လူကိုမဟုတ်ဘဲ ဘုရားသခင်ကို အဘယ်ကြောင့် ကြောက်ရွံ့ရသနည်း
၁။ အဘယ်ကြောက်ရွံ့ခြင်းသည် စိတ်ကိုအဆိပ်သင့်စေသနည်း။
၁ “လူကိုကြောက်ရွံ့ခြင်းသဘောသည် ကျော့ကွင်းကိုထောင်တတ်၏။ ထာဝရဘုရားကို ခိုလှုံသောသူမူကား လုံခြုံလိမ့်မည်။” (သု. ၂၉:၂၅) ထိုရှေးဆိုရိုးစကားသည် စိတ်ကိုအဆိပ်သင့်စေသော လူကိုကြောက်ရွံ့ခြင်းအကြောင်း သတိပေးနေသည်။
၂။ လူကိုကြောက်ရွံ့ခြင်းသည် ကျွန်ုပ်တို့အပေါ် အဘယ်သက်ရောက်မှုရှိသနည်း။
၂ သမ္မာကျမ်းစာသည် လူကိုကြောက်ရွံ့ခြင်းကို အဘယ်ကြောင့် ကျော့ကွင်းနှင့်ပုံခိုင်းထားသနည်း။ ယုန်တစ်ကောင်သည် ကျော့ကွင်းမိနေသောအခါမျိုးတွင် အားကိုးရာမဲ့ဖြစ်ပြီး ထွက်ပြေးချင်သော်လည်း မပြေးနိုင်ပေ။ ကျွန်ုပ်တို့လည်း လူကိုကြောက်ရွံ့ခြင်းကျော့ကွင်း၌ ကျော့မိနေပါက ထိုယုန်သူငယ်အဖြစ်နှင့် များစွာဆင်တူနေသည်။ ကျွန်ုပ်တို့သည် အဘယ်အရာလုပ်သင့်သည်ကိုသိရှိပြီး ထိုအတိုင်း လုပ်ဆောင်ချင်ပေမည်။ သို့သော် ကြောက်ရွံ့ခြင်းက ကျွန်ုပ်တို့ကိုချုပ်နှောင်ထားသောကြောင့် ထိုသို့မလုပ်ဆောင်နိုင်ပေ။
လူကိုကြောက်ရွံ့ခြင်းကျော့ကွင်း
၃။ (က) ယောရှုခေတ်တွင် သူလျှိုဆယ်ဦးသည် အဘယ်ကြောင့် ကြောက်ရွံ့ခဲ့ကြသနည်း။ (ခ) ဣသရေလတစ်မျိုးသားလုံးအပေါ် မည်သို့သက်ရောက်မှုရှိသနည်း။
၃ ကျမ်းစာခေတ်၌ ကြောက်ရွံ့ခြင်းကျော့ကွင်းတွင် ကျော့မိခဲ့သူတို့၏ ပုံနမူနာအချို့ကို စဉ်းစားကြည့်ပါ။ ယောရှုလက်ထက်တွင် ခါနာန်ပြည်ကိုထောက်လှမ်းရန် စေလွှတ်ခံရသော သူလျှို ၁၂ ဦးအနက် ၁၀ ဦးသည် ထိုပြည်သားတို့၏ခွန်အားဗလကြောင့် အလွန်ကြောက်ရွံ့ခဲ့ကြ၏။ သူတို့၏ပုံကြီးချဲ့ပြောဆိုမှုကြောင့် ဣသရေလတစ်မျိုးသားလုံး ကြောက်ရွံ့ထိတ်လန့်သွားကြသည်။ ထို့ကြောင့် ဣသရေလလူမျိုးသည် ခါနာန်ပြည်သို့ ချီတက်သိမ်းပိုက်ရန် ဘုရားသခင်၏အမိန့်ကို မနာခံကြတော့ချေ။—တော. ၁၃:၂၁–၁၄:၃၈။
၄။ ယောနသည် လူကိုကြောက်ရွံ့သည့်ကျော့ကွင်းထဲ မည်သို့ကျရောက်ခဲ့သနည်း။
၄ ယောနလည်း လူကိုကြောက်ရွံ့ခြင်းကျော့ကွင်းထဲ ကျရောက်ခဲ့သည်။ သူသည် နိနေဝေမြို့ကြီးသို့ သွားဟောပြောရန် တာဝန်ပေးခံရသောအခါ “ထာဝရဘုရားထံတော်မှ တာရှုမြို့သို့ပြေးမည့်အကြံနှင့်ထ” သွားလေ၏။ (ယောန ၁:၃) အဘယ်ကြောင့်နည်း။ နိနေဝေမြို့သားတို့သည် ရက်စက်ကြမ်းကြုတ်ရာတွင်၊ လူတို့ကိုနိုင်ထက်စီးနင်းပြုမူရာတွင် နာမည်ကြီးသောကြောင့်ဖြစ်၏။ ယောနသည် လူကိုကြောက်ရွံ့သောကြောင့် နိနေဝေမြို့နှင့်ဝေးရာအရပ်သို့ ထွက်ပြေးလေသည်။ သူသည် နောက်ဆုံးတွင် ပေးအပ်သောတာဝန်ကို လက်ခံခဲ့သည်မှန်သော်လည်း ယေဟောဝါထံမှ ထူးခြားသောဆုံးမမှုခံရပြီးနောက်၌သာ ထိုသို့လက်ခံခဲ့ခြင်းဖြစ်သည်။—ယောန ၁:၄၊ ၁၇။
မည်သူ့ကို ကြောက်ရွံ့သင့်သနည်း
၅။ (က) လူကိုကြောက်ရွံ့ခြင်းကို ကျွန်ုပ်တို့မည်သို့အောင်မြင်နိုင်သနည်း။ (ခ) ဘုရားသခင်ကိုကြောက်ရွံ့ခြင်းဟူသည် အဘယ်နည်း။
၅ လူကိုကြောက်ရွံ့သည့်စိတ်ကို မည်သို့အောင်မြင်နိုင်သနည်း။ များစွာသာ၍အကျိုးပြုသော ကြောက်ရွံ့ခြင်းနှင့် အစားထိုးခြင်းဖြင့်ဖြစ်သည်။ “ဘုရားသခင်ကိုကြောက်ရွံ့ခြင်း . . . ရှိကြလော့” ဟုသမ္မာကျမ်းစာကဆိုသည်။ (၁ ပေ. ၂:၁၇) ဘုရားသခင်ကိုကြောက်ရွံ့ခြင်းသည် အခြေအနေအချို့တွင် လူတို့ကို ချုပ်နှောင်ထားသော၊ ချည့်နဲ့အားနည်းစေသော ကြောက်ရွံ့ခြင်းမျိုးမဟုတ်ပေ။ မေတ္တာရှိသော၊ ပညာရှိသောဖခင်ကို ကလေးတစ်ဦး ကြောက်ရွံ့ခြင်းမျိုးဖြစ်သည်။
၆။ ဘုရားသခင်ကိုကြောက်ရွံ့ခြင်းသည် လူကိုကြောက်ရွံ့ခြင်းကိုအောင်မြင်ရန် မည်သို့ကူညီပေးသနည်း။
၆ ဘုရားသခင်အားကြောက်ရွံ့ခြင်းသည် လူကိုကြောက်ရွံ့ခြင်းကို အောင်မြင်နိုင်ရန် မည်သို့ကူညီပေးသနည်း။ ဓမ္မအမှုတွင်ပါဝင်သည့်အခါ ကျွန်ုပ်တို့ကို လူတို့ ကဲ့ရဲ့လှောင်ပြောင်မည် သို့မဟုတ် ဖိအားပေးကြပေမည်။ သို့သော် ဘုရားသခင်ကိုရိုသေကြောက်ရွံ့ခြင်းက လမ်းမှန်တွင် စွဲစွဲမြဲမြဲလိုက်လျှောက်ရန် ကျွန်ုပ်တို့ကိုတွန်းအားပေးမည်။ အကြောင်းမှာ ကိုယ်တော့်စိတ်တော်ကို မငြိုငြင်စေလို၍ဖြစ်သည်။ ထို့ပြင် မှန်ရာကို ကျွန်ုပ်တို့လုပ်ဆောင်သည့်အတွက် ကိုယ်တော်ကြွယ်ဝစွာဆုချတော်မူကြောင်း အမှတ်ရနေသဖြင့် ဘုရားသခင်၏အလိုတော်ကို ပို၍ထမ်းဆောင်လိုစိတ်ဖြစ်ပေါ်လာသည်။—မ. ၅:၁၂။
၇။ ဘုရားသခင်အားကြောက်ရွံ့သည့်သဘောကို ပြုစုပျိုးထောင်နိုင်ရန် အဘယ်ကျမ်းချက်များက အထောက်အကူပြုမည်နည်း။
၇ ဆန့်ကျင်တိုက်ခံသူများသည် မိသားစုဝင်များဖြစ်စေ၊ အစိုးရအရာရှိများဖြစ်စေ “ထာဝရဘုရားကိုကြောက်ရွံ့ခြင်းသည် အားကြီးသောကိုးစားရာအခွင့်ကို ဖြစ်စေတတ်” ကြောင်း ကျွန်ုပ်တို့တွေ့ရှိပါလိမ့်မည်။ (သု. ၁၄:၂၆) ထို့ပြင် ဘုရားသခင်နားညောင်းမည်ကို စိတ်ချလျက် ခွန်အားရရှိရန် ကိုယ်တော်ထံ တောင်းလျှောက်နိုင်သည်။ (ဆာ. ၁၄၅:၁၉) ယေဟောဝါသည် မိမိအားကြောက်ရွံ့သူများကို မည်သည့်အခါမျှ မမေ့လျော့ပေ။ ပရောဖက်မာလခိမှတစ်ဆင့် ကိုယ်တော်ဤသို့အာမခံသည်– “ထိုအခါ ထာဝရဘုရားကိုကြောက်ရွံ့သောသူတို့သည် တစ်ယောက်ကိုတစ်ယောက်နှုတ်ဆက်၍ ပြောဆိုကြ၏။ ထာဝရဘုရားသည်လည်း နားထောင်၍ ကြားတော်မူ၏။ ထာဝရဘုရားကိုကြောက်ရွံ့၍ နာမတော်ကိုအောက်မေ့သောသူတို့အဖို့ ရှေ့တော်တွင် စာရင်း၌မှတ်သားလျက်ရှိ၏။”—မာလ. ၃:၁၆။
၈။ ကျွန်ုပ်တို့၏စိတ်ပိုင်းဖြတ်ချက်ကား မည်သို့နည်း။
၈ ယနေ့၊ စာတန်မာရ်နတ်သည် ကျွန်ုပ်တို့ကို ဘုရားသခင့်စိတ်တော်နှင့်မတွေ့ရန် အစွမ်းကုန်ဖိအားပေးနေသည်။ သို့သော် ဘုရားသခင်ကိုကြောက်ရွံ့ခြင်းသည် အလွန်ပင်အစွမ်းထက်လှသည်တကား။ ထို့ကြောင့် တမန်တော်ပေါလုနည်းတူ ကျွန်ုပ်တို့လည်း ဤသို့စိတ်ပိုင်းဖြတ်ထားကြသည်– “ငါတို့မူကား ပျက်စီးခြင်းသို့ရောက်အံ့သောငှာ ရွေ့လျော့သောသူမဟုတ်။ စိတ်ဝိညာဉ်သည် ကယ်တင်ခြင်းသို့ရောက်အံ့သောငှာ ယုံကြည်သောသူဖြစ်ကြ၏။” (ဟေဗြဲ ၁၀:၃၉) မှန်ပါသည်၊ ကျွန်ုပ်တို့သည် လူကို မကြောက်ရွံ့ပေ။ ယင်းအစား “ထာဝရဘုရားသည် ငါ့ကိုမစတော်မူသည်ဖြစ်၍ လူသည် ငါ၌ပြုနိုင်သမျှကို ငါမကြောက်” ဟု “ရဲရင့်သောစိတ်နှင့်ပြောဆို” ကြပါစို့။—ဟေဗြဲ ၁၃:၆။