ကိုယ်ပိုင်လေ့လာမှုနှင့် မိသားစုကျမ်းစာသင်အံမှုသည် အရေးကြီး
၁။ ယခုအချိန်တွင် အုပ်ချုပ်ရေးအဖွဲ့သည် ကျွန်ုပ်တို့ကောင်းကျိုးနှင့်ပတ်သက်၍ အဘယ်အထူးစိတ်ဝင်စားမှုတင်ပြသနည်း၊ အဘယ်ကြောင့်နည်း။
၁ အုပ်ချုပ်ရေးအဖွဲ့သည် ပထမရာစုတွင်ကဲ့သို့ ယေဟောဝါလူမျိုးတော်၏ကောင်းကျိုးကို အလွန်စိတ်ဝင်စားသည်။ (တ. ၁၅:၆၊ ၂၉) ကြီးစွာသောဒုက္ခ နီးကပ်လာသည်နှင့်အမျှ နိုင်ငံတော်သတင်းဟောပြောသူတိုင်းသည် ယေဟောဝါနှင့်ခိုင်မြဲသောဆက်ဆံရေးရှိရန် အလွန်အရေးကြီးလှသည်။ သို့ဆိုလျှင် ယခင် အသင်းတော်စာအုပ်ကြီးသင်တန်းတက်ရောက်ချိန်ကို သင် မည်သို့အသုံးပြုမည်နည်း။ ယင်းအချိန်ကို မိသားစုဝတ်ပြုရေးအတွက် အသုံးပြုကြရန် ကျွန်ုပ်တို့အားလုံး တိုက်တွန်းခံရသည်။ ယင်းအချိန်ကို ပညာရှိစွာအသုံးပြုခြင်းက ဘုရားသခင့်နှုတ်ကပါဌ်တော်ကို ပို၍နက်နက်နဲနဲလေ့လာရန်၊ ယင်း၏သွန်သင်ချက်များမှ အကျိုးရယူရန် အခွင့်အရေးရစေသည်။—ဆာ. ၁:၁-၃; ရော. ၁၁:၃၃၊ ၃၄။
၂။ ကျွန်ုပ်တို့၏ ညနေခင်းမိသားစုဝတ်ပြုမှုကို မည်သို့စီစဉ်ကျင်းပနိုင်သနည်း။
၂ ညနေခင်း မိသားစုဝတ်ပြုမှု– အဓိပ္ပာယ်ရှိသော မိသားစုကျမ်းစာသင်အံမှုအစီအစဉ်ကို ပုံမှန်ပြုလုပ်ရမည်ဟူသည့် ယေဟောဝါပေးအပ်ထားသောတာဝန်ကို ထမ်းဆောင်ရန် အိမ်ထောင်ဦးစီးများကို အားပေးပါသည်။ (တရား. ၆:၆၊ ၇) မိသားစုတာဝန်မရှိသော တစ်ကိုယ်ရေညီအစ်ကိုညီအစ်မများသည် ထိုအချိန်ကို ကျမ်းစာလေ့လာမှုနှင့်သုတေသနပြုရန် အသုံးပြုနိုင်သည်။ ကျမ်းစာလေ့လာပြီး တွေးတောဆင်ခြင်ဖို့ ‘အချိန်ကိုဝယ်ယူရန်’ ကျွန်ုပ်တို့အားလုံးအတွက် အရေးကြီးသည်၊ သို့မှသာ ဤ ‘ဆိုးယုတ်သောနေ့ရက်ကာလ’ အတွင်း ယေဟောဝါနှင့်ခိုင်မြဲသောဆက်ဆံရေး ရှိစေပါမည်။—ဧ. ၅:၁၅၊ ၁၆။
၃၊ ၄။ ကျွန်ုပ်တို့အသုံးပြုနိုင်သည့် အကြောင်းအရာနှင့်ပတ်သက်၍ အဘယ်အကြံပြုချက်များရှိသနည်း၊ အဘယ်အရာကို စိတ်စွဲမှတ်ထားရမည်နည်း။
၃ သုံးသပ်ရမည့်အရာ– သင်၏မိသားစုလေ့လာမှုကို ပျော်ရွှင်ဖွယ်ဖြစ်စေမည့် အကြောင်းအရာများကို ကင်းမျှော်စင်စာပေများအညွှန်း သို့မဟုတ် ကင်းမျှော်စင်စာကြည့်တိုက် [စီဒီ-ရော်မ်]တွင် ရှာဖွေနိုင်သည်။ မိသားစုများသည် “မိသားစုပျော်ရွှင်မှု၏သော့ချက်များ၊” “သားသမီးများကို သွန်သင်လော့၊” “လူငယ်စာရှုသူများအတွက်” စသော ကင်းမျှော်စင်တွင်ပုံမှန်ပါရှိသည့် ဆောင်းပါးများကို သုံးသပ်နိုင်သည်။ နိုးလော့!မှ “လူငယ်များအမေး” အခန်းဆက်ဆောင်းပါးများ၊ ဖန်ဆင်းရာတို့၏ အံ့သြဖွယ်အကြောင်းများနှင့်ဆိုင်သော စိတ်ဝင်စားဖွယ်ဆောင်းပါးများကိုလည်း သုံးသပ်နိုင်သည်။
၄ ကျမ်းစာကို ကောင်းစွာအချိန်ယူဖတ်ရှုခြင်းသည် မိသားစုဝင်ယောက်တိုင်းအား ဘုရားသခင့်စံနှုန်းများကို စွဲမှတ်စေကာ ဘဝတွင်လက်တွေ့ကျင့်သုံးရန် အကူအညီဖြစ်စေသည်။ (ဟေဗြဲ ၄:၁၂) တစ်ခါတစ်ရံ၊ အဖွဲ့အစည်းထုတ် ဗီဒီယိုခွေကိုကြည့်ရှုကာ ဆွေးနွေးနိုင်သည်။ အဘယ်အရာလေ့လာမည်၊ မည်သို့လေ့လာရမည်ကိုရွေးချယ်ရာတွင် စိတ်ဝင်စားဖွယ်နည်းလမ်းများစွာ ရှိပါသည်။ အဘယ်အရာသုံးသပ်လိုသည်ကို မိသားစုဝင်များအား မေးပါလေ။
၅။ ကိုယ်ပိုင်လေ့လာမှုနှင့် မိသားစုကျမ်းစာသင်အံမှုသည် ယခုအချိန်တွင် အဘယ်ကြောင့်အရေးကြီးသနည်း။
၅ ယခုအချိန်တွင် အဘယ်ကြောင့်အရေးကြီး– ယေဟောဝါနှင့်ရင်းနှီးသောဆက်ဆံရေးကို ခိုင်မြဲစေခြင်းသည် ‘ငြိမ်ဝပ်စွာရပ်၍ [ယေဟောဝါ] ပြတော်မူသောကယ်တင်ခြင်းကို ကြည့်ရှု’ ရန် ပြင်ဆင်ပေးပါလိမ့်မည်။ (ထွက်. ၁၄:၁၃) မိဘများသည် “မဖြောင့်မမှန်ဖောက်ပြန်သောလူမျိုး” အလယ်တွင် သားသမီးများကိုပြုစုပျိုးထောင်နိုင်ရန် ဘုရားသခင်၏လမ်းညွှန်မှု လိုအပ်သည်။ (ဖိ. ၂:၁၅၊ ၁၆) ယနေ့၊ သားသမီးများသည် ကျောင်းတွင် ကိုယ်ကျင့်တရားယိုယွင်းကျဆင်းမှုများကို ရင်ဆိုင်နိုင်ရန် အကူအညီလိုအပ်သည်။ (သု. ၂၂:၃၊ ၆) မောင်နှံစုံများသည် ယေဟောဝါပါဝင်သည့် “သုံးလွန်းတင်သောကြိုး” ကို ခိုင်မြဲစေသင့်သည်။ (ဒေ. ၄:၁၂) ထို့ကြောင့် “အလွန်သန့်ရှင်းသော ယုံကြည်ခြင်းအပေါ်မှာ” ကိုယ်ကိုတည်ဆောက်နိုင်ရန် ကျန်ရှိသောအချိန်ကို ပညာရှိစွာအသုံးပြုကြပါစို့။—ယု. ၂၀။