အားလပ်ချိန်ကို တော်မှန်သောနေရာတွင်ထားလော့
၁ ဤခက်ခဲသောနေ့ရက်များတွင် ကျွန်ုပ်တို့အားလုံးသည် အခါအားလျော်စွာ အပြောင်းအလဲလုပ်ဖို့လိုသည်။ အနည်းအကျဉ်းအပန်းဖြေခြင်းသည် သင့်လျော်၏။ သို့သော် အားလပ်ချိန်၊ ဖျော်ဖြေမှုနှင့် လူမှုဆက်ဆံရေးတို့တွင် အချိန်ကိုအလွန်အကျွံသုံးခြင်းသည် လူတစ်ဦးအား ဝိညာဉ်ရေးရာများတွင် အသုံးပြုသည့်အချိန် နည်းသည်ထက်နည်းလာစေနိုင်သည်။ ကျွန်ုပ်တို့သည် အားလပ်ချိန်ကို တော်မှန်သောနေရာတွင်ထားရမည်။ (မ. ၅:၃) ယင်းသည် မည်သို့ဖြစ်နိုင်သနည်း။ ဧဖက် ၅:၁၅-၁၇ တွင်တွေ့ရသောအကြံပြုချက်ကို လိုက်နာခြင်းအားဖြင့်ဖြစ်သည်။
၂ ကန့်သတ်ချက်များထားပါ– ပေါလုက ခရစ်ယာန်များသည် မည်သို့ပညာရှိစွာ အသက်ရှင်နေထိုင်သည်ကို “သတိပြု” သင့်ကြောင်းရေးသားခဲ့သည်။ အမှန်တကယ်လိုအပ်ရာအတွက် အားလပ်ချိန်ကို ကန့်သတ်ထားဖို့ တော်သင့်ရုံရှိခြင်းနှင့် ကိုယ့်ကိုယ်ကိုချုပ်တည်းခြင်းရှိဖို့လိုအပ်သည်။ ကျွန်ုပ်တို့၏အားလပ်ချိန်အသုံးပြုနည်းကို အလေးအနက်စဉ်းစားခြင်းသည် သင့်လျော်ပါသည်။ အပန်းဖြေခြင်းသည် ကျွန်ုပ်တို့၏အချိန်ကို အလဟဿဖြစ်စေသည် သို့မဟုတ် ကျွန်ုပ်တို့ကို အားအင်ကုန်ခန်းစေသည်ဟု ခံစားရစေမည့်အစား အကျိုးရှိသောရည်ရွယ်ချက်အချို့ကို အထမြောက်စေသင့်သည်။ လုပ်ဆောင်မှုတစ်ခုတွင်ပါဝင်ပြီးနောက် ကျွန်ုပ်တို့သည် ဟာတာတာဖြစ်နေကာ ကျေနပ်မှုလည်းမရရှိသည့်အပြင် အနည်းငယ်စိတ်မသိုးမသန့်ဖြစ်နေလျှင် ယင်းက ကျွန်ုပ်တို့၏အချိန်ကိုအသုံးပြုရာတွင် ပြုပြင်ပြောင်းလဲမှုများလုပ်ဖို့လိုကြောင်း ဖော်ပြပါသည်။
၃ အကျိုးသင့်အကြောင်းသင့်ရှိပါ– ပေါလုက “အကျိုးသင့်အကြောင်းသင့်မရှိသူ” မဖြစ်ဘဲ ဘဝတွင် သာ၍အရေးကြီးသောအရာများအတွက် “အခွင့်အခါသင့်သောအချိန်ကိုဝယ်ယူ” ရန်သြဝါဒပေးခဲ့သည်။ ဆက်ကပ်အပ်နှံပြီးသောခရစ်ယာန်များသည် မိမိတို့၏အသက်တာကို အားလပ်ချိန်အပေါ် ဗဟိုပြုခွင့်မပေးနိုင်ကြပါ။ အနားယူအပန်းဖြေခြင်းသည် ကျွန်ုပ်တို့ကို ကာယပိုင်းအရ အားသစ်လောင်းပေးနိုင်သော်လည်း ဝိညာဏစွမ်းအင်၏ရင်းမြစ်သည် ဘုရားသခင်၏တက်ကြွလှုပ်ရှားသောစွမ်းအားဖြစ်သည်။ (ဟေရှာ. ၄၀:၂၉-၃၁) ကျွန်ုပ်တို့သည် ကိုယ်တော့်ဝိညာဉ်တော်ကို အပန်းဖြေခြင်းအားဖြင့်မဟုတ်ဘဲ သီအိုကရက်တစ်လုပ်ဆောင်မှုများနှင့်ဆက်နွှယ်နေသည့်—ကျမ်းစာလေ့လာခြင်း၊ အသင်းတော်အစည်းအဝေးများတက်ခြင်း၊ လယ်ကွင်းလုပ်ငန်းတွင်ပါဝင်ခြင်း—ဖြင့်ရရှိကြသည်။
၄ ဦးစားပေးရာများကိုချမှတ်ပါ– ပေါလုက ခရစ်ယာန်များအား “သခင်ဘုရား [“ယေဟောဝါ၊” ကဘ] ၏အလိုတော်ရှိရာကို ပိုင်းခြား၍သိသောသူဖြစ်ကြ” ရန်ညွှန်ကြားခဲ့သည်။ ယေရှုက ကျွန်ုပ်တို့၏လုပ်ဆောင်မှုများသည် ဘဝတွင်ဦးစားပေးရာအဖြစ် ဘုရားသခင့်နိုင်ငံတော်အပေါ်ဗဟိုပြုသင့်ကြောင်း သွန်သင်ခဲ့သည်။ (မ. ၆:၃၃) ကျွန်ုပ်တို့သည် ယေဟောဝါထံ မိမိတို့၏ဆက်ကပ်အပ်နှံမှုနှင့်အညီ နေထိုင်ခွင့်ရစေမည့်အရာများကို ဦးဆုံး လုပ်ဖို့လိုသည်။ ထို့နောက် အားလပ်ချိန်ကို တော်မှန်သည့်နေရာတွင်ထားနိုင်သည်။ ယင်းကိုလုပ်ဆောင်သည့်အခါ ကောင်းကျိုးခံစားရကာ ပို၍ပျော်ရွှင်မှုခံစားရမည်ဖြစ်သည်။—ဒေ. ၅:၁၂။