ဓမ္မအမှုတွင်တိုးတက်ကြခြင်း
၁ တိုးတက်မှုနှင့်စပ်လျဉ်းသည့် ဆိုရိုးစကားတစ်ခုကား “သင်ရှိရာမှစတင်ပါ။ သို့သော် ရှိရာနေရာ၌သာ ရပ်တန့်မနေနှင့်” ဟူ၍ဖြစ်သည်။ ဓမ္မအမှုတွင်တိုးတက်ခြင်းနှင့်ပတ်သက်၍ ထိုစကားအလွန်လျောက်ပတ်ပေသည်။ ဓမ္မအမှု၌သင်စတင်ခဲ့ချိန်က နိုင်ငံတော်သတင်းတရားကို အတိုကောက်သာတင်ပြတတ်ခဲ့ပေမည်။ သို့သော် နှစ်အနည်းငယ်ကုန်လွန်ပြီးနောက် ထိုအဆင့်မှမတက်သေး၊ သင်ရှိရာအခြေအနေတွင်သာ ရပ်တန့်နေပါက သင်ဘာပြုလုပ်နိုင်မည်နည်း။
၂ ကျွမ်းကျင်စွာသွန်သင်နိုင်ရန် လိုအပ်သောဉာဏ်ပညာအတွက် ယေဟောဝါထံတောင်းဆိုခြင်းကား ပထမအဆင့်ဖြစ်ပေသည်။ (သု၊ ၁၅:၁၄။ ယာ၊ ၁:၅) ဒုတိယအဆင့်ကား ဆုတောင်းချက်နှင့်အညီ လုပ်ကိုင်ခြင်းဖြစ်သည်။ Reasoning စာအုပ်ပါတင်ဆက်ပုံများကို ပြန်သုံးသပ်ရန် အချိန်ကန့်သတ်ထားပါ။ သင်ထိရောက်စွာအသုံးပြုနိုင်မည်ဟုထင်ရသော တင်ဆက်နည်းတစ်ခုကိုရှာယူပြီး ယင်းကိုစွဲမှတ်ထားနိုင်သည်ထိ ထပ်ခါတလဲပြန်လေ့ကျက်ပါ။ တတိယအဆင့်ကား သင်ပြင်ဆင်ထားသည့် တင်ဆက်စကားများကိုပြောဆိုနိုင်ရန် သင့်ညီအစ်ကိုများနှင့်အတူ လယ်ကွင်းလုပ်ငန်း၌ပါဝင်ပါ။
သင့်အားကူညီပေးရန် မိတ်ဆွေများ
၃ ‘အဲ့ဒါပြောတာထက် လုပ်ဖို့ခဲယဉ်းတယ်’ ဟုဆိုနေမည်။ မှန်သည်။ ယင်းကြောင့်လည်း သင့်အားကူညီပေးရန် မိတ်ဆွေများရှိရခြင်းဖြစ်သည်။ သင်သည် ငယ်ရွယ်သူဖြစ်ပါက မိဘများ သို့မဟုတ် တိုးတက်မှုရှိသောအတွေ့အကြုံများသည့် ကြေညာသူများအကူအညီကို တောင်းဆိုပါ။ တံခါးဝတွင် လူတို့နှင့်မည်သို့ပြောဆိုနိုင်မည်အကြောင်း အကြံဉာဏ်များတောင်းပါ။ သင့်တင်ဆက်ပုံကို လေ့ကျင့်သည့်အနေနှင့် စမ်းကြည့်စေပါမည်။ အိမ်ပေါက်ဝများတွင် အများသုံးကန့်ကွက်စကားများပြောဆိုကာ အိမ်ရှင်အဖြစ်နားထောင်ပေးနိုင်သည်။ အကျင့်ရှိလာလျှင် လူတို့နှင့်ကျွမ်းကျင်စွာ စကားပြောဆိုတတ်လာမည်။
၄ သင့်အားကူညီပေးနိုင်မည့် အခြားမိတ်ဆွေများလည်းရှိပါသည်။ အတွေ့အကြုံမှ သို့မဟုတ် ရှေ့ဆောင်သင်တန်းတက်ခြင်းမှ ဟောပြောနည်းများ တတ်ကျွမ်းထားသူရှေ့ဆောင်များရှိသည်။ သင့်စာအုပ်ကြီးသင်တန်းမှူး သို့မဟုတ် လုပ်ငန်းတော်ကြီးကြပ်မှူးသည်လည်း သင်နှင့်အတူ တစ်အိမ်မှတစ်အိမ်အမှုဆောင်ထွက်ကာ လူတို့နှင့်မည်သို့စကားစမြည်ပြောဆိုပြီး ဆင်ခြင်သုံးသပ်နိုင်သည်ကို ပြပေးနိုင်ပေမည်။
စိတ်ဝင်စားသူများထံ ပြန်လည်ပတ်ခြင်း
၅ ကျွန်ုပ်တို့စာပေများကိုလက်ခံယူသူတို့အား ဝိညာဏအကူအညီ ထပ်ဆင့်ပေးရန် ကျွန်ုပ်တို့စိတ်ဝင်စားကြသည်။ သို့ပြုရန် တိုး၍စိတ်ဝင်စားမှုများလာစေရန် ပြန်လည်ပတ်သွားရမည်။ ပြန်လည်ပတ်မသွားမီ ပထမအကြိမ်လည်ပတ်မှုတွင် စိတ်ဝင်စားခဲ့သည့်အကြောင်းကို ထိရောက်စွာတိုးချဲ့ပြောဆိုရန် ပြန်သုံးသပ်ကြည့်ပါ။ ကျွန်ုပ်တို့စိုက်ပျိုးရေလောင်းပေးကြသော်လည်း ယေဟောဝါသာကြီးထွားစေသည်ကိုကား စွဲမှတ်ထားပါ။ ပြန်လည်ပတ်မသွားမီ ကိုယ်တော်၏လမ်းပြမှုကိုတောင်းခံပါ။ (၁ ကော၊ ၃:၆။ ၂ ကော၊ ၉:၁၀) သူတစ်ပါးကိုသွန်သင်ချိန်တွင် ကိုယ်တိုင်လည်းတိုးတက်လာကြပါသည်။
၆ အရေးကြီးသည့် နောက်အဆင့်မှာ ကျမ်းစာသင်အံမှုစ၍ကျင်းပခြင်းဖြစ်သည်။ သင့်ဓမ္မအမှု၌တိုးတက်ရာတွင် ဤအဆင့်သို့မရောက်သေးလျှင် ဆုတောင်း၍ယေဟောဝါကိုဆက်အကူအညီတောင်းခံကာ သိုးကဲ့သို့သောသူတစ်ဦးကိုရှာတွေ့ကျွေးမွေးပေးနိုင်ရန် အကူအညီတောင်းခံပါ။ ထိရောက်သောဆရာသမားတစ်ဦးသည် ကျမ်းစာသင်အံမှုကို မည်သို့ကျင်းပပေးကြောင်း ကြည့်ရှုသုံးသပ်၍ သူ၏သွန်သင်နည်းများကိုအတုယူလျှင်ကောင်းသည်။ ထို့ပြင် သွန်သင်ပေးခြင်းဆိုင်ရာ ၁၉၈၅ ဩဂုတ်လ ၁ ရက်ထုတ် ကင်းမျှော်စင် စာမျက်နှာ ၈-၁၇ ပါအစရှိသည့်အချက်အလက်များကို သုံးသပ်ပါ။ သင့်ဆုတောင်းချက်များပြည့်စုံသည့်အခါ ဤသို့သင့်ကိုယ်သင်ပြင်ဆင်ထားလျှင် သင်အံမှုစရန်အသင့်ရှိနေမည်။
ပန်းတိုင်များထား၍မီအောင်ကြိုးစား
၇ ထိရောက်စွာသွန်သင်ခြင်း၊ ပြန်လည်ပတ်မှုပြုလုပ်ခြင်း၊ သင်အံမှုများကျင်းပခြင်းပန်းတိုင်သို့ရောက်ရန်ကြိုးစားခြင်းသည် အချိန်ကုန်လွန်သည်မှန်၏။ သို့သော်အရံရှေ့ဆောင် သို့မဟုတ် မှန်မှန်ရှေ့ဆောင်ဖြစ်ရန် ထပ်ဆင့်ပန်းတိုင်တစ်ခုကို သင်ထားနိုင်ပါသလော။ ဓမ္မအမှုတွင် ဆက်တိုးတက်စဉ် သူတစ်ထူးကိုအားပေးနိုင်ပါသည်။ ရပ်တန့်နေမည့်အစား မှန်မှန်တိုးတက်နေမည်ဆိုလျှင် ယေဟောဝါထံမှကောင်းချီးများစွာကို သင်ခံစားရပေမည်။