စိတ်နှိမ့်ချခြင်းကို ယူတင်ဝတ်ဆောင်ကြလော့
၁ သိုးထိန်းလုလင်တစ်ဦးသည် ယေဟောဝါကို အားကိုးကာ ခွန်အားကြီးသောစစ်သူရဲတစ်ဦးကို အနိုင်ရရှိသည်။ (၁ ရာ. ၁၇:၄၅-၄၇) သူကြွယ်တစ်ဦးသည် ဘေးဒုက္ခကို သည်းခံလျက်ကြံ့ကြံ့ခံသည်။ (ယောဘ ၁:၂၀-၂၂; ၂:၉၊ ၁၀) ဘုရားသခင့်သားတော်သည် မိမိ၏သွန်သင်မှုအတွက် ဂုဏ်တင်စရာရှိသမျှကို မိမိ၏ခမည်းတော်အား ပေးသည်။ (ယော. ၇:၁၅-၁၈; ၈:၂၈) ဤစံနမူနာတစ်ခုစီတွင် စိတ်နှိမ့်ချခြင်းသည် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ အလားတူ ယနေ့လည်း စိတ်နှိမ့်ချခြင်းသည် ကျွန်ုပ်တို့ရင်ဆိုင်ရသောအခြေအနေများတွင် အရေးပါသည်။—ကော. ၃:၁၂။
၂ ဟောပြောသောအခါ– ခရစ်ယာန်ဓမ္မအမှုဆောင်များအနေနှင့် ကျွန်ုပ်တို့သည် လူမျိုး၊ ယဉ်ကျေးမှု၊ နောက်ခံအပေါ်အခြေပြု၍ ကြိုတင်မဆုံးဖြတ်ဘဲ လူမျိုးအပေါင်းတို့အား သတင်းကောင်းကို နှိမ့်ချစွာဝေငှကြသည်။ (၁ ကော. ၉:၂၂၊ ၂၃) အချို့က ရိုင်းစိုင်းမည် သို့မဟုတ် နိုင်ငံတော်သတင်းကို မောက်မာစွာငြင်းပယ်မည်ဆိုလျှင် ကျွန်ုပ်တို့သည် သူတို့နည်းတူမတုံ့ပြန်ဘဲ ထိုက်တန်သူများကို စိတ်ရှည်စွာ ဆက်၍ရှာဖွေကြသည်။ (မ. ၁၀:၁၁၊ ၁၄) ကျွန်ုပ်တို့သည် မိမိတို့၏အသိပညာ သို့မဟုတ် ပညာရေးဖြင့် အခြားသူများအထင်ကြီးစေရန် ကြိုးစားမည့်အစား ဘုရားသခင့်နှုတ်ကပါဌ်တော်သည် ကျွန်ုပ်တို့ပြောဆိုမည့် မည်သည့်အရာထက်မဆို ပိုမိုဆွဲဆောင်နိုင်ကြောင်း အသိအမှတ်ပြုလျက် ယင်းကို အာရုံစိုက်စေကြသည်။ (၁ ကော. ၂:၁-၅; ဟေဗြဲ ၄:၁၂) ကျွန်ုပ်တို့သည် ယေရှုကိုတုပသည့်အနေဖြင့် ယေဟောဝါအား ချီးမွမ်းထောမနာပြုကြသည်။—မာ. ၁၀:၁၇၊ ၁၈။
၃ အသင်းတော်တွင်– ခရစ်ယာန်များလည်း “အချင်းချင်းတစ်ယောက်အောက်တစ်ယောက် . . . နှိမ့်ချခြင်းတန်ဆာကိုဆင်ကြ” ရမည်။ (၁ ပေ. ၅:၅) မိမိတို့ထက် အခြားသူများကသာလွန်သည်ဟု ကျွန်ုပ်တို့ယူမှတ်ပါက မိမိတို့အား ဝန်ဆောင်ပေးရန် မျှော်လင့်မည့်အစား ကျွန်ုပ်တို့ညီအစ်ကိုများအား ဝန်ဆောင်မှုပေးရန် နည်းလမ်းများရှာဖွေကြမည်။ (ယော. ၁၃:၁၂-၁၇; ဖိ. ၂:၃၊ ၄) မိမိသည် နိုင်ငံတော်ခန်းမ သန့်ရှင်းရေးကဲ့သို့သောအလုပ်များကို မလုပ်ထိုက်လောက်အောင် အဆင့်မြင့်သည်ဟု ယူမှတ်မည်မဟုတ်ပေ။
၄ စိတ်နှိမ့်ချခြင်းသည် “မေတ္တာစိတ်နှင့် တစ်ယောက်ကိုတစ်ယောက်သည်းခံ” ရန်ကူညီပေးကာ ယင်းသို့အားဖြင့် အသင်းတော်တွင် ငြိမ်သက်မှုနှင့် စည်းလုံးမှုကို တိုးပွားစေသည်။ (ဧ. ၄:၁-၃) ယင်းက ဦးဆောင်ရန်ခန့်အပ်ခံရသူများအား လက်အောက်ခံဖို့ ကျွန်ုပ်တို့ကိုကူညီပေး၏။ (ဟေဗြဲ ၁၃:၁၇) ကျွန်ုပ်တို့ကို ပေးကောင်းပေးမည့် မည်သည့်သွန်သင်ချက် သို့မဟုတ် ဆုံးမပဲ့ပြင်မှုကိုမဆိုလက်ခံရန် လှုံ့ဆော်ပေးသည်။ (ဆာ. ၁၄၁:၅) ထို့ပြင် စိတ်နှိမ့်ချခြင်းက အသင်းတော်တွင်ရရှိမည့် မည်သည့်အခွင့်ထူးကိုမဆို ထမ်းဆောင်သောအခါ ယေဟောဝါအပေါ် မှီခိုအားထားရန် ကျွန်ုပ်တို့ကိုလှုံ့ဆော်ပေးသည်။ (၁ ပေ. ၄:၁၁) ဒါဝိဒ်နည်းတူ အောင်မြင်မှုမှာ လူ့အစွမ်းအစအပေါ်မမူတည်ဘဲ ဘုရားသခင်၏ကောင်းချီးအပေါ်မူတည်ကြောင်း ကျွန်ုပ်တို့အသိအမှတ်ပြုကြသည်။—၁ ရာ. ၁၇:၃၇။
၅ ကျွန်ုပ်တို့၏ဘုရားသခင့်ရှေ့မှောက်တွင်– ထို့ထက်ကား ကျွန်ုပ်တို့သည် ‘တန်ခိုးကြီးသော ဘုရားသခင့်လက်တော်အောက်၌ ကိုယ်ကိုကိုယ်နှိမ့်ချကြ’ ဖို့လိုသည်။ (၁ ပေ. ၅:၆) ကျွန်ုပ်တို့သည် ခက်ခဲသောအခြေအနေများနှင့် ရင်ဆိုင်ရလျှင် နိုင်ငံတော်ကရရှိစေမည့် သက်သာမှုကို တမ်းတကြပေမည်။ သို့သော် ကျွန်ုပ်တို့သည် ယေဟောဝါသတ်မှတ်ထားသည့်အချိန်တွင် ကတိတော်များပြည့်စုံလာရန် စောင့်မျှော်လျက် သည်းခံခြင်းကို နှိမ့်ချစွာကျင့်သုံးကြသည်။ (ယာ. ၅:၇-၁၁) သမာဓိစောင့်သိသူယောဘနည်းတူ ကျွန်ုပ်တို့အဓိကထားသည့်အရာမှာ “ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] ၏နာမတော်သည် [“ဆက်လက်၍၊” ကဘ] မင်္ဂလာရှိ” နေစေရန်ဖြစ်သည်။—ယောဘ ၁:၂၁။
၆ ပရောဖက်ဒံယေလသည် “ဘုရားသခင့်ရှေ့တော်၌ ကိုယ်ကိုနှိမ့်ချ” ခဲ့ရာ ယေဟောဝါ၏မျက်နှာသာတော်နှင့် အခွင့်ထူးများစွာရရှိခဲ့သည်။ (ဒံ. ၁၀:၁၁၊ ၁၂၊ သမ္မာ) အလားတူ ကျွန်ုပ်တို့လည်း “စိတ်နှိမ့်ချခြင်း၊ ထာဝရဘုရားကို ကြောက်ရွံ့ ခြင်းကျေးဇူးကြောင့် စည်းစိမ်၊ ဂုဏ်အသရေ၊ အသက်ကိုရ” ကြောင်းသိရှိကာ စိတ်နှိမ့်ချခြင်းကို ယူတင်ဝတ်ဆောင်နိုင်ကြပါစေ။—သု. ၂၂:၄။