ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း လေ့ကျင့်ခန်းစာစောင် မှာပါတဲ့ အညွှန်းများ
ဒီဇင်ဘာ ၄–၁၀
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ဇေဖနိ ၁– ဟဂ္ဂဲ ၂
“အမျက်တော်နေ့ မရောက်လာခင် ယေဟောဝါကို ရှာပါ”
ကိုယ်တော့်အမျက်တော်နေ့မရောက်မီ ယေဟောဝါကိုရှာကြလော့
၅ ‘ကျွန်တော်ဟာ ဆက်ကပ်အပ်နှံ၊ နှစ်ခြင်းခံပြီးသား ဘုရားသခင့်ကျေးကျွန်၊ ယေဟောဝါသက်သေ တစ်ယောက်ပဲ။ ဒီတောင်းဆိုချက်တွေကို ကျွန်တော် ပြည့်မီပြီးသား မဟုတ်လား’ ဟူ၍ သင်ဆိုကောင်းဆိုမည်။ အမှန်မှာ၊ ယေဟောဝါထံ ကျွန်ုပ်တို့ကိုယ်ကို ဆက်ကပ်အပ်နှံခြင်းထက် များစွာ ပါဝင်ပတ်သက်သည်။ ဣသရေလလူမျိုးသည် ဆက်ကပ်အပ်နှံထားသော လူမျိုးဖြစ်သော်လည်း ဇေဖနိခေတ်ရှိ ယုဒလူတို့သည် ထိုဆက်ကပ်အပ်နှံခြင်းနှင့်အညီ မနေထိုင်ခဲ့ကြပေ။ အကျိုးဆက်အနေနှင့် ထိုလူမျိုးတော်သည် နောက်ဆုံးတွင် ပစ်ပယ်ခံခဲ့ရသည်။ ယနေ့ ‘ယေဟောဝါကို ရှာခြင်း’ တွင် ကိုယ်တော်၏ မြေကြီးဆိုင်ရာ အဖွဲ့အစည်းနှင့် ပေါင်းသင်းရာ၌ ကိုယ်တော်နှင့် နှစ်ကိုယ်ကြား နွေးထွေးသော ဆက်ဆံရေးကို ပြုစုပျိုးထောင်ခြင်းနှင့် ဆက်ထိန်းသိမ်းခြင်းတို့ ပါဝင်သည်။ ၎င်းက ကိစ္စရပ်များအပေါ် ဘုရားသခင့် ရှုမြင်ပုံကို သိရှိခြင်းနှင့် ကိုယ်တော်၏ ခံစားချက်များကို ဂရုပြုခြင်းကို ဆိုလိုသည်။ ကိုယ်တော်၏ နှုတ်မြွက်စကားတော်ကို စေ့စေ့လေ့လာ၊ ဆင်ခြင်သုံးသပ်ပြီး ယင်း၏အကြံပေးချက်ကို ဘဝတွင် ကျင့်သုံးသောအခါ ယေဟောဝါကို ကျွန်ုပ်တို့ ရှာကြသည်။ ကျွန်ုပ်တို့သည် စိတ်အားထက်သန်စွာ ဆုတောင်းပြီး ယေဟောဝါ၏ လမ်းညွှန်မှုကို ရှာယူကာ ကိုယ်တော်၏ သန့်ရှင်းသောဝိညာဉ်တော်၏ ဦးဆောင်မှုကို လိုက်လျှောက်နေစဉ် ကိုယ်တော်နှင့် ကျွန်ုပ်တို့၏ ဆက်ဆံရေးသည် နက်ရှိုင်းလာပြီး “စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှ” နှင့်ကိုယ်တော့်အမှုထမ်းဖို့ လှုံ့ဆော်ခံရကြသည်။—တရားဟောရာ ၆:၅; ဂလာတိ ၅: ၂၂-၂၅; ဖိလိပ္ပိ ၄:၆၊ ၇; ဗျာဒိတ် ၄:၁၁။
၆ ဇေဖနိ ၂:၃ တွင်ဖော်ပြထားသော ဒုတိယတောင်းဆိုချက်မှာ ‘ဖြောင့်မတ်ခြင်းကိုရှာ’ ဖို့ဖြစ်သည်။ ကျွန်ုပ်တို့အများစုသည် ခရစ်ယာန်နှစ်ခြင်းအတွက် အရည်အချင်း ပြည့်မီနိုင်ဖို့ အရေးပါသော ပြောင်းလဲမှုများ ပြုခဲ့ကြ၏၊ သို့သော် ကျွန်ုပ်တို့၏ ဘဝတစ်လျှောက်လုံးတွင် ဘုရားသခင့် ဖြောင့်မတ်သော စံနှုန်းများကို ဆက်လက်စွဲကိုင်ကြရမည် ဖြစ်သည်။ ဤအပိုင်းကဏ္ဍတွင် အစကောင်းခဲ့ကြသူ အချို့သည် လောကက သူတို့ကို ညစ်ညမ်းစေဖို့ ခွင့်ပြုခဲ့ကြ၏။ လိင်အကျင့်ယိုယွင်းခြင်း၊ လိမ်လည်ခြင်းနှင့် အခြားအပြစ်တို့ကို သာမန်ကိစ္စအဖြစ် ရှုမြင်သူများနှင့် ကျွန်ုပ်တို့ ဝိုင်းရံခံနေရသောကြောင့် ဖြောင့်မတ်ခြင်းကိုရှာဖို့ မလွယ်ကူချေ။ သို့တိုင် ယေဟောဝါ၏ နှစ်သက်မှုကိုရရန် စိတ်ပြင်းပြမှုသည် လောကနှင့် ရောနှောဖို့ ကြိုးစားခြင်းဖြင့် လောက၏ နှစ်သက်မှုကို ရလိုသည့် မည်သည့်တိမ်းညွှတ်မှုကိုမဆို အနိုင်ယူစေသည်။ ယုဒပြည်သည် ဘုရားတရားမဲ့သည့် အိမ်နီးချင်းနိုင်ငံများကို တုပခြင်းကြောင့် ဘုရားသခင့် မျက်နှာသာတော်ကို ဆုံးရှုံးခဲ့သည်။ သို့ဖြစ်၍ ကျွန်ုပ်တို့သည် လောကကို တုပမည့်အစား “မှန်သောဖြောင့်မတ်ခြင်း၊ သန့်ရှင်းခြင်း . . . အားဖြင့် ဘုရားသခင်နှင့်အတူအမျှ ဖန်ဆင်းသောလူသစ်ကို” ပြုစုပျိုးထောင်ကာ ‘ဘုရားသခင်ကို အတုယူသူများ’ ဖြစ်ကြပါစို့။—ဧဖက် ၄:၂၄; ၅:၁။
၇ ဇေဖနိ ၂:၃ တွင်ဖော်ပြထားသော တတိယအချက်မှာ ယေဟောဝါ၏ အမျက်တော်နေ့တွင် ကျွန်ုပ်တို့ ပုန်းရှောင်လိုလျှင် ‘နူးညံ့သိမ်မွေ့ခြင်းကိုရှာ’ ရမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် နေ့စဉ်နေ့တိုင်း မာနကြီးသော ယောက်ျား၊ မိန်းမ၊ လူငယ်များနှင့် ထိတွေ့ဆက်ဆံကြရသည်။ သူတို့အတွက် စိတ်နူးညံ့ခြင်းသည် ချွတ်ယွင်းချက်တစ်ခုပင်။ လက်အောက်ခံခြင်းကို တကယ့်ပျော့ညံ့မှုဟု ယူမှတ်ကြသည်။ သူတို့၏ကိုယ်ပိုင် “အခွင့်အရေး” နှင့် ကြိုက်နှစ်သက်ရာကို မည်သည့်နည်းဖြင့်မဆို ထည့်တွက်ပေးရမည်ဟု မှတ်ယူကြကာ မရမနေ တောင်းဆိုတတ်ကြသည်၊ တစ်ကိုယ်ကောင်းဆန်ကာ တစ်ယူသန်များဖြစ်ကြသည်။ ထိုသဘောထားအချို့ ကျွန်ုပ်တို့ထံ ကူးစက်လာလျှင် ဝမ်းနည်းစရာ ဖြစ်မည်တကား! ယခုအချိန်သည် ‘နူးညံ့သိမ်မွေ့ခြင်းကိုရှာ’ ရန်အချိန်ဖြစ်သည်။ မည်သို့အားဖြင့်နည်း။ ဘုရားသခင်အား လက်အောက်ခံခြင်း၊ ကိုယ်တော်၏ ဆုံးမပဲ့ပြင်ခြင်းကို နှိမ့်ချစွာ လက်ခံခြင်းနှင့် ကိုယ်တော့်အလိုတော်ကို ဆောင်ခြင်းအားဖြင့် ဖြစ်သည်။
ရှာဖွေလေ့လာ ဘုရားရေးရာရတနာ
နာဟုံ၊ ဟဗက္ကုတ်နှင့် ဇေဖနိကျမ်းမှ ပေါ်လွင်ချက်များ
၁:၈။ ဇေဖနိခေတ်ရှိ လူအချို့သည် “ထူးခြားစွာဝတ်” ဆင်ခြင်းဖြင့် ပတ်ဝန်းကျင်နိုင်ငံများ၏ နှစ်သက်လက်ခံမှုကို ရရှိလိုပုံပေါက်သည်။ ယနေ့ ယေဟောဝါကို ဝတ်ပြုသူများသည် ထပ်တူနည်းများဖြင့် လောကနှင့် လိုက်လျောညီထွေဖြစ်ရန် ကြိုးစားပါက အလွန်မိုက်မဲပေမည်။
ဟဂ္ဂဲနှင့်ဇာခရိကျမ်းမှ ပေါ်လွင်ချက်များ
၂:၉—“နောက်တည်သော ဤအိမ်တော်သည်” အဘယ်နည်းဖြင့် “အရင်အိမ်တော်ထက်” သာ၍ဘုန်းကြီးနိုင်မည်နည်း။ နောက်တည်သော အိမ်တော်သည် တည်တံ့သည့် နှစ်ကာလ၊ ထိုတွင်သွန်သင်ခဲ့သူ၊ ထိုတွင် ယေဟောဝါကို ဝတ်ပြုရန် လာရောက်သူများဟူသော အနည်းဆုံး အချက်သုံးချက်ပေါ် မူတည်ပြီး သာ၍ဘုန်းကြီးရခြင်းဖြစ်၏။ ရှောလမုန်တည်ဆောက်ခဲ့သော အိမ်တော်သည် ဘီစီ ၁၀၂၇ မှ ဘီစီ ၆၀၇ အထိ နှစ်ပေါင်း ၄၂၀ တည်တံ့ခဲ့သော်လည်း “နောက်တည်သော ဤအိမ်တော်” မှာ ယင်းကိုဆောက်လုပ်ပြီးစီးချိန် ဘီစီ ၅၁၅ မှ ပျက်စီးချိန် အေဒီ ၇၀ အထိ နှစ်ပေါင်း ၅၈၀ ကျော် တည်တံ့ခဲ့သည်။ ထို့ပြင် “နောက်တည်သော ဤအိမ်တော်” တွင် မေရှိယဖြစ်သော ယေရှုခရစ် သွန်သင်ခဲ့သည်။ ဘုရားသခင်ကို ဝတ်ပြုရန် “အရင်အိမ်တော်” သို့ လာရောက်သူထက် “နောက်တည်သော ဤအိမ်တော်” သို့လာရောက်သူ ပိုများသည်။—တမန်တော် ၂:၁-၁၁။
ဒီဇင်ဘာ ၁၁–၁၇
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ဇာခရိ ၁–၈
‘ဂျူးတစ်ယောက်ရဲ့ ဝတ်ရုံကို မြဲမြဲကိုင်’
‘ယခုမူကား သင်တို့သည် ဘုရားသခင်၏လူမျိုးဖြစ်ကြ၏’
၁၄ ဒီဆုံးခန်းကာလမှာ လူများစွာဟာ ယေဟောဝါရဲ့ လူမျိုးနဲ့အတူ ကိုယ်တော့်ကို ဝတ်ပြုမယ်လို့ ရှေးကတည်းက ပရောဖက်တွေ ကြိုဟောထားတယ်။ ဟေရှာယ အခုလိုကြိုဟောတယ်– ‘လူအများက “လာကြ။ ယေဟောဝါရဲ့ တောင်ပေါ်ကို၊ ယာကုပ်ရဲ့ ဘုရားသခင့် အိမ်တော်ကို တက်သွားကြစို့။ ကိုယ်တော်က သူ့နည်းလမ်းတွေအကြောင်း ငါတို့ကို သွန်သင်ပေးလိမ့်မယ်။ ကိုယ်တော့် လမ်းစဉ်တွေအတိုင်း ငါတို့လျှောက်လှမ်းကြမယ်” လို့ လမ်းသွားရင်း ပြောကြလိမ့်မယ်။ ပညတ်တရားက ဇိအုန်ကနေ၊ ယေဟောဝါရဲ့စကားက ဂျေရုဆလင်ကနေ ထွက်လာလိမ့်မယ်။’ (ဟေရှာ. ၂:၂၊ ၃၊ ကဘ) ဇာခရိကလည်း ‘လူအမြောက်အမြားနဲ့ အားကြီးတဲ့ လူမျိုးတွေဟာ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါကို ရှာဖို့၊ ယေဟောဝါရဲ့ မျက်နှာသာကို တောင်းခံဖို့ ဂျေရုဆလင်ကို လာကြလိမ့်မယ်’ လို့ ကြိုဟောတယ်။ အဲဒီအုပ်စုဟာ ‘ဘာသာစကား အသီးသီးကိုပြောတဲ့ လူမျိုးတွေထဲက’ ထွက်လာမှာဖြစ်တယ်။ သူတို့ဟာ ပုံဆောင် အစ္စရေးလူမျိုးနဲ့အတူ ဘုရားသခင်ကို ဝတ်ပြုပြီး ‘ခင်ဗျားနဲ့အတူ ဘုရားသခင်ရှိတယ်လို့ ကြားတဲ့အတွက် ခင်ဗျားနဲ့အတူ ကျွန်တော်တို့လည်း လိုက်ချင်ပါတယ်’ လို့ ပြောကြတယ်။—ဇာ. ၈:၂၀-၂၃၊ ကဘ။
“သင်တို့နှင့်အတူ လိုက်ပါမည်”
၄ ဒီနေ့ခေတ် ဘိသိက်ခံအားလုံးရဲ့ နာမည်ကိုသိဖို့ မဖြစ်နိုင်ဘူးဆိုရင် အခြားသိုးဟာ သူတို့နဲ့အတူ ဘယ်လို “လိုက်” နိုင်မလဲ။ လူဆယ်ယောက်က “ယုဒလူဖြစ်သောသူ၏ အဝတ်စွန်းကိုကိုင်လျက် ‘ဘုရားသခင်သည် သင်နှင့်အတူ ရှိတော်မူသည်ဟု အကျွန်ုပ်တို့သည် ကြားသိ၍ သင်တို့နှင့်အတူ လိုက်ပါမည်’ ဟု ဆိုကြလိမ့်မည်” ဆိုပြီး ကျမ်းစာပြောတယ်။ အဲဒီအခန်းငယ်မှာ ယုဒလူတစ်ယောက်လို့ ဖော်ပြထားပေမဲ့ တစ်ယောက်ထက်မကကို ဆိုလိုတယ်။ ဒါကြောင့် အဲဒီယုဒလူဟာ တစ်ယောက်တည်းကို မဟုတ်ဘဲ ဘိသိက်ခံအုပ်စု တစ်စုလုံးကို ပုံဆောင်တယ်။ အဲဒီအချက်ကို အခြားသိုးတွေ သိတယ်။ အဲဒီအုပ်စုနဲ့အတူ ယေဟောဝါကို ဝတ်ပြုပြီး သူတို့ကို ကူညီထောက်မနေတယ်။ ဒါကြောင့် သူတို့တစ်ယောက်စီရဲ့ နာမည်ကို သိဖို့၊ သူတို့တစ်ယောက်စီနောက်ကို လိုက်ဖို့ မလိုဘူး။ ကျမ်းစာမှာလည်း လူနောက်လိုက်ဖို့ ကျွန်တော်တို့ကို အားမပေးထားဘူး။ အဲဒီအစား ခေါင်းဆောင်ယေရှုနောက်ကို လိုက်ဖို့ပဲ အားပေးထားတယ်။—မ. ၂၃:၁၀။
သူတို့သည် ‘သိုးသငယ်နောက်သို့ အစဉ်တစိုက် လိုက်ကြ’
၁၄ မိမိ၏ ညီတော်များအား တည်ကြည်စွာ ထောက်မပေးမှုကို မိမိအား ထောက်မနေခြင်းဖြစ်သည်ဟု ယေရှုခရစ် ယူမှတ်တော်မူ၏။ (မဿဲ ၂၅:၄၀ ကိုဖတ်ပါ။) သို့ဆိုလျှင် မြေကြီးမျှော်လင့်ချက်ရှိသူတို့သည် စွမ်းအားတော်ဖြင့် ဘိသိက်ပေးခံရသော ခရစ်တော်၏ ညီတော်များကို အဘယ်နည်းဖြင့် ထောက်မပေးနိုင်သနည်း။ အဓိကအားဖြင့် ဘုရားသခင့် နိုင်ငံတော် ဟောပြောခြင်းလုပ်ငန်းတွင် သူတို့ကို ကူညီပေးခြင်းအားဖြင့် ဖြစ်သည်။ (မ. ၂၄:၁၄; ယော. ၁၄:၁၂) ကမ္ဘာပေါ်တွင် ဘိသိက်ပေးခံရသူတို့၏ အရေအတွက် လျော့နည်းလာနေစဉ် အခြားသိုးအရေအတွက်မှာ နှစ်များတစ်လျှောက် တိုးများလျက်နေသည်။ မြေကြီးမျှော်လင့်ချက် ရှိသူတို့သည် သက်သေခံခြင်းလုပ်ငန်းတွင် ပါဝင်ကြသောအခါ—အချိန်ပြည့် သတင်းကောင်း ဟောပြောသူများအဖြစ် အမှုဆောင်ခြင်းပင် ဖြစ်နိုင်သည်—သူတို့သည် တပည့်ဖြစ်စေခြင်း တာဝန်ကို ဆောင်ရွက်ရာတွင် စွမ်းအားတော်ဖြင့် ဘိသိက်ပေးခံရသူတို့ကို ထောက်မကြသည်။ (မ. ၂၈:၁၉၊ ၂၀) နည်းအမျိုးမျိုးနှင့် အလှူငွေများ ထည့်ဝင်ခြင်းဖြင့် ဤလုပ်ငန်းကို ထောက်မရသည့် အခွင့်အရေးများကို လျစ်လျူမရှုသင့်ချေ။
ရှာဖွေလေ့လာ ဘုရားရေးရာရတနာ
ဇာခရိရဲ့ စိတ်အာရုံများ သင့်အပေါ် အကျိုးသက်ရောက်ပုံ
၁၈ ဒါပေမဲ့ ဝတ်ပြုရေးကို သန့်ရှင်းစင်ကြယ်အောင် ထိန်းသိမ်းဖို့ ဂျူးတွေမှာ တာဝန်ရှိကြောင်း ဒီစိတ်အာရုံက သတိပေးတယ်။ ယေဟောဝါရဲ့ လူမျိုးအလယ်မှာ ဆိုးညစ်မှု ဝင်လာပြီး တည်ရှိနေခွင့် မပေးနိုင်ဘူး။ ယေဟောဝါက ကျွန်တော်တို့ကို သန့်ရှင်းတဲ့ အဖွဲ့အစည်းထဲ ခေါ်ဆောင်လာလို့ မေတ္တာနဲ့ ကာကွယ်မှု ခံစားကြရတယ်။ အဖွဲ့အစည်း သန့်ရှင်းမှုကို ထိန်းသိမ်းဖို့ ကျွန်တော်တို့မှာ တာဝန်ရှိတယ်။ ယေဟောဝါရဲ့ လူတွေအလယ်မှာ ဆိုးညစ်မှု မရှိရဘူး။
သင့်ကို မြင်းရထားတွေနဲ့ သရဖူ ကာကွယ်စောင့်ရှောက်
၇ ကျမ်းစာထဲမှာ တောင်တွေဟာ နိုင်ငံတွေ၊ အစိုးရတွေကို တင်စားတယ်။ ဇာခရိမှတ်တမ်းမှာပါတဲ့ တောင်တွေဟာ ဒံယေလ ပရောဖက်ပြုချက်မှာပါတဲ့ တောင်နှစ်လုံးနဲ့ ဆင်တူတယ်။ တောင်တစ်လုံးက ယေဟောဝါရဲ့ စကြဝဠာဆိုင်ရာ ထာဝရ အုပ်ချုပ်မှုကို တင်စားတယ်။ နောက်တောင်တစ်လုံးက ယေရှု အုပ်ချုပ်တဲ့ မေရှိယနိုင်ငံတော်ကို တင်စားတယ်။ (ဒံ. ၂:၃၅၊ ၄၅) ယေရှု နန်းထိုင်ချိန် ၁၉၁၄၊ ဆောင်းဦးမှာ တောင်နှစ်လုံးစလုံး တည်ရှိလာတယ်။ မြေကြီးပေါ် ဘုရားသခင့် အလိုတော် ပြည့်စုံရေးမှာ အထူးကဏ္ဍကနေ ပါဝင်လာတယ်။
၈ တောင်တွေ ဘာကြောင့် ကြေးနီ ဖြစ်ရသလဲ။ ရွှေလိုပဲ ကြေးနီလည်း အဖိုးတန်သတ္တု ဖြစ်တယ်။ တဲတော်နဲ့ နောက်ပိုင်း ဂျေရုဆလင် ဗိမာန်တော် ဆောက်လုပ်ရေးမှာ ဒီသတ္တုကို သုံးဖို့ ယေဟောဝါ ညွှန်ကြားခဲ့တယ်။ (ထွ. ၂၇:၁-၃။ ၁ ဘု. ၇:၁၃-၁၆) ဒါကြောင့် ပုံဆောင် ကြေးနီတောင်နှစ်လုံးက လူသားအားလုံးကို ငြိမ်ဝပ်အေးချမ်းမှုနဲ့ ကောင်းချီးတွေ ယူဆောင်ပေးမယ့် ယေဟောဝါရဲ့ စကြဝဠာ အချုပ်အခြာအာဏာနဲ့ မေရှိယနိုင်ငံတော်ရဲ့ အရည်အသွေး ကောင်းမွန်မှုကို အမှတ်ရစေတယ်။
ဒီဇင်ဘာ ၁၈–၂၄
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ဇာခရိ ၉–၁၄
“‘တောင်တန်းတွေ အလယ်မှာရှိတဲ့ ချိုင့်ဝှမ်း’ မှာနေပါ”
ကာကွယ်မှုပေးတဲ့ ယေဟောဝါရဲ့ချိုင့်ထဲမှာပဲ နေပါ
၁၀ ပရောဖက်ပြုချက်အရ သံလွင်တောင် နှစ်ခြမ်းကွဲသွားပြီး တောင်ဘက်မှာတစ်ဝက်၊ မြောက်ဘက်မှာတစ်ဝက် ဖြစ်သွားတယ်၊ အဲဒီတောင်နှစ်လုံးအပေါ်မှာ ယေဟောဝါရဲ့ခြေတော် ရှိနေတယ်။ ကွဲသွားတဲ့နေရာမှာ ‘အလွန်ကြီးတဲ့ချိုင့်’ ဖြစ်သွားပြီး အဲဒါက ယေဟောဝါရဲ့ ခြေအောက်မှာ တည်ရှိတယ်။ အဲဒီချိုင့်က ဘာကို ပုံဆောင်သလဲ။ ဘုရားသခင့်ကာကွယ်မှုကို ပုံဆောင်တယ်။ လူတွေဟာ တောင်နှစ်လုံးကြားမှာရှိတဲ့ ချိုင့်ဝှမ်းထဲမှာ အကာအကွယ် ယူတတ်ကြသလိုပဲ ယေဟောဝါရဲ့ ကျေးကျွန်တွေကလည်း ကိုယ်တော့်အုပ်ချုပ်မှုနဲ့ သားတော်ရဲ့ အုပ်ချုပ်မှုအောက်မှာ လုံခြုံမှု ရရှိကြတယ်။ စစ်မှန်တဲ့ ဝတ်ပြုရေးကို ဖျက်ဆီးဖို့ ယေဟောဝါ ဘယ်တော့မှ ခွင့်ပြုမှာ မဟုတ်ဘူး။ ဘယ်အချိန်မှာ သံလွင်တောင် နှစ်ခြမ်းကွဲသွားသလဲ။ ယေရှု ကောင်းကင်မှာ စတင်အုပ်ချုပ်တဲ့ ၁၉၁၄ ခုနှစ်မှာဖြစ်တယ်။ ယေဟောဝါရဲ့ လူတွေက ‘အလွန်ကြီးတဲ့ချိုင့်’ ထဲကို ပြေးဝင်ပြီး လွတ်မြောက်မှု ရရှိလိမ့်မယ်လို့ ပရောဖက်ပြုချက်မှာ ပြောထားတယ်။ အဲဒါက ဘယ်အချိန်မှာ စတင်ဖြစ်ပျက်သလဲ။
ကာကွယ်မှုပေးတဲ့ ယေဟောဝါရဲ့ချိုင့်ထဲမှာပဲ နေပါ
၁၃ ယေဟောဝါအပေါ် ကျွန်ုပ်တို့ ဆက်သစ္စာရှိတယ်ဆိုရင် အဲဒါက ကာကွယ်ပေးတဲ့ ယေဟောဝါရဲ့ချိုင့်ထဲမှာ ကျွန်ုပ်တို့ ရှိနေတာဖြစ်တယ်။ ယေဟောဝါနဲ့ ကိုယ်တော့်သားတော်က ကျွန်ုပ်တို့ကို ဘုရားသခင့် လက်ကနေ လုယူသွားဖို့ ဘယ်သူ့ကိုမှ၊ ဘယ်အရာကိုမှ ခွင့်ပြုမှာ မဟုတ်ဘူး။ (ယော. ၁၀:၂၈၊ ၂၉) ယေဟောဝါရဲ့ အကြွင်းမဲ့ပိုင်သအုပ်စိုးမှုကို သိမှတ်နာခံပြီး မေရှိယနိုင်ငံတော်ကို လက်အောက်ခံနိုင်ဖို့ ကျွန်ုပ်တို့ကို ယေဟောဝါ အကူအညီတွေ ပြင်ဆင်ပေးထားတယ်။ မကြာခင်ရောက်လာတော့မယ့် ကြီးစွာသောဒုက္ခအတွင်းမှာ ဘုရားသခင့်အကူအညီကို ကျွန်ုပ်တို့ ပိုပြီးလိုအပ်မှာဖြစ်တယ်။ ဒါကြောင့် အခုအချိန်ဟာ ကာကွယ်မှုပေးတဲ့ ယေဟောဝါရဲ့ချိုင့်ထဲမှာ ရှိနေဖို့ ခါတိုင်းထက် ပိုအရေးကြီးတဲ့အချိန်ဖြစ်တယ်။
ကာကွယ်မှုပေးတဲ့ ယေဟောဝါရဲ့ချိုင့်ထဲမှာပဲ နေပါ
၁၅ ယေဟောဝါ စစ်တိုက်တဲ့နေ့မှာ ကာကွယ်မှုပေးတဲ့ ‘အလွန်ကြီးတဲ့ချိုင့်’ ရဲ့ အပြင်ဘက်မှာ ရှိနေသူတွေ ဘာဖြစ်မလဲ။ အဲဒီလူတွေမှာ တောက်ပတဲ့ “အလင်း” ရှိမှာမဟုတ်ဘူးလို့ ပရောဖက်ပြုချက်မှာ ပြောထားတယ်။ အဓိပ္ပာယ်ကတော့ သူတို့ဟာ ဘုရားသခင့်မျက်နှာသာ ရမှာမဟုတ်ဘူး။ ရောက်လာတော့မယ့် စစ်ပွဲကြီးမှာ စစ်လက်နက်တွေအဖြစ် ပုံဆောင်တဲ့ ‘မြင်း၊ လား၊ ကုလားအုတ်၊ မြည်းနဲ့ ရှိသမျှသောတိရစ္ဆာန်’ တွေ ထိခိုက်ခံရမှာဖြစ်တယ်။ စစ်ပွဲမှာသုံးမယ့် စစ်လက်နက်တွေဟာ သုံးလို့မရအောင် ဖြစ်သွားပါလိမ့်မယ်။ ယေဟောဝါက မိမိရဲ့ရန်သူတွေကို “ဘေးဒဏ်” ဒါမှမဟုတ် ရောဂါဆိုးနဲ့ ဒဏ်ခတ်မယ်လို့ ဇာခရိပြောတယ်။ သူတို့ရဲ့ အသားတွေနဲ့ မျက်လုံးတွေ ပုပ်ဆွေးသွားပါလိမ့်မယ်။ အဲဒါက ပုံဆောင်သဘောလား၊ စာသားအတိုင်း ဖြစ်မလားဆိုတာတော့ ကျွန်ုပ်တို့ မသိကြဘူး။ ဒါပေမဲ့ ကျွန်ုပ်တို့ကို သူတို့ ဒုက္ခမပေးနိုင်တော့ဘူး ဒါမှမဟုတ် ဘုရားသခင်ကို ဆန့်ကျင်ပြီး မပြောနိုင်တော့ဘူးဆိုတာကိုတော့ ကျွန်ုပ်တို့ သိထားကြတယ်။ (ဇာ. ၁၄:၆၊ ၇၊ ၁၂၊ ၁၅) “မြေကြီးဘုရင်များနှင့် သူတို့၏တပ်များ” အားလုံးဟာ စာတန့်ဘက်မှာ နေကြပါလိမ့်မယ်။ သူတို့ဟာ ကမ္ဘာမြေကြီးရဲ့ ဘယ်နေရာမှာပဲရှိပါစေ ဖျက်ဆီးခံရမှာဖြစ်တယ်။ (ဗျာ. ၁၉:၁၉-၂၁) “ထာဝရဘုရား ကွပ်မျက်တော်မူခြင်းကို ခံရသောသူတို့သည် မြေကြီးတစ်ဖက်မှ တစ်ဖက်တိုင်အောင် နှံ့ပြားကြလိမ့်” မယ်။—ယေ. ၂၅:၃၂၊ ၃၃။
ရှာဖွေလေ့လာ ဘုရားရေးရာရတနာ
သင့်တစ်ဖက်၌လုပ်သော မည်သည့်လက်နက်မျှ အထမမြောက်ရ
၉ လူမျိုးတို့သည် ခရစ်ယာန်စစ်တို့တစ်ဖက် အဘယ်ကြောင့် ဆန့်ကျင်တိုက်ခိုက်ကြကြောင်းကို ဇာခရိ၏ ပရောဖက်ပြုချက်တွင် ဖော်ပြထားသည်။ ဇာခရိ ၁၂:၃ [သမ္မာ] ပါစကားကို သတိပြုကြည့်ပါ– “ထိုကာလအခါ၌လည်း ယေရုရှလင်မြို့ကို လူမျိုးအပေါင်းတို့အား လေးသောကျောက် ဖြစ်စေမည်။” ဤပရောဖက်ပြုချက်က အဘယ်ယေရုရှလင်မြို့ကို ရည်ညွှန်းနေခြင်းဖြစ်သနည်း။ ယေရုရှလင်မြို့နှင့် ပတ်သက်သော ဇာခရိ၏ ပရောဖက်ပြုချက်သည် “ကောင်းကင်ယေရုရှလင်မြို့” တည်းဟူသော ဘိသိက်ပေးခံရသူ ခရစ်ယာန်များ ခေါ်တော်မူခြင်းခံရသည့် ကောင်းကင်နိုင်ငံတော်ကို ဆိုလိုခြင်းဖြစ်သည်။ (ဟေဗြဲ ၁၂:၂၂) မေရှိယနိုင်ငံတော်ကို အမွေခံရသူတို့ထဲမှ အကြွင်းအကျန် အနည်းငယ်သည် ကမ္ဘာပေါ်ရှိနေဆဲဖြစ်သည်။ အပေါင်းပါဖြစ်သော “အခြားသိုး” နှင့်အတူ သူတို့သည် အချိန်ရှိနေသေးချိန်တွင် ဘုရားသခင့်နိုင်ငံတော် လက်အောက်ခံများ ဖြစ်လာရန် လူများကို တိုက်တွန်းအားပေးကြသည်။ (ယောဟန် ၁၀:၁၆; ဗျာ. ၁၁:၁၅) ဤဖိတ်ခေါ်ချက်ကို လူမျိုးတို့ မည်သို့ တုံ့ပြန်ခဲ့ကြသနည်း။ ယနေ့ မှန်သောဝတ်ပြုကိုးကွယ်သူတို့ကို ယေဟောဝါသည် အဘယ်ထောက်မမှုမျိုး ပေးတော်မူသနည်း။ ဇာခရိအခန်းကြီး ၁၂ ၏အဓိပ္ပာယ်ကို ထပ်ဆင့်ဆန်းစစ်ကာ ရှာကြည့်ကြစို့။ ယင်းသို့ပြုခြင်းဖြင့် ဘုရားသခင်၏ ဘိသိက်ပေးခြင်းခံရသူတို့နှင့် သူတို့၏အပေါင်းပါ အပ်နှံထားသူတို့ကို ဆန့်ကျင်တိုက်ခိုက်သော ‘မည်သည့်လက်နက်မျှ အထမမြောက်’ ကြောင်း အာမခံချက်ကို ကျွန်ုပ်တို့ ရရှိနိုင်ကြသည်။
၁၀ ဇာခရိ ၁၂:၃ က လူမျိုးတို့သည် “ကျိုးပဲ့ကြေမွ” ကြမည်ဟု ဖော်ပြထားသည်။ ယင်းသည် မည်သို့ဖြစ်သနည်း။ ဘုရားသခင်၏ နိုင်ငံတော်သတင်းကောင်းကို ဟောပြောရမည်ဟု ကိုယ်တော် အမိန့်ပေးခဲ့သည်။ ယေဟောဝါသက်သေတို့သည် ဟောပြောခြင်းတာဝန်ကို အလေးထား လုပ်ဆောင်ကြသည်။ သို့သော် လူသားတို့၏ တစ်ခုတည်းသော မျှော်လင့်အချက်အဖြစ် ဘုရားသခင့် နိုင်ငံတော်သတင်းကို ကြွေးကြော်ခြင်းသည် လူမျိုးတို့အဖို့ “လေးသောကျောက်” ဖြစ်လာသည်။ သူတို့သည် ဘုရားသခင့် နိုင်ငံတော်သတင်း ဟောပြောသူတို့ကို နှောင့်ယှက်ခြင်းအားဖြင့် ယင်းကျောက်ကို ချီမဖယ်ရှားဖို့ ကြိုးစားကြသည်။ နေရာဒေသများစွာတွင် ယင်းသို့နှောင့်ယှက်သူတို့သည် ပယ်ဖြတ်ခံရခြင်းအားဖြင့် “ကျိုးပဲ့ကြေမွ” လေသည်။ အရှက်တကွဲ အကျိုးနည်းမှုနှင့် သူတို့ရင်ဆိုင်ရသည့်အခါ သူတို့၏ ဂုဏ်သတင်းပင်လျှင် မှေးမှိန်ပျက်စီးခဲ့သည်။ ဤလောကစနစ် အဆုံးမတိုင်မီ ဘုရားသခင့် မေရှိယနိုင်ငံတော်နှင့်ဆိုင်သော ‘ထာဝရသတင်းကောင်း’ ကို ကြွေးကြော်ရသည့် အခွင့်ထူးကို နှစ်သက်မြတ်နိုးကြသော မှန်သောဝတ်ပြုကိုးကွယ်သူများ၏ နှုတ်ကို သူတို့မပိတ်နိုင်ခဲ့ပါ။ (ဗျာ. ၁၄:၆) အာဖရိကနိုင်ငံ တစ်နိုင်ငံတွင် ယေဟောဝါ၏ ကျေးကျွန်များအား အကြမ်းဖက်သည်ကို တွေ့သည့် ထောင်စောင့်တစ်ဦးက ဤသို့ပြောခဲ့၏– ‘ဒီလူတွေကို နှိပ်စက်ညှဉ်းပန်းနေတဲ့ မင်းတို့ရဲ့လုပ်ရပ် အလကားဖြစ်မှာပဲ။ သူတို့ ဘယ်တော့မှ အလျော့ပေးမှာ မဟုတ်ဘူး။ တိုးတောင်တိုးလာသေးတယ်။’
သင့်တစ်ဖက်၌လုပ်သော မည်သည့်လက်နက်မျှ အထမမြောက်ရ
၁၃ ဇာခရိ ၁၂:၇၊ ၈ ကိုဖတ်ပါ။ ရှေးဣသရေလခေတ်က တဲတို့သည် နိုင်ငံ၏ထင်ရှားသော အခြင်းအရာတစ်ခုဖြစ်ခဲ့ပြီး သိုးထိန်းများနှင့် စိုက်ပျိုးရေးလုပ်သားများ သုံးလေ့ရှိခဲ့သည်။ ရန်သူလူမျိုးက ယေရုရှလင်မြို့ကို တိုက်ခိုက်ရန် ချီတက်လာပါက ထိုသူတို့သည် ဦးဆုံးတိုက်ခိုက်ခံရသူများ၊ အကာအကွယ် လိုအပ်သူများ ဖြစ်ကြပေမည်။ “ယုဒတဲတို့” ဟူသော အသုံးအနှုန်းက ကျွန်ုပ်တို့ခေတ်မှ ဘိသိက်ပေးခံရသူ အကြွင်းအကျန်တို့ကို ရည်ညွှန်းသည်၊ သူတို့သည် ခိုင်ခံ့သောမြို့များအတွင်း မဟုတ်ဘဲ ကွင်းပြင်တွင် ရှိနေသည့်အလား ဖြစ်သည်။ ထိုနေရာမှနေ၍ သူတို့သည် မေရှိယနိုင်ငံတော် အကျိုးစီးပွားကို ရဲရင့်စွာ ခုခံကြသည်။ စာတန်၏ ပစ်မှတ်ဖြစ်နေသောကြောင့် ဗိုလ်ခြေတို့၏အရှင် ယေဟောဝါသည် “ယုဒတဲတို့ကို ရှေ့ဦးစွာ” ကယ်တင်တော်မူမည်။
ဒီဇင်ဘာ ၂၅–၃၁
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | မာလခိ ၁–၄
“သင့်အိမ်ထောင်ရေးကို ယေဟောဝါ နှစ်သက်ပါသလား”
jd-E ၁၂၅-၁၂၆ ပိုဒ်. ၄-၅
ဘုရားသခင် နှစ်သက်တဲ့ မိသားစုဖြစ်ဖို့ ကြိုးစားပါ
၄ ဘီစီ ငါးရာစု၊ မာလခိခေတ်က ဂျူးတွေကြားမှာ အိမ်ထောင်ကွာရှင်းတာ များတယ်။ မာလခိက သူတို့ကို ဒီလိုပြောတယ်– “ငါယေဟောဝါဟာ မင်းတို့နဲ့ မင်းတို့ရဲ့ ငယ်ပေါင်းဇနီးကြားမှာ သက်သေဖြစ်နေလို့ပဲ။ မင်းတို့က ကိုယ့်အဖော်အဖက်၊ ကိုယ်နဲ့ကတိသစ္စာပြုထားတဲ့ ဇနီးကို သစ္စာဖောက်ကြတယ်။” ယေဟောဝါရဲ့ ပူဇော်ရာပလ္လင်ဟာ ခင်ပွန်းတွေက သစ္စာဖောက်လို့ ပြစ်မှားခံရတဲ့ အမျိုးသမီးတွေရဲ့ မျက်ရည်တွေ၊ “ငိုကြွေးသံတွေ၊ သက်ပြင်းချသံတွေနဲ့” ဖုံးလွှမ်းနေတယ်။ အဲဒီဝမ်းနည်းစရာအဖြစ်ကို အကျင့်ပျက်ခြစားတဲ့ ပုရောဟိတ်တွေဟာ လျစ်လျူရှုထားတယ်။—မာလခိ ၂:၁၃၊ ၁၄။
၅ မာလခိခေတ်က အဲဒီယုတ်ညံ့တဲ့ သဘောထားကို ယေဟောဝါ ဘယ်လို ရှုမြင်ခဲ့သလဲ။ “‘ကွာရှင်းတာကို ငါမုန်းတယ်’ လို့ အစ္စရေးတို့ရဲ့ဘုရား ယေဟောဝါ ပြောတယ်။” ယေဟောဝါဟာ “မပြောင်းလဲတတ်ဘူး” လို့လည်း မာလခိ ပြောခဲ့တယ်။ (မာလခိ ၂:၁၆။ ၃:၆) ဆိုလိုရင်းကို သဘောပေါက်ပါသလား။ ကွာရှင်းခြင်းကို အရင်ကတည်းက ယေဟောဝါ မကြိုက်ဘူး။ (ကမ္ဘာဦး ၂:၁၈၊ ၂၄) မာလခိလက်ထပ်မှာလည်း အဲဒီအတိုင်းပဲ။ အခုအချိန်မှာလည်း အဲဒီလိုပဲ။ အိမ်ထောင်ဖက်ကို စိတ်တိုင်းမကျလို့ အိမ်ပေါ်က ဆင်းသွားတဲ့သူတွေ ရှိတယ်။ စိတ်နှလုံးထဲမှာ သစ္စာဖောက်တာ ဖြစ်ရင်တောင် ယေဟောဝါ စစ်ဆေးမယ်။ (ယေရမိ ၁၇:၉၊ ၁၀) အိမ်ထောင်ကွာရှင်းရတဲ့အကြောင်း ဘယ်လိုပဲ ဆင်ခြေပေးပါစေ သူ့စိတ်ရင်းကို ဘုရားမြင်တယ်။ “ကျွန်တော်တို့ ဖြေရှင်းချက်ပေးရမယ့် အရှင်ရဲ့ရှေ့မှာ အရာအားလုံးဟာ ဖုံးကွယ်မနေဘဲ အထင်အရှား မြင်နေရတယ်။”—ဟီဘရူး ၄:၁၃။
သစ္စာမဲ့လမ်းစဉ်ကို ယေဟောဝါ မုန်းတော်မူ၏
၁၉ အကောင်းဘက်မှကြည့်လျှင် လင်ယောက်ျားအချို့သည် မိမိတို့ဇနီးများအပေါ် သစ္စာမဖျက်ကြောင်း မာလခိ ဖော်ပြခဲ့သည်။ သူတို့၌ ‘ဘုရားသခင်၏ သန့်ရှင်းသောဝိညာဉ်တော် ကြွင်းကျန်၏။’ (အခန်းငယ် ၁၅) ယနေ့ ဘုရားသခင်၏ အဖွဲ့အစည်းတွင် ‘ကိုယ်ခင်ပွန်းကို ဂုဏ်တင်’ ကြသော ထိုသို့သောအမျိုးသား မြောက်မြားစွာရှိခြင်းသည် ဝမ်းသာစရာပင်။ (၁ ပေတရု ၃:၇) သူတို့သည် မိမိတို့၏ဇနီးမယားများကို ကာယရေးအရဖြစ်စေ၊ နှုတ်အားဖြင့်ဖြစ်စေ မတော်မတရား မပြုကြချေ၊ ယုတ်ညံ့သော လိင်ဆိုင်ရာအကျင့်များကိုပြုဖို့ မတောင်းဆို၊ အခြားအမျိုးသမီးများနှင့် ပရောပရည်လုပ်ခြင်း၊ သို့မဟုတ် အပြာစာပေ၊ ရုပ်ပုံများကြည့်ခြင်းအားဖြင့် မိမိတို့ဇနီးများကို သိက္ခာမချကြပါ။ ယေဟောဝါ၏ အဖွဲ့အစည်းတွင် ဘုရားသခင်နှင့် ကိုယ်တော်၏ ပညတ်တော်များကို သစ္စာမဖျက်ကြသော တည်ကြည်သည့် ခရစ်ယာန်ဇနီး မြောက်မြားစွာ ရှိသည့်အတွက်လည်း ဝမ်းသာစရာပင်။ ထိုအမျိုးသား၊ အမျိုးသမီး အားလုံးသည် အဘယ်အရာကို ဘုရားသခင် ရွံမုန်းကြောင်း သိထားကြ၍ ထိုအတိုင်း တွေးခေါ်ပြုမူ ကြသည်။ သူတို့နည်းတူ ဆက်၍ ‘ဘုရားသခင်ကို အုပ်စိုးရှင်အဖြစ် နာခံ’ ပြီး ကိုယ်တော်၏ သန့်ရှင်းသောဝိညာဉ်တော် တန်ခိုးကို ခံစားနေကြပါ။—တမန်တော် ၅:၂၉။
ရှာဖွေလေ့လာ ဘုရားရေးရာရတနာ
မာလခိကျမ်းမှ ပေါ်လွင်ချက်များ
၁:၁၀။ တံခါးများပိတ်ခြင်း သို့မဟုတ် ယဇ်ပလ္လင် မီးထွန်းညှိခြင်း ကဲ့သို့သော လွယ်ကူသည့် လုပ်ငန်းများအတွက်ပင် အခကြေးငွေ တောင်းကြသော လောဘကြီးသည့် ယဇ်ပုရောဟိတ်များ၏ ပူဇော်ရာယဇ်များကို ယေဟောဝါ မနှစ်သက်ခဲ့ပါ။ ခရစ်ယာန်ဓမ္မအမှုတွင် ကျွန်ုပ်တို့လုပ်ဆောင်သည့်အရာ အပါအဝင် ဝတ်ပြုရေးနှင့်ဆိုင်သောလုပ်ရပ်များသည် ငွေကြေးအကျိုးအမြတ်အတွက် မဟုတ်ဘဲ ဘုရားသခင်နှင့် အိမ်နီးနားချင်းတို့အပေါ် ကိုယ်ကျိုးမငဲ့သော မေတ္တာ၏ လှုံ့ဆော်မှုကြောင့်ဖြစ်ရန် မည်မျှ အရေးကြီးသည်တကား!—မဿဲ ၂၂:၃၇-၃၉; ၂ ကောရိန္သု ၁၁:၇။
‘ငါသည်လည်း သင်တို့နှင့်အတူ အစဉ်မပြတ်ရှိသည်’
၅ စပါးပင်နဲ့ ပေါင်းပင် ပုံဥပမာကို ယေရှုမပြောခင် နှစ်ပေါင်းများစွာ ကတည်းက ယေရှုရဲ့ ပုံဥပမာမှာပါတဲ့ အဖြစ်အပျက် တချို့ကို ကြိုဟောဖို့ ယေဟောဝါက ပရောဖက် မာလခိကို စွမ်းအားတော်နဲ့ တိုက်တွန်းခဲ့တယ်။ (မာလခိ ၃:၁-၄ ကိုဖတ်ပါ။) နှစ်ခြင်းဆရာ ယောဟန်ဟာ ‘လမ်းခရီးကို ပြင်ဆင်မယ့် စေတမန်’ ဖြစ်တယ်။ (မ. ၁၁:၁၀၊ ၁၁) အေဒီ ၂၉ မှာ ယောဟန် ရောက်ရှိလာတဲ့အခါ အစ္စရေးလူမျိုးကို တရားစီရင်မယ့်အချိန် နီးကပ်နေပြီ။ မာလခိ ပရောဖက်ပြုချက်မှာပါတဲ့ ဒုတိယတမန် (ပဋိညာဉ်တမန်တော်) က ယေရှု ဖြစ်တယ်။ သူဟာ ဂျေရုဆလင်မှာရှိတဲ့ ဗိမာန်တော်ကို သန့်စင်ရှင်းလင်းရေး နှစ်ကြိမ် လုပ်ခဲ့တယ်။ ပထမတစ်ကြိမ်က သူ့ရဲ့အမှုဆောင်ချိန် အစပိုင်းမှာဖြစ်ပြီး ဒုတိယအကြိမ်က အမှုဆောင်ချိန် အဆုံးပိုင်းမှာဖြစ်တယ်။ (မ. ၂၁:၁၂၊ ၁၃; ယော. ၂:၁၄-၁၇) ဒါကြောင့် ယေရှုရဲ့ သန့်စင်ရှင်းလင်းရေး လုပ်ငန်းက အချိန်အတိုင်းအတာ တစ်ခုထိ ကြာရှည်ခဲ့တယ်။
၆ မာလခိရဲ့ ပရောဖက်ပြုချက်က ဘယ်လို အကြီးစား ပြည့်စုံသလဲ။ ၁၉၁၄ ခုနှစ်မတိုင်ခင် နှစ်ပေါင်းများစွာ အတွင်းမှာ စီတီ ရပ်စယ်လ်နဲ့ သူ့ရဲ့အပေါင်းပါတွေဟာ နှစ်ခြင်းဆရာယောဟန် လုပ်ခဲ့တဲ့အလုပ်မျိုး လုပ်ခဲ့တယ်။ သူတို့ဟာ သမ္မာကျမ်းစာကို လေ့လာပြီး အမှန်တရားကို ရှာဖွေခဲ့ကြတယ်။ သူတို့တွေဟာ ခရစ်တော်ရဲ့ ရွေးနုတ်ဖိုး ပူဇော်သက္ကာရဲ့ အဓိပ္ပာယ်အမှန်ကို သင်ပေးကြတယ်၊ မီးငရဲဆိုတာ မရှိကြောင်း ဖော်ထုတ်ခဲ့တယ်၊ လူမျိုးခြားတွေရဲ့အချိန် ကုန်ဆုံးမယ့်အချိန်ကို ကြေညာခဲ့တယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ မိမိတို့ဟာ ခရစ်တော်ရဲ့ နောက်လိုက်တွေပါလို့ ပြောတဲ့ တခြားဘာသာရေးအုပ်စုတွေ အများကြီး ရှိနေတယ်။ ဒါဆိုရင် အဲဒီအုပ်စုတွေထဲက ဘယ်အုပ်စုက စပါးဖြစ်မလဲ။ ဒီမေးခွန်းကို ဖြေဆိုဖို့အတွက် ယေရှုဟာ ၁၉၁၄ ခုနှစ်မှာ ဝတ်ပြုရေးအစီအစဉ်ဖြစ်တဲ့ ပုံဆောင်ဗိမာန်တော်ကို စတင်စစ်ဆေးခဲ့တယ်။ အဲဒီစစ်ဆေးမှုနဲ့ သန့်စင်ရှင်းလင်းရေး လုပ်ငန်းဟာ ၁၉၁၄ ခုနှစ်ကနေ ၁၉၁၉ ခုနှစ်အစပိုင်းအထိ ကြာရှည်ခဲ့တယ်။