သင်ပိုမိုလုပ်ဆောင်လိုသလော
၁ ယေရှုက နိုင်ငံတော်ကို တန်ဖိုးမဖြတ်နိုင်သောဘဏ္ဍာနှင့် နှိုင်းယှဉ်ခဲ့သည်။ (မ. ၁၃:၄၄-၄၆) နိုင်ငံတော်သတင်းဖြန့်ချိရေးလုပ်ငန်းသည်လည်း အဖိုးထိုက်သောဘဏ္ဍာတစ်ခုဖြစ်၏။ ဓမ္မအမှုတွင်အပြည့်အဝပါဝင်ရန် မိမိလိုအင်ကိုအတော်အတန်ငြင်းပယ်ရလျှင်ပင် ယင်းဓမ္မအမှုကို ကျွန်ုပ်တို့၏အသက်တာတွင် ဦးထိပ်ထားသင့်သည်။ (မ. ၆:၁၉-၂၁) နိုင်ငံတော်လုပ်ငန်းတွင် သင် ပိုမိုလုပ်ဆောင်လိုသလော။
၂ ဤမရှိမဖြစ်လိုအပ်သောအရာများကိုသုံးသပ်ပါ– ဓမ္မအမှုတွင် ကျွန်ုပ်တို့တစ်ဦးစီ၏ပါဝင်မှုကိုတိုးချဲ့ရန် လိုအပ်သောအရာအချို့ရှိသည်– (၁) ဘဝတွင် နိုင်ငံတော်အကျိုးစီးပွားကို ရှေးဦးထားရန် စိတ်ပိုင်းဖြတ်ခြင်း (မ. ၆:၃၃); (၂) ယေဟောဝါအပေါ် ယုံကြည်ခြင်းနှင့်မှီခိုအားထားမှုတင်ပြခြင်း (၂ ကော. ၄:၁၊ ၇); (၃) စိတ်ရင်းမှန်နှင့် စွဲစွဲမြဲမြဲဆုတောင်းခြင်းအားဖြင့် ဘုရားသခင့်အကူအညီကိုတောင်းခံခြင်း (လု. ၁၁:၈-၁၀); (၄) ကျွန်ုပ်တို့၏ဆုတောင်းချက်များအတိုင်းလိုက်လျှောက်ပြီး ယင်းနှင့်အညီပြုမူခြင်း။—ယာ. ၂:၁၄၊ ၁၇။
၃ ကျွန်ုပ်တို့၏ဓမ္မအမှုကို တိုးချဲ့ရန်နည်းလမ်းများ– ကျွန်ုပ်တို့အားလုံးသည် လစဉ် ဓမ္မအမှုတွင် အချိန်အချို့ကို ပုံမှန်အသုံးပြုရန်ဟူသော အခြေခံပန်းတိုင်ချမှတ်နိုင်သည်။ သို့သော် အလွတ်သဘောသက်သေခံရန် အခွင့်အရေးတိုင်းကိုအသုံးချခြင်း၊ သင့်တင်ဆက်မှုများကို ပို၍အဓိပ္ပာယ်ပြည့်ဝစေရန်ကြိုးစားခြင်း၊ သင့်ပြန်လည်ပတ်မှုများကို ပိုမိုထိရောက်စေခြင်းနှင့် တိုးတက်သော အိမ်တွင်းကျမ်းစာသင်အံမှုများ ကျင်းပရန်ကြိုးစားခြင်းတို့ကိုလည်း သင်စဉ်းစားဖူးသလော။ သင်သည် အရန်ရှေ့ဆောင် သို့မဟုတ် မှန်မှန်ရှေ့ဆောင်လုပ်နိုင်မည်လော သို့မဟုတ် သာ၍လိုအပ်သောနေရာတွင် အမှုဆောင်နိုင်မည်လော။ သင်သည် နှစ်ခြင်းခံပြီးသောညီအစ်ကိုတစ်ဦးဖြစ်လျှင် ဓမ္မအမှုထမ်း သို့မဟုတ် အကြီးအကဲတစ်ဦးအဖြစ် အရည်အချင်းပြည့်မီရန် တက်လှမ်းနိုင်မည်လော။ (၁ တိ. ၃:၁၊ ၁၀) ဗေသလလုပ်ငန်း၊ ဓမ္မအမှုထမ်းသင်တန်းကျောင်းအတွက် လျှောက်ထားခြင်းအားဖြင့် သင့်ဓမ္မအမှုကိုတိုးချဲ့နိုင်မည်လော။—လု. ၁၀:၂။
၄ အချိန်ပြည့်လုပ်ငန်းတစ်ခုရှိပြီး အားကစားလှုပ်ရှားမှုများတွင် အချိန်များစွာအသုံးပြုခဲ့သော ညီအစ်ကိုတစ်ဦးသည် မှန်မှန်ရှေ့ဆောင်တစ်ဦးဖြစ်ရန် အားပေးခံခဲ့ရသည်။ သူသည် အရန်ရှေ့ဆောင်စလုပ်ကာ ယင်းနောက် အချိန်ပြည့်ဓမ္မအမှုတွင်ပါဝင်ရန် သူ၏အခြေအနေများကို ပြုပြင်ပြောင်းလဲခဲ့သည်။ နောက်ပိုင်းတွင် သူသည် တိုက်နယ်ကြီးကြပ်မှူးတစ်ဦးအဖြစ် လက်ရှိထမ်းဆောင်နေသည့်တာဝန်အတွက် အသင့်ဖြစ်ရန် သူ့ကိုကူညီပေးသည့် ဓမ္မအမှုထမ်းသင်တန်းကျောင်းကို တက်ခဲ့ရသည်။ သူသည် ရရှိခဲ့သည့်အားပေးမှုကို တုံ့ပြန်ခဲ့ခြင်းကြောင့် အလွန်ဝမ်းသာကာ နိုင်ငံတော်လုပ်ငန်းတွင် ပိုမိုလုပ်ဆောင်မည်ဟူသော သူ၏ဆုံးဖြတ်ချက်ရလဒ်အနေနှင့် ပို၍ပျော်ရွှင်ကြောင်း ယုံကြည်စိတ်ချသည်။
၅ ယေဟောဝါသည် မိမိတို့ကိုယ်ကိုအသုံးတော်ခံခွင့်ပြုသူများအား ကောင်းချီးပေးတော်မူ၏။ (ဟေရှာ. ၆:၈) သင့်ဓမ္မအမှုကိုတိုးချဲ့ခြင်းနှင့် ယင်း၏ရလဒ်အဖြစ် သာ၍ကြီးမားသောကျေနပ်မှုနှင့် လန်းဆန်းမှုခံစားရခြင်းတို့မှ သင့်ကို အဘယ်အရာကမျှ မတားဆီးစေပါနှင့်။