သစ္စာရှိခြင်းဆိုင်ရာ ပုံသက်သေကို သူတို့ချမှတ်ခဲ့
၁ ၁၉၃၇ ခုနှစ်တွင် အချိန်ပြည့်လုပ်ငန်း၏ ကဏ္ဍသစ်တစ်ရပ်ဖြစ်သော အထူးရှေ့ဆောင်လုပ်ငန်း အစပြုခဲ့သည်။ ခရစ်ယာန်ဓမ္မအမှုလုပ်ငန်းတွင် အတွေ့အကြုံရှိသော အမျိုးသား၊ အမျိုးသမီးများသည် အဖွဲ့အစည်းညွှန်ကြားသည့် မည်သည့်နေရာတွင်မဆို အမှုထမ်းဆောင်ရန်တာဝန်ကို တလိုတလားလက်ခံခဲ့ကြသည်။ ဆယ်စုနှစ်များကြာပြီးနောက် ယခုအချိန်ထိ အထူးရှေ့ဆောင်များသည် သစ္စာရှိခြင်းဆိုင်ရာ တုပထိုက်သော ပုံသက်သေဖြစ်နေဆဲပင်။—ဟေဗြဲ ၆:၁၂။
၂ သူတို့ ဦးဆောင်ဦးရွက်ပြုခဲ့ကြ– အစောပိုင်းတွင် အထူးရှေ့ဆောင်များသည် ခရီးဆောင်ဓာတ်ပြားစက်ကို အိမ်ရှင်၏တံခါးဝတွင် ဖွင့်ပြခြင်းဖြင့် ဟောပြောခြင်းလုပ်ငန်းကို ဦးဆောင်ဦးရွက်ပြုခဲ့ကြသည်။ ပြန်လည်ပတ်မှုများတွင်လည်း ကျမ်းစာဆွေးနွေးမှုများ၏ အခြေခံအဖြစ် အသံသွင်းတိပ်ခွေများကို အသုံးပြုခဲ့ကြသည်။ အသင်းတော်များရှိသော မြို့ကြီးများတွင် ယင်းကဲ့သို့ပြုလုပ်ကြ၏။ နောက်ပိုင်းတွင် နိုင်ငံတော်ကြွေးကြော်သူများ သာ၍လိုအပ်သော ဒေသများသို့ အထူးရှေ့ဆောင်များကို စေလွှတ်ခဲ့သည်။ သူတို့သည် စိတ်ဝင်စားသူအားလုံးထံ ပြန်လည်ပတ်ပြီး ကျမ်းစာသင်အံမှုများ ကျင်းပခဲ့ကြသည်။ သူတို့၏ ဇွဲရှိရှိကြိုးစားလုပ်ဆောင်မှုကြောင့် အသင်းတော်ပေါင်း ရာနှင့်ချီ ဖွဲ့စည်းနိုင်ခဲ့သည်။ သတင်းကောင်းဖြန့်ချိရာတွင် သူတို့၏ မမောနိုင်မပန်းနိုင်လုပ်ဆောင်မှုကြောင့် ယနေ့ ကျွန်ုပ်တို့တွေ့မြင်သည့်အတိုင်း အဖွဲ့အစည်းသည် အလွန်ပင်တိုးတက်လာခဲ့ပြီ။ (ဟေရှာ. ၆၀:၂၂) “ကောင်းကင်အောက်၌ရှိသမျှသော ဝေနေယျသတ္တဝါတို့အား” သတင်းကောင်းဟောပြောရာတွင် အထူးရှေ့ဆောင်များသည် အရေးပါသောကဏ္ဍမှ ဆက်၍လုပ်ဆောင်နေကြပါသည်။—ကော. ၁:၂၂။
၃ တုပထိုက်သူများ– အထူးရှေ့ဆောင်အချို့သည် အချိန်ပြည့်လုပ်ငန်းတွင် ဆယ်စုနှစ်ချီပါဝင်ခဲ့ကြပြီ။ ယင်းနှစ်များအတွင်း ထိုသစ္စာရှိအမျိုးသား၊ အမျိုးသမီးများ၏ ယုံကြည်ခြင်းသည် အခြေအနေအမျိုးမျိုးအောက်တွင် သန့်စင်ခံခဲ့ရ၏။ (၁ ပေ. ၁:၆၊ ၇) သူတို့သည် သာ၍လိုအပ်သောဒေသများတွင် အမှုဆောင်နိုင်ရန် စည်းစိမ်ဥစ္စာများကို လိုလိုလားလားစွန့်လွှတ်ခဲ့ကြသည်။ အချို့သည် ယခု အသက်အရွယ်ကြီးရင့်လာကြပြီး ကျန်းမာရေးမကောင်းကြတော့ပေ။ ထို့ပြင် အခြားအခက်အခဲများကိုလည်း ကြုံတွေ့နေကြရသည်။ (၂ ကော. ၄:၁၆-၁၈) သို့သော် သူတို့သည် “အသက်ကြီးသောကာလတွင်ပင် အသီးကိုသီး၍ ကြွယ်ဝစိမ်းလန်း” နေကြသည်။ (ဆာ. ၉၂:၁၄) ယေဟောဝါကို သူတို့ ယုံကြည်ကိုးစားကြပြီး ကိုယ်တော်ပေးသည့် ကောင်းချီးမင်္ဂလာကို ခံစားနေကြသည်။—ဆာ. ၃၄:၈; သု. ၁၀:၂၂။
၄ အထူးရှေ့ဆောင်များကို အမှန်ပင် လှိုက်လှိုက်လှဲလှဲ ချီးမွမ်းထိုက်ပါသည်။ သင့်အသင်းတော်ရှိအထူးရှေ့ဆောင်များနှင့် အခွင့်အရေးရှာယူ ပေါင်းသင်းကာ သူတို့၏တွေ့ကြုံမှုများမှ အကျိုးရယူပါ။ သစ္စာရှိသော နိုင်ငံတော်ကြွေးကြော်သူများအဖြစ် သူတို့၏လုပ်ဆောင်မှုများကို တန်ဖိုးထားလေးစားကြောင်း ဖော်ပြပါ။ သူတို့၏ သစ္စာတည်ကြည်မှုမှ ခွန်အားရယူပါ။ သူတို့၏ယုံကြည်ခြင်းကို တုပသူအားလုံးသည် သူတို့နည်းတူ ယေဟောဝါ၏မျက်နှာသာနှင့် ကောင်းချီးများ ခံစားနိုင်ကြပါသည်။ အကြောင်းမှာ “သစ္စာတရားကို စောင့်ရှောက်သောသူ” တို့ကို ကိုယ်တော် “နှစ်သက်တော်မူ” သောကြောင့်တည်း။—သု. ၁၂:၂၂။