ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ကလ၁၇ အမှတ် ၄ စာ. ၄-၇
  • လူသေရင် ဘာဖြစ်သွားသလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လူသေရင် ဘာဖြစ်သွားသလဲ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၇
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သမ္မာကျမ်းစာက အမှားတွေကို တည့်မတ်ပေး
  • အယူမှားသွန်သင်ချက် ပျံ့နှံ့လာ
  • ‘အမှန်တရားက လွတ်မြောက်စေလိမ့်မယ်’
  • ရှင်ပြန်ထမြောက်ခြင်း၌ သင့်ယုံကြည်ချက်မည်မျှခိုင်မာသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • သေပြီးနောက်စိုးလ်ဆက်အသက်ရှင်သလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • စိုးလ်အတွက် သာ၍ကောင်းသောမျှော်လင့်ချက်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • သေဆုံးသွားတဲ့သူတွေ ဘယ်နေရာမှာ ရှိနေကြသလဲ
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၇
ကလ၁၇ အမှတ် ၄ စာ. ၄-၇
သင်္ချိုင်းတွင်းထဲက လူသေအလောင်း

မျက်နှာဖုံးအကြောင်းအရာ | လူသေရင် ဘာဖြစ်သွားသလဲ

လူသေရင် ဘာဖြစ်သွားသလဲ

ဘုရားသခင်က ပထမလူသားအာဒံကို “ဥယျာဉ်ထဲမှာရှိတဲ့ အပင်အားလုံးရဲ့အသီးကို မင်း စိတ်ကြိုက်စားခွင့်ရှိတယ်။ ဒါပေမဲ့ အကောင်းအဆိုး သိကျွမ်းရာအပင်ရဲ့ အသီးကိုတော့ မစားနဲ့။ စားတဲ့နေ့မှာ မင်း သေကိုသေရမယ်” လို့ ပြောထားတာကို ကမ္ဘာဦးကျမ်းရဲ့ ဖန်ဆင်းခြင်းမှတ်တမ်းမှာ ဖတ်ရတယ်။ (ကမ္ဘာဦး ၂:၁၆၊ ၁၇) ရိုးရှင်းတဲ့ အဲဒီမိန့်မှာချက်ကို နာခံမယ်ဆိုရင် အာဒံ သေရမှာ မဟုတ်ဘဲ ဧဒင်ဥယျာဉ်မှာ ဆက်နေထိုင်နိုင်မယ်။

အိုမင်းနေတဲ့ အာဒံနဲ့ ဧဝ

အာဒံဟာ နာခံမှုပြပြီး ထာဝစဉ်အသက်ရှင်ဖို့ ရွေးချယ်မယ့်အစား ဘုရားသခင့်မိန့်မှာချက်ကို မနာခံဘဲ ဇနီးဧဝ ကျွေးတဲ့ တားမြစ်ထားတဲ့အသီးကို စားလိုက်တယ်။ (ကမ္ဘာဦး ၃:၁-၆) အဲဒီမနာခံခြင်းရဲ့ အကျိုးဆက်တွေကို ကျွန်တော်တို့ အခုထိ ခံစားနေရတုန်းပဲ။ “အပြစ်ဟာ လူတစ်ယောက်ကြောင့် လူ့လောကထဲ ရောက်လာတယ်။ အပြစ်ကြောင့် သေခြင်းလည်း ပေါ်ပေါက်လာတယ်။ ဒါကြောင့် လူအားလုံးဟာ အပြစ်ရှိသူတွေ ဖြစ်သွားတဲ့အတွက် သေဆုံးကြရတယ်” လို့ တမန်တော်ပေါလု ရှင်းပြတယ်။ (ရောမ ၅:၁၂) အဲဒီ “လူတစ်ယောက်” ဆိုတာ အာဒံပဲ။ အပြစ်ဟာ ဘာလဲ၊ အပြစ်က ဘယ်လိုနည်းနဲ့ သေခြင်းကို ဖြစ်ပေါ်စေတာလဲ။

ဘုရားသခင့်ပညတ်ကို အာဒံ တမင်တကာ မနာခံတာဟာ အပြစ်ပဲ။ (၁ ယောဟန် ၃:၄) အာဒံကို ဘုရားသခင် ပြောခဲ့တဲ့အတိုင်း အပြစ်ကြောင့် သေကြရတယ်။ အာဒံနဲ့ သူ့မျိုးဆက်တွေက ဘုရားရဲ့ ပညတ်တွေကို နာခံနေသရွေ့ အပြစ်ရှိမှာ မဟုတ်ဘူး၊ သေရမှာလည်း မဟုတ်ဘူး။ ဘုရားသခင်က လူတွေကို သေဖို့မဟုတ်ဘဲ ထာဝစဉ်အသက်ရှင်ဖို့ ဖန်ဆင်းထားတာ။

ကျမ်းစာပြောထားသလိုပဲ ‘လူအားလုံး သေဆုံးရတယ်’ ဆိုတာ ရှင်းနေပါတယ်။ ဒါပေမဲ့ သေပြီးတဲ့နောက် ခန္ဓာကိုယ်ထဲက အစိတ်အပိုင်းတစ်ခုခု ဆက်အသက်ရှင်နေသလား။ ဝိညာဉ်လို့ခေါ်တဲ့ အစိတ်အပိုင်းတစ်ခု မသေဘူးလို့ လူအများ ပြောကြတယ်။ အဲဒီလိုပြောတာဟာ အာဒံကို ဘုရားသခင် လိမ်ညာခဲ့တယ်လို့ ပြောရာရောက်တယ်။ ဘယ်လိုနည်းနဲ့လဲ။ လူသေပြီးနောက် ဝိညာဉ်ဟာ တစ်နေရာရာမှာ ဆက်အသက်ရှင်နေမယ်ဆိုရင် အပြစ်ကြောင့် သေရမယ်ဆိုတဲ့ ဘုရားရဲ့စကားနဲ့ ဆန့်ကျင်နေလိမ့်မယ်။ “ဘုရားသခင်ဘက်က မုသားပြောဖို့ဆိုတာ မဖြစ်နိုင်ဘူး” လို့ ကျမ်းစာပြောတယ်။ (ဟီဘရူး ၆:၁၈) “မင်းတို့ လုံးဝ သေမှာမဟုတ်ဘူး” လို့ ဧဝကို ပြောခဲ့တဲ့ စာတန်ကသာ လိမ်နေတာ။—ကမ္ဘာဦး ၃:၄။

ဝိညာဉ်မသေနိုင်ဘူးဆိုတဲ့ သွန်သင်ချက်ဟာ မုသာဆိုရင် လူသေတဲ့အခါ ဘာဖြစ်သွားသလဲဆိုတဲ့ မေးခွန်းပေါ်လာတယ်။

သမ္မာကျမ်းစာက အမှားတွေကို တည့်မတ်ပေး

“ယေဟောဝါဘုရားက လူကို မြေမှုန့်နဲ့ ပုံဖော်ပြီး နှာခေါင်းထဲ အသက်စွမ်းအားကို မှုတ်လိုက်တဲ့အခါ လူဟာ အသက်ရှင်သူ ဖြစ်လာတယ်” လို့ ကမ္ဘာဦးကျမ်းရဲ့ ဖန်ဆင်းခြင်းမှတ်တမ်းမှာ ပြောတယ်။ “အသက်ရှင်သူ” ဆိုတဲ့စကားလုံးဟာ ဟီဘရူးစကားလုံး နီးဖက်ရှ် ကနေ ပြန်ဆိုထားတာဖြစ်တယ်။ “အသက်ရှူနေတဲ့သတ္တဝါ” လို့အဓိပ္ပာယ်ရတယ်။—ကမ္ဘာဦး ၂:၇။

ဘုရားသခင်က အာဒံကို “အသက်စွမ်းအား” ပေးတဲ့အခါ အာဒံဟာ အသက်ရှင်သူဖြစ်လာတယ်လို့ ကျမ်းစာပြောတယ်။ အာဒံကို မသေနိုင်တဲ့ဝိညာဉ် ပေးတယ်လို့ ကျမ်းစာ မပြောဘူး။ “မသေနိုင်တဲ့ဝိညာဉ်” ဆိုတဲ့ အသုံးအနှုန်းကို ကျမ်းစာမှာ သင် ဘယ်လောက်ရှာရှာ တွေ့ရမှာ မဟုတ်ဘူး။

လူမှာ မသေနိုင်တဲ့ဝိညာဉ်ရှိတယ်လို့ ကျမ်းစာ မပြောဘူး။ ဒါဆိုရင် မသေနိုင်တဲ့ဝိညာဉ်ရှိတယ်လို့ ဘာသာအများစု ဘာကြောင့် သင်ပေးတာလဲ။ တကယ်တော့ ဒီအယူဟာ ရှေးအီဂျစ်နိုင်ငံကနေ အစပြုခဲ့တာ။

အယူမှားသွန်သင်ချက် ပျံ့နှံ့လာ

ဘီစီ ငါးရာစု၊ ဂရိသမိုင်းပညာရှင် ဟီရိုဒိုးတပ်စ်က အီဂျစ်တွေဟာ “မသေနိုင်တဲ့ဝိညာဉ်အယူကို လက်ခံသူတွေထဲမှာ ဦးဆုံးပဲ” လို့ဆိုတယ်။ ရှေးခေတ် ဗာဗုလုန်လူမျိုးတွေလည်း အဲဒီအယူကို လက်ခံကြတယ်။ ဘီစီ ၃၃၂၊ အရှေ့အလယ်ပိုင်းဒေသကို မဟာအလက်ဇန္ဒား သိမ်းပိုက်လိုက်ချိန်မှာ ဂရိအတွေးအခေါ်ပညာရှင်တွေဟာ မသေနိုင်တဲ့ဝိညာဉ်အယူကို လူကြိုက်များအောင် လုပ်ခဲ့တယ်။ မကြာခင်မှာပဲ ဂရိအင်ပါယာတစ်ခွင် အဲဒီအယူ ပျံ့နှံ့သွားတယ်။

“မသေနိုင်တဲ့ဝိညာဉ်” ဆိုတဲ့ အသုံးအနှုန်းကို ကျမ်းစာမှာ ရှာလို့တွေ့မှာ မဟုတ်ဘူး

အေဒီပထမရာစုမှာ အက်ဆင်းနဲ့ ဖာရိရှဲဆိုတဲ့ အထင်ကရ ဂျူးဘာသာရေးဂိုဏ်းနှစ်ခုက လူသေပြီးနောက် ဝိညာဉ် ဆက်အသက်ရှင်နေတယ်လို့ သင်ပေးတယ်။ “ဝိညာဉ်မသေနိုင်ဆိုတဲ့အယူဟာ ဂရိအတွေးအခေါ်၊ အဓိကအားဖြင့် ပလေတိုရဲ့အတွေးအခေါ်ကနေ ဂျူးတွေဆီ ရောက်လာတာ” လို့ ဂျူးစွယ်စုံကျမ်းမှာ ဖော်ပြတယ်။ ပထမရာစု ဂျူးသမိုင်းပညာရှင် ဂျိုစီဖတ်စ်ကလည်း အဲဒီအယူကို ကျမ်းစာသွန်သင်ချက်အဖြစ် မဟုတ်ဘဲ “ဂရိတွေရဲ့ ယုံကြည်ချက်၊” ဒဏ္ဍာရီပေါင်းချုပ်အဖြစ် ယူမှတ်ခဲ့တယ်။

ဂရိယဉ်ကျေးမှု ပျံ့နှံ့လာတာနဲ့အမျှ ခရစ်ယာန်တွေလည်း အဲဒီအယူမှားသွန်သင်ချက်ကို လက်ခံလာကြတယ်။ “မြင့်မြတ်တဲ့နေရာမှာရှိခဲ့တဲ့ ဝိညာဉ်ဟာ အခုတော့ အဆင့်နိမ့်တဲ့ ဒီလောကမှာ အသက်ရှင်နေရတယ်ဆိုတဲ့ ပလေတိုရဲ့အယူအဆဟာ ပလေတိုရဲ့ အတွေးအခေါ်နဲ့ ခရစ်ယာန်ဘာသာကို ပေါင်းစည်းပေးဖို့ လွယ်ကူစေတယ်” လို့ သမိုင်းပညာရှင် ယိုနာ လန်ဒရင်းက ပြောတယ်။ ဒီနည်းနဲ့ ဝိညာဉ်မသေနိုင်ဆိုတဲ့အယူဟာ ချာ့ချ်ထဲ စိမ့်ဝင်လာပြီး “ခရစ်ယာန်” တွေရဲ့ အဓိကသွန်သင်ချက် ဖြစ်လာတယ်။

‘အမှန်တရားက လွတ်မြောက်စေလိမ့်မယ်’

“နောင်တစ်ချိန်မှာ လူတချို့က ဘုရားဆီကလာတယ်လို့ ထင်ရတဲ့ မှားယွင်းတဲ့စကားတွေ၊ နတ်ဆိုးတွေရဲ့ သွန်သင်ချက်တွေကို နားယောင်ပြီး ယုံကြည်ခြင်းကို စွန့်သွားလိမ့်မယ်လို့ ဘုရားသခင့် စွမ်းအားတော်က ရှင်းရှင်းလင်းလင်း ဆိုထားတယ်” ဆိုပြီး ပထမရာစုမှာ တမန်တော်ပေါလု သတိပေးခဲ့တယ်။ (၁ တိမောသေ ၄:၁) အဲဒီသတိပေးချက်အတိုင်း ဖြစ်လာတယ်။ ဝိညာဉ်မသေနိုင်ဆိုတဲ့ အယူဟာ “နတ်ဆိုးတွေရဲ့ သွန်သင်ချက်တွေ” ထဲက တစ်ခုပဲ။ အဲဒီအယူကို ကျမ်းစာ မထောက်ခံဘူး။ ရှေးအယူမှားဘာသာတွေနဲ့ အတွေးအခေါ်ပညာတွေကနေ ဆင်းသက်လာလို့ပဲ။

“အမှန်တရားကိုပါ သိရလိမ့်မယ်။ အဲဒီအမှန်တရားက ခင်ဗျားတို့ကို လွတ်မြောက်စေလိမ့်မယ်” လို့ ယေရှုပြောခဲ့တာ ဝမ်းသာစရာပဲ။ (ယောဟန် ၈:၃၂) တိကျမှန်ကန်တဲ့ ကျမ်းစာအမှန်တရားကို သိထားတာက ကမ္ဘာ့ဘာသာအများစု အားပေးအားမြှောက်ပြုတဲ့၊ ဘုရားကို ရှုတ်ချရာရောက်တဲ့ သွန်သင်ချက်တွေ၊ အမူအကျင့်တွေကနေ လွတ်မြောက်စေတယ်။ ဒါ့အပြင် ကျမ်းစာအမှန်တရားက သေခြင်းနဲ့ဆက်နွှယ်နေတဲ့ ထုံးတမ်းစဉ်လာတွေ၊ အယူသီးမှုတွေရဲ့ အချုပ်အနှောင်ကနေလည်း လွတ်မြောက်စေတယ်။—“လူသေရင် ဘယ်ရောက်သွားသလဲ” လေးထောင့်ကွက်ကို ကြည့်ပါ။

ကျွန်တော်တို့ရဲ့ ဖန်ဆင်းရှင်ဟာ လူတွေကို ကမ္ဘာပေါ်မှာ အနှစ် ၇၀၊ ၈၀ လောက်ပဲ အသက်ရှင်ပြီးနောက် တခြားတစ်နေရာရာမှာ ထာဝစဉ်အသက်ရှင်ဖို့ ဖန်ဆင်းခဲ့တာ မဟုတ်ဘူး။ လူတွေကို ဖန်ဆင်းရတဲ့ မူလရည်ရွယ်ချက်က နာခံမှုရှိသူတွေအဖြစ် ဒီကမ္ဘာပေါ်မှာ ထာဝစဉ်အသက်ရှင်ဖို့ပဲ။ အဲဒီမွန်မြတ်တဲ့ရည်ရွယ်ချက်က လူတွေအပေါ်ထားတဲ့ ဘုရားရဲ့မေတ္တာကို ပေါ်လွင်စေတယ်။ အဲဒီရည်ရွယ်ချက် ပျက်စီးသွားမှာ မဟုတ်ဘူး။ (မာလခိ ၃:၆) ဆာလံကျမ်းရေးသူက “ဖြောင့်မတ်သူတွေဟာ ကမ္ဘာမြေကို ပိုင်ဆိုင်ပြီး ထာဝစဉ် နေထိုင်ရလိမ့်မယ်” လို့ပြောခဲ့တာ အားရှိစရာပဲ။—ဆာလံ ၃၇:၂၉။

လူသေရင် ဘာဖြစ်သွားသလဲ ဆိုတဲ့အကြောင်း ပိုသိချင်ရင် ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ စာအုပ်၊ အခန်း ၆ မှာကြည့်ပါ။ www.pr418.com/mya မှာ ဝင်ကြည့်ပါ။

လူတွေ ထာဝစဉ် အသက်ရှင်နိုင်သလား

လွန်ခဲ့တဲ့နှစ်အနည်းငယ်က သုတေသီတွေဟာ နှစ်ထောင်ပေါင်းများစွာ အသက်ရှင်တယ်လို့ ယူဆရတဲ့ ရေအောက် အပင်တချို့ကို တွေ့ရှိခဲ့ကြတယ်။ ကမ္ဘာပေါ်က သက်ရှိတွေထဲမှာ အဲဒီအပင်တွေဟာ သက်တမ်းအရှည်ဆုံး ဖြစ်နိုင်တယ်။ ပိုစာဒိုနီယာ အိုးရှန်နာကာ မျိုးစိတ်ဝင် အဲဒီပင်လယ်မြက်ပင်တွေဟာ စပိန်နဲ့ ဆိုက်ပရပ်ကြား မြေထဲပင်လယ်ကြမ်းပြင်တစ်ခုလုံးကို ဖုံးလွှမ်းထားတယ်။

အပင်တွေဟာ ဒီလောက် သက်တမ်းရှည်တယ်ဆိုရင် လူတွေကျတော့ကော။ အိုမင်းခြင်းဖြစ်စဉ်ကို လေ့လာတဲ့ သိပ္ပံပညာရှင်တချို့က လူ့သက်တမ်း ပိုရှည်နိုင်တဲ့ အလားအလာရှိတယ်လို့ ယုံကြတယ်။ ဥပမာ၊ လူ့သက်တမ်းနဲ့ပတ်သက်ပြီး “နောက်ဆုံးပေါ် သိပ္ပံဆိုင်ရာ တိုးတက်မှုအမြောက်အမြားကို” တွေ့ရှိထားတယ်လို့ စာအုပ်တစ်အုပ်မှာ ဆိုတယ်။ သိပ္ပံဆိုင်ရာ တိုးတက်မှုတွေက လူ့သက်တမ်းအပေါ် တကယ်သက်ရောက်မှု ရှိမရှိကိုတော့ စောင့်ကြည့်ရဦးမယ်။

ထာဝစဉ်အသက်ရှင်နိုင်တဲ့ အလားအလာဟာ ခေတ်မီ သိပ္ပံနည်းပညာအပေါ် မမူတည်ပါဘူး။ “အသက်ရဲ့ပင်ရင်း၊” ဖန်ဆင်းရှင် ယေဟောဝါဘုရားအပေါ်မှာပဲ မူတည်တယ်လို့ ကျမ်းစာ ပြောတယ်။ (ဆာလံ ၃၆:၉) ယေရှုခရစ်ရဲ့ ဆုတောင်းချက်ထဲမှာ “ထာဝရအသက် ရနိုင်ဖို့ဆိုရင် တစ်ဆူတည်းသော စစ်မှန်တဲ့ဘုရားသခင် အဖကိုရော အဖ စေလွှတ်လိုက်တဲ့ ယေရှုခရစ်ကိုပါ သိကျွမ်းကြရမယ်” လို့ ပြောခဲ့တယ်။ (ယောဟန် ၁၇:၃) ယေဟောဝါဘုရားနဲ့ သားတော် ယေရှုခရစ်ကို သိကျွမ်းဖို့၊ မျက်နှာသာရဖို့ ကြိုးစားမယ်ဆိုရင် ထာဝရကောင်းချီးတွေ ခံစားရပါလိမ့်မယ်။

ပင်လယ်မြက်

ပင်လယ်မြက်ပင်တချို့ဟာ နှစ်ထောင်ပေါင်းများစွာ အသက်ရှင်တယ်လို့ သုတေသီတွေ ယူဆကြ

လူသေရင် ဘယ်ရောက်သွားသလဲ

လာဇရုကို ယေရှု အသက်ပြန်ရှင်စေ

သေလွန်သူတွေဟာ သင်္ချိုင်းမှာ ရှိနေပြီး အသက်ပြန်ရှင်လာဖို့ စောင့်နေတယ်လို့ ကျမ်းစာမှာ ရိုးရိုးလေးပြောထားတယ်။ (ယောဟန် ၅:၂၈၊ ၂၉) “သေလွန်သူကတော့ ဘာမှမသိ” တဲ့အတွက် ဝေဒနာ မခံစားရတော့ဘူး။ (ဒေသနာ ၉:၅) ယေရှုက သေခြင်းကို အိပ်ပျော်တာနဲ့ ခိုင်းနှိုင်းခဲ့တယ်။ (ယောဟန် ၁၁:၁၁-၁၄) ဒါကြောင့် သေခြင်းမှာ အိပ်ပျော်နေသူတွေကို ကြောက်စရာမလိုဘူး။ သူတို့စိတ်ကျေနပ်အောင် ပူဇော်ပသဖို့ မလိုဘူး။ သူတို့က ကျွန်တော်တို့ကို အကူအညီ မပေးနိုင်သလို အန္တရာယ်လည်း မပြုနိုင်ဘူး။ “သင်္ချိုင်းမှာ အလုပ်အကိုင်၊ အစီအစဉ်၊ အသိပညာ၊ ဉာဏ်ပညာ ဘာတစ်ခုမှ မရှိလို့ပဲ။” (ဒေသနာ ၉:၁၀) ဒါပေမဲ့ ဘုရားသခင်က သေလွန်သူတွေကို အသက်ပြန်ရှင်စေခြင်းအားဖြင့် သေခြင်းကို ထာဝစဉ် ဖယ်ရှားပေးပါလိမ့်မယ်။—၁ ကောရိန္သု ၁၅:၂၆၊ ၅၅။ ဗျာဒိတ် ၂၁:၄။

သမ္မာကျမ်းစာ ပြောဆိုရာကို ဘာကြောင့် ယုံကြည်စိတ်ချနိုင်

ကျမ်းစာသွန်သင်ချက်တွေကို အပြည့်အဝ ယုံကြည်စိတ်ချနိုင်ပါတယ်။ အောက်ပါအကြောင်းရင်းတွေကို သုံးသပ်ကြည့်ပါ–

  • မင်အိုးနဲ့ ကလောင်တံ

    ပြိုင်စံရှားတဲ့ အာဘော်ရှင်– ကျမ်းစာမှာ ကျမ်းစောင် ၆၆ စောင်ပါတယ်။ ဘီစီ ၁၅၁၃ ကနေ အေဒီ ၉၈ အထိ နှစ်ပေါင်း ၁,၆၀၀ ကျော်အတွင်း လူပေါင်း ၄၀ လောက် ရေးခဲ့တယ်။ ကျမ်းစာမှာပါတဲ့ အကြောင်းအရာတွေဟာ ရှေ့နောက်ညီညွတ်မှု ရှိတယ်။ ဒါက ကျမ်းစာအာဘော်ရှင်ဟာ အနန္တတန်ခိုးရှင် ဘုရားသခင်ဖြစ်မှန်း သက်သေထူတယ်။ ဘုရားသခင်က ဘာတွေရေးရမယ်ဆိုတာ ကျမ်းရေးသူတွေကို အသိပေးတယ်။

  • ကျောက်တိုင်

    သမိုင်းဆိုင်ရာ တိကျမှန်ကန်မှု– ကျမ်းစာမှာ မှတ်တမ်းတင်ထားတဲ့ ဖြစ်ရပ်တွေဟာ သမိုင်းဆိုင်ရာ ဖြစ်ရပ်မှန်တွေနဲ့ အပြည့်အဝ ကိုက်ညီတယ်။ ရှေ့နေတစ်ဦး ကျမ်းစာကို ဆန်းစစ် ဆိုတဲ့စာအုပ်မှာ ဒီလိုဖော်ပြတယ်– “အချစ်ဇာတ်လမ်းတွေ၊ ပုံပြင်ဒဏ္ဍာရီတွေ၊ မမှန်တဲ့သက်သေတွေဟာ ဝေးလံတဲ့ဒေသတစ်ခုခုမှာ၊ မတိကျတဲ့ အချိန်တစ်ချိန်ချိန်မှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေအကြောင်း ဖော်ပြပေမဲ့ ကျမ်းစာကတော့ ဖြစ်ရပ်တွေရဲ့ တိကျတဲ့ရက်စွဲ၊ တိကျတဲ့နေရာဒေသတွေအကြောင်း ဖော်ပြတယ်။”

  • အက်တမ်

    သိပ္ပံဆိုင်ရာ တိကျမှန်ကန်မှု– သမ္မာကျမ်းစာဟာ သိပ္ပံပြဋ္ဌာန်းစာအုပ်တော့ မဟုတ်ဘူး။ ဒါပေမဲ့ သိပ္ပံပညာနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ဖော်ပြတဲ့အခါ ခေတ်ရှေ့ပြေးပြီး တိကျမှန်ကန်တယ်။ ဥပမာ၊ ဝတ်ပြုရာကျမ်း အခန်းကြီး ၁၃၊ ၁၄ မှာ အစ္စရေးတွေကို သန့်ရှင်းခြင်း၊ ရောဂါမကူးစက်အောင် သီးသန့်ထားခြင်းနဲ့ပတ်သက်ပြီး အသေးစိတ်ကျတဲ့ပညတ်တွေ ပေးခဲ့တယ်။ ရောဂါပိုးအကြောင်း၊ ရောဂါကူးစက်ခြင်းအကြောင်း လူတွေ မသိခင် နှစ်ပေါင်းများစွာကတည်းက အဲဒီပညတ်တွေ ပေးခဲ့တာဖြစ်တယ်။ ကမ္ဘာကြီးဟာ လုံးဝန်းပြီး လဟာပြင်မှာ ဘာနဲ့မှမချိတ်ဆွဲဘဲ ဆိုင်းထားတယ်လို့ ကျမ်းစာပြောတယ်။ ဒီအချက်ကို ရာစုနှစ်များစွာကြာမှ သိပ္ပံပညာရှင်တွေ ကောင်းကောင်း နားလည်လာကြတယ်။—ယောဘ ၂၆:၇။ ဟေရှာယ ၄၀:၂၂။

ဒါတွေဟာ သမ္မာကျမ်းစာ တိကျမှန်ကန်တယ်ဆိုတဲ့ အထောက်အထားတချို့သာ ဖြစ်တယ်။ တကယ်ဆိုရင် “ကျမ်းစောင်အားလုံးဟာ ဘုရားသခင့် စွမ်းအားတော်ရဲ့ လမ်းညွှန်မှုနဲ့ ရေးထားတဲ့အတွက် လူတွေကို သွန်သင်တဲ့အခါ၊ အမှားတွေ ဖော်ထုတ်တဲ့အခါ၊ ပဲ့ပြင်တဲ့အခါ၊ ဖြောင့်မတ်လာအောင် ဆုံးမတဲ့အခါ အကျိုးဖြစ်ထွန်းစေတယ်။”—၂ တိမောသေ ၃:၁၆။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ