ဧပြီလ—‘ကြိုးစားအားထုတ်၍အမှုဆောင်’ ရန်အချိန်
၁ သတိရအောက်မေ့ပွဲရောက်ခါနီး အပတ်များသည် ယေဟောဝါလူမျိုးတော်အတွက် ဆင်ခြင်သုံးသပ်ရမည့်အချိန်ဖြစ်သည်။ ခရစ်တော်၏သေခြင်းကြောင့် ဖြစ်မြောက်ခဲ့ရာများကို ပြန်သုံးသပ်ပြီး ယေရှုသွန်းခဲ့သောအသွေးကြောင့် ဖြစ်ပေါ်လာသည့် ဘုရားပေးမျှော်လင့်ချက်ကို အာရုံစိုက်ရန်အချိန်ဖြစ်သည်။ ယမန်နှစ် ဧပြီ ၁၉ ရက်နေ့ကို ပြန်ပြောင်းစဉ်းစားလိုက်သောအခါ သင့်စိတ်ထဲတွင် ဘာပေါ်လာသနည်း။ ထိုနွေဦးပေါက်ညနေခင်းတွင် သင်မြင်တွေ့ခဲ့ရသောမျက်နှာများ၊ သတိရအောက်မေ့ပွဲ၌ ဝိညာဉ်ရေးစိုးမိုးထားသည့်ဝန်းကျင်၊ လေးနက်သောကျမ်းစာဆွေးနွေးမှုနှင့် နှလုံးပါပါဆုတောင်းချက်များကို သတိရနိုင်သလော။ သင့်ကို ယေဟောဝါနှင့်ယေရှုပြသသည့်မေတ္တာအတွက် နက်ရှိုင်းစွာကျေးဇူးတင်ခြင်းကို ပို၍အပြည့်အဝဖော်ပြမည်ဟု သင်သန္နိဋ္ဌာန်ချထားကောင်းချထားမည်။ ယခု ဤသို့သောဆင်ခြင်တွေးတောမှုသည် သင့်ကို မည်သို့အကျိုးသက်ရောက်သနည်း။
၂ ယေဟောဝါ၏လူမျိုးတော်သည် ကျေးဇူးတင်ခြင်းကို အပြောထက်မက ဖော်ပြကြသည်မှာ ထင်ရှားပါသည်။ (ကော. ၃:၁၅၊ ၁၇) အထူးသဖြင့် ယမန်နှစ်ဧပြီလတွင် ခရစ်ယာန်ဓမ္မအမှု၌ ကိုယ်တိုင်ပါဝင်ကြခြင်းဖြင့် ယေဟောဝါ၏ကယ်တင်ခြင်းအစီအစဉ်များကို ကျေးဇူးတင်လေးမြတ်ကြောင်း ပြသရန် ကြိုးစားတက်လှမ်းကြသည်။ အရန်ရှေ့ဆောင်များ ထောင်သောင်းချီ၍ရှိလာရာ အမေရိကန်ပြည်ထောင်စုတစ်နိုင်ငံလုံးတွင် ယခင်အများဆုံးနှုန်းထက် ၂၇ ရာခိုင်နှုန်း ကျော်လွန်သွားခဲ့သည်။ အခြားနိုင်ငံတော်ကြွေးကြော်သူအားလုံးနှင့်အတူ သူတို့၏ကြိုးစားမှုကြောင့် နာရီ၊ မဂ္ဂဇင်းဝေငှမှုနှင့် ပြန်လည်ပတ်မှုတို့တွင် အများဆုံးနှုန်းသစ်ရရှိခဲ့သည်။ ကျမ်းစာသင်အံမှုအသစ်များ ထောင်နှင့်ချီစတင်ခဲ့ပြီး သတိရအောက်မေ့ပွဲတွင် တက်ရောက်သူအမြင့်ဆုံးနှုန်းသစ်ကို တွေ့မြင်ရခြင်းကြောင့် ကျွန်ုပ်တို့ ပို၍ပျော်ရွှင်ခဲ့ရသည်!
၃ အမှန်ဆိုရလျှင် သေချာပေါက်ဖြစ်လာမည့် ကျွန်ုပ်တို့၏မျှော်လင့်ချက်က ကျွန်ုပ်တို့ကို လုပ်ဆောင်ရန် လှုံ့ဆော်ပေးသည်။ ယင်းက တမန်တော်ပေါလု ဤသို့ရေးသည်အတိုင်းပင်ဖြစ်၏– “အသက်ရှင်တော်မူထသော၊ လူအပေါင်းတို့ကို ကယ်မတော်မူ၍ ယုံကြည်သောသူတို့ကို အထူးသဖြင့် ကယ်မတော်မူသောဘုရားသခင်၌ ငါတို့သည် ကိုးစားသည်နှင့်အညီ ပင်ပန်းစွာ [“ကြိုးစားအားထုတ်၍၊” ကဘ] အမှုဆောင်ရွက်ကြ၏။ ကဲ့ရဲ့ခြင်းကိုလည်းခံရကြ၏။”—၁ တိ. ၄:၁၀။
၄ ဤသတိရအောက်မေ့ပွဲကာလ၌ အသက်အတွက် ယေဟောဝါ၏ပြင်ဆင်ပေးမှုများကို ယုံကြည်ကြောင်း သင်မည်သို့ပြသမည်နည်း။ ယမန်နှစ်သြဂုတ်လတွင် မြန်မာနိုင်ငံ၌ မှတ်တမ်းတင်ဖူးသမျှ နိုင်ငံတော်ကြွေးကြော်သူများ အများဆုံးရရှိသည်ကို ကျွန်ုပ်တို့တွေ့ခဲ့ရသည်။ ဤနှစ်သြဂုတ်လတွင် ထိုအရေအတွက်ကို ကျော်နိုင်မည်လော။ ကျော်လွန်နိုင်ပါသည်။ သို့သော် နှစ်ခြင်းခံပြီးသော၊ နှစ်ခြင်းမခံရသေးသော ကြေညာသူတိုင်း ပါဝင်ဖို့လိုမည်။ လူသစ်များစွာလည်း ပါဝင်ရန် အရည်အသွေးပြည့်မီပေမည်။ သို့ဖြစ်လျှင် သင်သည် ဤဧပြီလတွင် ကြိုးစားအားထုတ်၍အမှုဆောင်ရန် အစီအစဉ်များပြုလုပ်ထားသည့်အတိုင်း လူသစ်များနှင့် အတွေ့အကြုံမရှိသေးသူများအပါအဝင် အခြားသူများကို သင်နှင့်အတူလိုက်ပါရန် လှုံ့ဆော်ပေးနိုင်သော နည်းလမ်းများကိုဆင်ခြင်သုံးသပ်ပါ။
၅ ပြန်လှုပ်ရှားလာရန် အချို့ကိုကူညီပေးခြင်း– လယ်ကွင်းလုပ်ငန်းတွင် တစ်လ၊ နှစ်လ မပါဝင်သူအချို့ကို သင်သိရှိလျှင် သူတို့ကို အားပေးကာ လယ်ကွင်းလုပ်ငန်းတွင် သင်နှင့်အတူပါဝင်ရန် ဖိတ်ခေါ်နိုင်ပေသည်။ အသင်းတော်မှအချို့သည် မလှုပ်မရှားဖြစ်လာလျှင် အကြီးအကဲများသည် သူတို့ထံလည်ပတ်ကာ ဧပြီလတွင် ပြန်၍စလှုပ်ရှားရန် အားပေးဖို့ အထူးကြိုးစားအားထုတ်ကြမည်။
၆ ကျွန်ုပ်တို့အားလုံးသည် ယေဟောဝါ၏အမှုတော်ဆောင်ရာတွင် ခွန်အားပေးရန် ကိုယ်တော်၏ဝိညာဉ်တော်ကို ဆက်၍တောင်းခံနေရမည်ဖြစ်သည်။ (လု. ၁၁:၁၃) ဝိညာဉ်တော်ရရှိရန် ကျွန်ုပ်တို့ဘာပြုလုပ်ရမည်နည်း။ ဘုရားသခင်၏မှုတ်သွင်းခံနှုတ်ကပါဌ်တော်ကို ဖတ်ပါ။ (၂ တိ. ၃:၁၆၊ ၁၇) ပတ်စဉ်စည်းဝေးငါးခုစလုံးကို တက်ခြင်းဖြင့်လည်း “ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့မိန့်တော်မူသည်ကို . . . ကြား” နာရမည်ဖြစ်သည်။ (ဗျာ. ၃:၆) မှန်မှန်မတက်ရောက်သူများနှင့် မလှုပ်ရှားသူများကို လေ့လာမှုအကျင့်တိုးတက်ပြီး အစည်းအဝေးတက်ခြင်း ပုံမှန်ဖြစ်လာရန် ကူညီပေးဖို့ ယခုအချိန်သည် လျောက်ပတ်သောအချိန်ဖြစ်သည်။ (ဆာ. ၅၀:၂၃) မိမိတို့၏ဝိညာဉ်ရေးကောင်းကျိုးကို အနီးကပ်စောင့်ကြည့်နေရင်း ယင်းကို ကျွန်ုပ်တို့ပြုလုပ်ကြသည်။ သို့တိုင် အခြားအရာတစ်ခုလိုအပ်သည်။
၇ ဘုရားသခင်သည် “မိမိကို အုပ်စိုးရှင်အဖြစ် နာခံသူတို့အား” သန့်ရှင်းသောဝိညာဉ်တော်ပေးသနားတော်မူသည်ဟု တမန်တော်ပေတရုက ရှင်းပြသည်။ (တ. ၅:၃၂၊ ကဘ) ဤသို့သောနာခံမှုတွင် “လူအပေါင်းတို့အား ဟောပြောကြလော့။ သက်သေခံကြလော့” ဟူသောအမိန့်ကို အလေးထားခြင်းပါဝင်သည်။ (တ. ၁:၈; ၁၀:၄၂) သို့ဖြင့် ဟောပြောခြင်း၌ ခွန်အားရှိစေရန် ဘုရားသခင့်ဝိညာဉ်တော်လိုအပ်သည်မှန်သော်လည်း ယေဟောဝါ၏အလိုတော်နှင့်တွေ့ရှိရန် ကျွန်ုပ်တို့၏အလိုဆန္ဒကို စတင်ဖော်ပြလျှင် ကိုယ်တော်သည် ကျွန်ုပ်တို့ကို ပို၍ပင်ကူညီပေးမည်မှာအမှန်ပင်။ တလိုတလားနာခံမှု၏ကနဦးခြေလှမ်းများ လှမ်းခြင်း၏အရေးကြီးမှုကို ဘယ်သောအခါမျှ ပေါ့ပေါ့တန်တန်သဘောမထားမိပါစေနှင့်!
၈ လူငယ်များကို ကူညီပေးခြင်း– မိဘတို့၊ အသင်တို့၏သားသမီးများသည် တခြားသူကို သမ္မာတရားပြောပြလိုသည့် အထောက်အထားတွေ့ရှိရသလော။ သူတို့သည် လယ်ကွင်းလုပ်ငန်းတွင် သင်နှင့်အတူပါဝင်ကြသလော။ သူတို့၏အကျင့်အကြံသည် ပုံသက်သေကောင်းသလော။ သို့ဆိုလျှင် အချိန်မဆွဲပါနှင့်။ သင်၏ကလေးသည် ဤဧပြီလတွင် ကြေညာသူတစ်ဦးအဖြစ် အရည်အချင်းရှိ၊ မရှိကြည့်ပေးဖို့ အသင်းတော်လုပ်ငန်းတော်ကော်မတီဝင်တစ်ဦးထံ ချဉ်းကပ်ပါ။ (ကျွန်ုပ်တို့၏ဓမ္မအမှု စာအုပ်၊ စာမျက်နှာ ၉၉-၁၀၀ ရှု) သင်၏ကလေးများသည် ဤသတိရအောက်မေ့ပွဲကာလတွင် ယေဟောဝါအား ချီးမွမ်းထောမနာပြုရန် ကြီးစွာသောနည်းဖြင့် ပါဝင်နိုင်သည်ကိုသိရှိပါ။—မ. ၂၁:၁၅၊ ၁၆။
၉ ယူ.အက်စ်.အေ. ဂျော်ဂျီယာပြည်နယ်မှ ခရစ်ယာန်မိခင်တစ်ဦးသည် အခြားသူများအား ယေဟောဝါအကြောင်းပြောပြရန် သူ၏သမီးလေးကို အမြဲအားပေးသည်။ ယမန်နှစ်က ထိုသူငယ်မသည် မိခင်နှင့်အတူ ဓမ္မအမှုတွင်ပါဝင်နေစဉ် အမျိုးသားတစ်ဦးကို တောင်းဆို ဘရိုရှာတစ်အုပ်ဝေငှ၍ မာတိကာကိုအကျဉ်းချုပ်ရှင်းပြခဲ့၏။ ထိုသူက “အသက်ဘယ်လောက်ရှိပြီလဲ” ဟုမေးသည်။ “ခုနစ်နှစ်” ဟုသူဖြေသည်။ ဤသို့အဓိပ္ပာယ်ရှိရှိပြောပြခြင်းကို ထိုသူမြင်သောအခါ အံ့အားသင့်ခဲ့သည်။ ဖြစ်ပုံမှာ သူသည် သမ္မာတရားဝန်းကျင်တွင် ကြီးပြင်းလာသော်လည်း ယင်းကို ဘဝလမ်းစဉ်အဖြစ် တစ်ခါမျှအလေးအနက်ထား စဉ်းစားခဲ့ခြင်းမရှိချေ။ မကြာမီ ထိုသူ၊ သူ၏ဇနီး၊ သမီးတို့နှင့်အတူ ကျမ်းစာသင်အံမှုကျင်းပခဲ့သည်။
၁၀ လူငယ်များစွာသည် ကြေညာသူများဖြစ်နေကြပြီး သူတို့သည် လုပ်ငန်းတော်တွင် ကျွန်ုပ်တို့နှင့်အတူလုပ်ဆောင်လျက်ရှိရာ သူတို့၏ပါဝင်မှုကြောင့် ကျွန်ုပ်တို့ဝမ်းမြောက်ကြပါသည်။ အဆိုပါလူငယ်များသည် သူတို့နှင့်ရွယ်တူချင်းများကို လှုံ့ဆော်ပေးကာ အားပေးနိုင်သည်။ သို့သော် ဧပြီလသည် မိသားစုတစ်စုအနေနှင့် မြင့်မြတ်သောလုပ်ငန်းတော်တွင် အတူတကွလုပ်ဆောင်ခြင်းဖြင့် မိသားစုနှောင်ကြိုးကိုခိုင်မြဲစေသည့်အပြင် ဝိညာဉ်ရေးတည်ဆောက်ရန်လည်း အချိန်သင့်အခါသင့်ဖြစ်သည်။ အိမ်ထောင်ဦးစီးများသည် ဤလုပ်ငန်းတွင် ဦးဆောင်ပေးသင့်၏။—သု. ၂၄:၂၇။
၁၁ လူသစ်များကို ကူညီပေးခြင်း– သင်ကျမ်းစာသင်ပေးနေသော လူသစ်များနှင့်ပတ်သက်၍ကောအသို့နည်း။ ဤဧပြီလတွင် အထူးကြိုးစားလုပ်ဆောင်မှုကို သူတို့ပါဝင်ကူညီနိုင်မည်လော။ အသိပညာ စာအုပ်မှ အခန်း ၂၊ အပိုဒ် ၂၂ သို့မဟုတ် အခန်း ၁၁၊ အပိုဒ် ၁၄ တို့ကို သုံးသပ်ပြီးသောအခါ သူတို့သိရှိခဲ့ရာများကို အခြားသူများအား ပြောပြလိုကြပေမည်။ “သင်လေ့လာသင်ကြားနေသည့် အကြောင်းအရာကို ဆွေမျိုးဉာတိ၊ မိတ်ဆွေသင်္ဂဟများနှင့် အခြားသူတို့အား ပြောပြလိုစိတ်ပြင်းပြနေပေမည်။ တကယ်တမ်းဆိုလျှင် အခြားသူတို့အား သတင်းကောင်းကို အချိန်နေရာမရွေး ယေရှုလွတ်လွတ်လပ်လပ် ဟောပြောသကဲ့သို့ သင်လည်း ဟောပြောလျက်ရှိနေပေမည်။ (လု. ၁၀:၃၈၊ ၃၉; ယော. ၄:၆-၁၅) ယခု သင်သည် ထိုထက်မကပြုလုပ်လိုပေမည်” ဟူ၍ဖော်ပြထားသည့် စာအုပ်ပြီးခါနီး အခန်း ၁၈၊ အပိုဒ် ၈ ကိုရောက်သောအခါ ဤအကြောင်းအရာနှင့်ပတ်သက်၍ ပွင့်ပွင့်လင်းလင်းဆွေးနွေးရန် ကြိုတင်ပြင်ဆင်ပါ။ သင်,သင်ပေးနေသူများသည် ဤသို့ပင်ဖြစ်သလော။
၁၂ သင်၏သင်သားသည် ဘုရားသခင့်နှုတ်ကပါဌ်စကားတော် ဘုရားသခင့်နှုတ်မြွက်စကားတော်ကို ယုံကြည်ပါသလော။ သူသည် ကျမ်းစာမူများကို လက်တွေ့ကျင့်သုံးလျက်ရှိသလော။ သူ၏အသက်တာကို ဘုရားသခင့်စံချိန်နှင့်အညီ ပြုပြင်ထားပြီလော။ အသင်းတော်အစည်းအဝေးများကို တက်ရောက်နေပြီလော။ သူသည် ယေဟောဝါဘုရားသခင်၏အမှုတော်ကို ထမ်းဆောင်လိုသလော။ သို့ဖြစ်လျှင် ဧပြီလတွင် နှစ်ခြင်းမခံရသေးသောကြေညာသူဖြစ်လာပြီး သင်နှင့်အတူလုပ်ဆောင်ဖို့ အရည်အချင်းပြည့်မီ၊ မပြည့်မီဆုံးဖြတ်နိုင်ခြင်းငှာ အကြီးအကဲများနှင့်စကားပြောဆိုရန် သူ့ကိုအားပေးပါ။ (ကျွန်ုပ်တို့၏ဓမ္မအမှု စာအုပ်၊ စာမျက်နှာ ၉၇-၉ ရှု) ဤနည်းဖြင့် ယေဟောဝါ၏အမှုတော်ကိုလုပ်ဆောင်ရန် သူ၏ကြိုးစားအားထုတ်မှုကို ယေဟောဝါ၏အဖွဲ့အစည်းက ထောက်ပံ့ပေးမည့်ပုံကို သူကိုယ်တိုင် စတင်ကြုံတွေ့နိုင်သည်။
၁၃ မှန်သည်၊ သင်သားအချို့သည် အခြားသင်သားများထက် တိုးတက်မှုမြန်ဆန်သည်။ သို့ဖြစ်လျှင် ၂၀၀၀၊ ဇွန်လ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု စာမျက်နှာ ၄၊ အပိုဒ် ၅-၆ မှညွှန်ကြားချက်များနှင့်အညီ များစွာသောသူတို့သည် အစ၌စိတ်ဝင်စားမှုဖော်ပြကြသော်လည်း တက်ကြွစွာပေါင်းသင်းလာရန် ထပ်ဆင့်ကူညီပေးဖို့ လိုအပ်သူများနှင့် ဒုတိယစာအုပ်ကို လေ့လာနေကြသည်။ ဤစိတ်နှလုံးရိုးဖြောင့်သူများသည် ‘အချိန်တိုတွင်းဖြစ်စေ၊ အချိန်ကြာရှည်မှဖြစ်စေ’ ခရစ်တော်၏တပည့်စစ်ဖြစ်လာမည်ဟူသော မျှော်လင့်ချက်ကို ဘယ်သောအခါမျှလက်မလွှတ်လိုက်ပါနှင့်။ (တ. ၂၆:၂၉၊ ကဘ) သင်နှင့်လပေါင်းများစွာ သင်အံမှုပြုခဲ့ပြီးဖြစ်ပါက ‘အချိန်ကြာမြင့်’ ခဲ့ပြီဟု လျော်ပတ်စွာဆိုနိုင်ကာ ဤသတိရအောက်မေ့ပွဲကာလသည် သင်၏သင်သားအတွက် ခရစ်တော်၏ရွေးနုတ်ဖိုးအပေါ် မိမိ၏လေးမြတ်တန်ဖိုးထားမှု၏ အတိမ်အနက်ကိုစပြရန် အခွင့်အရေးကောင်းဖြစ်နိုင်မည်လော။
၁၄ သူတို့ကို ပါဝင်လာရန်ကူညီပေးပုံ– အခြားသူများအား ယေရှုလေ့ကျင့်ပေးပုံကို ဆန်းစစ်ခြင်းဖြင့် အရည်အချင်းပြည့်မီသူများအား ဓမ္မအမှုတွင်စတင်ပါဝင်ရန် ကူညီပေးခြင်းနှင့်ပတ်သက်၍ ကျွန်ုပ်တို့အတော်များများသိရှိကြ၏။ ကိုယ်တော်သည် လူအုပ်ကို ရှာတွေ့ရုံလောက်သာမဟုတ်ဘဲ စဟောရန် တမန်တော်များကိုမိန့်မှာသည်။ ဦးစွာ ကိုယ်တော်သည် ဟောပြောခြင်းလုပ်ငန်းအတွက် လိုအပ်ချက်ကို အလေးပေးမိန့်မှာ၍ အမြဲဆုတောင်းတတ်သည့်သဘောထားရှိဖို့ အားပေးသည်၊ ထို့နောက် အခြေခံကျသောပြင်ဆင်ပေးချက်သုံးခု အဖော်၊ တာဝန်ကျသည့်ရပ်ကွက်နှင့် သတင်းတရားတို့ကို ပေးအပ်သည်။ (မ. ၉:၃၅-၃၈; ၁၀:၅-၇; မာ. ၆:၇; လု. ၉:၂၊ ၆) သင်သည် ထို့အတူပြုလုပ်နိုင်၏။ သင်၏ကလေးဖြစ်စေ၊ သင်သားအသစ်ဖြစ်စေ၊ အတန်ကြာအထိ အမှုဆောင်မှတ်တမ်းမသွင်းသူကိုဖြစ်စေ ကူညီပေးမည်ဆိုလျှင် အောက်ဖော်ပြပါအချက်များကို လိုက်နာဆောင်ရွက်ကာ အထူးကြိုးစားအားထုတ်ခြင်းသည် သင့်လျော်ပေမည်။
၁၅ လိုအပ်ချက်ကိုပေါ်လွင်စေပါ– ဟောပြောခြင်းလုပ်ငန်း၏အရေးကြီးမှုကို စိတ်စွဲမှတ်စေပါ။ ၎င်းနှင့်ပတ်သက်၍ အပြုသဘောရှိပါ။ ဓမ္မအမှုတွင် အသင်းတော် ပြီးမြောက်အောင်မြင်နေသည့်အရာများကိုပြသည့် တွေ့ကြုံမှုများကို ပြောပြပါ။ မဿဲ ၉:၃၆-၃၈ တွင်ပါသည့် ယေရှု၏စိတ်ဓာတ်ကိုဖော်ပြပါ။ ဓမ္မအမှုတွင် ကိုယ်တိုင်ပါဝင်ဖို့အတွက်သာမက ကမ္ဘာချီလုပ်ငန်းအောင်မြင်ဖို့အတွက် ဆုတောင်းရန် ကြေညာသူဖြစ်ဖို့အလားအလာရှိသူ သို့မဟုတ် မလှုပ်ရှားသူကို အားပေးပါ။
၁၆ သက်သေခံခြင်းအခွင့်အရေးများစွာနှင့်ပတ်သက်၍ စဉ်းစားစေပါ– တစ်အိမ်မှတစ်အိမ်သက်သေခံခြင်းအတွက် စာအုပ်ကြီးသင်တန်းအုပ်စုနှင့်အတူ စုရုံးနိုင်သည်ကို ပြောပြပါ။ ဆွေမျိုးများ၊ အသိများနှင့် စကားစမြည်ပြောဆိုပါ သို့မဟုတ် အလုပ်ဖော်များ သို့မဟုတ် အတန်းဖော်များနှင့် နေ့လယ်စာစားချိန်အတွင်း ဆွေးနွေးပြောဆိုပါ။ ကားစီးနေစဉ် ခရီးသွားဖော်ချင်းများကို စိတ်ဝင်စားမှုပြရုံမျှဖြင့် စကားစနိုင်လေ့ရှိသည်။ ကျွန်ုပ်တို့က အစပြုပြောဆိုသောအခါ ကောင်းစွာသက်သေခံရန် လမ်းပွင့်လေ့ရှိသည်။ အခြားသူများကို ကျွန်ုပ်တို့၏မျှော်လင့်ချက်ဝေမျှရန် “တစ်နေ့ နောက်တစ်နေ့” အချိန်အခါများစွာရှိတတ်သည်မှာ အမှန်ပင်။—ဆာ. ၉၆:၂၊ ၃၊ သမ္မာ။
၁၇ သို့သော် ဖြစ်နိုင်သ၍ သင်နှင့် ကြေညာသူသစ်တို့သည် တစ်အိမ်မှတစ်အိမ်လုပ်ငန်းကို အတူတကွလုပ်ဆောင်ခြင်းသည် သာ၍သင့်လျော်နိုင်ဖွယ်ရှိသည်။ ဧပြီလအတွင်း သင်တိုး၍အမှုဆောင်ရန် ပန်းတိုင်ထားပါက သင့်တော်သောရပ်ကွက်တစ်ခု ရနိုင်၊ မရနိုင် ရပ်ကွက်အမှုထမ်းကိုမေးပါ။ ထိုသို့ရရှိနိုင်လျှင် ယင်းကို သင်နှံ့နှံ့စပ်စပ်လုပ်ဆောင်ရန် အခွင့်ထူးများရရှိစေမည်ဖြစ်သည်။ သင်သည် အမှုဆောင်ပြီးသည့်အခါဖြစ်စေ၊ အစည်းအဝေး သို့မဟုတ် အခြားနေရာများသို့သွားသည့်အခါဖြစ်စေ ယခင်က လူမရှိသောအိမ်ရာ သို့မဟုတ် စိတ်ဝင်စားမှုပြခဲ့သောအိမ်ရာတစ်ခုတွင် တစ်ဦးဦးရှိနေသည်ကို သင်သတိထားမိပေမည်။ သင့်တော်မည်ဆိုလျှင် အကျိုးအရှိဆုံးဖြစ်မည့်အချိန်တွင် ခဏတစ်ဖြုတ်လည်ပတ်ပါ။ တစ်ဖန် ယင်းသို့ပြုခြင်းက ဖြစ်မြောက်အောင်လုပ်ဆောင်မည်ဆိုသည့်ခံစားမှုကို ဖြစ်ပေါ်စေပြီး ဓမ္မအမှုတွင် ပျော်ရွှင်မှုရှိစေမည်ဖြစ်သည်။
၁၈ နှစ်သက်ဆွဲဆောင်နိုင်သော သတင်းတရားဖြစ်ရန် ကြိုတင်ပြင်ဆင်ပါ– တစ်ဦးတစ်ယောက်သည် နိုင်ငံတော်သတင်းဟောပြောလိုစိတ်ရှိခြင်းနှင့် မိမိ၏ဟောပြောဆက်သွယ်ပုံအပေါ် ယုံကြည်စိတ်ချမှုရှိခြင်းတို့သည် တစ်ကဏ္ဍစီဖြစ်သည်၊ အထူးသဖြင့် သူသည် လူသစ် သို့မဟုတ် ဓမ္မအမှုတွင် ကြာမြင့်စွာမပါဝင်ဘဲနေခဲ့သူဖြစ်လျှင်ဖြစ်သည်။ လူသစ်များနှင့် မလှုပ်ရှားသူများကို ကြိုတင်ပြင်ဆင်ရန် ကူညီပေးခြင်းသည် အချိန်ကိုအကျိုးရှိရှိအသုံးချခြင်းဖြစ်သည်။ လုပ်ငန်းတော်အစည်းအဝေးများနှင့် လယ်ကွင်းလုပ်ငန်းအစည်းအဝေးများသည် အကူအညီဖြစ်စေသောအကြံဉာဏ်များ ပေးနိုင်သော်လည်း ကိုယ်ပိုင်ပြင်ဆင်ခြင်းကိုမူ အစားလုပ်ပေး၍မရချေ။
၁၉ လုပ်ငန်းတော်အတွက် ကြိုတင်ပြင်ဆင်ရန် လူသစ်များကို သင်မည်သို့ကူညီပေးနိုင်သနည်း။ မဂ္ဂဇင်းတင်ဆက်ပုံဖြင့်စတင်ကာ ရိုးရိုးလေးနှင့်တိုတုတ်စွာပြောပြပါ! ရပ်ကွက်တွင်ရှိသူများစိတ်ဝင်စားမည့် သတင်းမှအဖြစ်အပျက်များအကြောင်းကို သူတို့အား စဉ်းစားစေပြီးနောက် ယင်းအကြောင်းဖော်ပြထားသည့် နောက်ဆုံးထုတ်မဂ္ဂဇင်းတစ်စောင်မှ အချက်တစ်ချက်ကိုရှာပါ။ တင်ဆက်ပုံကို အတူတကွလေ့ကျင့်၍ ဓမ္မအမှုတွင် ယင်းကို အတတ်နိုင်ဆုံးအသုံးပြုပါ။
၂၀ ကျွန်ုပ်တို့၏အနာဂတ် တိုးတက်မှုအတွက် အလားအလာကို ဖြစ်ပေါ်စေပါ– ယမန်နှစ်က ကမ္ဘာတစ်ဝန်းတွင် သတိရအောက်မေ့ပွဲတက်ရောက်သူ ၁၄.၈ သန်းကျော်ရှိခဲ့သည်။ ကြေညာသူအဖြစ် မှတ်တမ်းသွင်းသူအရေအတွက်မှာ ခြောက်သန်းမျှသာရှိသည်။ ၈.၈ သန်းခန့်သည် ရှင်းပြခဲ့သော ကျမ်းစာ၏အဓိသွန်သင်ချက်တစ်ချက်ကြားခဲ့ရသည့် ဤအထူးအစီအစဉ်ကို တက်ရောက်လာသည်အထိ အတော်ပင်စိတ်ဝင်စားခဲ့ကြသည်ဟူသည့် အဓိပ္ပာယ်ပင်။ သူတို့သည် ကျွန်ုပ်တို့ထဲမှအချို့ကို ပုဂ္ဂိုလ်ရေးအရ သိကျွမ်းခဲ့ကြရာ ယင်းက သူတို့အတွက် နှစ်သက်စရာစွဲကျန်ခဲ့ရခြင်း ဖြစ်ဖွယ်ရှိသည်။ သူတို့ထဲမှအများသည် ကျွန်ုပ်တို့ကို ချီးမွမ်းပြောဆို၍ ကျွန်ုပ်တို့၏ကမ္ဘာချီလုပ်ငန်းအတွက် အလှူငွေထည့်ဝင်ကာ အခြားသူများရှေ့တွင် ကျွန်ုပ်တို့ဘက်မှကာကွယ်ပြောဆိုပေးကြသည်။ ဤအုပ်စုကြီးသည် အနာဂတ်တိုးတက်မှုအတွက် အလားအလာရှိသူများဖြစ်ကြသည်။ ထပ်ဆင့်တိုးတက်လာရန် သူတို့ကို ကျွန်ုပ်တို့မည်သို့ကူညီပေးနိုင်သနည်း။
၂၁ သတိရအောက်မေ့ပွဲတက်ရောက်သော လူသစ်အများစုသည် ကျွန်ုပ်တို့ထဲမှတစ်ယောက်က ကိုယ်တိုင်ကိုယ်ကျဖိတ်ခေါ်မှုကြောင့် ဤသို့လာကြခြင်းဖြစ်သည်။ ပရိသတ်ထဲတွင် အနည်းဆုံး သူတို့၏မျက်နှာသိတစ်ဦးရှိသည်ဟူသည့် အဓိပ္ပာယ်ရှိသည်။ ကျွန်ုပ်တို့၏ဖိတ်ခေါ်မှုကြောင့် တစ်ဦးတစ်ယောက် တက်ရောက်လာလျှင် သူသည် ကြိုဆိုခံရကြောင်း ခံစားရစေရန်နှင့် ဤအစီအစဉ်မှ အကျိုးအပြည့်အဝရယူဖို့အတွက် ကူညီပေးရန် ကျွန်ုပ်တို့တွင် တာဝန်ရှိသည်။ ခန်းမတွင် လူများပြည့်နေမည်ဖြစ်သော်လည်း ထိုင်စရာတစ်ခုရရန် သူ့ကိုကူညီပေးပါ။ သူ့အား ကျမ်းစာပေးပြီး သင်၏သီချင်းစာအုပ်ဖြင့် လိုက်ဆိုရန်ဖိတ်ခေါ်ပါ။ သူမေးနိုင်ဖွယ်ရှိသည့်မေးခွန်းအချို့ကို ဖြေပေးပါ။ သင်၏လှိုက်လှဲသော ပုဂ္ဂိုလ်ရေးဂရုစိုက်ပေးမှုသည် သူ၏စိတ်ဝင်စားမှုကို ပျိုးထောင်ပေးရာတွင် အရေးပါသောအချက်တစ်ချက်ဖြစ်နိုင်သည်။ အမှန်ဆိုရလျှင် ကျွန်ုပ်တို့အားလုံးသည် ဤတာဝန်—မျက်နှာစိမ်းတစ်ဦးကိုတွေ့လျှင် လှိုက်လှဲစွာကြိုဆိုကာ ရင်းနှီးမှုရရှိရန် တစ်လုံးစ၊ နှစ်လုံးစ,စကားစမြည်ပြောခြင်း—ကိုဝိုင်းဝန်းထမ်းဆောင်နေကြသည်။
၂၂ သတိရအောက်မေ့ပွဲတက်ရောက်ခြင်းသည် လူတစ်ဦး၏စဉ်းစားတွေးခေါ်မှုအပေါ် အမှန်ပင်အကျိုးသက်ရောက်နိုင်သည်။ သူသည် အစည်းအဝေးသို့ လာရောက်ရခြင်းမှာ သူရှာဖွေနေသည့်အရာကို အခြားတစ်နေရာတွင် ရှာဖွေရာမတွေ့ရှိခြင်းနှင့် ပို၍အနီးကပ်ဆန်းစစ်ဖို့လိုသည်ဟု သူယူဆထားသောအရာတစ်ခုခုကို ကျွန်ုပ်တို့က ကမ်းလှမ်းထားခြင်းတို့ကြောင့် ဖြစ်နိုင်သည်။ ယေဟောဝါ၏အတိုင်းမသိမေတ္တာတော်အကြောင်း တွေးပင်မတွေးဖူးသူတစ်ဦးအတွက် အံ့ဖွယ်ရွေးနုတ်ဖိုးအစီအစဉ်၏ရှင်းပြချက်များသည် အလွန်အသိပညာတိုးစေသော လှစ်ဟဖော်ပြချက်တစ်ခုဖြစ်ပေမည်။ ရိုးသား၊ ဖော်ရွေ၊ ချစ်ခင်လေးစားမှုရှိသော ကျွန်ုပ်တို့သည် ထူးခြားကြောင်း အလွယ်တကူ သူတွေ့ရှိပေမည်။ ကျွန်ုပ်တို့၏ခန်းမသည် သူတွေ့မြင်ရသည့် ရုပ်ပုံများ၊ အဓိပ္ပာယ်မဲ့ထုံးတမ်းများပြည့်နှက်နေသည့် ချာ့ချ်နှင့်လုံးဝတူမည်မဟုတ်။ ပရိသတ်တွင် လူအလွှာစုံရှိပြီး အလှူငွေလိုက်လံကောက်ခံခြင်းမရှိသည်ကို လူသစ်များ သတိပြုမည်မှာသေချာသည်။ ဤတွေ့မြင်ချက်သည်ပင် သူတို့ကိုပြန်လာစေသည့် ဆွဲအားတစ်ခုဖြစ်နိုင်သည်။
၂၃ သတိရအောက်မေ့ပွဲပြီးနောက် တက်ရောက်ခဲ့သောလူသစ်တိုင်းကို ဆက်၍ကူညီပေးရန် နိုးကြားနေသင့်သည်။ သင်သည် လူသစ်များကို ဖိတ်ခေါ်ထားလျှင် သင့်တွင် အထူးသဖြင့်တာဝန်ရှိသည်။ သူတို့ပြန်မသွားမီ နိုင်ငံတော်ခန်းမ၌ အခြားအစည်းအဝေးများရှိကြောင်း သိရှိဖို့သေချာစေပါ။ နောက်ဟောမည့်လူထုဟောပြောချက် ခေါင်းစဉ်ကို ပြောပြပါ။ သူတို့အိမ်နှင့်အနီးဆုံး အသင်းတော်စာအုပ်ကြီးသင်တန်း၏ နေရာနှင့်အချိန်ကို သိရှိပါစေ။ ထို့နောက် ဖန်ဆင်းရှင် စာအုပ်ကိုပေးကာ ဧပြီ ၃၀ ရက်အပတ်တွင် “စာအုပ်တစ်အုပ်မှ ဖန်ဆင်းရှင်အကြောင်း အဘယ်အရာ သင်သိရှိနိုင်သနည်း” [မြန်မာအစီအစဉ်– ဗျာဒိတ်ကျမ်း အခန်း ၃၀ မဟာဗာဗုလုန်ကျဆုံးပြီ အပိုဒ် ၈-၂၀] အကြောင်းဆွေးနွေးမည်ကို သူတို့အားသိရှိပါလေစေ။ အသင်းတော်တစ်ခုလုံးသည် အနီးအနားတွင် မကြာမီကျင်းပမည့် ခရိုင်စည်းဝေးကြီးကို တက်ရောက်ရန် စီစဉ်လျက်ရှိကြောင်း ရှင်းပြပါ။
၂၄ သူတို့အိမ်များသို့ စိတ်ပါလက်ပါလည်ပတ်ရန် စီစဉ်ပါ။ သမ္မာကျမ်းစာ၏အခြေခံသွန်သင်ချက်များနှင့် သူတို့အားရင်းနှီးစေသည့် တောင်းဆို ဘရိုရှာနှင့် အသိပညာ စာအုပ်တို့ သူတို့ရရှိထားကြောင်း သေချာစေပါ။ သူတို့ မလေ့လာရသေးလျှင် ကျမ်းစာသင်အံမှုကမ်းလှမ်းပါ။ အဖွဲ့အစည်းတစ်ရပ်အနေနှင့် ကျွန်ုပ်တို့လုပ်ဆောင်ပုံများကို ရုပ်ပုံဖြင့်ပီပီပြင်ပြင်ဖော်ပြထားသော ယေဟောဝါသက်သေများ—သူတို့မည်သူများနည်း။ သူတို့ဘာကိုယုံကြည်ကြသနည်း။ ဘရိုရှာကိုဖတ်ဖို့ အကြံပြုပါ။ ကျွန်ုပ်တို့၏ညီအစ်ကိုအသင်းအပင်းတစ်ရပ်လုံး ကဲ့သို့သောဗီဒီယိုခွေများကိုကြည့်ရန် သူတို့ကိုဖိတ်ခေါ်ပါ။ အသင်းတော်မှ အခြားသူများနှင့်တွေ့ဆုံရန် သူတို့ကိုစီစဉ်ပေးပါ။ လာမည့်လများ၌ လူသစ်များနှင့်ဆက်၍ဆက်သွယ်ပါ; တိုက်နယ်ကြီးကြပ်မှူးလည်ပတ်သည့်အခါဖြစ်စေ၊ တိုက်နယ်စည်းဝေး သို့မဟုတ် အထူးစည်းဝေးရှိသည့်အခါဖြစ်စေ အစည်းအဝေးများတက်ရောက်ရန် ဖိတ်ခေါ်ပါ။ သူတို့ကိုယ်တိုင် “ထာဝရအသက်ကို တလိုတလားရှိ” သူများဖြစ်ကြောင်းပြနိုင်သည့် အခွင့်အရေးတိုင်းကို စီစဉ်ပေးပါ!—တ. ၁၃:၄၈၊ ကဘ။
၂၅ အကြီးအကဲများ လုပ်ဆောင်နိုင်သည့်အရာ– ဤဧပြီလဓမ္မအမှုတွင် အားသွန်ခွန်စိုက်ကြိုးစားအားထုတ်မှု၏ အောင်မြင်မှုသည် အကြီးအကဲများအပေါ် များစွာမူတည်လိမ့်မည်။ အကယ်၍ သင်သည် စာအုပ်ကြီးသင်တန်းမှူးဖြစ်လျှင် အထူးအမှုဆောင်လုပ်ငန်းများတွင် သင်၏စာအုပ်ကြီးသင်တန်းအုပ်စုရှိ လူတိုင်းပါဝင်ရန် ကူညီပေးနိုင်သည့်အရာများကို စာရင်းပြုစုပါ။ လူငယ်၊ လူသစ်၊ မှန်မှန်မကြေညာသူ၊ မလှုပ်ရှားသူများရှိသော သင့်အုပ်စုအတွက် တာဝန်တစ်စုံတစ်ရာပေးသလော။ မိဘများ၊ ရှေ့ဆောင်များ သို့မဟုတ် အခြားကြေညာသူများသည် သူတို့အားကူညီပေးရန် စ၍လုပ်ဆောင်နေမနေ သိရှိဖို့စစ်ဆေးပါ။ သင်ကိုယ်တိုင်ပေးနိုင်သည့် အဘယ်အကူအညီကိုမဆိုပေးပါ။ နှစ်နှစ်ထိ လယ်ကွင်းလုပ်ငန်းတွင် မှန်မှန်မကြေညာသူဖြစ်ခဲ့သော ညီအစ်မတစ်ဦးသည် ယမန်နှစ်ဧပြီလဓမ္မအမှုတွင် နာရီ ၅၀ ကျော်မှတ်တမ်းသွင်းခဲ့သည်။ သူ့အတွက် အဘယ်အရာကထူးခြားသွားစေသနည်း။ အကြီးအကဲများ၏ တည်ဆောက်မှုဖြစ်စေသော သိုးထိန်းလည်ပတ်မှုကြောင့်ဖြစ်သည်ဟု သူပြောပြသည်။
၂၆ လာမည့်လတွင် ရပ်ကွက်၊ မဂ္ဂဇင်းများနှင့် စာအုပ်စာတမ်း အလုံအလောက်ရှိကြောင်း သေချာစေရန် အကြီးအကဲများနှင့် ဓမ္မအမှုထမ်းများသည် ပူးပေါင်းဆောင်ရွက်သင့်သည်။ လယ်ကွင်းလုပ်ငန်းအတွက် ထပ်ဆင့်အစည်းအဝေးများ စီစဉ်နိုင်မည်လော။ စီစဉ်နိုင်မည်ဆိုလျှင် အထူးအစီအစဉ်များကို ကြေညာပါ။ ထို့ထက်ကား၊ လူထုရှေ့နှင့်ကိုယ်ပိုင်ဆုတောင်းချက်များ၌ နိုင်ငံတော်လုပ်ငန်းတိုးမြှင့်မည့်လကို ယေဟောဝါကောင်းချီးပေးပါရန် တောင်းဆိုပါ။—ရော. ၁၅:၃၀၊ ၃၁; ၂ သက်. ၃:၁။
၂၇ ယမန်နှစ်ဧပြီလက မြောက်ကယ်ရိုလိုင်းနားရှိ အသင်းတော်တစ်ခုမှ အကြီးအကဲများသည် ဓမ္မအမှုတွင် တိုးမြှင့်ဆောင်ရွက်ရန် တကယ့်ကိုအားပေးခဲ့သည်။ ပတ်စဉ်စည်းဝေးများ၌ အရန်ရှေ့ဆောင်များအဖြစ် စာရင်းသွင်းနိုင်၊ မသွင်းနိုင် ဆုတောင်းသုံးသပ်ရန် ကြေညာသူများကို သူတို့ဖိတ်ခေါ်သည်။ အခွင့်အရေးရတိုင်း အမှုထမ်းအဖွဲ့ရှိ အမှုထမ်းတိုင်းသည် ဧပြီလကိုအကောင်းတကာ့အကောင်းဆုံးလဖြစ်စေခြင်းအကြောင်း ထက်သန်စွာဆွေးနွေးကြသည်။ ရလဒ်ကား၊ အကြီးအကဲများနှင့် ဓမ္မအမှုထမ်းများအားလုံးအပါအဝင် ကြေညာသူ ၅၈ ရာခိုင်နှုန်းသည် ထိုလတွင် ရှေ့ဆောင်ခဲ့ကြလေသတည်း!
၂၈ အပြည့်အဝပါဝင်ခြင်းမှရသော ပျော်ရွှင်မှု– ဓမ္မအမှုတွင် ‘ကြိုးစားအားထုတ်၍အမှုဆောင်ခြင်း’ ၏ကောင်းချီးများကား အဘယ်နည်း။ (၁ တိ. ၄:၁၀) ယမန်နှစ်ဧပြီလက အသင်းတော်၏ထက်သန်စွာလုပ်ဆောင်မှုနှင့်ပတ်သက်၍ အထက်ဖော်ပြပါအကြီးအကဲများက ဤသို့ရေးသည်– “ညီအစ်ကို၊ ညီအစ်မတွေဟာ လယ်ကွင်းလုပ်ငန်းမှာ ပိုပြီးစလုပ်ဆောင်ခဲ့ကတည်းက တစ်ယောက်ကိုတစ်ယောက် ဘယ်လောက်ထိပိုပြီးချစ်ခင်ပြီး ရင်းနှီးမှုရှိလာတဲ့အကြောင်းကို မကြာမကြာပြောတတ်ကြတယ်။”
၂၉ ယမန်နှစ်ဧပြီလတွင် ကိုယ်လက်အင်္ဂါချို့ယွင်းနေသော လူငယ်ညီအစ်ကိုတစ်ဦးသည် အထူးလုပ်ဆောင်မှုတွင် ပါဝင်လိုခဲ့သည်။ သေချာစွာစီစဉ်ခြင်းနှင့် သူ၏မိခင်၊ ဝိညာဏညီအစ်ကို၊ ညီအစ်မများ၏အကူအညီဖြင့် သူသည် အကျိုးဖြစ်ထွန်းသောလတစ်လကို အရန်ရှေ့ဆောင်အဖြစ် ပျော်မွေ့ခဲ့သည်။ ဤအတွေ့အကြုံနှင့်ပတ်သက်၍ သူမည်သို့ခံစားခဲ့ရသနည်း။ “ကျွန်တော်ဟာ ကြံ့ခိုင်တဲ့လူတစ်ယောက်လို ကျွန်တော်အသက်တာမှာ ပထမဆုံးအကြိမ် ခံစားခဲ့ရတယ်” ဟုပြောပြခဲ့သည်။
၃၀ ယေဟောဝါ၏ဘုရင်ဖြစ်မှုအကြောင်း ပြောပြရသည့်အခွင့်ထူးကို အလွန်အမင်းလေးမြတ်သူများအား ကိုယ်တော်သည် ကြွယ်ဝစွာကောင်းချီးပေးမည်မှာ ယုံမှားဖွယ်မရှိချေ။ (ဆာ. ၁၄၅:၁၁၊ ၁၂) ကျွန်ုပ်တို့သခင်၏သေခြင်းအထိမ်းအမှတ်ပွဲကျင်းပနေစဉ် ဘုရားရေးရာဆက်ကပ်အပ်နှံမှုအတွက် ကောင်းချီးများသည် အနာဂတ်တွင် ပို၍ပင်များပြားမည်ကို သဘောပေါက်ကြသည်။ တမန်တော်ပေါလုသည် ထာဝရအသက်ဆုကျေးဇူးကို လွန်စွာတမ်းတခဲ့သည်။ သို့သော် ယင်းက ဘာမျှမလုပ်ဘဲ ထိုင်၍မျှော်လင့်နေရသည့် အရာမဟုတ်ကြောင်း သူသဘောပေါက်သည်။ “ထိုသို့အလို့ငှာ ငါသည်အမှုဆောင်ရွက်၍ ငါ၌တန်ခိုးတော်ပြုပြင်အားထုတ်တော်မူသည်အတိုင်း ကြိုးစားအားထုတ်လေ့ရှိ၏” ဟူ၍ သူရေးခဲ့သည်။ (ကော. ၁:၂၉) အသက်ကယ်ဓမ္မအမှုကို အောင်မြင်ပြီးမြောက်ရန် ယေရှုအားဖြင့် ယေဟောဝါသည် ပေါလုကို တန်ခိုးနှင့်ပြည့်စုံစေသည်၊ ယနေ့ ကျွန်ုပ်တို့အားလည်း ထိုနည်းတူ ကိုယ်တော်လုပ်ပေးနိုင်၏။ ဤဧပြီလတွင် ယင်းအတွေ့အကြုံကို သင်ကိုယ်တိုင် ရယူခံစားမည်လော။
[စာမျက်နှာ ၃ ပါ လေးထောင့်ကွက်]
ဧပြီလတွင် ကြေညာရန်မည်သူ့ကို သင်အားပေးနိုင်သနည်း
သင်၏သားသမီးလော
ကျမ်းစာသင်သားလော
မလှုပ်ရှားသူတစ်ဦးတစ်ယောက်လော