မေးခွန်းသေတ္တာ
◼ အသင်းတော်တာဝန်များကို ကျွန်ုပ်တို့ မည်သို့ထမ်းဆောင်သင့်သနည်း။
ယေဟောဝါလူမျိုးတော်၏ အသင်းတော်တစ်ခု စည်းစနစ်ကျနစွာ လုပ်ငန်းလည်ပတ်ခြင်းသည် စုပေါင်းကြိုးစားမှု၏ရလဒ်ဖြစ်၏။ (၁ ကော. ၁၄:၃၃၊ ၄၀) အသင်းတော်အစည်းအဝေးတစ်ခုတည်းနှင့်သာ သက်ဆိုင်သောအရာများကို စဉ်းစားကြည့်ပါ။ ညီအစ်ကိုညီအစ်မများသည် အစီအစဉ်တွင်ပါသည့်တာဝန်များအပြင် တာဝန်အမျိုးမျိုးကို ထမ်းဆောင်စဉ် အစည်းအဝေးမတိုင်မီနှင့် ပြီးနောက်တွင် လုပ်ဆောင်စရာများစွာရှိနေသည်။ လူမြင်ကွင်းတွင်မဟုတ်ဘဲ ထမ်းဆောင်ရသော အခြားတာဝန်များသည်လည်း အရေးပါ၏။ ကျွန်ုပ်တို့တစ်ဦးစီသည် ဤအစီအစဉ်ကို မည်သို့ပံ့ပိုးကူညီနိုင်သနည်း။
အသုံးတော်ခံနိုင်သူဖြစ်ပါ။ တလိုတလားစိတ်ဓာတ်ရှိသူများသည် လုပ်ဆောင်စရာများစွာရှိကြောင်း တွေ့ရှိကြလိမ့်မည်။ (ဆာ. ၁၁၀:၃၊ ကဘ) နာမကျန်းသူများနှင့် သက်ကြီးရွယ်အိုများအတွက် စိုးရိမ်မကင်းဖြစ်ကြောင်းပြပါ။ နိုင်ငံတော်ခန်းမသန့်ရှင်းရေးတွင် ပါဝင်ကူညီပါ။ ကျွန်ုပ်တို့သည် အထူးဖိတ်ခေါ်စရာမလိုဘဲ အကျိုးပြုလုပ်ငန်းများစွာကို လုပ်ဆောင်နိုင်ပါသည်။ ကူညီပေးလိုသည့်ဆန္ဒရှိဖို့သာလို၏။
ကျိုးနွံစွာလုပ်ဆောင်ပါ။ ကျိုးနွံမှုရှိသူများသည် အခြားသူများ၏အကျိုးသယ်ပိုးရသည်ကို ပျော်ရွှင်၏။ (လု. ၉:၄၈) မိမိတို့ အမှန်တကယ်လုပ်ကိုင်နိုင်သည်ထက် ပိုသောတာဝန်များကိုလက်မခံရန် ကျိုးနွံမှုက တားဆီးပေးလိမ့်မည်။ ထို့ပြင် ကျိုးနွံမှုသည် ကျွန်ုပ်တို့၏အခွင့်အာဏာအတိုင်းအတာထက် မကျော်လွန်သွားမိစေရန် တားဆီးပေးပါမည်။—သု. ၁၁:၂၊ ကဘ။
ယုံကြည်စိတ်ချရသူဖြစ်ပါ။ ရှေးဣသရေလနိုင်ငံတွင် အလုပ်တာဝန်များထမ်းဆောင်ရန် “ယုံကြည်စိတ်ချရသောအမျိုးသားများ” ကိုရွေးချယ်ဖို့ မောရှေအား တိုက်တွန်းခဲ့သည်။ (ထွ. ၁၈:၂၁၊ ကဘ) ယနေ့အချိန်တွင်လည်း ဤအရည်အသွေးရှိဖို့လို၏။ သင်ရရှိသောတာဝန်တစ်ခုစီကို တာဝန်သိသိဖြင့် ထမ်းဆောင်ပါ။ (လု. ၁၆:၁၀) သင်သည် တာဝန်တစ်ခုကို မထမ်းဆောင်နိုင်လျှင် သင်မရှိသည့်အခါ ယင်းကို တစ်ဦးဦးထမ်းဆောင်ရန် သင့်လျော်သောအစီအစဉ်များပြုလုပ်ကြောင်း သေချာစေပါ။
အတတ်နိုင်ဆုံးလုပ်ဆောင်ပါ။ ခရစ်ယာန်များသည် လောကီရေးရာများ၌ပင် စိုးလ်အကြွင်းမဲ့လုပ်ဆောင်ရန် တိုက်တွန်းခံရကြသည်။ (ကော. ၃:၂၂-၂၄၊ ကဘ) စစ်မှန်သောဝတ်ပြုရေးတိုးတက်ရန် လုပ်ဆောင်သည့်အခါ ထိုသို့လုပ်ဆောင်ဖို့ သာ၍အကြောင်းရင်းရှိ၏။ နိမ့်ကျပုံ၊ အရေးမပါပုံပေါက်သည့် တာဝန်တစ်ခုဖြစ်လျှင်ပင် ယင်းကို ကောင်းစွာလုပ်ဆောင်ပါက အသင်းတော်ကောင်းကျိုးခံစားရသည်။
တာဝန်တစ်ခုစီသည် ယေဟောဝါနှင့် ကျွန်ုပ်တို့၏ညီအစ်ကိုများကို ချစ်ကြောင်းပြသရန် အခွင့်အရေးရရှိစေ၏။ (မ. ၂၂:၃၇-၃၉) ကျွန်ုပ်တို့ကိုပေးအပ်ထားသော မည်သည့်တာဝန်ကိုမဆို သစ္စာရှိစွာ ထမ်းဆောင်နိုင်ကြပါစေ။