ယေဟောဝါ၏သည်းခံစိတ်ရှည်မှုကို သင်လေးမြတ်သလော
၁ ယေဟောဝါသည် သက်သေခံခွင့်ရစေရန် လွန်ခဲ့သည့် ၁၀ နှစ်၊ အနှစ် ၂၀၊ ထိုထက်မကနှစ်များအထိ သည်းခံစိတ်ရှည်မှုမရှိခဲ့လျှင် သင် သမ္မာတရားကို သိခဲ့မည်လော။ ကိုယ်တော်သည် နောက်ထပ်လူများစွာတို့အား “နောင်တရ” ခွင့်ပေးသည့်အတွက် မည်မျှကျေးဇူးတင်စရာပါတကား။ သို့တိုင် ယေဟောဝါ၏တရားစီရင်ရာနေ့ကြီးသည် ‘သူခိုးကဲ့သို့လာ’ မည်ဖြစ်သည်။ (၂ ပေ. ၃:၉၊ ၁၀) ထို့ကြောင့် ဘုရားသခင်၏သည်းခံစိတ်ရှည်မှုအား ဤအစီအစဉ်စနစ်၏အဆုံးရောက်ဖို့ ကြန့်ကြာမှုတစ်ခုအဖြစ် တလွဲအနက်မဖွင့်သင့်ချေ။—ဟဗ. ၂:၃။
၂ လူများအပေါ်သနားသည့်စိတ်ရှိပါ– ယေဟောဝါ၏သည်းညည်းခံမှုသည် ကျွန်ုပ်တို့၏သဘောပေါက်နားလည်မှုထက် များစွာသာလွန်၏။ ကျွန်ုပ်တို့သည် ၎င်း၏ရည်ရွယ်ချက်ကို မျက်ခြည်မပြတ်ကြရပါ။ (ယောန ၄:၁-၄၊ ၁၁) ယေဟောဝါသည် လူတို့၏သနားစရာအခြေအနေကို မြင်တော်မူပြီး သူတို့ကို စာနာထောက်ထားတော်မူသည်။ ယေရှုလည်း ထိုသို့ပင်ခံစားရသည်။ ကိုယ်တော်သည် မိမိဟောပြောခဲ့သည့်လူတို့ကို သနားကာ များစွာသောသူတို့ ထာဝရအသက်ရခွင့်ရှိစေရန် ဧဝံဂေလိလုပ်ငန်းကို တိုးချဲ့လိုခဲ့သည်။—မ. ၉:၃၅-၃၈။
၃ ကြေကွဲဖွယ်ရာဖြစ်ရပ်များနှင့် ဘေးဒဏ်များကြုံရသည့်အခါ သမ္မာတရားမသိသူတို့ကို စာနာမှုပြရမည်မဟုတ်လော။ ယနေ့လူတို့သည် ကမ္ဘာပေါ်ရှိ ဖရိုဖရဲဖြစ်နေသောအခြေအနေကို ကိုင်တွယ်ဖြေရှင်းဖို့နှင့်နားလည်ဖို့ ကြိုးစားနေစဉ် “ထိန်းသူမရှိ၊ ပစ်ထားသောသိုး” ကဲ့သို့ဖြစ်နေကြသည်။ (မာ. ၆:၃၄) ကျွန်ုပ်တို့သည် သတင်းကောင်းကို ထက်သန်စွာဟောပြောခြင်းဖြင့် တလိုတလားရှိသောနှလုံးသားပိုင်ရှင်များအား နှစ်သိမ့်မှုပေးပြီး ယေဟောဝါ၏သည်းခံစိတ်ရှည်မှုကို လေးမြတ်ကြောင်း တင်ပြကြသည်။—တ. ၁၃:၄၈။
၄ ကျွန်ုပ်တို့၏လုပ်ငန်းသည် အရေးတကြီးဖြစ်– လွန်ခဲ့သည့်နှစ်က ၃၂၃,၄၃၉ ယောက်နှစ်ခြင်းခံပြီး သတိရအောက်မေ့ပွဲကို ၁၄,၀၀၀,၀၀၀ ကျော်တက်ရောက်ခဲ့သည်။ ဤစနစ်ဆိုးကိုဖျက်ဆီးခြင်းမှ လွတ်မြောက်ရန် နောက်ထပ်များစွာသောသူတို့အတွက် အလားအလာရှိပါသည်တကား! “လူအုပ်ကြီး” သည် မည်မျှကြီးမားမည်ကို ကျွန်ုပ်တို့မသိကြပါ။ (ဗျာ. ၇:၉၊ ကဘ) ကျွန်ုပ်တို့၏ဟောပြောခြင်းတာဝန်သည် မည်မျှကြာရှည်မည်ကို ကျွန်ုပ်တို့မသိကြပါ။ သို့သော် ယေဟောဝါသိတော်မူ၏။ ကိုယ်တော့်စိတ်တော်ကျေနပ်သည်အထိ သတင်းကောင်းကိုဟောပြောရမည်ဖြစ်ကာ “သို့ပြီးမှ အဆုံးသည်ဖြစ်လတ္တံ့။”—မ. ၂၄:၁၄။
၅ ကျန်ကြွင်းသောအချိန်သည် လျော့လျက်ရှိရာ ဘုရားသခင်၏နေ့ရက်သည် ရောက်လုနီးပြီဖြစ်သည်။ (၁ ကော. ၇:၂၉က၊ ကဘ; ဟေဗြဲ ၁၀:၃၇) “ကျွန်ုပ်တို့၏ကယ်တင်ခြင်းသည် ကျွန်ုပ်တို့ယုံကြည်သူများဖြစ်လာသည့်အချိန်ကထက် သာ၍နီး” နေသည်မှာ သေချာပါသည်။ (ရော. ၁၃:၁၁၊ ကဘ) ဘုရားသခင်သည်းခံစိတ်ရှည်ရသည့် ရည်ရွယ်ချက်ကို လက်မလွတ်ကြစို့နှင့်။ ယင်းအစား ဖြောင့်မတ်ခြင်းကို တောင့်တသူများစွာသည် ယေဟောဝါ၏မဟာကရုဏာတော်ကို ခံစားရရန် အရေးတကြီးဟောပြောကြစို့။