တပည့်များကိုမွေးထုတ်ပေးသည့်ကျမ်းစာသင်အံမှုများ
၁ ဖိလိပ္ပုက “ယေရှု၏အကြောင်းတည်းဟူသောဧဝံဂေလိတရားကိုဟော” ပြီးနောက် “အကျွန်ုပ်ကိုဗတ္တိဇံမခံစေခြင်းငှာ မည်သည့်အကြောင်းဆီးတားပါသနည်း” ဟူ၍အဲသယောပိအမတ်ကမေးခဲ့သည်။ (တ. ၈:၂၇-၃၉) ဤအမတ်၏အဖြစ်အပျက်တွင် သူသည် ဘုရားသခင့်မှုတ်သွင်းခံမှတ်တမ်းများကို နှစ်သက်မြတ်နိုးစိတ်ရှိနှင့်ပြီးဖြစ်ကာ ဖိလိပ္ပုထံမှဝိညာဏအကူအညီရရှိပြီးနောက် တပည့်တစ်ဦးဖြစ်ရန်အသင့်ရှိခဲ့သည်။ သို့သော် ကျမ်းစာကို ကိုယ်တိုင်ဆန်းစစ်ရန်လိုအပ်ကြောင်း လူတိုင်း သဘောမပေါက်ကြချေ။
၂ ကျေးဇူးတင်ရမည်မှာ ယေဟောဝါ၏အဖွဲ့အစည်းက ကျွန်ုပ်တို့ခေတ်အတွက် ကျမ်းစာသတင်းတရားကိုဆန်းစစ်ရန် လူတို့ကိုအားပေးဖို့ စာပေမြောက်မြားစွာထုတ်လုပ်ပေးထားခြင်းဖြစ်သည်။ ဤစာပေများပါအကြောင်းအရာများသည် ပညာတတ်သော်လည်း ကျမ်းစာအကြောင်း အနည်းငယ်သာသိသောစိတ်ရင်းမှန်ရှိသူများအား နှစ်သက်ဖွယ်ဖြစ်စေသင့်သည်။ ဤအထူးကောင်းမွန်သောကိရိယာများသည် သမ္မာကျမ်းစာကိုဆန်းစစ်လိုစိတ်ရှိလာအောင် လူတို့အားလှုံ့ဆော်ပေးဖို့ စီစဉ်ထားပါသည်။
၃ ကျမ်းစာသင်အံမှုစသောအခါ အသိပညာစာအုပ်ဖြင့် အကျိုးဖြစ်ထွန်းသောသင်အံမှုကိုကျင်းပပုံနှင့်စပ်လျဉ်း၍ ဇွန် ၁၉၉၆ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုကြားညှပ်တွင်တင်ပြထားသော အကြံပြုချက်ကောင်းများကို ပြန်သုံးသပ်ခြင်းသည် အကူအညီဖြစ်စေမည်ဖြစ်သည်။ သင်အံမှုကျင်းပနေစဉ်အတွင်း မည်သည့်အပိုင်းကို နောက်ထပ်အာရုံစိုက်ဖို့လိုသည်ကိုဆုံးဖြတ်နိုင်ရန် သင်သား၏တိုးတက်မှုကို သုံးသပ်သင့်သည်။ သင်သားအား သင်ခန်းစာများကိုကြိုတင်ပြင်ဆင်ရန်နှင့် ကျမ်းချက်များကိုရှာဖွေဖတ်ထားရန် အားပေးပါ။ ကိုယ်ပိုင်စကားဖြင့်အဖြေပေးခြင်းသည် သမ္မာတရားကို သူ၏နှလုံးထဲမှလှိုက်လှိုက်လှဲလှဲလေးမြတ်မှုကို ထင်ဟပ်စေပေမည်။ အသင်းမစာပေများကို ထပ်ဆင့်ဖတ်ရှုပြီး အသင်းတော်စည်းဝေးများကို မှန်မှန်တက်ရောက်သူများသည် တိုးတက်မှုမြန်ဆန်လေ့ရှိသည်။ လေ့လာနေသည့်အကြောင်းအရာကို အခြားသူများအား အလွတ်သဘောပြောပြရန် သူ့ကိုအားပေးပါ။ ဝိညာဉ်ရေးဘက်တိုးတက်ရန် လုပ်ဆောင်ရမည့်လိုအပ်ရာများကို သူ့အားကြင်နာစွာပြောပြပါ။ ကျွန်ုပ်တို့သည် မပြတ်သားသောသူများနှင့် အကန့်အသတ်မရှိ သင်အံမှုမကျင်းပသင့်ပါ။ သင်သားများက လေ့လာရန်အစပြုလုပ်ဆောင်သင့်သည်၊ သမ္မာတရားအတွက် အခိုင်အမာရပ်တည်ပြီး ဆက်ကပ်အပ်နှံခြင်းနှင့် နှစ်ခြင်းခံခြင်းသို့ တက်လှမ်းသင့်သည်။
၄ အိမ်ထောင်တချို့တွင် မိသားစုဝင်များကို သီးခြားသပ်သပ်စီသင်ပေးရသောကြောင့် သင်အံမှုကို တစ်ခုထက်မကကျင်းပသည်။ သို့သော်လည်း မိသားစုသင်အံမှုကို တပေါင်းတစည်းတည်းကျင်းပခြင်းသည် အခြေအနေအများစုတွင် ပို၍နှစ်သက်ဖွယ်ဖြစ်ပေမည်၊ အကြောင်းမှာ မိသားစုကို ဝိညာဉ်ရေးအရစုစည်းရန် အကူအညီဖြစ်စေမည်ဖြစ်သောကြောင့်တည်း။
၅ ယေရှု၏အမိန့်တော်မှာ တပည့်များဖြစ်စေရန် ကျွန်ုပ်တို့လုပ်ဆောင်ကြဖို့ဖြစ်သည်။ (မ. ၂၈:၁၉) ထိုသို့လုပ်ဆောင်ရန် “အကျွန်ုပ်ကိုဗတ္တိဇံမခံစေခြင်းငှာ မည်သည့်အကြောင်းဆီးတားပါသနည်း” ဟူ၍သူတို့မေးနိုင်မည့်အဆင့်ထိတိုးတက်လာရန် သင်သားများကိုကူညီပေးသည့် ကျမ်းစာသင်အံမှုများကို ကျွန်ုပ်တို့ကျင်းပရမည်ဖြစ်သည်။