သမ္မာတရားကိုသက်သေခံသော မဂ္ဂဇင်းများကို ဝေငှပါ
၁။ ကင်းမျှော်စင်နှင့်နိုးလော့!တို့၏ အခန်းကဏ္ဍကား အဘယ်နည်း။
၁ ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်းနှင့် ယင်း၏တွဲဖက်မဂ္ဂဇင်းနိုးလော့!တို့သည် နိုင်ငံတော်သတင်းဟောပြောခြင်းနှင့် တပည့်ဖြစ်စေခြင်းလုပ်ငန်းတွင် အဓိကအခန်းကဏ္ဍမှပါဝင်နေဆဲဖြစ်၏။ (မ. ၂၄:၁၄; ၂၈:၁၉၊ ၂၀) ထို့ကြောင့် နိုင်ငံတော်လုပ်ငန်း၏ကဏ္ဍအသီးသီးတွင် ပါဝင်ဆောင်ရွက်စဉ် ထိုအခန့်သင့်မဂ္ဂဇင်းနှစ်မျိုးကို ပုံမှန်ဝေငှရသည့်အတွက် ကျွန်ုပ်တို့ပျော်ရွှင်ကြသည်။
၂။ ကင်းမျှော်စင်နှင့်နိုးလော့!တို့တွင် အဘယ်အပြောင်းအလဲများ လုပ်ဆောင်ခဲ့သနည်း၊ အဘယ်ကြောင့်နည်း။
၂ မဂ္ဂဇင်းအရွယ်အစား၊ ပါဝင်သောအကြောင်းအရာအပြင် ဝေငှနည်းတို့နှင့်ပတ်သက်သော အပြောင်းအလဲများကို နှစ်များတစ်လျှောက် ကျွန်ုပ်တို့မြင်တွေ့ခဲ့ရသည်။ ထိုသို့ပြောင်းလဲရခြင်းမှာ မဂ္ဂဇင်းများကို ပို၍ဆွဲဆောင်မှုရှိစေရန်နှင့် ပို၍ထိရောက်မှုရှိစေရန်ဖြစ်သည်။ ဤနည်းဖြင့် “လူအပေါင်းတို့” ၏နှလုံးသို့ နိုင်ငံတော်သတင်းရောက်ရှိပြီး သူတို့သည် “ကယ်တင်ခြင်းသို့ရောက်၍ သမ္မာတရားကိုသိ” နိုင်ကြသည်။—၁ တိ. ၂:၄။
၃။ ဓမ္မအမှုတွင် မဂ္ဂဇင်းများကို မည်သို့အသုံးပြုမည်နည်း။
၃ ၂၀၀၆၊ ဇန်နဝါရီလမှစ၍ တစ်လတစ်ကြိမ်ထုတ်နိုးလော့!အတွက် တင်ဆက်နည်းအမျိုးမျိုးကို ကျွန်ုပ်တို့ ကောင်းစွာအသုံးပြုခဲ့ကြပြီ။ ယခု၊ ကျွန်ုပ်တို့၏ဓမ္မအမှုတွင် ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း လထုတ်နှစ်မျိုးအနက် တစ်စောင်ကိုသာ တင်ဆက်နည်းအမျိုးမျိုးသုံး၍ ဝေငှကြမည်။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု နောက်ဆုံးစာမျက်နှာတွင် မဂ္ဂဇင်းတိုင်းအတွက် နမူနာတင်ဆက်နည်းများကို ဖော်ပြထားသည်။ ယင်းတို့တွင် မဂ္ဂဇင်း၏နိဒါန်းဆောင်းပါးတစ်ခုကို အသားပေးဖော်ပြလေ့ရှိသော်လည်း တစ်ခါတစ်ရံ အခြားစိတ်ဝင်စားဖွယ်ဆောင်းပါးများကိုလည်း ဖော်ပြထားသည်။ နမူနာတင်ဆက်နည်းများတွင် ဖော်ပြထားသောဆောင်းပါးများနှင့် အကျွမ်းတဝင်ရှိနေပါက ထိုတင်ဆက်နည်းများကို ထိရောက်စွာ အသုံးပြုနိုင်မည်ဖြစ်သည်။ ယင်းတို့ကို ရပ်ကွက်နှင့်သင့်လျော်သလို ပြုပြင်ပြောင်းလဲပြီး ကိုယ်ပိုင်စကားဖြင့် တင်ဆက်ပါ။
၄။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုမှ တင်ဆက်နည်းများအပြင် အခြားတင်ဆက်နည်းများကို အသုံးပြုခြင်းက အဘယ်ကြောင့် အကျိုးရှိနိုင်သနည်း။
၄ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုတွင် မဂ္ဂဇင်းတစ်မျိုးစီအတွက် တင်ဆက်နည်းနှစ်ခုပါရှိသည်၊ သို့သော် အခြားတင်ဆက်နည်းများကိုလည်း အသုံးပြုနိုင်ပါသည်။ အကြောင်းမှာ အခြားဆောင်းပါးများက သင့်ရပ်ကွက်နှင့် ပို၍သင့်လျော်သောကြောင့်ဖြစ်နိုင်သည်။ သို့မဟုတ် သင် အထူးစိတ်ဝင်စားသော ဆောင်းပါးတစ်ခုကိုသုံး၍ ပိုထိရောက်သောတင်ဆက်နည်းတစ်ခု ပြင်ဆင်နိုင်သည်ဟု သင်ယူဆသောကြောင့်ဖြစ်ပေမည်။
၅။ ဝေငှမည့်မဂ္ဂဇင်းအတွက် တင်ဆက်နည်းတစ်ခု မပြင်ဆင်မီ သင် အဘယ်အရာလုပ်ဆောင်ရမည်နည်း။
၅ တင်ဆက်မှုအတွက် ပြင်ဆင်ပုံ– ဦးစွာ၊ သင်ဖော်ပြလိုသောဆောင်းပါးကို ကောင်းစွာအကျွမ်းတဝင်ရှိရမည်။ မဂ္ဂဇင်းတစ်စောင်ကို သင်မဝေငှမီ ယင်းတွင်ပါသောဆောင်းပါးတိုင်းကို အမြဲဖတ်ရှုနိုင်မည်မဟုတ်ပေ။ သို့သော် သင်ရွေးချယ်သည့်ဆောင်းပါးကို တင်ဆက်ရာတွင် စိတ်ထက်သန်မှုနှင့်စိတ်ရင်းမှန်မှုတို့ ပေါ်လွင်နေရမည်။ တင်ဆက်မည့်အကြောင်းအရာကို ကောင်းစွာအကျွမ်းတဝင်ရှိနေလျှင် ထိုသို့လုပ်ဆောင်နိုင်မည်ဖြစ်သည်။
၆။ ကိုယ်ပိုင်တင်ဆက်နည်းများကို မည်သို့ပြင်ဆင်နိုင်သနည်း။
၆ ထို့နောက် နိဒါန်းကိုပြင်ဆင်ရာတွင် ပြောင်းသာလဲသာရှိပါ။ ဆောင်းပါးနှင့်သက်ဆိုင်သော စိတ်ဝင်စားဖွယ်မေးခွန်းတစ်ခုက စကားစမြည်စတင်ပြောဆိုစေနိုင်သည်။ နှလုံးကိုထိမိစေရန် ဘုရားသခင့်နှုတ်ကပါဌ်တော်၏တန်ခိုးကို အမြဲမှီခိုအားထားပါ။ (ဟေဗြဲ ၄:၁၂) သင့်နိဒါန်းနှင့်သက်ဆိုင်သော ကျမ်းချက်တစ်ချက်ကို ရွေးချယ်ပါ၊ ယင်းသည် တင်ဆက်သောဆောင်းပါးတွင် ကိုးကားထားသော သို့မဟုတ် ရည်ညွှန်းထားသော ကျမ်းချက်ဖြစ်ပါက ပိုကောင်းသည်။ ကျမ်းချက်နှင့်ဆောင်းပါးကို မည်သို့ဆက်စပ်ပေးနိုင်ကြောင်း စဉ်းစားပါ။
၇။ ကျွန်ုပ်တို့၏တင်ဆက်နည်းများကို မည်သို့ ကောင်းသည်ထက်ကောင်းမွန်စေနိုင်သနည်း။
၇ အခွင့်အခါသင့်တိုင်းတွင်– အမှန်ထိရောက်သော တင်ဆက်နည်းတစ်ခုဖြစ်နိုင်ရန် ယင်းကိုအသုံးပြုရမည်။ မဂ္ဂဇင်းနေ့ဖြစ်သော စနေနေ့တွင် အသင်းတော်နှင့်အတူ ပါဝင်ပါ။ ယခင်က အခြားစာပေများ လက်ခံခဲ့သူတို့ကို မဂ္ဂဇင်းဝေငှပါ။ သင်၏ကျမ်းစာသင်သားများ၊ သင်ပြန်လည်ပတ်မှုပြုလုပ်ချိန်တွင် ရှိနေသူများကို မဂ္ဂဇင်းဝေငှပါ။ သင်ဈေးဝယ်ထွက်စဉ်၊ ခရီးသွားစဉ်၊ ဆရာဝန်ကိုစောင့်ဆိုင်းစဉ် တွေ့ဆုံသူများကို မဂ္ဂဇင်းဝေငှနိုင်သည်။ ထိုတင်ဆက်နည်းများကို တစ်လလုံးအသုံးပြုသည်နှင့်အမျှ ယင်းတို့ကို ကောင်းသည်ထက်ကောင်းမွန်စေရန် ကြိုးစားပါ။
၈။ ကင်းမျှော်စင်နှင့်နိုးလော့!တို့သည် အဘယ်နည်းများဖြင့် ထူးခြားသနည်း။
၈ ကင်းမျှော်စင်နှင့်နိုးလော့!မဂ္ဂဇင်းများသည် အလွန်ထူးခြား၏။ ယင်းတို့သည် ယေဟောဝါအား စကြဝဠာအကြွင်းမဲ့ပိုင်သအုပ်စိုးရှင်အဖြစ် ဂုဏ်တင်သည်။ (တ. ၄:၂၄) ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းဖြင့် လူတို့ကိုနှစ်သိမ့်ပေးပြီး ယေရှုခရစ်ကိုယုံကြည်ရန် လှုံ့ဆော်ပေးသည်။ (မ. ၂၄:၁၄; တ. ၁၀:၄၃) ထို့ပြင် ကျမ်းစာပရောဖက်ပြုချက်များအား ပြည့်စုံစေသော ကမ္ဘာ့ဖြစ်ရပ်များကိုလည်း စောင့်ကြည့်လျက်ရှိ၏။ (မ. ၂၅:၁၃) ထို့ကြောင့် အခွင့်အခါသင့်တိုင်း မဂ္ဂဇင်းများကိုဝေငှနိုင်ရန် ပြင်ဆင်ခြင်းဖြင့် သင့်ရပ်ကွက်ရှိလူတို့ အကျိုးရရှိရန် ကူညီပေးပါ။
၉။ ပြန်လည်ပတ်မှုတစ်ခုအတွက် မည်သို့လမ်းခင်းထားနိုင်သနည်း။
၉ သင်သည် မဂ္ဂဇင်းတစ်စောင်ကို ဝေငှပြီးသည့်အခါ၊ တစ်စုံတစ်ဦးနှင့် ဘာသာရေးအကြောင်း ပြောဆိုပြီးသည့်အခါတွင်ပင် မေးခွန်းတစ်ခုမေးပါ သို့မဟုတ် စဉ်းစားစရာအချက်တစ်ချက် ပြောဆိုပါ။ ယင်းက ပြန်လည်ပတ်မှုရရန်နှင့် ကျမ်းစာအကြောင်း ထပ်မံဆွေးနွေးရန် လမ်းပွင့်စေနိုင်သည်။ သမ္မာတရားမျိုးစေ့ကြဲရာတွင် ကျွန်ုပ်တို့ဇွဲထက်သန်ပါက ယေဟောဝါသည် မိမိအကြောင်းကိုသိရှိလိုပြီး ဝတ်ပြုလိုသော စိတ်ရင်းမှန်သူများ၏နှလုံးတံခါးကို ဖွင့်ပေးမည်ဖြစ်ကြောင်း စိတ်ချနိုင်ပါသည်။—၁ ကော. ၃:၆။