူသိများသနည်း။ နိုင်ငံရေးတွင် မပါဝင်ကြသော်လည်း ဥပဒေလိုက်နာသော နိုင်ငံသားများဖြစ်ကြခြင်းအတွက် မည်သူတို့ချီးမွမ်းခံရသနည်း။ ဘုရားသခင်နှင့် ကိုယ်တော့်ရည်ရွယ်ချက်များအကြောင်း သူတစ်ပါးကိုသင်ပေးရန် မေတ္တာရှိစွာ မိမိတို့အချိန်နှင့် ငွေကိုအကုန်ခံသူများကား မည်သူတို့ဖြစ်သနည်း။ ဤချီးကျူးထိုက်သောအမှုများရှိလျက်ကယ် ယနေ့ထက်တိုင် အထင်အမြင်သေးခံရ၊ လှောင်ပြောင်ခံရပြီး နှိပ်စက်ညှဉ်းပန်းခံရသူတို့ကား မည်သူတို့နည်း။’
၁၆ အဖြစ်မှန်ကို ကမ္ဘာတစ်ဝန်းရှိ သန်းချီသောသူတို့ အကဲဖြတ်ခဲ့ကြပြီး ယေဟောဝါသက်သေများသာလျှင် စစ်မှန်သောဘာသာတရားကို လိုက်စားသူဟု ယုံကြည်စိတ်ချလာကြပေပြီ။ ဤသို့သူတို့ကောက်ချက်ချကြခြင်းမှာ ယေဟောဝါသက်သေများ သွန်သင်သည့်အရာနှင့် သူတို့ကျင့်ကြံပြုမူပုံသာမက သူတို့၏ဘာသာရေးက အကျိုးဖြစ်ထွန်းစေခဲ့ပုံတို့အပေါ် မူတည်၍ဖြစ်သည်။ (ဟေရှာယ ၄၈:၁၇) အမှန်မှာ သန်းပေါင်းများစွာသောသူတို့သည် ဇာခရိ ၈:၂၃ ၌ဤသို့ကြိုဟောထားသည့်အတိုင်း ပြောနေကြသည်– “ဘုရားသခင်သည် သင်တို့နှင့်အတူရှိတော်မူသည်ဟု အကျွန်ုပ်တို့သည်ကြားသိ၍ သင်တို့နှင့်အတူလိုက်ပါမည်။”
၁၇။ ယေဟောဝါသက်သေများက မိမိတို့၌ ဘာသာတရားမှန်ရှိသည်ဟု ဖော်ပြခြင်းသည် အဘယ်ကြောင့်ရောင့်တက်ခြင်းမဟုတ်သနည်း။
၁၇ ဘုရားသခင့်ကျောထောက်နောက်ခံမှုကို ယေဟောဝါသက်သေများသာလျှင် ရရှိထားသည်ဟုဆိုခြင်းသည် ရောင့်တက်ခြင်းလော။ အမှန်မှာ အီဂျစ်ပြည်ရှိ ဣသရေလလူမျိုးက အီဂျစ်လူမျိုးတို့ မည်သို့ပင်ခံယူထားကြစေကာမူ မိမိတို့သည် ဘုရားသခင့်ကျောထောက်နောက်ခံမှု ရရှိထားသည်ဟုဆိုခဲ့ခြင်း၊ သို့မဟုတ် ပထမရာစုခရစ်ယာန်များက ဂျူးဘာသာရေးသမားများမဟုတ်ဘဲ မိမိတို့သည် ဘုရားသခင့်ကျောထောက်နောက်ခံမှုကို ရရှိထားသည်ဟုဆိုကြသကဲ့သို့ပင်ဖြစ်သည်။ ယင်းအဆိုမှန်ကြောင်းကို ဖြစ်ရပ်မှန်များက သက်သေထူသည်။ နိုင်ငံပေါင်း ၂၃၅ နိုင်ငံတွင် ယေဟောဝါသက်သေများသည် ဆုံးခန်းကာလ၌ ယေရှု၏နောက်လိုက်စစ်များ လုပ်ဆောင်နေကြမည်ဟု ကိုယ်တော်ကြိုဟောခဲ့သော ဤလုပ်ငန်းကိုလုပ်ဆောင်နေကြသည်– “လူမျိုးအပေါင်းတို့အားသက်သေဖြစ်မည်အကြောင်း [ဘုရားသခင့်] နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို လော [က] နိုင်ငံအရပ်ရပ်ရှိသမျှတို့၌ ဟောရလိမ့်မည်။ သို့ပြီးမှ အဆုံးသည်ဖြစ်လတ္တံ့။”—မဿဲ ၂၄:၁၄။
၁၈၊ ၁၉။ (က) ယေဟောဝါသက်သေများသည် အတိုက်အခံများအကြား သူတို့၏ဟောပြောခြင်းလုပ်ငန်းကိုရပ်တန့်ဖို့ အဘယ်ကြောင့်အကြောင်းမရှိသနည်း။ (ခ) သက်သေခံများကို ဘုရားသခင်ကျောထောက်နောက်ခံကြောင်း ဆာလံ ၄၁:၁၁ ကမည်သို့ထောက်ခံသနည်း။
၁၈ ယေဟောဝါသက်သေများသည် မိမိတို့၏လုပ်ဆောင်မှုကို နှိပ်စက်ညှဉ်းပန်းမှု သို့မဟုတ် ဆန့်ကျင်မှုတို့ကတားဆီးရန် ဘယ်သောအခါမျှခွင့်မပြုဘဲ ထိုတာဝန်ကို ဆက်၍ထမ်းဆောင်ကြပါလိမ့်မည်။ ယေဟောဝါ၏လုပ်ငန်းတော်သည် မဖြစ်မနေ၊ ပြီးမြောက်လိမ့်မည်။ လွန်ခဲ့သောရာစုနှစ်အတွင်း ဘုရားသခင့်လုပ်ငန်းတော်ကို သက်သေခံများ ပြီးမြောက်အောင်ဆောင်ရွက်ခြင်းမှဟန့်တားရန် အခြားသူတို့ ကြိုးစားအားထုတ်လေသမျှသည် နောက်ဆုံးရှုံးနိမ့်ခဲ့ရသည်၊ အကြောင်းမှာ ယေဟောဝါက ဤသို့ကတိပြုထားသောကြောင့်ပင်– “သင့်တစ်ဖက်၌လုပ်သော လက်နက်တစ်စုံတစ်ခုမျှ အထမမြောက်ရ။ သင့်ကိုတရားတွေ့သောသူမည်သည်ကား အရှုံးခံရလိမ့်မည်။ ထာဝရဘုရား၏ကျွန်တို့သည် ထိုသို့သောအမွေကိုခံရ၍ ငါ့ကြောင့်ဖြောင့်မတ်ရာသို့ရောက်ရကြလိမ့်မည်။”—ဟေရှာယ ၅၄:၁၇။
၁၉ ယေဟောဝါသက်သေများသည် ကမ္ဘာချီဆန့်ကျင်မှုရင်ဆိုင်ရသည့်ကြားမှ တစ်ကြိမ်တစ်ခါနှင့်မျှမတူအောင် ယခုသာ၍ကြံ့ခိုင်ပြီး တက်ကြွလှုပ်ရှားနေခြင်းက သူတို့လုပ်ဆောင်နေသောအမှုကို ယေဟောဝါနှစ်သက်ကြောင်း သက်သေထူသည်။ ဘုရင်ဒါဝိဒ်က ဤသို့ဆိုခဲ့သည်– “အကျွန်ုပ်၏ရန်သူသည် အကျွန်ုပ်အားမနိုင်ကြောင်းကိုထောက်၍ ကိုယ်တော်သည် အကျွန်ုပ်ကိုမြတ်နိုးတော်မူသည်ဟု သိရပါ၏။” (ဆာလံ ၄၁:၁၁; ၅၆:၉၊ ၁၁) ဘုရားသခင့်ရန်သူများသည် ယေဟောဝါ၏လူမျိုးတော်တစ်ဖက် ဘယ်သောအခါမျှ အောင်ပွဲခံကြွေးကြော်နိုင်မည်မဟုတ်၊ အကြောင်းမှာ သူတို့၏ခေါင်းဆောင် ယေရှုခရစ်တော်သည် နောက်ဆုံးအောင်ပွဲခံဖို့ ချီတက်နေသောကြောင့်ပင်တည်း!
သင်ဖြေဆိုနိုင်သလော
• ဘုရားသခင့်ကျောထောက်နောက်ခံမှု ရရှိခဲ့ကြသော ရှေးခေတ်ပုံသက်သေအချို့ကား အဘယ်နည်း။
• စစ်မှန်သောဘာသာတရားကို ခွဲခြားသိမြင်စေသည့် အမှတ်အသားအချို့ကား အဘယ်နည်း။
• ယေဟောဝါသက်သေများသည် ဘုရားသခင့်ကျောထောက်နောက်ခံမှုရှိသည်ဟု သင်ကိုယ်တိုင် အဘယ်ကြောင့်လက်ခံယုံကြည်သနည်း။
[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]
ဘုရားသခင့် ကျောထောက်နောက်ခံမှု ရလိုသူတို့သည် မိမိတို့၏ သွန်သင်ချက်များကို သမ္မာကျမ်းစာအပေါ် လုံးလုံးအခြေပြုကြရမည်
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
ခရစ်ယာန်အကြီးအကဲများသည် သိုးတော်စုအတွက် ပုံသက်သေများအဖြစ် အမှုထမ်းကြ