သမ္မာကျမ်းစာသွန်သင်ရာစာအုပ်—ကျမ်းစာသင်အံမှုအတွက် အဓိကအထောက်အကူ
၁ ယခု သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာမှာ အဘယ်နည်း စာအုပ်ကို ဓမ္မအမှုလုပ်ငန်းတွင် လူထုကိုဝေငှခွင့်ရပြီဖြစ်သောကြောင့် စိတ်လှုပ်ရှားဖွယ်ပင်။ ထိုသွန်သင်ခြင်းကိရိယာသစ်ကို မည်သို့အသုံးပြုနိုင်သနည်း။ ယင်းကို ကျမ်းစာသင်အံမှုအတွက် အဓိကအထောက်အကူအဖြစ် ရည်ရွယ်ထားသည်။ ထိုစာအုပ်ကို အတတ်နိုင်ဆုံးဝေငှလိုကြသည်။ ဤစာအုပ်သစ်ကို မေနှင့်ဇွန်လတွင် ဝေငှမည့်စာပေအဖြစ် ဖော်ပြပါမည်။ ကျမ်းစာသင်အံမှုများ စတင်ကျင်းပရန် ချက်ချင်းအသုံးပြုကြဖို့ ကြေညာသူအားလုံးကို တိုက်တွန်းပါသည်။
၂ စာအုပ်ဝေငှခြင်း– သမ္မာကျမ်းစာသွန်သင်ရာစာအုပ်သစ်ကို လေ့လာခြင်းမှ လူများစွာအကျိုးရနိုင်မည်ကို ကျွန်ုပ်တို့အားလုံးသိရှိကြသည်။ အကျိုးဖြစ်ထွန်းစေသော ဤအထောက်အကူပြုစာအုပ်ဖြင့် ကျမ်းစာသင်အံမှုကျင်းပရန် လူတိုင်းကို ကမ်းလှမ်းပါ။ တစ်အိမ်တက်ဆင်းလုပ်ငန်း၌ သမ္မာကျမ်းစာသွန်သင်ရာစာအုပ်ကို အိမ်တိုင်းတွင်ဝေငှပါ။ သင့်ပြန်လည်ပတ်မှုအားလုံးကိုလည်း ဝေငှပါ။ အလုပ်ခွင်တွင် သမ္မာကျမ်းစာသွန်သင်ရာစာအုပ်ကို အခြားသူများမြင်သာသည့်နေရာတွင် ချထားခြင်းကပင် မေးခွန်းများ မေးလာစေနိုင်ပြီး ထိုစာအုပ်ဝေငှခွင့် ရရှိစေနိုင်သည်။ ကျောင်းတွင် အလွတ်သဘောသက်သေခံစဉ်၊ အများသုံးသယ်ယူပို့ဆောင်ရေးယာဉ်များဖြင့် ခရီးသွားစဉ်၊ ဆွေမျိုးများထံလည်ပတ်စဉ်တွင် သင်နှင့်တွေ့ဆုံသူတိုင်းကို သမ္မာကျမ်းစာသွန်သင်ရာစာအုပ် ဝေငှရန်ကြိုးစားပါ။
၃ အသိပညာစာအုပ် သို့မဟုတ် တောင်းဆိုဘရိုရှာဖြင့် ကျမ်းစာသင်အံမှုကျင်းပနေသော ကြေညာသူများသည် သင်အံမှု၌ ဤစာအုပ်အသစ်ကို မည်သို့နှင့် မည်သည့်အချိန်တွင် စတင်အသုံးပြုမည်နှင့်ပတ်သက်၍ ကောင်းစွာချင့်ချိန် ဆုံးဖြတ်သင့်သည်။ သင်အံမှုစသည်မှာ မကြာသေးပါက စာအုပ်သစ်၏အစမှ ပြန်စနိုင်သည်။ အခြားစာအုပ်ဖြင့် အတော်များများသင်ပြီးနေလျှင် သမ္မာကျမ်းစာသွန်သင်ရာစာအုပ်မှ သက်ဆိုင်ရာအခန်းဖြင့် သင်အံမှုကို ဆက်ကျင်းပနိုင်သည်။
၄ ဒုတိယစာအုပ်ကိုလေ့လာခြင်း– ကျမ်းစာသင်သားတစ်ဦးသည် သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာမှာ အဘယ်နည်း စာအုပ်ကို လေ့လာပြီးနောက် ဆက်လေ့လာနိုင်မည့် ဒုတိယစာအုပ် ရှိသလော။ ရှိပါသည်။ သင်သားတစ်ဦးသည် တိုးတက်မှုနှေးကွေးသော်လည်း တိုးတက်နေကာ သူလေ့လာနေသောအရာကို လေးမြတ်မှုတင်ပြနေကြောင်းထင်ရှားလျှင် စစ်မှန်၍ တစ်ဆူတည်းဖြစ်သော ဘုရားသခင်ကို ကိုးကွယ်လော့ စာအုပ်ဖြင့် ကျမ်းစာသင်အံမှု ဆက်၍ကျင်းပနိုင်သည်။ တပည့်ဖြစ်စေခြင်းတာဝန်ကို ထမ်းဆောင်စဉ် သမ္မာကျမ်းစာသွန်သင်ရာစာအုပ်သည် ကျွန်ုပ်တို့လက်ဝယ်ရှိ အစွမ်းထက်သော ကိရိယာတစ်ခုဖြစ်မည်ဟု ကျွန်ုပ်တို့ယုံကြည်ပါသည်။—မ. ၂၈:၁၉၊ ၂၀။