ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း လေ့ကျင့်ခန်းစာစောင် မှာပါတဲ့ အညွှန်းများ
ဧပြီ ၁-၇
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ၁ ကောရိန္သု ၇-၉
“တစ်ကိုယ်ရေ ဆုကျေးဇူး”
(၁ ကောရိန္သု ၇:၃၂) ခင်ဗျားတို့ကို စိုးရိမ်ပူပန်စရာတွေနဲ့ ကင်းဝေးစေချင်တယ်။ အိမ်ထောင်မရှိတဲ့ အမျိုးသားဟာ သခင့်မျက်နှာသာရဖို့ သခင့်အမှုတော်ကိုပဲ အာရုံစိုက်တတ်တယ်။
သင့်တစ်ကိုယ်ရေဘဝကို ပညာရှိစွာ အသုံးချပါ
၃ တစ်ကိုယ်ရေသမားတွေက အိမ်ထောင်သည်တွေထက် အချိန်နဲ့ လွတ်လပ်မှု ပိုရှိတယ်။ (၁ ကော. ၇:၃၂-၃၅) ဒါက ခရစ်ယာန်ဓမ္မအမှုကို တိုးချဲ့ဖို့၊ တခြားသူတွေအပေါ် မေတ္တာကျယ်ဝန်းစေဖို့နဲ့ ယေဟောဝါနဲ့ပိုရင်းနှီးစေဖို့ တကယ့် ထူးမြတ်တဲ့အခွင့်အရေးဖြစ်တယ်။ ဒါကြောင့် ခရစ်ယာန်များစွာက တစ်ကိုယ်ရေဘဝရဲ့အကျိုးကျေးဇူးကို သိမြင်လာပြီး အချိန်အတိုင်းအတာတစ်ခုအထိ တစ်ကိုယ်ရေဘဝကို “ခံယူ” ဖို့ဆုံးဖြတ်ခဲ့ကြတယ်။ တခြားသူတွေကတော့ အစပိုင်းမှာ တစ်ကိုယ်တည်းနေဖို့ မရည်ရွယ်ခဲ့ပေမဲ့ သူတို့ရဲ့ပြောင်းလဲသွားတဲ့အခြေအနေကို သေချာဆုတောင်းသုံးသပ်ပြီး ယေဟောဝါအကူအညီနဲ့ စိတ်တည်ငြိမ်နိုင်တယ်ဆိုတာ သဘောပေါက်လာကြတယ်။ သူတို့ရဲ့ အခြေအနေအပြောင်းအလဲကို လက်ခံလိုက်ပြီး တစ်ကိုယ်ရေဘဝနဲ့ နေသွားကြတယ်။—၁ ကော. ၇:၃၇၊ ၃၈။
(၁ ကောရိန္သု ၇:၃၃၊ ၃၄) အိမ်ထောင်သည် အမျိုးသားကတော့ ဇနီးဖြစ်သူ စိတ်ချမ်းသာစေဖို့ လောကီကိစ္စတွေကို အာရုံစိုက်နေရတဲ့အတွက်၊ ၃၄ အာရုံနှစ်ခု ဖြစ်နေတယ်။ အိမ်ထောင်မရှိတဲ့ အမျိုးသမီးနဲ့ အပျိုတွေက သခင့်အမှုတော်ကိုပဲ အာရုံစိုက်နေတဲ့အတွက် ကိုယ်စိတ်နှစ်ဖြာ သန့်ရှင်းနေတယ်။ အိမ်ထောင်သည် အမျိုးသမီးကတော့ ခင်ပွန်း စိတ်ချမ်းသာစေဖို့ လောကီကိစ္စတွေကို အာရုံစိုက်နေရတယ်။
ကောရိန္သုစာစောင်များမှ ပေါ်လွင်ချက်များ
၇:၃၃၊ ၃၄—အိမ်ထောင်သည်အမျိုးသား သို့မဟုတ် အမျိုးသမီးတစ်ဦး စိုးရိမ်ပူပန်သည့် “လောကအမှုအရာများ” ဟုဆိုရာတွင် အဘယ်အဓိပ္ပာယ်ရှိသနည်း။ အိမ်ထောင်သည်ခရစ်ယာန်များ စိုးရိမ်ပူပန်ဖို့လိုသည့် နေ့စဉ်အသက်တာနှင့်ဆက်နွှယ်သောကိစ္စရပ်များကို ပေါလုရည်ညွှန်းနေခြင်းဖြစ်သည်။ ယင်းတို့တွင် အစားအစာ၊ အဝတ်အစားနှင့် နေထိုင်ရေးတို့ပါဝင်သည်၊ သို့သော် ခရစ်ယာန်များရှောင်ရှားသည့် ဤလောက၏မကောင်းသောအမှုအရာများ မပါဝင်ပါ။—၁ ယော. ၂:၁၅-၁၇။
(၁ ကောရိန္သု ၇:၃၇၊ ၃၈) ဒါမှမဟုတ် အိမ်ထောင်ပြုစရာ မလိုဘူး၊ စိတ်ထိန်းချုပ်နိုင်တယ်လို့ ယူဆတဲ့အတွက် အိမ်ထောင်မပြုဘဲနေဖို့ ဆုံးဖြတ်ပြီး အဲဒီအတိုင်း နေသွားတယ်ဆိုရင်လည်း ကောင်းပါတယ်။ ၃၈ အိမ်ထောင်ပြုတာ ကောင်းပါတယ်။ ဒါပေမဲ့ အိမ်ထောင်မပြုတာ ပိုကောင်းတယ်။
တစ်ကိုယ်ရေနေခြင်း—စိတ်ရှုပ်ထွေးမှုမရှိဘဲလုပ်ဆောင်ဖို့အတွက် တံခါးတစ်ခု
၁၄ အတ္တပန်းတိုင်များကို လိုက်စားဖို့အတွက် အိမ်ထောင်မရှိသောဘဝကိုအသုံးပြုသည့် တစ်ကိုယ်ရေခရစ်ယာန်သည် အိမ်ထောင်သည်ခရစ်ယာန်များထက် “သာ၍ကောင်းစွာ” ပြုခြင်းမဟုတ်ပါ။ သူတစ်ကိုယ်ရေဆက်နေခြင်းမှာ ဘုရားသခင့် “နိုင်ငံတော်အဖို့အလို့ငှာ” မဟုတ်ဘဲ ကိုယ်ရေးကိုယ်တာအကြောင်းများကြောင့်ဖြစ်သည်။ (မဿဲ ၁၉:၁၂) အိမ်ထောင်မရှိသော အမျိုးသား သို့မဟုတ် အမျိုးသမီးသည် ‘သခင်ဘုရား၏အမှုရေးရာများအတွက် စိုးရိမ်မကင်း’ ဖြစ်သင့်ပြီး “သခင်ဘုရား၏စိတ်တော်နှင့်တွေ့စေ” ရန်နှင့် “စိတ်ရှုပ်ထွေးခြင်းမရှိဘဲ သခင်ဘုရား၏ဝတ်ကို အမြဲပြု” ရန် စိတ်စောသင့်သည်။ ယေဟောဝါနှင့် ယေရှုခရစ်တို့၏အမှုတော်ဆောင်ခြင်းတွင် လုံးလုံးလျားလျားအာရုံစိုက်မြှုပ်နှံလိုက်ခြင်းဟု ဆိုလိုပါသည်။ ဤကဲ့သို့လုပ်ဆောင်ခြင်းအားဖြင့်သာလျှင် အိမ်ထောင်မရှိသော ခရစ်ယာန် အမျိုးသားအမျိုးသမီးများသည် အိမ်ထောင်သည်ခရစ်ယာန်များထက် “သာ၍ကောင်းစွာ” ပြုရာကျသည်။
ရှာဖွေလေ့လာ ဘုရားရေးရာရတနာ
(၁ ကောရိန္သု ၇:၁၁) ခွဲနေတယ်ဆိုရင် နောက်အိမ်ထောင်မပြုဘဲ နေရမယ်။ ဒါမှမဟုတ် ကိုယ့်ခင်ပွန်းနဲ့ ပြန်ပေါင်းရမယ်။ ခင်ပွန်းကလည်း ဇနီးနဲ့ ခွဲမနေရဘူး။
ရှင်းလင်းချက်များ
အိမ်ထောင်ဖက် မဖောက်ပြန်ပေမဲ့ ခွဲနေဖို့ ခရစ်ယာန်တချို့ ဆုံးဖြတ်ခဲ့ကြတယ်။ (၁ ကောရိန္သု ၇:၁၁) အောက်ပါအခြေအနေတွေမှာ ခရစ်ယာန်တစ်ယောက် ခွဲနေဖို့ သုံးသပ်နိုင်တယ်–
• တမင်သက်သက် မထောက်ပံ့ခြင်း။ လင်ယောက်ျားက မိသားစုအတွက် ငွေ၊ စားစရာ မရှိတဲ့အထိ မိသားစုရဲ့ ရုပ်ပိုင်းဆိုင်ရာကို မထောက်ပံ့ခြင်း ဖြစ်တယ်။—၁ တိမောသေ ၅:၈။
• အလွန်အမင်း ရိုက်ပုတ်နှိပ်စက်ခြင်း။ အိမ်ထောင်ဖက်ရဲ့ ကျန်းမာရေး၊ အသက်အန္တရာယ် ရှိတဲ့အထိ ရိုက်ပုတ်နှိပ်စက်ခြင်း ဖြစ်တယ်။—ဂလာတိ ၅:၁၉-၂၁။
• ယေဟောဝါနဲ့ ဆက်ဆံရေးကို လုံးလုံး ထိခိုက်စေခြင်း။ လင်ယောက်ျား ဒါမှမဟုတ် ဇနီးသည်က ယေဟောဝါကို ကိုယ့်အိမ်ထောင်ဖက် ဝတ်မပြုနိုင်အောင် လုပ်ခြင်း ဖြစ်တယ်။—တမန်တော် ၅:၂၉။
(၁ ကောရိန္သု ၇:၃၆) ဒါပေမဲ့ အိမ်ထောင်မပြုဘဲနေတဲ့အခါ သွေးသားဆန္ဒတွေ ထိန်းချုပ်နိုင်မှာ မဟုတ်ဘူးလို့ ကိုယ့်ကိုယ်ကိုယ် ယူဆရင်၊ ပျိုမျစ်ချိန်လည်း လွန်သွားပြီဆိုရင် ဆန္ဒရှိတဲ့အတိုင်း အိမ်ထောင်ပြုပါစေ။ ဒါဟာ အပြစ်မဟုတ်ဘူး။ လက်ထပ်ကြပါစေ။
အကျင့်ယိုယွင်းသောလောကတွင် သင်စင်ကြယ်စွာနေနိုင်
သို့ဆိုလျှင် လူငယ်များသည် သွေးသားဆန္ဒများ ဦးဆုံးပေါ်ပေါက်လာသည်နှင့် အလျင်စလိုအိမ်ထောင်မပြုသင့်ပါ။ အိမ်ထောင်ပြုရာတွင် ကတိကဝတ်ပြုဖို့လိုသည့်အပြင် ယင်းကတိနှင့်အညီနေထိုင်နိုင်ရန် ရင့်ကျက်ဖို့လိုသည်။ (ကမ္ဘာဦး ၂:၂၄) သွေးသားတပ်မက်စိတ်ပြင်းထန်ကာ ချင့်ချိန်နိုင်စွမ်း လွဲမှားနိုင်ချိန်ဖြစ်သော “လူငယ့်ပွင့်လန်းစအရွယ်ကိုကျော်လွန်” သည့်အထိ စောင့်နေခြင်းသည် သာ၍ကောင်းသည်။ (၁ ကောရိန္သု ၇:၃၆၊ ကဘ) အိမ်ထောင်ပြုလိုသော အရွယ်ရောက်သူတစ်ဦးသည် အိမ်ထောင်ပြုနိုင်မည့်သူ မရရှိနိုင်သောကြောင့်သာ မတရားသောမေထုန်ပြုခြင်းသည် တကယ့်ကိုပညာမဲ့ပြီး အပြစ်ရှိလိုက်လေခြင်း!
ကျမ်းစာဖတ်ရှုခြင်း
(၁ ကောရိန္သု ၈:၁-၁၃) ရုပ်တုရှေ့ ပူဇော်ထားတဲ့ အစားအစာနဲ့ပတ်သက်ပြီး ကျွန်တော် စာရေးလိုက်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ကျွန်တော်တို့အားလုံး သိပါတယ်။အသိပညာဟာ ထောင်လွှားစေတယ်။ မေတ္တာကတော့ အားပေးမှု ဖြစ်စေတယ်။ ၂ တစ်ခုခုကို တော်တော်သိနေပြီလို့ ထင်နေတဲ့သူဟာ သိသင့်သလောက် မသိသေးပါဘူး။ ၃ ဒါပေမဲ့ ဘုရားသခင်ကို ချစ်တဲ့သူဖြစ်ရင်တော့ အဲဒီလူကို ဘုရားသခင် သိတယ်။ ၄ ရုပ်တုရှေ့ ပူဇော်ထားတဲ့အစာကို စားတာနဲ့ပတ်သက်ပြီး ပြောရအောင်။ ရုပ်တုဟာ အချည်းနှီးဖြစ်မှန်း၊ စစ်မှန်တဲ့ဘုရားသခင်ကလွဲလို့ တခြားဘုရား မရှိမှန်း ကျွန်တော်တို့ သိတယ်။ ၅ “ဘုရားတွေ၊” “သခင်တွေ” အများကြီးရှိတယ်လို့ လူတွေပြောတဲ့အတိုင်းပဲ ကောင်းကင်မှာရော ကမ္ဘာမြေပေါ်မှာပါ ဘုရားလို့ အခေါ်ခံရသူတွေ အများကြီးရှိတယ်။ ၆ ကျွန်တော်တို့အတွက်ကတော့ အဖ ဘုရားသခင် တစ်ဆူတည်းပဲ ရှိတယ်။ အရာခပ်သိမ်းဟာ ဘုရားသခင်ကြောင့် ဖြစ်တည်လာတယ်။ ကျွန်တော်တို့လည်း ဘုရားသခင်အတွက် အသက်ရှင်တယ်။ ယေရှုခရစ်ဖြစ်တဲ့ သခင်တစ်ဦးတည်း ရှိတယ်။ အရာခပ်သိမ်းဟာ သူ့အားဖြင့် ဖြစ်တည်လာပြီး ကျွန်တော်တို့လည်း သူ့အားဖြင့် အသက်ရှင်ကြတယ်။ ၇ ဒါပေမဲ့ လူတိုင်းကတော့ အဲဒီအချက်ကို သိတာမဟုတ်ဘူး။ လူတချို့ဟာ အရင်တုန်းက ရုပ်တုကိုးကွယ်ခဲ့ဖူးတော့ အစာစားတဲ့အခါ ရုပ်တုရှေ့ ပူဇော်ထားတဲ့အစာလို့ ယူမှတ်ပြီး စားတဲ့အတွက် သူတို့ရဲ့ အားနည်းနေတဲ့ အမှားအမှန်သိစိတ်ဟာ မသိုးမသန့် ဖြစ်သွားတယ်။ ၈ ဒါပေမဲ့ အစားအစာက ဘုရားသခင့်မျက်နှာသာ ရစေမှာ မဟုတ်ဘူး။ မစားလို့ အရှုံးမရှိပါဘူး၊ စားလို့လည်း အမြတ်မရပါဘူး။ ၉ ဒါပေမဲ့ ခင်ဗျားတို့ရဲ့ ရွေးချယ်ပိုင်ခွင့်ကြောင့် အမှားအမှန်သိစိတ် အားနည်းသူတွေကို တစ်နည်းနည်းနဲ့ တိုက်မိလဲစရာမဖြစ်အောင် အမြဲသတိထားကြပါ။ ၁၀ ခင်ဗျားက ဒါတွေကို သိထားလျက်နဲ့ ရုပ်တုဗိမာန်မှာ ထိုင်ပြီး စားနေရင် အမှားအမှန်သိစိတ် အားနည်းနေသူတစ်ယောက် မြင်သွားတဲ့အခါ ရုပ်တုရှေ့ ပူဇော်ထားတဲ့အစာကို ခင်ဗျားကြောင့် သူ စားရဲလာမယ် မဟုတ်လား။ ၁၁ အဲဒီလိုသာဆိုရင် ခင်ဗျားသိထားတဲ့အရာကြောင့် သူ့ရဲ့ယုံကြည်ခြင်း ပျက်စီးသွားပြီ။ တကယ်တော့ သူ့အတွက် ခရစ်တော် အသေခံပေးခဲ့တာ။ ၁၂ ဒါကြောင့် ညီအစ်ကိုတွေကို ဒီနည်းနဲ့ ပြစ်မှားတာ၊ အားနည်းတဲ့ အမှားအမှန်သိစိတ်နဲ့ ဆန့်ကျင်တာကို လုပ်ဖို့ အားပေးတာဟာ ခရစ်တော်ကို ပြစ်မှားတာပဲ။ ၁၃ ကိုယ်စားတဲ့အစာကြောင့် ညီအစ်ကို တိုက်မိလဲသွားမယ်ဆိုရင် အဲဒီလို တိုက်မိလဲစရာမဖြစ်အောင် ကျွန်တော် ဘယ်တော့မှ အသား မစားတော့ဘူး။
ဧပြီ ၈-၁၄
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ၁ ကောရိန္သု ၁၀-၁၃
“ယေဟောဝါဟာ သစ္စာရှိတယ်”
(၁ ကောရိန္သု ၁၀:၁၃) လူတွေကြုံရတတ်တဲ့ သွေးဆောင်ခြင်းကိုပဲ ခင်ဗျားတို့ခံရတာ။ ဘုရားသခင်ဟာ သစ္စာရှိတဲ့အတွက် ခင်ဗျားတို့ မခံနိုင်လောက်တဲ့ သွေးဆောင်ခြင်းကို ခွင့်ပြုမှာ မဟုတ်ဘူး။ ဒါ့အပြင် သွေးဆောင်ခံရတဲ့အခါ ခံရပ်နိုင်ဖို့ လွတ်မြောက်ရာလမ်းကို ပြင်ဆင်ပေးလိမ့်မယ်။
စာရှုသူများထံမှ မေးခွန်းလွှာ
ယေဟောဝါက “သွေးဆောင်ခြင်းကို သင်တို့ခံနိုင်သည်ထက် ပို၍ခံစေတော်မူမည် မဟုတ်” လို့ တမန်တော် ပေါလု ရေးခဲ့တယ်။ (၁ ကော. ၁၀:၁၃) ဒါက ကျွန်တော်တို့ ခံနိုင်တဲ့အရာကို ယေဟောဝါ ကြိုတင်အကဲဖြတ်ပြီး ကြုံရမယ့် စမ်းသပ်မှုတွေကို ရွေးချယ်ပေးတယ်လို့ ဆိုလိုသလား။
▪ အဲဒီသဘောမျိုး သက်ရောက်တဲ့ ဥပမာတစ်ခုကို သုံးသပ်ကြည့်ပါ။ သေကြောင်းကြံသွားတဲ့ သားဖြစ်သူရဲ့ ဖခင် ဒီလိုမေးတယ်– ‘သား သေကြောင်းကြံတာကို ကျွန်တော်တို့ ခံနိုင်မယ်လို့ ယေဟောဝါ ကြိုတင်အကဲဖြတ်ခဲ့သလား။ ကျွန်တော်တို့ ခံနိုင်မယ်လို့ ဘုရားသခင် သတ်မှတ်တဲ့အတွက် ဒီလိုဖြစ်တာလား။’ ကျွန်တော်တို့ရဲ့ ဘဝမှာ ကြုံရမယ့် ဖြစ်ရပ်တွေကို ယေဟောဝါ ကြိုးကိုင်ခြယ်လှယ်ထားတယ်လို့ ယူဆတာ အကျိုးအကြောင်း ညီညွတ်ရဲ့လား။
၁ ကောရိန္သု ၁၀:၁၃ မှာပါတဲ့ ပေါလုရဲ့ စကားတွေကို ထပ်ဆင့် သုံးသပ်ကြည့်တဲ့အခါ ကျွန်တော်တို့ ခံနိုင်တဲ့အရာကို ယေဟောဝါ ကြိုတင်အကဲဖြတ်ပြီး စမ်းသပ်မှုတွေ ကျရောက်စေတယ်ဆိုတဲ့ အယူအဆဟာ ကျမ်းစာနဲ့ မညီမှန်း သဘောပေါက်စေတယ်။ အကြောင်းရင်း လေးခုကို သုံးသပ်ကြည့်ကြစို့။
ပထမ၊ ယေဟောဝါက လူသားတွေကို လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် ပေးထားတယ်။ ဘဝမှာ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေ ချစေချင်တယ်။ (တရား. ၃၀:၁၉၊ ၂၀။ ယောရှု ၂၄:၁၅) မှန်ကန်တဲ့ဆုံးဖြတ်ချက် ချမယ်ဆိုရင် ယေဟောဝါရဲ့ လမ်းညွှန်မှုကို မျှော်ကိုးနိုင်မယ်။ (သု. ၁၆:၉) ဆုံးဖြတ်ချက် မှားသွားရင်တော့ ဆိုးကျိုးတွေ ရင်ဆိုင်ရပါလိမ့်မယ်။ (ဂလ. ၆:၇) ဒါကြောင့် ကြုံရမယ့် စမ်းသပ်မှုတွေကို ယေဟောဝါ ရွေးချယ်ပေးတယ်ဆိုရင် ကျွန်တော်တို့မှာ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် ရှိပါတော့မလား။
ဒုတိယ၊ ‘မျှော်လင့်မထားတဲ့ အချိန်မှာ မျှော်လင့်မထားတဲ့ ဖြစ်ရပ်တွေ’ မကြုံစေဖို့ ယေဟောဝါ ကာကွယ်မပေးဘူး။ (ဒေ. ၉:၁၁၊ ကဘ) ဆိုးဝါးလှတဲ့ မတော်တဆမှုတွေ ကြုံရတာဟာ မရှိသင့်တဲ့အချိန်မှာ မရှိသင့်တဲ့နေရာကို ရောက်နေလို့ ဖြစ်နိုင်တယ်။ မျှော်စင်ပြိုလဲလို့ လူ ၁၈ ယောက် သေဆုံးသွားတဲ့ အဖြစ်ဆိုးအကြောင်း ယေရှု ပြောပြီး အဲဒါတွေဟာ ဘုရားကြောင့် မဟုတ်ဘူးလို့ ဖော်ပြခဲ့တယ်။ (လု. ၁၃:၁-၅) ဒါကြောင့် ဘေးဆိုးတွေမှာ ဘယ်သူ သေမယ်၊ ရှင်မယ်ဆိုတာ ဘုရား ဆုံးဖြတ်ထားတယ်လို့ ယူဆတာ ယုတ္တိမရှိဘူး။
တတိယ၊ ကျွန်တော်တို့ယောက်တိုင်း သစ္စာသမာဓိ အရေးကိစ္စမှာ ပါဝင်ပတ်သက်နေတယ်။ ယေဟောဝါကို ဝတ်ပြုသူအားလုံး စမ်းသပ်မှုကြုံရတဲ့အခါ သစ္စာရှိမှာ မဟုတ်ဘူးလို့ စာတန် စွပ်စွဲပြီး ယောက်တိုင်းရဲ့ သစ္စာသမာဓိကို စိန်ခေါ်ထားတာ အမှတ်ရပါ။ (ယောဘ ၁:၉-၁၁။ ၂:၄။ ဗျာ. ၁၂:၁၀) ကျွန်တော်တို့ ခံနိုင်မှာ မဟုတ်ဘူးလို့ ယူဆပြီး စမ်းသပ်မှုတွေ မကြုံရအောင် ယေဟောဝါ ကာကွယ်ပေးတယ်ဆိုရင် စာတန်ရဲ့ စွပ်စွဲချက် မှန်သွားမယ် မဟုတ်လား။
စတုတ္ထ၊ ကျွန်တော်တို့ ကြုံရမယ့်အရာအားလုံးကို ယေဟောဝါ ကြိုသိထားစရာ မလိုပါဘူး။ ဘယ်စမ်းသပ်မှု ကြုံရမယ်ဆိုတာ ဘုရားသခင် ကြိုတင်ရွေးချယ်ထားတယ်ဆိုတဲ့ အယူအဆက ကျွန်တော်တို့ရဲ့ အနာဂတ်နဲ့ပတ်သက်တဲ့ အရာမှန်သမျှကို ကိုယ်တော် သိထားတယ်ဆိုတဲ့သဘော သက်ရောက်တယ်။ ဒါပေမဲ့ ကျမ်းစာမှာ အဲဒီလို မပြောထားဘူး။ အနာဂတ်ကို ဘုရားသခင် ကြိုသိနိုင်စွမ်းရှိပါတယ်။ (ဟေရှာ. ၄၆:၁၀) ဒါပေမဲ့ ကြိုသိနိုင်စွမ်းကို အမြဲအသုံးမပြုဘူးလို့ ကျမ်းစာမှာ ဖော်ပြတယ်။ (က. ၁၈:၂၀၊ ၂၁။ ၂၂:၁၂) ဒီနည်းအားဖြင့် ကျွန်တော်တို့ရဲ့ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ကို လေးစားမှုနဲ့ မိမိရဲ့ ကြိုသိနိုင်စွမ်းကို ဟန်ချက်ညီစေတယ်။ ကျွန်တော်တို့ရဲ့ လွတ်လပ်မှုကို တန်ဖိုးထားပြီး မိမိရဲ့ ဂုဏ်ရည်တော်တွေကို အမြဲ ဟန်ချက်ညီညီ အသုံးပြုတဲ့ဘုရားဆီကနေ အဲဒီလိုပဲ မျှော်လင့်တယ် မဟုတ်လား။—တရား. ၃၂:၄။ ၂ ကော. ၃:၁၇။
ဒါဆို “ဘုရားသခင်သည် . . . သွေးဆောင်ခြင်းကို သင်တို့ခံနိုင်သည်ထက် ပို၍ခံစေတော်မူမည် မဟုတ်” ဆိုတဲ့ ပေါလုရဲ့ စကားကို ဘယ်လို နားလည်ရမလဲ။ စမ်းသပ်မှု မကြုံရခင်မှာ မဟုတ်ဘဲ စမ်းသပ်မှု ကြုံရချိန်အတွင်း ယေဟောဝါ လုပ်ဆောင်တဲ့အရာကို ပေါလု ဖော်ပြနေတာဖြစ်တယ်။ ဒါကြောင့် ဘယ်စမ်းသပ်မှုပဲ ကြုံရပါစေ ယေဟောဝါကို ယုံကြည်ကိုးစားရင် ကျွန်တော်တို့ကို ထောက်မပေးမယ်ဆိုတာ ပေါလုရဲ့ စကားတွေက စိတ်ချစေတယ်။ (ဆာ. ၅၅:၂၂) ပေါလုရဲ့ စကားက အခြေခံ အမှန်တရားနှစ်ခုအပေါ် အခြေခံတယ်။
ပထမ၊ ကျွန်တော်တို့ ကြုံရတဲ့ စမ်းသပ်မှုတွေက “လူတို့ကြုံရတတ်သော” အရာတွေပဲ ဖြစ်တယ်။ ဒါကြောင့် လူတွေ ကြုံနေကျအရာတွေကိုပဲ ကျွန်တော်တို့ ကြုံရတယ်။ ယေဟောဝါကို အားကိုးရင် အဲဒီစမ်းသပ်မှုတွေကို ခံရပ်နိုင်ပါလိမ့်မယ်။ (၁ ပေ. ၅:၈၊ ၉) ၁ ကောရိန္သု ၁၀:၁၃ ရဲ့ ရှေ့နောက်စကားအရ တောကန္တာရမှာ အစ္စရေးတွေ ကြုံခဲ့တဲ့ စမ်းသပ်မှုတွေကို ပေါလု ရည်ညွှန်းတယ်။ (၁ ကော. ၁၀:၆-၁၁) အဲဒီစမ်းသပ်မှုတွေဟာ လူသားတွေ မကြုံဖူးတဲ့၊ အစ္စရေးတွေ မခံနိုင်လောက်တဲ့ စမ်းသပ်မှု မဟုတ်ဘူး။ “ထိုသူအချို့” မနာခံခဲ့ဘူးလို့ ပေါလု လေးကြိမ် ပြောခဲ့တယ်။ ဘုရားသခင်ကို အားမကိုးတဲ့အတွက် မှားယွင်းတဲ့ ဆန္ဒတွေနောက် အစ္စရေးတချို့ ပါသွားတာ ဝမ်းနည်းစရာပါပဲ။
ဒုတိယ၊ “ဘုရားသခင်သည် သစ္စာရှိ” တယ်။ လူတွေနဲ့ ဘုရားသခင် ဆက်ဆံခဲ့တဲ့ မှတ်တမ်းအရ ဘုရားသခင်ဟာ မိမိကို “ချစ်၍ ပညတ်တော်တို့ကို စောင့်ရှောက်သောသူတို့” အပေါ် ခိုင်မြဲတဲ့မေတ္တာ ပြခဲ့မှန်း ဖော်ပြတယ်။ (တရား. ၇:၉) ဘုရားသခင် အမြဲကတိတည်မှန်းလည်း အဲဒီမှတ်တမ်းက ဖော်ပြတယ်။ (ယောရှု ၂၃:၁၄) ဘုရားသခင် သစ္စာရှိခဲ့တဲ့ မှတ်တမ်းအရ ဘုရားကို ချစ်ပြီး ယုံကြည်ကိုးစားသူတွေဟာ စမ်းသပ်မှုတွေနဲ့ပတ်သက်ပြီး ကတိနှစ်ခုကို ဘုရားတည်မယ်ဆိုတာ ယုံကြည်စိတ်ချနိုင်တယ်– (၁) မခံနိုင်လောက်တဲ့အထိ ဘယ်စမ်းသပ်မှုကိုမှ ဘုရား ခွင့်ပြုမှာ မဟုတ်ဘူး။ (၂) “လွတ်မြောက်ရာလမ်းကိုလည်း ပြင်ဆင်ပေး” မယ်။
စမ်းသပ်မှု ကြုံရချိန်မှာ မိမိကို အားကိုးသူတွေအတွက် လွတ်မြောက်ရာလမ်းကို ယေဟောဝါ ဘယ်လို ပြင်ဆင်ပေးသလဲ။ အလိုတော် ရှိမယ်ဆိုရင် စမ်းသပ်မှုကို ဖယ်ရှားပေးလိုက်နိုင်တယ်။ ဒါပေမဲ့ “သင်တို့ ခံရပ်နိုင်မည်အကြောင်း လွတ်မြောက်ရာလမ်းကိုလည်း ပြင်ဆင်ပေးတော်မူမည်” လို့ ပေါလု ပြောခဲ့တာကို အမှတ်ရပါ။ ဒါကြောင့် စမ်းသပ်မှုတွေကို အောင်မြင်စွာ ခံရပ်နိုင်ဖို့ လိုအပ်ရာကို ပြင်ဆင်ပေးခြင်းအားဖြင့် “လွတ်မြောက်ရာလမ်း” ကို ပြင်ဆင်ပေးတယ်။ လွတ်မြောက်ရာလမ်းကို ယေဟောဝါ ပြင်ဆင်ပေးတဲ့ နည်းလမ်းတချို့အကြောင်း သုံးသပ်ကြည့်ပါ–
▪ ဘုရားသခင်က “ဆင်းရဲဒုက္ခရှိသမျှ၌ ငါတို့ကို နှစ်သိမ့်ပေး” တယ်။ (၂ ကော. ၁:၃၊ ၄) နှုတ်မြွက်တော်ကျမ်းစာ၊ သန့်ရှင်းသော စွမ်းအားတော်၊ သစ္စာရှိကျွန် ပြင်ဆင်ပေးတဲ့ ကျမ်းစာအကြောင်းအရာအားဖြင့် ကျွန်တော်တို့ရဲ့ စိတ်နှလုံးနဲ့ ခံစားချက်တွေကို သက်သာစေတယ်။—မ. ၂၄:၄၅။ ယော. ၁၄:၁၆။ ရော. ၁၅:၄။
▪ သန့်ရှင်းသော စွမ်းအားတော်နဲ့ လမ်းညွှန်ပေးနိုင်တယ်။ (ယော. ၁၄:၂၆) စမ်းသပ်မှု ကြုံရချိန်မှာ ကျမ်းစာမှတ်တမ်းတွေ၊ ကျမ်းစာမူတွေကို မှတ်မိပြီး မှန်ကန်တဲ့ဆုံးဖြတ်ချက် ချနိုင်အောင် စွမ်းအားတော်က ကူညီပေးနိုင်တယ်။
▪ ကျွန်တော်တို့အကျိုးအတွက် ကောင်းကင်တမန်တွေကို အသုံးပြုနိုင်တယ်။—ဟေဗြဲ ၁:၁၄။
▪ အပြောနဲ့ရော လုပ်ရပ်နဲ့ပါ ကျွန်တော်တို့ကို “အားပေးထောက်မ” နိုင်တဲ့ ယုံကြည်သူချင်းတွေအားဖြင့် ကူညီပေးနိုင်တယ်။—ကော. ၄:၁၁။
ဒါဆို ၁ ကောရိန္သု ၁၀:၁၃ မှာပါတဲ့ ပေါလုရဲ့ စကားကို ဘယ်လို ကောက်ချက်ချနိုင်သလဲ။ ကျွန်တော်တို့ ကြုံရတဲ့စမ်းသပ်မှုတွေကို ယေဟောဝါ မရွေးချယ်ပေးဘူး။ ဒါပေမဲ့ စမ်းသပ်မှု ကြုံရတဲ့အခါ ဒီအချက်ကို စိတ်ချနိုင်တယ်– ယေဟောဝါကို အပြည့်အဝ ယုံကြည်ကိုးစားမယ်ဆိုရင် လူတစ်ယောက် မခံနိုင်လောက်တဲ့အထိ စမ်းသပ်ခံဖို့ ခွင့်ပြုမှာ မဟုတ်ဘူး။ ကျွန်တော်တို့ ခံရပ်နိုင်အောင် လွတ်မြောက်ရာလမ်းကို ပြင်ဆင်ပေးလိမ့်မယ်။ စိတ်သက်သာစရာပါပဲ။
ရှာဖွေလေ့လာ ဘုရားရေးရာရတနာ
(၁ ကောရိန္သု ၁၀:၈) လိင်အကျင့်ယိုယွင်းတာကို ရှောင်ကြစို့။ သူတို့ထဲကတချို့ လိင်အကျင့်ယိုယွင်း တဲ့အတွက် တစ်နေ့တည်းမှာ လူ ၂၃,၀၀၀ သေဆုံးခဲ့ရတယ်။
စာရှုသူများထံမှ မေးခွန်းလွှာ
မတရားမေထုန်ပြုသည့်အတွက် တစ်နေ့တည်းတွင် အသက်ရှုံးရသည့် ဣသရေလအမျိုးသား အရေအတွက်ကို တောလည်ရာ ၂၅:၉ က ၂၄,၀၀၀ ဟုဖော်ပြသော်လည်း ၁ ကောရိန္သု ၁၀:၈ က ၂၃,၀၀၀ ဟု အဘယ်ကြောင့်ဆိုသနည်း။
အဆိုပါ အခန်းငယ်များ၌ဖော်ပြထားသည့် ကိန်းဂဏန်းများ မတူညီရသည့် အကြောင်းရင်းများစွာရှိနိုင်ပါသည်။ အလွယ်ဆုံးအကြောင်းရင်းတစ်ခုမှာ အနီးဆုံးထောင်ဂဏန်းအထိ နှစ်ဖက်စလုံးကိုယူနိုင်သည့် ၂၃,၀၀၀ နှင့် ၂၄,၀၀၀ စပ်ကြားရှိ ဂဏန်းတစ်ခုခုဖြစ်နိုင်သည်။
နောက်ဖြစ်နိုင်ခြေတစ်ခုကို သုံးသပ်ကြည့်ပါ။ တမန်တော်ပေါလုသည် ကာမဂုဏ်လိုက်စားသည့်ဘဝလမ်းစဉ်တွင် အလွန်နာမည်ပျက်သည့် မြို့တစ်မြို့ဖြစ်သော ရှေးကောရိန္သုမြို့ရှိ ခရစ်ယာန်များထံ သတိပေးနမူနာတစ်ခုအဖြစ် ရှိတ္တိမ်အရပ်မှ ဣသရေလလူမျိုးများ၏မှတ်တမ်းကို ကိုးကားခဲ့သည်။ “ထိုသူအချို့တို့သည် မတရားသောမေထုန်အမှုကိုပြု၍ တစ်နေ့ခြင်းတွင် လူနှစ်သောင်းသုံးထောင် လဲ၍သေသကဲ့သို့မပြုဘဲ မတရားသောမေထုန်ကို ရှောင်ကြကုန်အံ့” ဟု သူရေးသားခဲ့၏။ မတရားမေထုန်ပြုခဲ့သည့်အတွက် ယေဟောဝါ၏ကွပ်မျက်ခြင်းကို ခံရသူအရေအတွက် သတ်သတ်ကို ပေါလုက ၂၃,၀၀၀ ဟု ဖော်ပြခဲ့သည်။—၁ ကောရိန္သု ၁၀:၈။
သို့ရာတွင် တောလည်ရာ အခန်းကြီး ၂၅ က “ဣသရေလအမျိုးသားတို့သည် ဗာလပေဂုရဘုရားကိုဆည်းကပ်သောကြောင့် ထာဝရဘုရား[သခင်]သည် အမျက်ထွက်တော်မူ၏” ဟုပြောပြသည်။ ထိုအခါ ယေဟောဝါသည် ‘ခေါင်းဆောင်အားလုံးကို’ သတ်ပစ်ရန် မောရှေအား မိန့်တော်မူခဲ့၏။ တစ်ဖန် အဆိုပါမိန့်မှာချက်ကို တရားသူကြီးများကဆောင်ရွက်ရန် မောရှေညွှန်ကြားခဲ့သည်။ နောက်ဆုံးတွင် မိဒျန်အမျိုးသမီးတစ်ဦးကို တဲအတွင်းသို့ခေါ်ဆောင်လာခဲ့သည့် ဣသရေလအမျိုးသားတစ်ဦးကို ဖိနဟတ်က အလျင်အမြန် သတ်ပစ်လိုက်ရာ “ဘေးငြိမ်းလေ၏။” “ထိုဘေးဖြင့်သေသောလူပေါင်းကား နှစ်သောင်းလေးထောင်ရှိသတည်း” ဟူသောဖော်ပြချက်ဖြင့် မှတ်တမ်းဆုံးသွားသည်။—တောလည်ရာ ၂၅:၁-၉။
တောလည်ရာကျမ်း၌ဖော်ပြထားသည့် ကိန်းဂဏန်းတွင် တရားသူကြီးများ ကွပ်မျက်လိုက်သည့် ‘ခေါင်းဆောင်အားလုံး’ နှင့် ယေဟောဝါ၏ တိုက်ရိုက်ကွပ်မျက်ခြင်းကိုခံရသူတို့ ပါဝင်ခဲ့ကြောင်း ထင်ရှားသည်။ တရားသူကြီးများလက်ချက်ကြောင့် သေဆုံးခဲ့ရသည့် ခေါင်းဆောင်များမှာ အယောက်တစ်ထောင်ရှိနိုင်ရာ အရေအတွက်မှာ ၂၄,၀၀၀ အထိဖြစ်သွားခဲ့၏။ အဆိုပါခေါင်းဆောင်များ သို့မဟုတ် ရှေ့ဆောင်ရှေ့ရွက်လုပ်သူများသည် မတရားမေထုန်ပြုခဲ့၍ဖြစ်စေ၊ ပျော်ပွဲရွှင်ပွဲများတွင် ပါဝင်ခဲ့၍ဖြစ်စေ၊ သို့မဟုတ် ပါဝင်ခဲ့ကြသူတို့ကို ခွင့်ပြုခဲ့၍ဖြစ်စေ၊ သူတို့သည် “ဗာလပေဂုရဘုရားကို ဆည်းကပ်” သည့်အပြစ်ရှိခဲ့ကြသည်။
“ဆည်းကပ်” ဟူသောစကားလုံးနှင့်စပ်လျဉ်း၍ ကျမ်းပညာရှင်တစ်ဦးက “အဆိုပါစကားလုံးသည် အသွေးအသားနှင့် ဝိညာဉ်ရေး မတရားမေထုန်ပြုကျင့်ခြင်းတို့နှင့် သက်ဆိုင်သည်” ဟုဆိုသည်။ ဣသရေလလူမျိုးသည် ယေဟောဝါထံဆက်ကပ်အပ်နှံထားသည့် လူမျိုးတစ်မျိုးဖြစ်ကြသော်လည်း “ဗာလပေဂုရဘုရားကို ဆည်းကပ်” မှုတွင် ပါဝင်ခဲ့ကြသောအခါ သူတို့၏ ဘုရားသခင်နှင့် ဆက်ကပ်အပ်နှံထားသည့် ဆက်ဆံရေးကို ချိုးဖောက်ခဲ့ကြ၏။ အနှစ် ၇၀၀ ခန့်ကြာပြီးနောက်ပိုင်း ပရောဖက်ဟောရှေမှတစ်ဆင့် ဣသရေလလူမျိုးများကို ယေဟောဝါ ဤသို့မိန့်တော်မူလေသည်– “သူတို့သည် ဗာလပေဂုရဘုရား ထံသို့သွား၍ ကိုယ်ကိုအပ်နှံသဖြင့် သူတို့ချစ်နှစ်သက်သောအရာကဲ့သို့ပင် ကိုယ်တိုင်စက်ဆုပ်ရွံရှာဖွယ်ဖြစ်ကြ၏။” (ဟောရှေ ၉:၁၀) ထိုသို့ပြုခဲ့ကြသူအားလုံး ဒဏ်စီရင်ခံထိုက်၏။ ထို့ကြောင့် ဣသရေလအမျိုးသားများကို မောရှေ ဤသို့သတိပေးခဲ့သည်– “[ယေဟောဝါ]သည် ဗာလပေဂုရကြောင့် ပြုတော်မူသောအမှုကို သင်တို့သည် ကိုယ်တိုင်မြင်ရကြပြီ။ ဗာလပေဂုရ၌ ဆည်းကပ်သောသူအပေါင်းတို့ကို သင်တို့၏ ဘုရားသခင်[ယေဟောဝါ]သည် သင်တို့အထဲက သုတ်သင်ပယ်ရှင်းတော်မူပြီ။”—တရားဟောရာ ၄:၃။
(၁ ကောရိန္သု ၁၁:၅၊ ၆) မိန်းမက ခေါင်းကိုမဖုံးဘဲ ဆုတောင်းရင် ဒါမှမဟုတ် ပရောဖက်ပြုရင် မိမိရဲ့ခေါင်းအသရေကို ရှုတ်ချရာရောက်တယ်။ ဒီလိုလုပ်တဲ့မိန်းမဟာ ခေါင်းတုံးတုံးထားတဲ့ မိန်းမနဲ့ အတူတူပဲ။ ၆ မိန်းမက ခေါင်းကိုမဖုံးရင် ဆံပင်ကို ဖြတ်လိုက်တော့။ ဆံပင်ဖြတ်တာ၊ ခေါင်းတုံးတုံးတာ ရှက်စရာဖြစ်မယ်ဆိုရင် ခေါင်းကိုဖုံးပါစေ။
(၁ ကောရိန္သု ၁၁:၁၀) ဒါကြောင့် ကောင်းကင်တမန်တွေကို ထောက်ပြီး မိန်းမက လက်အောက်ခံတဲ့ အမှတ်အသားအနေနဲ့ ခေါင်းကို ဖုံးရမယ်။
စာရှုသူများထံမှ မေးခွန်းလွှာ
အမျိုးသား ကြေညာသူရှေ့မှာ အမျိုးသမီး ကြေညာသူ ကျမ်းစာသင်တဲ့အခါ ခေါင်းဖုံးဖို့ လိုသလား။
▪ ဇူလိုင် ၁၅၊ ၂၀၀၂ ကင်းမျှော်စင် “စာရှုသူများထံမှ မေးခွန်းလွှာ” ဆောင်းပါးမှာ ညီအစ်မတစ်ဦးဟာ အမျိုးသား ကြေညာသူတစ်ဦးရှေ့မှာ ကျမ်းစာသင်တဲ့အခါ အမျိုးသားကြေညာသူ နှစ်ခြင်းခံပြီးသည်ဖြစ်စေ၊ မခံရသေးသည်ဖြစ်စေ ခေါင်းဖုံးဖို့ လိုတယ်လို့ ပြောထားတယ်။ ဒီကိစ္စကို ထပ်ဆင့် လေ့လာသုံးသပ်တဲ့အခါ အဲဒီညွှန်ကြားချက်ကို ပြုပြင်ဖို့ လိုမှန်း သိရတယ်။
ညီအစ်မရဲ့ ကျမ်းစာသင်အံမှုကို နှစ်ခြင်းခံပြီးသား အမျိုးသား ကြေညာသူ လိုက်သွားရင် ညီအစ်မက ခေါင်းဖုံးရပါမယ်။ အဲဒါက ခရစ်ယာန် အသင်းတော်မှာ ယေဟောဝါရဲ့ ဦးစီးမှုအစီအစဉ်ကို ညီအစ်မ လေးစားရာရောက်တယ်။ အကြောင်းက ညီအစ်ကိုတစ်ဦး လုပ်နေကျတာဝန်ကို လုပ်ဆောင်နေလို့ပဲ။ (၁ ကော. ၁၁:၅၊ ၆၊ ၁၀) ဒါမှမဟုတ် ညီအစ်ကိုက အရည်အချင်းပြည့်မီပြီး ကျမ်းစာသင်နိုင်မယ်ဆိုရင် သူ့ကို သင်အံမှု လုပ်ခိုင်းနိုင်ပါတယ်။
ဒါပေမဲ့ ညီအစ်မရဲ့ ခင်ပွန်းမဟုတ်တဲ့ နှစ်ခြင်းမခံရသေးသူ အမျိုးသား ကြေညာသူက ညီအစ်မရဲ့ သင်အံမှုကို လိုက်သွားမယ်ဆိုရင် ကျမ်းစာအရ ခေါင်းဖုံးစရာ မလိုပါဘူး။ ဒီလိုအခြေအနေမျိုးမှာ တချို့ညီအစ်မတွေက သူတို့ရဲ့ အမှားအမှန်သိစိတ်ကြောင့် ခေါင်းဖုံးချင်ပါလိမ့်မယ်။
ကျမ်းစာဖတ်ရှုခြင်း
(၁ ကောရိန္သု ၁၀:၁-၁၇) ညီအစ်ကိုတို့၊ ကျွန်တော်တို့ရဲ့ ဘိုးဘေးတွေ မိုးတိမ်အောက်မှာ လျှောက်ခဲ့မှန်း၊ ပင်လယ်ကို ဖြတ်ကူးခဲ့မှန်း ခင်ဗျားတို့ကို အမှတ်ရစေချင်တယ်။ ၂ သူတို့အားလုံးဟာ မိုးတိမ်အောက် ပင်လယ်ကိုဖြတ်ကူးချိန်မှာ မောရှေရဲ့ နောက်လိုက်တွေအဖြစ် နှစ်ခြင်းခံကြတယ်။ ၃ သူတို့အားလုံး ဘုရားသခင်ပေးတဲ့ အစာတစ်မျိုးတည်းကို စားခဲ့တယ်။ ၄ ဘုရားသခင်ပေးတဲ့ ရေတစ်မျိုးတည်းကို သောက်ခဲ့တယ်။ သူတို့အနီးမှာရှိတဲ့ ကျောက်ဆောင်ကနေ ထွက်တဲ့ရေကို သောက်ကြတယ်။ အဲဒီ ဘုရားပေးတဲ့ကျောက်ဆောင်ဟာ ခရစ်တော်ကို ဆိုလိုတယ်။ ၅ ဒါပေမဲ့ သူတို့ထဲက အများစုကို ဘုရားသခင် မနှစ်သက်တဲ့အတွက် တောကန္တာရမှာ သူတို့ သေဆုံးခဲ့ရတယ်။ ၆ ဒါတွေအားလုံးဟာ ကျွန်တော်တို့အတွက် ပုံနမူနာပဲ။ အကျိုးပျက်စေတဲ့အရာတွေကို သူတို့ တပ်မက်သလို ကျွန်တော်တို့ မတပ်မက်စေဖို့ပဲ။ ၇ ရုပ်တု မကိုးကွယ်ကြပါနဲ့။ သူတို့ထဲကတချို့ဟာ ရုပ်တုကိုးကွယ်ခဲ့ကြတယ်။ သူတို့နဲ့ပတ်သက်ပြီး ကျမ်းစာထဲမှာ “လူတွေ စားသောက်ပြီး မြူးထူးပျော်ပါးကြတယ်” လို့ရေးထားတယ်။ ၈ လိင်အကျင့်ယိုယွင်းတာကို ရှောင်ကြစို့။ သူတို့ထဲကတချို့ လိင်အကျင့်ယိုယွင်း တဲ့အတွက် တစ်နေ့တည်းမှာ လူ ၂၃,၀၀၀ သေဆုံးခဲ့ရတယ်။ ၉ ယေဟောဝါကို အကဲမစမ်းဘဲ နေကြစို့။ သူတို့ထဲကတချို့ ဘုရားကို အကဲစမ်းတဲ့အတွက် မြွေကိုက်ခံရပြီး သေဆုံးခဲ့တယ်။ ၁၀ ပြစ်တင်ညည်းညူတာကိုလည်း ရှောင်ကြစို့။ သူတို့ထဲကတချို့ ပြစ်တင်ညည်းညူတဲ့အတွက် ဖျက်ဆီးသူရဲ့လက်ချက်နဲ့ သေဆုံးခဲ့ရတယ်။ ၁၁ သူတို့ကြုံခဲ့ရတဲ့အရာတွေဟာ ကျွန်တော်တို့အတွက် ပုံနမူနာတွေပဲ။ လောကစနစ်တွေ အဆုံးမှာ အသက်ရှင်တဲ့ ကျွန်တော်တို့အတွက် သတိပေးချက်အဖြစ် ကျမ်းစာမှာ ရေးထားတာ။ ၁၂ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် တည်ကြည်တယ်လို့ ထင်နေရင် မလဲသွားအောင် သတိထားပါ။ ၁၃ လူတွေကြုံရတတ်တဲ့ သွေးဆောင်ခြင်းကိုပဲ ခင်ဗျားတို့ခံရတာ။ ဘုရားသခင်ဟာ သစ္စာရှိတဲ့အတွက် ခင်ဗျားတို့ မခံနိုင်လောက်တဲ့ သွေးဆောင်ခြင်းကို ခွင့်ပြုမှာ မဟုတ်ဘူး။ ဒါ့အပြင် သွေးဆောင်ခံရတဲ့အခါ ခံရပ်နိုင်ဖို့ လွတ်မြောက်ရာလမ်းကို ပြင်ဆင်ပေးလိမ့်မယ်။ ၁၄ ဒါကြောင့် ချစ်ရသူတို့၊ ရုပ်တုကိုးကွယ်ခြင်းကို ဝေးဝေးရှောင်ကြပါ။ ၁၅ ခင်ဗျားတို့ဟာ ပိုင်းခြားသိမြင်တတ်သူတွေပဲ။ ကျွန်တော်ပြောတာ မှန်မမှန် ကိုယ်တိုင်ဆန်းစစ်ကြပါ။ ၁၆ ကျေးဇူးတော်ခွက်အတွက် ဆုတောင်းတာဟာ ခရစ်တော်ရဲ့အသွေးကြောင့် အကျိုးခံစားတာကို ဆိုလိုတာ မဟုတ်လား။ မုန့်ကိုဖဲ့တာဟာ ခရစ်တော်ရဲ့ ကိုယ်ခန္ဓာကြောင့် အကျိုးခံစားတာကို ဆိုလိုတာ မဟုတ်လား။ ၁၇ မုန့်တစ်လုံးတည်း ရှိတယ်။ ကျွန်တော်တို့အားလုံး အဲဒီမုန့်တစ်လုံးတည်းကို စားသုံးတဲ့အတွက် လူအများဖြစ်ပေမဲ့ ကိုယ်ခန္ဓာဟာ တစ်ခုတည်းပဲ။
ဧပြီ ၂၂-၂၈
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ၁ ကောရိန္သု ၁၄-၁၆
“ဘုရားသခင်ဟာ ‘လူအားလုံးအတွက် တစ်ပါးတည်းသော အုပ်စိုးရှင်’ ဖြစ်လိမ့်မယ်”
(၁ ကောရိန္သု ၁၅:၂၄၊ ၂၅) နောက်ဆုံးမှာ ခရစ်တော်က အစိုးရရှိသမျှ၊ အခွင့်အာဏာနဲ့ တန်ခိုးရှိသမျှကို ဖျက်ဆီးပြီးနောက် နိုင်ငံတော်ကို အဖဘုရားသခင်ဆီ အပ်ပေးလိမ့်မယ်။ ၂၅ ခရစ်တော်က ရန်သူအားလုံးကို မိမိရဲ့ခြေအောက်မှာ ဘုရားသခင် ချထားမယ့်အချိန်အထိ အုပ်စိုးရလိမ့်မယ်။
“သေမင်းသည် ဆုံးရှုံးခြင်းသို့ရောက်ရလတ္တံ့”
၁၀ “ကမ္ဘာကုန်” သည်ဆိုသောအချိန်သည် ခရစ်တော်၏ အနှစ်တစ်ထောင်အုပ်စိုးမှုအဆုံးကိုဆိုလိုသည်၊ ယေရှုသည် နှိမ့်ချစွာနှင့်သစ္စာရှိစွာ နိုင်ငံတော်ကို မိမိ၏ဘုရားသခင်၊ ခမည်းတော်ထံအပ်နှင်းမည့်အချိန်ဖြစ်၏။ (ဗျာဒိတ် ၂၀:၄) ထိုအခါတွင် “ရှိရှိသမျှတို့ကိုပေါင်း၍ ခရစ်တော်၌ချုပ်ခြာစေ” ရန်ဘုရားသခင်၏ရည်ရွယ်တော်မူချက်သည် ပြည့်စုံပြီးဖြစ်မည်။ (ဧဖက် ၁:၉၊ ၁၀) သို့သော် ပထမဦးဆုံး ခရစ်တော်သည် ပိုင်သအုပ်စိုးရှင်ဘုရားသခင်၏အလိုတော်ကို ဆန့်ကျင်သည့် “အထွတ်အမြတ်အာဏာတန်ခိုးအမျိုးမျိုးကိုပယ်ရှင်း” နှင့်ပြီးဖြစ်မည်။ ယင်းသည် အာမဂေဒုန်၌ ဖျက်ဆီးခြင်းထက်ပို၍ပါဝင်၏။ (ဗျာဒိတ် ၁၆:၁၆; ၁၉:၁၁-၂၁) ပေါလု ဤသို့ဆိုသည်– “ခရစ်တော်သည် ရန်သူအပေါင်းတို့ကို ခြေဖဝါးတော်အောက်၌ ချထားတော်မမူမီတိုင်အောင် အုပ်စိုးတော်မူရမည်။ နောက်ဆုံးသောရန်သူတည်းဟူသော သေမင်းသည် ဆုံးရှုံးခြင်းသို့ရောက်ရလတ္တံ့။” (၁ ကောရိန္သု ၁၅:၂၅၊ ၂၆) မှန်ပါသည်၊ အာဒံ၏အပြစ်နှင့်သေခြင်းလက္ခဏာအားလုံးသည် ပယ်ရှင်းခံရပြီးဖြစ်မည်။ ယင်းကြောင့် လူသေတို့ကို အသက်ပြန်ရှင်စေခြင်းအားဖြင့် “[“အောက်မေ့ရာ၊” ကဘ] သင်္ချိုင်းများ” ကိုဗလာကျင်းဖြစ်စေပြီးဖြစ်မည်။—ယောဟန် ၅:၂၈။
(၁ ကောရိန္သု ၁၅:၂၆) အဲဒီနောက် နောက်ဆုံးရန်သူဖြစ်တဲ့ သေခြင်းဟာ ဖျက်ဆီးခံရလိမ့်မယ်။
နိုင်ငံတော်က ဘုရားသခင့်အလိုတော်ကို မြေကြီးပေါ်မှာပြည့်စုံစေ
၂၁ ဖျားနာမှုရဲ့ရလဒ်၊ အပြစ်ရဲ့ဆိုးကျိုးဖြစ်တဲ့ သေခြင်းတရားကော ဘာဖြစ်သွားမလဲ။ သေခြင်းတရားဟာ ကျွန်တော်တို့ရဲ့ “နောက်ဆုံးရန်သူ” ပါပဲ။ မစုံလင်တဲ့လူသားအားလုံး အနှေးနဲ့အမြန်ဆိုသလို အဲဒီရန်သူကြီးကို လက်မြှောက်အရှုံးပေးလိုက်ရတယ်။ (၁ ကော. ၁၅:၂၆) ဒါပေမဲ့ သေခြင်းတရားဟာ ယေဟောဝါအတွက် ဘယ်လိုမှမဟန့်တားနိုင်တဲ့ ရန်သူကြီးလား။ ဟေရှာယ ကြိုပြောတဲ့စကားတွေကို သတိပြုပါ– “သေခြင်းကိုလည်း နစ်မွန်းဆုံးရှုံးစေတော်မူလိမ့်မည်။ အရှင်ထာဝရဘုရားသည်လည်း ခပ်သိမ်းသောမျက်နှာတို့မှ မျက်ရည်ကို သုတ်တော်မူလိမ့်မည်။” (ဟေရှာ. ၂၅:၈) အဲဒီအချိန်ကို သင် မြင်ယောင်ကြည့်နိုင်မလား။ ဈာပနအခမ်းအနားတွေ၊ သင်္ချိုင်းတွေ၊ ဝမ်းနည်းမျက်ရည်တွေ ရှိမှာမဟုတ်တော့ဘူး။ သေလွန်သူတွေ ပြန်ရှင်လာမယ်ဆိုတဲ့ စိတ်လှုပ်ရှားစရာကတိတော်ကို ယေဟောဝါပြည့်စုံစေတဲ့အခါ ဝမ်းသာမျက်ရည်တွေပဲ ရှိပါတော့မယ်။ (ဟေရှာယ ၂၆:၁၉ ကိုဖတ်ပါ။) နောက်ဆုံးမှာတော့ သေခြင်းတရားကြောင့်ခံစားရတဲ့ စိတ်ဒဏ်ရာအားလုံး ပျောက်ကင်းသွားပါလိမ့်မယ်။
(၁ ကောရိန္သု ၁၅:၂၇၊ ၂၈) ဘာလို့လဲဆိုတော့ ဘုရားသခင်က “အရာခပ်သိမ်းကို ခရစ်တော်ရဲ့ ခြေအောက်မှာ ချထားလိုက်ပြီ။” ဒါပေမဲ့ “အရာခပ်သိမ်းကို ချထားလိုက်ပြီ” လို့ပြောတဲ့အခါ အရာခပ်သိမ်းကို ချထားတဲ့ဘုရားသခင် မပါဝင်မှန်း ထင်ရှားပါတယ်။ ၂၈ အရာခပ်သိမ်းကို သားတော်ရဲ့ခြေအောက်မှာ ချထားပြီးတဲ့အခါ အရာခပ်သိမ်းကို ချထားတဲ့ ဘုရားသခင်ကို သားတော်ကိုယ်တိုင် လက်အောက်ခံလိမ့်မယ်။ အဲဒီအခါ ဘုရားသခင်ဟာ လူအားလုံးရဲ့ တစ်ပါးတည်းသော အုပ်စိုးရှင် ဖြစ်လိမ့်မယ်။
အနှစ်တစ်ထောင်အတွင်းနဲ့ နောက်ပိုင်းမှာ ဆက်ပြီးခံစားရမယ့် ငြိမ်းချမ်းမှု
၁၇ အနှစ်တစ်ထောင်အကုန်မှာ ရရှိမယ့်အသက်တာနဲ့ပတ်သက်ပြီး “ဘုရားသခင်သည် လူခပ်သိမ်း၌ အရာခပ်သိမ်းဖြစ်တော်မူမည်” ဆိုတဲ့စကားထက် ပိုကောင်းတဲ့စကား မရှိတော့ဘူး။ ဒါက ဘာအဓိပ္ပာယ်ရှိသလဲ။ အာဒံနဲ့ဧဝ ဧဒင်ဥယျာဉ်မှာ ယေဟောဝါနဲ့ သင့်မြတ်တဲ့ဆက်ဆံရေးရှိခဲ့တဲ့အချိန်ကို စဉ်းစားကြည့်ပါ။ စကြဝဠာရဲ့အကြွင်းမဲ့ပိုင်သအုပ်စိုးရှင် ယေဟောဝါက ကောင်းကင်နဲ့ မြေကြီးမှာရှိတဲ့ ဖန်ဆင်းခံအရာအားလုံးကို တိုက်ရိုက်အုပ်ချုပ်ခဲ့တယ်။ သူတို့က ယေဟောဝါနဲ့ တိုက်ရိုက်ဆက်သွယ်လို့ရပြီး ကိုယ်တော့်ကို ဝတ်ပြုကိုးကွယ်နိုင်တယ်၊ ကိုယ်တော့်ထံက ကောင်းချီးတွေ ခံစားနိုင်တယ်။ ကိုယ်တော်က “လူခပ်သိမ်း၌ အရာခပ်သိမ်းဖြစ်တော်မူ” ခဲ့တယ်။
ရှာဖွေလေ့လာ ဘုရားရေးရာရတနာ
(၁ ကောရိန္သု ၁၄:၃၄၊ ၃၅) အသင်းတော်တွေမှာ အမျိုးသမီးတွေ တိတ်ဆိတ်စွာ နေကြပါစေ။ သူတို့ ဟောပြောခွင့် မရှိဘူး။ ပညတ်တရားမှာ ဖော်ပြထားတဲ့အတိုင်း သူတို့ လက်အောက်ခံကြပါစေ။ ၃၅ သူတို့ နားမလည်တာရှိရင် အိမ်မှာ ခင်ပွန်းကို မေးမြန်းကြပါစေ။ အမျိုးသမီးတစ်ယောက်က အသင်းတော်မှာ ဟောပြောရင် ဒါဟာ အရှက်ကင်းမဲ့တဲ့ လုပ်ရပ်ပဲ။
က၁၂ ၉/၁ ၉၊ လေးထောင့်ကွက်
စကားမပြောဖို့ အမျိုးသမီးတွေကို တမန်တော်ပေါလု တားမြစ်ခဲ့သလား
“အသင်းတော်များတွင် အမျိုးသမီးတို့သည် တိတ်ဆိတ်စွာနေကြစေ” ဆိုပြီး တမန်တော်ပေါလု ရေးသားခဲ့တယ်။ (၁ ကောရိန္သု ၁၄:၃၄) သူ ဘာကို ဆိုလိုချင်တာလဲ။ အမျိုးသမီးတွေရဲ့ ဉာဏ်ရည်ဉာဏ်စွမ်းကို သူ အထင်သေးနေလို့လား။ မဟုတ်ပါဘူး။ တကယ်ဆိုရင် အမျိုးသမီးတွေရဲ့ အကျိုးပြုသွန်သင်ခြင်းကို သူ မကြာခဏ ဖော်ပြတတ်ပါတယ်။ (တမန်တော် ၁၈:၂၆; ၂ တိမောသေ ၁:၅; တိတု ၂:၃-၅) ယုံကြည်သူတစ်ဦး ဟောပြောနေတဲ့အခါ “တိတ်ဆိတ်စွာ နေ” ဖို့ အမျိုးသမီးတွေကိုရော ဘာသာစကားအမျိုးမျိုး ပြောဆိုနိုင်စွမ်းနဲ့ ကြိုဟောနိုင်စွမ်း ဆုကျေးဇူး ရရှိထားတဲ့သူတွေကိုပါ ပေါလု သတိပေးခဲ့တာကို ကောရိန္သုမြို့သားတွေဆီ ရေးတဲ့ စာထဲမှာ ဖော်ပြထားတယ်။ (၁ ကောရိန္သု ၁၄:၂၆-၃၀၊ ၃၃) ယုံကြည်ချက်အသစ်အတွက် အရမ်းကို စိတ်အားထက်သန်နေကြတဲ့ ခရစ်ယာန်အမျိုးသမီးတချို့ဟာ အဲဒီခေတ်အခါက ဓလေ့လိုပဲ ဟောပြောသူကို ကြားဖြတ်မေးခွန်းတွေ မေးနိုင်ဖွယ်ရှိတယ်။ ဟောပြောသူအတွက် အနှောင့်အယှက် မဖြစ်ရအောင် ပေါလုက အမျိုးသမီးတွေကို “အိမ်၌ မိမိတို့၏ခင်ပွန်းကို မေးမြန်း” ပါဆိုပြီး အားပေးခဲ့တယ်။—၁ ကောရိန္သု ၁၄:၃၅။
(၁ ကောရိန္သု ၁၅:၅၃) ပုပ်ပျက်တတ်တဲ့အရာဟာ မပုပ်ပျက်နိုင်တဲ့အဖြစ်ကို ပြောင်းလဲရမယ်။ သေနိုင်တဲ့အရာဟာ မသေနိုင်တဲ့အဖြစ်ကို ပြောင်းလဲရမယ်။
it-1 ၁၁၉၇-၁၁၉၈
မပုပ်ပျက်နိုင်
ယေရှုရဲ့ အမွေခံဖက်တွေဟာ ယေရှုလိုပဲ ထမြောက်ပြီး ထာဝရအသက်ရမယ့် ဝိညာဉ်သားတွေ ဖြစ်လာရုံမက မပုပ်ပျက်နိုင်တဲ့အဖြစ်၊ မသေနိုင်တဲ့အဖြစ်ကိုပါ ရကြမယ်။ ပုပ်ပျက်တတ်တဲ့ လူ့ခန္ဓာကိုယ်နဲ့ အဆုံးအထိ သစ္စာရှိရှိ အသက်ရှင်ပြီး သေဆုံးခဲ့ကြလို့ အခု မပုပ်ပျက်နိုင်တဲ့ ဝိညာဉ် ခန္ဓာကိုယ်ရတယ်လို့ ၁ ကောရိန္သု ၁၅:၄၂-၅၄ မှာ ပေါလု ရှင်းရှင်းလင်းလင်း ဖော်ပြထားတယ်။ ဒါကြောင့် မသေနိုင်တဲ့အဖြစ်လို့ ပြောတဲ့အခါ သူတို့ ရရှိမယ့် အသက်မျိုး၊ အဆုံးမရှိ၊ မပျက်စီးနိုင်တဲ့ အသက်မျိုးကို ဆိုလိုမှန်း ထင်ရှားတယ်။ မပုပ်ပျက်နိုင်တဲ့ အဖြစ်လို့ ပြောတာကတော့ သူတို့ကို ဘုရားပေးတဲ့ ခန္ဓာနဲ့ သက်ဆိုင်တယ်။ ဆွေးမြေ့၊ ယိုယွင်း၊ ပျက်စီးနိုင်တဲ့ ခန္ဓာကိုယ်မျိုး မဟုတ်ဘူး။ ဒါကြောင့် အသွေးအသားခန္ဓာပဲဖြစ်ဖြစ်၊ ဝိညာဉ်ခန္ဓာပဲဖြစ်ဖြစ် ရှိတဲ့ တခြား သတ္တဝါတွေလို တစ်ခုခုကို မှီခိုစရာ မလိုဘဲ သူတို့ဘာသာ ရပ်တည်နိုင်တဲ့အစွမ်း ပေးထားပုံရတယ်။ ဒါက သူတို့ကို ဘုရားသခင် ယုံကြည်စိတ်ချကြောင်း ဖော်ပြတယ်။ သူတို့ဟာ ကိုယ့်ဘာသာ သီးခြားရပ်တည်ပြီး၊ မပျက်စီးဘဲ တည်ရှိနိုင်ကြပေမဲ့ ဘုရားသခင့် ထိန်းချုပ်မှုအောက်က မလွတ်ကင်းဘူး။ သူတို့ရဲ့ ဦးခေါင်းဖြစ်တဲ့ ခရစ်တော်ယေရှုလိုပဲ ခမည်းတော်ကို ဆက် လက်အောက်ခံပြီး အုပ်စိုးရှင် အလိုရှိတာ၊ ညွှန်ကြားတာတွေကို လုပ်ဆောင်နေကြတယ်။—၁ ကောရိန္သု ၁၅:၂၃-၂၈။
ကျမ်းစာဖတ်ရှုခြင်း
(၁ ကောရိန္သု ၁၄:၂၀-၄၀) ညီအစ်ကိုတို့၊ ကလေးငယ်တွေလို မစဉ်းစားပါနဲ့။ မကောင်းမှုမှာတော့ ကလေးငယ်တွေလို ဖြစ်ကြပါ။ အရွယ်ရောက်သူတွေလို စဉ်းစားပါ။ ၂၁ “‘တိုင်းတစ်ပါးသားတွေရဲ့ ဘာသာစကား၊ သူစိမ်းတွေရဲ့ ဘာသာစကားနဲ့ ဒီလူမျိုးကို ငါပြောမယ်။ ဒါတောင် သူတို့ နားထောင်မှာ မဟုတ်ဘူး’ ဆိုပြီး ယေဟောဝါ ဘုရား ပြောတယ်” လို့ ပညတ်ကျမ်းမှာ ရေးထားတယ်။ ၂၂ ဒါကြောင့် ဘာသာစကားအမျိုးမျိုး ပြောဆိုနိုင်စွမ်းဟာ ယုံကြည်သူတွေအတွက် မဟုတ်ဘဲ မယုံကြည်သူတွေအတွက် အထောက်အထားပဲ။ ပရောဖက်ပြုနိုင်စွမ်းကတော့ မယုံကြည်သူတွေအတွက် မဟုတ်ဘဲ ယုံကြည်သူတွေအတွက် အထောက်အထားပဲ။ ၂၃ အသင်းတော်တစ်ခုလုံး တစ်နေရာမှာ အတူစုဝေးပြီး ဘာသာစကားအမျိုးမျိုးနဲ့ ပြောဆိုနေတုန်း သာမန်လူတွေ ဒါမှမဟုတ် မယုံကြည်သူတွေ ရောက်လာရင် ခင်ဗျားတို့ကို စိတ်မမှန်သူတွေလို့ ပြောကြမယ် မဟုတ်လား။ ၂၄ ဒါပေမဲ့ ခင်ဗျားတို့ ပရောဖက်ပြုနေတုန်း မယုံကြည်သူ ဒါမှမဟုတ် သာမန်လူ ရောက်လာရင် ခင်ဗျားတို့ရဲ့ စကားတွေဟာ သူ့ကို ဆုံးမသလိုဖြစ်ပြီး သူ့ကိုယ်သူ ဝေဖန်ဆန်းစစ်စေလိမ့်မယ်။ ၂၅ အဲဒီအခါ သူ့စိတ်ထဲ ကိန်းအောင်းနေတာတွေကို သူကိုယ်တိုင် သိလာလိမ့်မယ်။ ဒါကြောင့် “ခင်ဗျားတို့နဲ့အတူ ဘုရားသခင် တကယ်ရှိတာပဲ” ဆိုပြီး ဘုရားသခင်ကို ပျပ်ဝပ်ကိုးကွယ်လိမ့်မယ်။ ၂၆ ဒါဆိုရင် ညီအစ်ကိုတို့၊ ဘယ်လိုလုပ်မလဲ။ ခင်ဗျားတို့ စုဝေးကြတဲ့အခါ တစ်ယောက်က ဆာလံသီချင်းဆိုတယ်၊ တစ်ယောက်က သွန်သင်တယ်၊ တစ်ယောက်က ဗျာဒိတ်တော်ကို ဖော်ပြတယ်၊ တစ်ယောက်က တခြားဘာသာစကားနဲ့ ဟောပြောတယ်၊ တစ်ယောက်က ဘာသာပြန်တယ်။ ဘယ်ဆုကျေးဇူးပဲဖြစ်ပါစေ သူတစ်ပါးကို အားပေးမှုဖြစ်စေပါ။ ၂၇ တခြားဘာသာစကားနဲ့ ဟောပြောတဲ့သူရှိရင် နှစ်ယောက်၊ အလွန်ဆုံး သုံးယောက်ပဲ ထားပါ။ သူတို့ အလှည့်ကျ ဟောပြောပါစေ။ တစ်ယောက်က ဘာသာပြန်ပေးရမယ်။ ၂၈ ဘာသာပြန်ပေးမယ့်သူ မရှိရင်တော့ တခြားဘာသာစကားနဲ့ ဟောပြောတဲ့သူက အသင်းတော်မှာ တိတ်ဆိတ်စွာနေပြီး စိတ်ထဲမှာပဲ ဘုရားသခင်ကို ပြောပါစေ။ ၂၉ ပရောဖက် နှစ်ယောက် ဒါမှမဟုတ် သုံးယောက် ဟောပြောပါစေ။ ကျန်တဲ့သူတွေကတော့ နားထောင်ပြီး အဓိပ္ပာယ်ကို နားလည်ကြပါစေ။ ၃၀ ဒါပေမဲ့ ထိုင်နားထောင်သူတွေထဲမှာ တစ်ယောက်က ဗျာဒိတ်တော် ရပြီဆိုရင် အရင်ဟောနေတဲ့သူက တိတ်ဆိတ်စွာ နေပါစေ။ ဒါမှ ခင်ဗျားတို့အားလုံး တစ်ယောက်တစ်လှည့် ပရောဖက်ပြုနိုင်ကြလိမ့်မယ်။ ကျန်တဲ့သူတွေအားလုံးလည်း သင်ယူခွင့်ရပြီး အားပေးခံရလိမ့်မယ်။ ၃၂ ပရောဖက်ပြုနိုင်စွမ်းဆိုတဲ့ စွမ်းအားတော်ဆုကျေးဇူးကို အသုံးပြုတဲ့အခါ ပရောဖက်တွေဟာ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်ရမယ်။ ၃၃ ဘာလို့လဲဆိုတော့ ဘုရားသခင်ဟာ စည်းစနစ်မရှိတဲ့ဘုရား မဟုတ်ဘူး၊ ငြိမ်သက်ခြင်းလိုလားတဲ့ ဘုရားသခင်ပဲ။ သန့်ရှင်းသူတွေရဲ့ အသင်းတော်တိုင်းမှာလိုပဲ၊ ၃၄ အသင်းတော်တွေမှာ အမျိုးသမီးတွေ တိတ်ဆိတ်စွာ နေကြပါစေ။ သူတို့ ဟောပြောခွင့် မရှိဘူး။ ပညတ်တရားမှာ ဖော်ပြထားတဲ့အတိုင်း သူတို့ လက်အောက်ခံကြပါစေ။ ၃၅ သူတို့ နားမလည်တာရှိရင် အိမ်မှာ ခင်ပွန်းကို မေးမြန်းကြပါစေ။ အမျိုးသမီးတစ်ယောက်က အသင်းတော်မှာ ဟောပြောရင် ဒါဟာ အရှက်ကင်းမဲ့တဲ့ လုပ်ရပ်ပဲ။ ၃၆ ဘုရားသခင်ရဲ့ တရားစကားဟာ ခင်ဗျားတို့ဆီကနေ အစပြုတာလား။ ခင်ဗျားတို့ဆီကိုပဲ ရောက်လာတာလား။ ၃၇ တစ်ယောက်ယောက်က ကိုယ့်ကိုယ်ကိုယ် ပရောဖက်ဖြစ်တယ်၊ စွမ်းအားတော်ဆုကျေးဇူး ရရှိထားသူဖြစ်တယ်လို့ ထင်နေရင် ကျွန်တော်ရေးလိုက်တာတွေဟာ သခင့်မိန့်မှာချက်တွေပဲဆိုတာ သူ လက်ခံရမယ်။ ၃၈ တစ်ယောက်ယောက်က ဒီအချက်ကို အရေးမလုပ်ဘူးဆိုရင်တော့ ဘုရားသခင်ကလည်း သူ့ကို အရေးလုပ်မှာ မဟုတ်ဘူး။ ၃၉ ဒါကြောင့် ညီအစ်ကိုတို့၊ ပရောဖက်ပြုနိုင်တဲ့ ဆုကျေးဇူးရဖို့ အမြဲ ကြိုးစားအားထုတ်ကြပါ။ ဘာသာစကားအမျိုးမျိုးနဲ့ ဟောပြောနေသူတွေကိုလည်း မတားမြစ်ကြပါနဲ့။ ၄၀ အရာရာကို နည်းလမ်းတကျ၊ စည်းစနစ်တကျ လုပ်ဆောင်ကြပါ။
ဧပြီ ၂၉–မေ ၅
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ၂ ကောရိန္သု ၁-၃
“‘နှစ်သိမ့်ခြင်း အမျိုးမျိုးရဲ့ အရှင်’ ယေဟောဝါ”
(၂ ကောရိန္သု ၁:၃) သခင်ယေရှုခရစ်ရဲ့အဖ ဘုရားသခင်ကို ချီးမွမ်းကြပါ။ ဘုရားသခင်ဟာ ကရုဏာကြီးတဲ့အဖ၊ နှစ်သိမ့်ခြင်းအမျိုးမျိုးရဲ့ အရှင်ပဲ။
“ငိုကြွေးသူတွေနဲ့အတူ ငိုကြွေးပါ”
၁၄ ဝမ်းနည်းပူဆွေးသူတစ်ယောက်ကို ဘာပြောရမှန်း မသိတဲ့ အချိန်တွေ ရှိနိုင်ပါတယ်။ ဒါပေမဲ့ “ဉာဏ်ပညာရှိသူရဲ့ စကားကတော့ ဒဏ်ရာကိုတောင် ပျောက်ကင်းစေတယ်” လို့ ကျမ်းစာက ဆိုတယ်။ (ပညာ. ၁၂:၁၈) လူများစွာဟာ နှစ်သိမ့်ရာမှာ အသုံးပြုနိုင်တဲ့ အချက်တွေကို သင်ချစ်ရသူတစ်ဦး ကွယ်လွန်သည့်အခါ ဘရိုရှာမှာ ရှာတွေ့ကြပြီ။ အထောက်အကူအဖြစ်ဆုံး အချက်တစ်ချက်ကတော့ “ငိုကြွေးသူတွေနဲ့အတူ ငိုကြွေး” ခြင်းပဲ။ (ရော. ၁၂:၁၅) “မျက်ရည်တွေက နှလုံးသားရဲ့ စကားပါပဲ။ ဒါကြောင့် မိတ်ဆွေတွေ ကျွန်မနဲ့အတူ ငိုတဲ့အခါ နှစ်သိမ့်မှု အတော်အတန် ခံစားရတယ်။ တစ်ယောက်တည်း ဝမ်းနည်းပူဆွေးနေရတယ်လို့ သိပ်မခံစားရတော့ဘူး” ဆိုပြီး ခင်ပွန်းဆုံးသွားတဲ့ ဂါဘီ ပြောတယ်။
ရှာဖွေလေ့လာ ဘုရားရေးရာရတနာ
(၂ ကောရိန္သု ၁:၂၂) ဘုရားသခင်က ကျွန်တော်တို့ကို တံဆိပ်ခတ်ပြီး နောင်ရမယ့်အရာအတွက် အာမခံချက် ပေးတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့စိတ်ထဲ ကိန်းအောင်းနေတဲ့ စွမ်းအားတော်ပဲ။
စာရှုသူများထံမှ မေးခွန်းလွှာ
ဘုရားသခင်ဆီက ဘိသိက်ခံခရစ်ယာန်တစ်ဦးစီရတဲ့ “အာမခံချက်” နဲ့ “တံဆိပ်” ကဘာလဲ။—၁ ကောရိန္သု ၁:၂၁၊ ၂၂။ အောက်ခြေမှတ်ချက်။
▪ အာမခံချက်– ကိုးကားချက်တစ်ခုအရ ၂ ကောရိန္သု ၁:၂၂ မှာ “အာမခံချက်” လို့ပြန်ဆိုထားတဲ့ ဂရိစကားလုံးဟာ “ဥပဒေနဲ့ စီးပွားရေးဆိုင်ရာ ပညာရပ်ဝေါဟာရတစ်ခု” ဖြစ်တယ်။ အဲဒါက “ပထမအကြိမ် ငွေသွင်းခြင်း၊ အာမခံတင်ခြင်း၊ စရန်သွင်းခြင်း ဆိုတဲ့ အဓိပ္ပာယ်ရှိတယ်။ ဒီလိုနည်းနဲ့ ဝယ်ချင်တဲ့ ပစ္စည်းအတွက် ငွေအနည်းငယ် ကြိုသွင်းထားတယ်။ ဒါကြောင့် အဲဒီပစ္စည်းကို ရပိုင်ခွင့်ရှိကြောင်း၊ စာချုပ်က အတည်ဖြစ်ကြောင်း ဖော်ပြတယ်။” ဘိသိက်ခံတွေဟာ မပုပ်ပျက်နိုင်တဲ့ ကောင်းကင်ခန္ဓာကိုယ် ဆုကျေးဇူးရမယ်လို့ ၂ ကောရိန္သု ၅:၁-၅ မှာ ရှင်းပြထားတယ်။ အဲဒီအပြင် မသေနိုင်တဲ့ ဆုကျေးဇူးကိုလည်း ရကြမယ်။—၁ ကော. ၁၅:၄၈-၅၄။
ခေတ်သုံး ဂရိမှာ စေ့စပ်လက်စွပ်နဲ့ ဆက်စပ်ပြီး ဒီအသုံးအနှုန်းကို အသုံးပြုတယ်။ ဒါက ခရစ်တော်ရဲ့ ပုံဆောင်ဇနီး ဖြစ်လာမယ့်သူတွေအတွက် သင့်တော်တဲ့ ပုံဥပမာပဲ။—၂ ကော. ၁၁:၂။ ဗျာ. ၂၁:၂၊ ၉။
▪ တံဆိပ်– ရှေးခေတ်က ပိုင်ဆိုင်ကြောင်း၊ မှန်ကန်ကြောင်း၊ သဘောတူကြောင်း သက်သေပြဖို့ တံဆိပ်ခတ်တတ်ကြတယ်။ ဘိသိက်ခံတွေဟာ ဘုရားရဲ့ ပိုင်ဆိုင်ရာတွေဖြစ်ကြောင်း ပုံဆောင်သဘောအရ သန့်ရှင်းသော စွမ်းအားတော်နဲ့ “တံဆိပ်ခတ်” ခံထားကြရတယ်။ (ဧ. ၁:၁၃၊ ၁၄) ဒါပေမဲ့ ဖျက်လို့မရတဲ့ တံဆိပ်တော့ မဟုတ်ဘူး။ သစ္စာရှိရှိ မသေခင်၊ ဒါမှမဟုတ် ကြီးစွာသောဒုက္ခ မတိုင်ခင် တစ်ချိန်ချိန်မှာ ဖျက်လို့မရတဲ့တံဆိပ် ခတ်ခံရမှာဖြစ်တယ်။—ဧ. ၄:၃၀။ ဗျာ. ၇:၂-၄။
(၂ ကောရိန္သု ၂:၁၄-၁၆) ကျွန်တော်တို့ကို ခရစ်တော်နဲ့အတူ အောင်ပွဲခံချီတက်ရာမှာ အမြဲဦးဆောင်တဲ့ ဘုရားသခင်ရဲ့ ကျေးဇူးတော် ကြီးမားလှပါတယ်။ ဘုရားသခင်နဲ့ဆိုင်တဲ့ အသိပညာဟာ မွှေးကြိုင်တဲ့ရနံ့နဲ့ တူတယ်။ ကျွန်တော်တို့ရဲ့ လုပ်ဆောင်မှုကြောင့် နေရာတိုင်းမှာ အဲဒီရနံ့ ပျံ့နှံ့သွားတယ်။ ၁၅ ခရစ်တော်အကြောင်း ကြေညာတဲ့ ကျွန်တော်တို့ဟာ ဘုရားသခင်အတွက် မွှေးကြိုင်တဲ့ရနံ့နဲ့ တူတယ်။ ကယ်တင်ခံရမယ့်သူတွေရော ဖျက်ဆီးခံရမယ့်သူတွေဆီကိုပါ ပျံ့နှံ့သွားတယ်။ ၁၆ အဲဒီရနံ့ဟာ ဖျက်ဆီးခံရမယ့်သူတွေအတွက် သေခြင်းဆီ ပို့ဆောင်တဲ့ ရနံ့ပဲ။ ကယ်တင်ခံရမယ့်သူတွေအတွက်တော့ အသက်ရှင်ခြင်းဆီ ပို့ဆောင်တဲ့ ရနံ့ပဲ။ ဒီလုပ်ငန်းအတွက် ဘယ်သူ အရည်အချင်း ပြည့်မီသလဲ။
သင်သိပါသလော
“အောင်ပွဲခံ စီတန်းလှည့်လည်” တဲ့အကြောင်း တမန်တော်ပေါလု ပြောဆိုခဲ့တုန်းက သူ့စိတ်ထဲမှာ ဘာရှိနေလို့လဲ။
▪ တမန်တော်ပေါလုက ဒီလိုရေးခဲ့တယ်– ‘ငါတို့ကို ခရစ်တော်နှင့် တစည်းတလုံးတည်းဖြစ်စေ၍ အောင်ပွဲခံစီတန်းလှည့်လည်ရာတွင် ဘုရားသခင့် ကျေးဇူးတော် ကြီးလှပါ၏။ ငါတို့အားဖြင့် ကိုယ်တော်၏အသိပညာတော်ရနံ့ကို နေရာတိုင်းတွင် မွှေးကြိုင်စေတော်မူ၏။ အကြောင်းမူကား ငါတို့သည် ကယ်တင်ခံရမည့်သူတို့၌လည်းကောင်း၊ ပျက်စီးမည့်သူတို့၌လည်းကောင်း ဘုရားသခင့်ရှေ့တော်တွင် ခရစ်တော်၏အမွှေးရနံ့ဖြစ်ကြ၏။ ပျက်စီးခြင်းသို့ရောက်မည့် သူတို့အတွက် ထိုရနံ့သည် သေခြင်းသို့ ရောက်စေသောအနံ့ဖြစ်၍၊ ကယ်တင်ခြင်းသို့ရောက်မည့် သူတို့အတွက် အသက်ရှင်ခြင်းသို့ ရောက်စေသောရနံ့ဖြစ်၏။’—၂ ကောရိန္သု ၂:၁၄-၁၆။
ရန်သူတွေအပေါ် အောင်ပွဲရခဲ့တဲ့ ဗိုလ်ချုပ်ကို ဂုဏ်ပြုဖို့ ရောမတို့ ပြုလုပ်လေ့ရှိတဲ့ အောင်ပွဲခံစီတန်းလှည့်လည်တာကို ပေါလု ရည်ညွှန်းနေတာဖြစ်တယ်။ အဲလိုပွဲမျိုးမှာ အောင်ပွဲခံ ဗိုလ်ချုပ်နဲ့ သူ့စစ်တပ်ကို ပြည်သူလူထုက ချီးကျူးဂုဏ်ပြုနေတုန်း တစ်ချိန်တည်းမှာ တိုက်ရာပါပစ္စည်းတွေ၊ စစ်သုံ့ပန်းတွေကိုလည်း ပြသထားတယ်။ ပြီးတော့ နွားတွေကိုလည်း ယဇ်ပူဇော်ဖို့ ယူလာခဲ့ကြတယ်။ စီတန်းလှည့်လည်ပွဲ ပြီးသွားတဲ့အခါ နွားတွေကို ယဇ်ပူဇော်တယ်။ စစ်သုံ့ပန်းအတော်များများကိုလည်း ကွပ်မျက်လိုက်ကြတယ်။
အချို့သူတွေအတွက် အသက်ရှင်ခြင်းနဲ့ အချို့သူတွေအတွက် သေခြင်းကိုပုံဆောင်တဲ့ “ခရစ်တော်၏အမွှေးရနံ့” ဆိုတဲ့ ဥပစာအသုံးအနှုန်းက “စီတန်းလှည့်လည်စဉ် တစ်လျှောက်လုံး အမွှေးနံ့သာမီးရှို့တဲ့ ရောမလူတွေရဲ့ ဓလေ့ကနေ ဆင်းသက်လာနိုင်ဖွယ်ရှိတယ်။ အောင်နိုင်သူတွေ အောင်ပွဲခံခြင်းကို ကိုယ်စားပြုတဲ့ အမွှေးရနံ့က စစ်သုံ့ပန်းတွေ မကြာခင်မှာ ကွပ်မျက်ခံရတော့မယ်ဆိုတာကို အသိပေးနေတယ်” လို့ စွယ်စုံကျမ်းတစ်ကျမ်းက ဆိုတယ်။
ကျမ်းစာ ဖတ်ရှုခြင်း
(၂ ကောရိန္သု ၃:၁-၁၈) “ကျွန်တော်တို့ ကိုယ့်အကြောင်းကို ထောက်ခံချက် ပေးနေတာလား။ တခြားသူတွေ လုပ်သလို ခင်ဗျားတို့ဆီ ထောက်ခံစာပေးဖို့ ဒါမှမဟုတ် ခင်ဗျားတို့ဆီကနေ ထောက်ခံစာယူဖို့ လိုအပ်လို့လား။ ၂ ကျွန်တော်တို့ရဲ့ နှလုံးသားမှာ ရေးထားတဲ့စာ၊ လူအားလုံးသိပြီး ဖတ်ရှုတဲ့စာဟာ ခင်ဗျားတို့ကိုယ်တိုင်ပဲ။ ၃ ခင်ဗျားတို့ဟာ အမှုဆောင်သူတွေဖြစ်တဲ့ ကျွန်တော်တို့ ရေးတဲ့စာ၊ ခရစ်တော်ရဲ့ စာပဲဆိုတာ ထင်ရှားတယ်။ အဲဒီစာကို မင်နဲ့ရေးတာ မဟုတ်ဘူး။ အသက်ရှင်နေတဲ့ ဘုရားသခင်ရဲ့ စွမ်းအားတော်နဲ့ ရေးထားတာ။ ကျောက်ပြားပေါ်မှာ ရေးတာမဟုတ်ဘူး။ နှလုံးသားပေါ်မှာ ရေးထားတာ။ ၄ ကျွန်တော်တို့က ခရစ်တော်ကို အမှီပြုပြီး ဘုရားသခင့်ရှေ့မှာ အဲဒီလို ယုံကြည်စိတ်ချတယ်။ ၅ ဘယ်အလုပ်ကိုမဆို ကျွန်တော်တို့ လုပ်နိုင်တာဟာ ကိုယ့်ဘာသာကိုယ် အရည်အချင်းပြည့်မီလို့ မဟုတ်ဘူး။ ဘုရားသခင်ကြောင့်သာ အရည်အချင်း ပြည့်မီနေတာပါ။ ၆ ပဋိညာဉ်သစ်နဲ့ဆိုင်တဲ့ အမှုဆောင်သူတွေဖြစ်ဖို့ ကျွန်တော်တို့ကို အရည်အချင်း ပြည့်မီစေတာဟာ ဘုရားသခင်ပါ။ ကျွန်တော်တို့ဟာ မောရှေရေးခဲ့တဲ့ ပညတ်နဲ့ဆိုင်တဲ့ အမှုဆောင်သူတွေ မဟုတ်ဘူး၊ စွမ်းအားတော်နဲ့ဆိုင်တဲ့ အမှုဆောင်သူတွေပဲ။ မောရှေရေးခဲ့တဲ့ ပညတ်က သေစေတတ်တယ်။ စွမ်းအားတော်ကတော့ ရှင်စေတတ်တယ်။ ၇ ကျောက်ပြားပေါ် ရေးထွင်းထားတဲ့ ပညတ်တရား၊ သေခြင်းကို ဖြစ်ပေါ်စေတဲ့ ပညတ်တရားကို မောရှေပေးတုန်းက သူ့မျက်နှာမှာ ဘုန်းအသရေ ထွန်းတောက်နေလို့ အစ္စရေးလူမျိုးတွေ စေ့စေ့မကြည့်နိုင်ကြဘူး။ ကွယ်ပျောက်သွားမယ့်အရာတောင် အဲဒီလိုဘုန်းအသရေနဲ့ ပြည့်စုံနေရင်၊ ၈ စွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာတဲ့အရာက ပိုလို့တောင် ဘုန်းအသရေပြည့်စုံမယ် မဟုတ်လား။ ၉ လူတွေကို အပြစ်စီရင်ခံရစေတဲ့ ပညတ်တရားတောင် ဘုန်းအသရေနဲ့ ပြည့်စုံနေရင် လူတွေကို ဖြောင့်မတ်သူတွေအဖြစ် သတ်မှတ်ခံရစေတဲ့ လုပ်ငန်းဟာ ပိုလို့တောင် ဘုန်းအသရေနဲ့ပြည့်စုံမယ် မဟုတ်လား။ ၁၀ ပညတ်တရားရဲ့ ဘုန်းအသရေဟာ ပဋိညာဉ်သစ်ရဲ့ ဘုန်းအသရေနဲ့ နှိုင်းယှဉ်လိုက်ရင် ဘာမှ မဟုတ်တော့ပါဘူး။ ၁၁ ကွယ်ပျောက်သွားမယ့် ပညတ်တရားဟာ ဘုန်းအသရေနဲ့ ပြည့်စုံနေရင် တည်မြဲတဲ့ ပဋိညာဉ်သစ်ဟာ ပိုလို့တောင် ဘုန်းအသရေ ပြည့်စုံမှာပေါ့။ ၁၂ ကျွန်တော်တို့မှာ အဲဒီလို မျှော်လင့်ချက်ရှိတဲ့အတွက် ရဲရဲဝံ့ဝံ့ပြောဆိုခွင့် ကိုသုံးပြီး ဟောပြောနေကြတယ်။ ၁၃ မောရှေလို မဟုတ်ဘူး။ မောရှေက ကွယ်ပျောက်သွားမယ့် ပညတ်တရားရဲ့ ဘုန်းအသရေကို အစ္စရေးတွေ စေ့စေ့မကြည့်နိုင်အောင် သူ့မျက်နှာကို ဖုံးထားတယ်။ ၁၄ ဒါတောင်မှ အစ္စရေးတွေရဲ့ စိတ်နှလုံးဟာ ထုံထိုင်းနေခဲ့တယ်။ အခုချိန်အထိ သူတို့ရဲ့စိတ်နှလုံးက မျက်နှာဖုံးနဲ့ အုပ်ထားသလိုဖြစ်နေလို့ ပဋိညာဉ်ဟောင်းကို နားမလည်ကြဘူး။ အဲဒီမျက်နှာဖုံးကို ခရစ်တော်အားဖြင့်သာ ဖယ်ရှားလို့ရတယ်။ ၁၅ အခုချိန်အထိ သူတို့ရဲ့ စိတ်နှလုံးဟာ ဖုံးအုပ်နေဆဲမို့လို့ မောရှေရဲ့ကျမ်းတွေကို ဖတ်တဲ့အခါတိုင်း သူတို့ နားမလည်ကြဘူး။ ၁၆ ယေဟောဝါဆီ ပြန်လှည့်လာတဲ့အခါမှ အဲဒီမျက်နှာဖုံး ဖယ်ရှားခံရတယ်။ ၁၇ ယေဟောဝါဟာ ဝိညာဉ်ပုဂ္ဂိုလ် ဖြစ်တယ်။ ယေဟောဝါရဲ့ စွမ်းအားတော် ရရှိသူတွေဟာ လွတ်လပ်မှု ရှိကြတယ်။ ၁၈ မျက်နှာဖုံး ဖယ်ရှားခံလိုက်ရတဲ့ ကျွန်တော်တို့အားလုံးက ယေဟောဝါရဲ့ ဘုန်းတော်ကို မှန်လို ရောင်ပြန်ဟပ်ကြတယ်။ ဝိညာဉ်ပုဂ္ဂိုလ်ဖြစ်တဲ့ ယေဟောဝါ အလိုရှိတဲ့အတိုင်း ဘုန်းတော်ကို တိုးပွားသည်ထက် တိုးပွားအောင် ရောင်ပြန်ဟပ်ရင်း ဘုရားရဲ့ပုံသဏ္ဌာန်နဲ့ တထေရာတည်းတူအောင် ပြောင်းလဲကြတယ်။