သတင်းကောင်း ဝေငှခြင်း—အလွတ်သဘောသက်သေခံရန် အခွင့်အရေးများဖန်တီးပေးခြင်းအားဖြင့်
၁ အလင်းကိုထွန်းလင်းရန် တပည့်တော်များအား ယေရှုညွှန်ကြားခဲ့သည်။ (မ၊ ၅:၁၄-၁၆) သင့်လျော်သည့်အချိန်အခါတိုင်း ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို သူတစ်ပါးအားဟောပြောစေလိုသည်။ ဤကိစ္စတွင် ယေရှု ပုံနမူနာတင်ပြခဲ့သည်။ ယင်းနှင့်ပတ်သက်၍ ပုံသက်သေတစ်ခုကား ရှုခါမြို့ရှိ ရေတွင်းတစ်ခုတွင် ရှမာရိအမျိုးသမီးတစ်ဦးအား သမ္မာတရားဟောပြောခွင့် ရှာယူခဲ့ခြင်းပင်ဖြစ်သည်။ (ယော၊ ၄:၅-၃၀) ကျွန်ုပ်တို့ကော၊ သက်သေခံရန် ဤကဲ့သို့အခွင့်အရေး ရှာယူဖန်တီးပါသလော။
၂ ကျွန်ုပ်တို့အားလုံး လယ်ကွင်းအမှုဆောင်၌ နေ့စဉ်မပါဝင်နိုင်ကြချေ။ သို့သော် နေ့တိုင်းပင်လျှင် သက်သေခံနိုင်သည့်အခွင့်အရေးများ ရရှိပါလိမ့်မည်။ အဘယ်နည်းအားဖြင့်နည်း။ အလွတ်သဘော သက်သေခံခြင်းအားဖြင့်ဖြစ်သည်။ ဤနည်းဖြင့် ထောင်ပေါင်းများစွာသောသူတို့သည် သမ္မာတရားကို သိရှိလာကြပြီ။ အခွင့်အရေးများကိုမြင်တတ်ပြီး ကြိုးစားကြမည်ဆိုလျှင် လူများစွာကို သမ္မာတရားကြားနာစေမည်။
မည်သူ့ကို ဟောပြောနိုင်မည်နည်း
၃ စည်းစနစ်ကျ တစ်အိမ်မှတစ်အိမ်သက်သေခံခြင်း၊ ပြန်လည်ပတ်မှုများပြုလုပ်ခြင်း၊ ကျမ်းစာသင်အံမှုကျင်းပခြင်းအပြင် အလုပ်ခွင်၌လည်းကောင်း၊ ကျောင်း၌လည်းကောင်း ဆွေမျိုးနှင့် အခြားအသိအကျွမ်းများအား အလွတ်သဘောသက်သေခံနိုင်သည်။ ဘတ်စ်၊ ရထား သို့မဟုတ် လေယာဉ်ပျံဖြင့်သွားလာစဉ် ခရီးသည်များအားသက်သေခံနိုင်သည်။ ရက်အားချိန်တွင် ခရီးထွက်သည့်အခါ တည်းခိုခန်း၊ ဓာတ်ဆီဆိုင်အလုပ်သမားများ၊ စားသောက်ဆိုင်အလုပ်သမားများ၊ အငှားကားမောင်းနှင်သူများအား သတင်းကောင်းဟောပြောခွင့် ရှာယူနိုင်သည်။ ဆေးခန်းနှင့် အခြားလူအများစုဝေးရာနေရာများတွင် စောင့်ဆိုင်းနေရသည့်အခါ သူတစ်ထူးကိုသက်သေခံနိုင်သည်။ အိမ်၌ပင်လျှင် အိမ်နီးနားချင်း၊ ဈေးသည်၊ စာပို့အစရှိသူတို့အား သက်သေခံနိုင်၏။ ဆေးရုံတက်ရလျှင် ဆရာဝန်၊ သူနာပြုနှင့် အခြားလူနာများအား သက်သေခံနိုင်ပါသည်။
မည်သို့စပြောဟောနိုင်
၄ ရုံးချိန်းရှိ၍ စောင့်နေရန်အကြောင်းရှိလျှင် နောက်ဆုံးထုတ်မဂ္ဂဇင်းများကိုယူသွားပြီး တွေ့ဆုံသူတစ်ဦးတစ်ယောက်အား ၄င်းပါဆောင်းပါးတစ်ခုကိုပြ၍ သက်သေခံရန်အသင့်ပြင်ဆင်ထားသင့်သည်။ သို့မဟုတ် စကားစမြည်စတင်ရန် ဝေစာသို့မဟုတ် ရုပ်ပြစာစောင်ကိုအသုံးပြုနိုင်သည်။ ဤကဲ့သို့သောအခြေအနေမျိုးတွင် လတ်တလောအဖြစ်အပျက်တစ်ခုနှင့်စပ်လျဉ်း၍ မှတ်သားလောက်သောစကားတစ်ခွန်းပြောဆိုလိုက်ခြင်းဖြင့် စကားစမြည်စနိုင်ခဲ့ကြောင်း အချို့တွေ့ရှိခဲ့ရပြီ။ လတ်တလောအဖြစ်အပျက်တစ်ခုနှင့်စပ်လျဉ်း၍ စဉ်းစားစရာမေးခွန်းတစ်ခွန်းမေးလိုက်ခြင်းဖြင့် ကောင်းစွာသက်သေခံနိုင်ကြောင်း အခြားသူများတွေ့ကြုံခဲ့ဖူးသည်။ အခါတိုင်းတွင် အဖြစ်အပျက်တစ်ခုဖြစ်ပျက်လာစေရန် ကိုယ်ကစတင်ဖန်တီးပေးရ၏။
အလုပ်ခွင်တွင် သက်သေခံခြင်း
၅ ဝမ်းစာလုပ်ငန်းလုပ်ကိုင်သူများ အခြားအလုပ်သမားများအား သက်သေခံရန်အခွင့်အလမ်းများကို ဖန်တီးပေးနိုင်ပါသည်။ ဂျော်ဂျီယာပြည်နယ်ရှိ ညီအစ်မနှစ်ဦးသည် သမ္မာတရားစိတ်ဝင်စားမည်ဟု သူတို့အထင်ရှိသူများနာမည်စာရင်းကို ရေးချကြသည်။ ထိုစာရင်းရှိသူများနှင့် အခြားသူတို့အား စကားစမြည်ပြောဆိုခြင်းအားဖြင့် Revelation Climax ၆၅ အုပ်ကျော်ဝေငှနိုင်ခဲ့ပြီး လူများစွာကို စိတ်ဝင်စားလာရန် ပြုလုပ်ပေးနိုင်ခဲ့သည်။
၆ အခြားအဖြစ်အပျက်တစ်ခု၌ မိမိ၏ ၁၅ မိနစ်အနားယူချိန်တွင် မိမိအနီးပထမဆုံးလာထိုင်သူအား သက်သေခံမည်ဟု သူစိတ်ဆုံးဖြတ်ခဲ့သည်။ သူသက်သေခံလိုက်သူက သမ္မာတရားအကြောင်းကြားဖူးကြောင်း၊ သို့သော်လည်း ဆက်မသိလိုကြောင်းပြောဆိုသည်။ သို့ဖြစ်စေကာမူ ညီအစ်ကိုသည် ထိုသူလွယ်ကူစွာတွေ့မြင်ယူဖတ်နိုင်သည့်နေရာတွင် အသင်းမစာပေများကို ထားပေးသည်။ ခြောက်လအတွင်း ထိုအမျိုးသားနှင့် သူ၏မိသားစုတစ်စုလုံး နှစ်ခြင်းယူခဲ့သည်။
၇ “လောကအလင်း” အနေနှင့် အလွတ်သဘောသက်သေခံရန် ယေရှုအခွင့်အလမ်းများ ဖန်တီးပေးခဲ့သည်။ (ယော၊ ၈:၁၂) ကျွန်ုပ်တို့ နိုးနိုးကြားကြားရှိပြီး ကျမ်းစာအခြေခံသည့် ကျွန်ုပ်တို့၏မျှော်လင့်ချက်အကြောင်းပြောဆိုရန် အသင့်ရှိကြမည်ဆိုလျှင် သက်သေခံနိုင်ရန်အခွင့်အရေးများကို လက်လွတ်သွားစေမည်မဟုတ်ပါ။ ထိုကြောင့် ယေရှု၏တပည့်တော်များနည်းတူ ကျွန်ုပ်တို့လည်း ‘ဤလောကတွင် ထွန်းလင်း’ ကြလိမ့်မည်။—ဖိ၊ ၂:၁၅၊ ၁၆။