အသက်တာနဲ့ အမှုဆောင်လုပ်ငန်း လေ့ကျင့်ခန်းစာစောင်မှာပါတဲ့ အညွှန်းများ
© 2024 Watch Tower Bible and Tract Society of Pennsylvania
ဇူလိုင် ၁-၇
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ ဆာလံ ၅၇-၅၉
ယေဟောဝါက မိမိလူမျိုးကို ဆန့်ကျင်သူတွေကို စိတ်ပျက်စေ
“ကမ္ဘာမြေ အစွန်အဖျားအထိ”
၁၄ ရန်သူတွေ လက်ချက်နဲ့ အသတ်မခံရခင် သတေဖန် သတ္တိရှိရှိ သက်သေခံခဲ့တယ်။ (တ. ၆:၅။ ၇:၅၄-၆၀) အဲဒီအချိန်မှာ “အကြီးအကျယ် နှိပ်စက်ညှဉ်းဆဲခံရတဲ့အတွက်” တမန်တော်တွေက လွဲပြီး တပည့်အားလုံး ယုဒပြည်၊ ရှမာရိပြည်အနှံ့ ကွဲလွင့်သွားကြတယ်။ ဒါပေမဲ့ သက်သေခံခြင်းလုပ်ငန်း ရပ်တန့်မသွားဘူး။ ရှမာရိမြို့ကို ဖိလိပ္ပု သွားပြီး “ခရစ်တော်အကြောင်း ဟောပြော” တဲ့အခါ ရလဒ်ကောင်းတွေ ရတယ်။ (တ. ၈:၁-၈၊ ၁၄၊ ၁၅၊ ၂၅) အဲဒီအပြင် “သတေဖန်ကို အကြောင်းပြုပြီး ပေါ်ပေါက်လာတဲ့ ညှဉ်းဆဲခြင်းကြောင့် အရပ်ရပ်ဆီ ကွဲလွင့်သွားသူတွေဟာ ဖိုနီးရှားပြည်၊ ဆိုက်ပရပ်ကျွန်း၊ အန္တိအုတ်မြို့အထိ ရောက်သွားတယ်။ ဒါပေမဲ့ ဂျူးတွေကိုပဲ တရားစကားအကြောင်း ဟောပြောကြတယ်။ သူတို့ထဲမှာ ဆိုက်ပရပ်ကျွန်းသား၊ ကုရေနေပြည်သား တချို့လည်း ပါတယ်။ သူတို့က အန္တိအုတ်မြို့ကို ရောက်လာပြီး သခင်ယေရှုအကြောင်း သတင်းကောင်းကို ဂရိစကားပြောတဲ့ လူတွေဆီ ဟောပြောကြတယ်။” (တ. ၁၁:၁၉၊ ၂၀) ညှဉ်းဆဲခြင်းကြောင့် နိုင်ငံတော်သတင်း ပျံ့နှံ့သွားတယ်။
၁၅ ကျွန်တော်တို့ခေတ်မှာလည်း အရင် ဆိုဗီယက် ပြည်ထောင်စုမှာ ထပ်တူ ဖြစ်ခဲ့တယ်။ အထူးသဖြင့် ၁၉၅၀ ပြည့်လွန်နှစ်တွေမှာ ယေဟောဝါသက်သေ ထောင်ချီ ဆိုက်ဘေးရီးယားကို နယ်နှင်ခံရကြတယ်။ လူခွဲပြီး နေရာချတဲ့အတွက် အလွန် ကျယ်ပြောတဲ့ အဲဒီနယ်မြေမှာ သတင်းကောင်း ပျံ့နှံ့သည်ထက် ပျံ့နှံ့သွားတယ်။ မိုင် ၆,၀၀၀ လောက် ဝေးတဲ့ အဲဒီနေရာကို သတင်းကောင်း သွားဟောဖို့ သက်သေခံတွေ ခရီးစရိတ် တတ်နိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ အစိုးရကြောင့် သူတို့ တစ်နိုင်ငံလုံးအနှံ့ ရောက်သွားတယ်။ “ဆိုက်ဘေးရီးယားမှာရှိတဲ့ စိတ်ရင်းမှန်သူ ထောင်ပေါင်းများစွာ အမှန်တရား သိလာအောင် အာဏာပိုင်တွေကိုယ်တိုင် စီစဉ်ပေးလိုက်သလိုပဲ” လို့ ညီအစ်ကိုတစ်ယောက် ပြောတယ်။
ဘုရားရေးရာ ရတနာ
“မယိမ်းမယိုင်ဘဲ ကြံ့ကြံ့ခံ ရပ်တည်နေကြပါ”
၁၆ စိတ်မယိမ်းယိုင်ပါနဲ့။ “အို ဘုရားသခင်၊ ကျွန်တော့်စိတ်ဟာ တည်ကြည်ခိုင်မြဲပါတယ်” လို့ ဘုရင် ဒါဝိဒ် ဖွဲ့ဆိုတယ်။ ယေဟောဝါကို ချစ်တဲ့ မေတ္တာ ဘယ်တော့မှ မလျော့ဘူးလို့ ပြောနေတာ။ (ဆာ. ၅၇:၇) ကျွန်တော်တို့လည်း စိတ်မယိမ်းယိုင်ဘဲ ယေဟောဝါကို အပြည့်အဝ ယုံကြည်ကိုးစားနိုင်တယ်။ (ဆာလံ ၁၁၂:၇ ကို ဖတ်ပါ။) စိတ်မယိမ်းယိုင်တာက အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ ရောဘတ်ကို ကာကွယ်ပေးတယ်။ လိုအပ်လာရင် သုံးဖို့ သွေး လိုလိုမယ်မယ် ဆောင်ထားမယ့်အကြောင်း ပြောလာတော့ ရောဘတ် ဘာလုပ်သလဲ။ သွေးသွင်းဖို့ ဟန်ပြင်ရုံ ပြင်နေတယ်ဆိုရင်တောင် ချက်ချင်း ဆေးရုံ ဆင်းသွားမယ်လို့ ရောဘတ် ပြောလိုက်တယ်။ “ကျွန်တော် နှစ်ခါ စဉ်းစားမနေဘူး။ ဘာဆက်ဖြစ်မလဲ တွေးပူမနေဘူး” လို့ နောက်ပိုင်းမှာ ပြောပြတယ်။
၁၇ ဆေးရုံ မတက်ခင်ကတည်းက ဆုံးဖြတ်ချက် ခိုင်မာအောင် လုပ်ထားလို့ ရောဘတ် စိတ်မယိုင်တာ။ ပထမ၊ ယေဟောဝါကို စိတ်ရွှင်လန်းစေဖို့ ဆုံးဖြတ်ထားတယ်။ ဒုတိယ၊ အသက်နဲ့ သွေးရဲ့ မြင့်မြတ်မှုအကြောင်း ကျမ်းစာနဲ့ ကျမ်းစာ အခြေပြု စာပေတွေမှာ ဖော်ပြထားတာကို သေသေချာချာ လေ့လာတယ်။ တတိယ၊ ယေဟောဝါရဲ့ ညွှန်ကြားချက်ကို လိုက်နာတာ ရေရှည် အကျိုးရှိမှန်း စိတ်ချအောင် လုပ်တယ်။ ကျွန်တော်တို့လည်း ဘာအခက်အခဲပဲ ကြုံရပါစေ မယိမ်းမယိုင် ရပ်တည်နိုင်ပါတယ်။
ဇူလိုင် ၈-၁၄
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ ဆာလံ ၆၀-၆၂
ယေဟောဝါက ကျွန်တော်တို့ကို လုံခြုံမှု၊ ကာကွယ်မှု၊ တည်ငြိမ်မှုပေး
it-2 ၁၁၁၈ ပိုဒ်. ၇
မျှော်စင်
တင်စားချက်။ “ကိုယ်တော် (ယေဟောဝါ) ဟာ ခိုလှုံရာ၊ ရန်သူလက်ကနေ ကာကွယ်ပေးတဲ့ ခိုင်ခံ့တဲ့ မျှော်စင်ပါ” ဆိုပြီး ဆာလံဆရာ စပ်ဆိုတင်စားခဲ့တဲ့အတိုင်း ယေဟောဝါကို ယုံကြည်ပြီး နာခံသူတွေ လုံခြုံမှု ခံစားရတယ်။ (ဆ ၆၁:၃) “ယေဟောဝါရဲ့ နာမည်ဟာ ခိုင်ခံ့တဲ့ရဲတိုက်ပဲ။ ဖြောင့်မတ်သူက ပြေးဝင်ပြီး အကာအကွယ်ယူတယ်။” (ပ ၁၈:၁၀။ ၁ရှ ၁၇:၄၅-၄၇ နဲ့ နှိုင်းယှဉ်ပါ။) ဒါကြောင့် ဘုရားနာမည်ရဲ့ အဓိပ္ပာယ်ကို အသိအမှတ်ပြုသူ၊ ဘုရားကို ယုံကြည်ကိုးစားသူ၊ ဘုရားနာမတော်ကို သစ္စာရှိရှိ ကိုယ်စားပြုသူတွေအတွက် ကြောက်စရာအကြောင်း ဘာမှမရှိဘူး။
it-2 ၁၀၈၄ ပိုဒ်. ၈
တဲ
ကျမ်းပိုဒ်တချို့မှာ “တဲ” ကို နောက်အဓိပ္ပာယ်တစ်မျိုးနဲ့ တင်စားထားတယ်။ ကိုယ်ပိုင်တဲဟာ နားခိုရာနေရာ၊ နေဒဏ်၊ မိုးဒဏ်ကနေ အကာအကွယ်ရတဲ့ နေရာဖြစ်တယ်။ (က ၁၈:၁) ဧည့်ဝတ်ပြုခြင်း ဓလေ့ထုံးစံအရ ဧည့်သည်တွေကို တဲထဲ ဖိတ်ခေါ်တာဟာ သူတို့ကို လေးစားကြောင်း၊ ဂရုစိုက်ကြောင်း ဖော်ပြတာပါ။ ဗျာဒိတ် ၇:၁၅ (အောက်ခြေမှတ်ချက်) မှာ “မိမိရဲ့တဲကို သူတို့အပေါ် ဖြန့်မိုးလိမ့်မယ်” လို့ပြောတဲ့အခါ ဘုရားသခင်က လူအုပ်ကြီးကို ကာကွယ်မှု၊ လုံခြုံမှုပေးမယ်ဆိုတဲ့ သဘောပါ။ (ဆ ၆၁:၃၊ ၄) ဟေရှာယကျမ်းမှာ ဘုရားရဲ့ဇနီးသည်အဖြစ် တင်စားထားတဲ့ ဇိအုန်ကို “မင်းရဲ့တဲကို တိုးချဲ့လိုက်ပါ” လို့ ဆိုထားတယ်။ (ရှာ ၅၄:၂) မွေးဖွားလာမယ့်သားတွေအတွက် ခိုနားရာနေရာကို တိုးချဲ့ပေးရမယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။
ဘုရားသခင့်ပညတ်တော်များသည် ကျွန်ုပ်တို့အကျိုးအတွက်ဖြစ်
၁၄ ဘုရားသခင့်ပညတ်တော်သည် မပြောင်းလဲနိုင်ကြောင်း စိတ်ချနိုင်သည်။ ကျွန်ုပ်တို့အသက်ရှင်နေသော ကသောင်းကနင်းအချိန်၌ ယေဟောဝါသည် တည်ငြိမ်သောကျောက်၊ ရှေးအစဉ်အဆက်မှ နောက်အစဉ်အဆက်အထိ တည်ရှိတော်မူသည်။ (ဆာလံ ၉၀:၂) ကိုယ်တော်တိုင်အကြောင်း ဤသို့မိန့်ဆိုခဲ့သည်– “ငါသည် ယေဟောဝါဖြစ်၏။ ငါသည် ပြောင်းလဲခြင်းမရှိ။” (မာလခိ ၃:၆၊ ကဘ) ကျမ်းစာတွင် မှတ်တမ်းတင်ထားသည့် ဘုရားသခင့်စံနှုန်းများသည် အမြဲတစေပြောင်းလဲတတ်သည့် လူ့အတွေးအခေါ်များနှင့်မတူ အကြွင်းမဲ့ယုံကြည်စိတ်ချနိုင်၏။ (ယာကုပ် ၁:၁၇) ဥပမာ၊ စိတ်ပညာရှင်များသည် ကလေးအား ပေါက်လွှတ်ကြီးပြင်းလာစေခြင်းကို နှစ်ချီ၍ ထောက်ခံပြောဆိုခဲ့ကြ၏၊ သို့သော် နောက်ပိုင်းတွင် သူတို့မှအချို့သည် စိတ်ပြောင်းလဲသွားကြပြီး သူတို့၏အကြံပေးချက် မှားကြောင်း ဝန်ခံခဲ့ကြသည်။ ၎င်းနှင့်ပတ်သက်သော လောကစံနှုန်းများနှင့် လမ်းညွှန်မှုများသည် လေယူရာယိမ်းသကဲ့သို့ဖြစ်သည်။ သို့သော် ယေဟောဝါ၏စကားတော်သည် တိမ်းယိမ်းခြင်းမရှိပေ။ သမ္မာကျမ်းစာက သားသမီးများကို မေတ္တာဖြင့် မည်သို့မွေးမြူရမည်အကြောင်း ရာစုနှစ်ချီအကြံပေးထားသည်။ တမန်တော်ပေါလု ဤသို့ရေးသားခဲ့သည်– “အဘတို့၊ ကိုယ်သားသမီးကို စိတ်ဆိုးစေခြင်းငှာ မပြုကြနှင့်။ သခင်ဘုရား၏အလိုတော်နှင့်ညီသော ဆုံးမသွန်သင်ခြင်းကိုပြုလျက် ကျွေးမွေးကြလော့။” (ဧဖက် ၆:၄) ယေဟောဝါ၏စံနှုန်းများကို ကျွန်ုပ်တို့အားကိုးအားထားနိုင်ကြောင်း၊ ၎င်းစံနှုန်းများသည် ပြောင်းလဲမည်မဟုတ်ကြောင်းသိရခြင်းသည် မည်မျှအားရှိစရာပါတကား!
ဘုရားရေးရာ ရတနာ
ဆာလံကျမ်းအပိုင်းနှစ်မှ ပေါ်လွင်ချက်များ
၆၂:၁၁။ ယေဟောဝါသည် အဘယ်ပြင်ပတန်ခိုးစွမ်းအင်ကိုမျှ မှီခိုအားထားစရာ မလိုပေ။ ကိုယ်တော်တိုင်သည် တန်ခိုး၏ရင်းမြစ်ဖြစ်တော်မူသည်။ ‘ဘုရားသခင်၌ တန်ခိုးတော်ရှိ၏။’
ဇူလိုင် ၁၅-၂၁
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ ဆာလံ ၆၃-၆၅
“ခိုင်မြဲတဲ့မေတ္တာဟာ အသက်ထက် ကောင်းမြတ်”
ဘုရားသခင်၏မေတ္တာတော်မှ ငါတို့ကို မည်သူကွာစေမည်နည်း
၁၇ ဘုရားသခင့် မေတ္တာတော်သည် သင့်အတွက် မည်မျှ အရေးပါသနည်း။ “[မေတ္တာ] ကရုဏာတော်သည် အသက်ထက် သာ၍ကောင်းသောကြောင့် အကျွန်ုပ်၏ နှုတ်သည် ကိုယ်တော်ကို ချီးမွမ်းရပါမည်။ ထိုသို့ အသက်ရှင်စဉ်တွင် ကိုယ်တော်ကို ကောင်းချီးပေးပါမည်။ နာမတော်ကို အမှီပြုလျက် လက်ကိုချီပါမည်” ဟုရေးသားခဲ့သူ ဒါဝိဒ်ကဲ့သို့ သင်ခံစားရသလော။ (ဆာလံ ၆၃:၃၊ ၄) ဘုရားသခင့် မေတ္တာတော်နှင့် တည်မြဲသော မိတ်သဟာယ၌ မွေ့လျော်ခြင်းထက် သာသောအရာကို ဤလောကက ကမ်းလှမ်းပေးနိုင်ပါသလော။ ဥပမာ၊ ဝင်ငွေကောင်းသော လောကအလုပ်တစ်ခုကို လုပ်ကိုင်ခြင်းသည် ဘုရားသခင်နှင့် ရင်းနှီးသော ဆက်ဆံရေး ရှိခြင်းမှရသည့် စိတ်ငြိမ်သက်မှုနှင့် ပျော်ရွှင်မှုထက် သာ၍ကောင်းသလော။ (လုကာ ၁၂:၁၅) ခရစ်ယာန်အချို့သည် ယေဟောဝါအား ကျောခိုင်းစွန့်ပယ်မည်လော သို့မဟုတ် အသေခံမည်လောဟူသည့် ရွေးချယ်မှုကို ရင်ဆိုင်ခဲ့ကြရ၏။ ဒုတိယကမ္ဘာစစ်အတွင်း နာဇီချွေးတပ်စခန်းများတွင် ယေဟောဝါသက်သေများစွာ ထိုအရေးကို ကြုံတွေ့ခဲ့ရသည်။ ခြွင်းချက်အနည်းအကျဉ်းလေးမှလွဲ၍ ကျွန်ုပ်တို့၏ ခရစ်ယာန်ညီအစ်ကိုများသည် လိုအပ်ပါက အသေခံဖို့ အသင့်ရှိခဲ့ကြပြီး ဘုရားသခင့်မေတ္တာတော်၌ ဆက်၍တည်နေရန် ရွေးချယ်ခဲ့ကြသည်။ ကိုယ်တော်၏ မေတ္တာတော်၌ တည်ကြည်စွာ ဆက်၍နေခဲ့သူများသည် ကျွန်ုပ်တို့ကို ဤလောကမပေးနိုင်သော ထာဝရအနာဂတ်ကို ဘုရားသခင်ထံတော်မှရရှိမည်ဟု စိတ်ချနိုင်ကြသည်။ (မာကု ၈:၃၄-၃၆) သို့သော် ထာဝရအသက်ရရေးထက်မက အကျုံးဝင်ပါသေးသည်။
၁၈ ယေဟောဝါမပါဘဲ ထာဝစဉ်အသက်ရှင်ဖို့ မဖြစ်နိုင်သော်လည်း ကျွန်ုပ်တို့၏ ဖန်ဆင်ရှင်းမပါဘဲ သက်တမ်း လွန်စွာရှည်သည့် ဘဝသည် မည်သို့ဖြစ်မည်ကို ကြိုးစားမြင်ယောင်ကြည့်ပါ။ ယင်းသည် ဟာလာဟင်းလင်း၊ စစ်မှန်သောရည်ရွယ်ချက် မဲ့နေပေမည်။ ဤနောက်ဆုံးကာလတွင် ယေဟောဝါသည် မိမိ၏လူမျိုးတော်အား ကျေနပ်ဖွယ်ကောင်းသော အလုပ်ကို လုပ်ကိုင်ဖို့ တာဝန်ပေးအပ်ထားသည်။ ထို့ကြောင့် ကြီးမြတ်သော ရည်ရွယ်တော်မူရှင် ယေဟောဝါက ထာဝရအသက်ပေးသောအခါ ကျွန်ုပ်တို့ သင်ယူစရာ၊ လုပ်ကိုင်စရာ စိတ်ဝင်စားဖွယ်ရာများ ရှိနေမည်ကို ကျွန်ုပ်တို့ ယုံကြည်စိတ်ချနိုင်သည်။ (ဒေ. ၃:၁၁) လာမည့် အနှစ်ထောင်ပေါင်းများစွာအတွင်း ကျွန်ုပ်တို့ မည်မျှပင် စူးစမ်းလေ့လာပါစေ “ဘုရားသခင်၏ ပညာနှင့် ဉာဏ်တော် အလွန်ကျယ်ဝန်းနက်နဲ” မှုကို ကျွန်ုပ်တို့ ဘယ်သောအခါမျှ အပြည့်အဝ နားလည်မည်မဟုတ်ပေ။—ရောမ ၁၁:၃၃။
“အရာရာအတွက် ကျေးဇူးတော်ကို ချီးမွမ်းကြပါ”
အထူးသဖြင့် ဘုရားသခင်ကို ကျွန်တော်တို့ ကျေးဇူးတင်သင့်တယ်။ ဘုရား ပေးထားတဲ့၊ ပေးနေတဲ့ ဆုကျေးဇူးတွေကို တစ်ခါတလေ သင်စဉ်းစားမိမှာပဲ။ (တရား. ၈:၁၇၊ ၁၈။ တ. ၁၄:၁၇) ဒါပေမဲ့ သင်နဲ့ သင်ချစ်ရသူတွေအပေါ် ဘုရားရဲ့ ကောင်းမြတ်မှုကို ခဏတစ်ဖြုတ် စဉ်းစားရုံသာမက အချိန်ယူ တွေးတောပါ။ ဘုရားသခင့် ရက်ရောမှုကို တွေးတောခြင်းက ကျေးဇူးတင်လေးမြတ်စိတ် တိုးများစေတယ်။ သင့်ကို ဘုရား ဘယ်လောက် ချစ်ပြီး တန်ဖိုးထားကြောင်း ပိုသိလာစေတယ်။—၁ ယော. ၄:၉။
ဘုရားရေးရာကိစ္စတွေကို ဆက်တွေးတောဆင်ခြင်ပါ
၇ လေ့လာနေတဲ့အကြောင်းအရာကို အာရုံစိုက်ဖို့၊ တွေးတောဆင်ခြင်ဖို့ဆိုရင် အားစိုက်ထုတ်ဖို့ လိုအပ်တယ်။ ဒါကြောင့် ပင်ပန်းမနေတဲ့အချိန်၊ အေးဆေးတိတ်ဆိတ်ပြီး အာရုံပျံ့လွင့်စရာမရှိတဲ့နေရာမှာ တွေးတောဆင်ခြင်ခြင်းက အကောင်းဆုံးဖြစ်တယ်။ ဆာလံဆရာဒါဝိဒ်ဟာ ညဘက် တစ်ရေးနိုးတဲ့အချိန်တွေမှာ တွေးတောဆင်ခြင်ခဲ့တယ်။ (ဆာ. ၆၃:၆) စုံလင်သူယေရှုဟာ တွေးတောဆင်ခြင်၊ ဆုတောင်းဖို့ တိတ်ဆိတ်တဲ့နေရာတွေကို ရွေးချယ်ခဲ့တယ်။—လု. ၆:၁၂။
မေတ္တာနှင့်သွန်သင်ခြင်းဖြင့် ယေရှုကိုတုပပါ
၆ ကျွန်ုပ်တို့ချစ်မြတ်နိုးရာများအကြောင်း ပြောရသည်ကို ကျွန်ုပ်တို့နှစ်ခြိုက်ကြသည်။ ကျွန်ုပ်တို့၏နှလုံးမှ နှစ်သက်မြတ်နိုးရာ တစ်စုံတစ်ခုအကြောင်း ပြောသည့်အခါ ကျွန်ုပ်တို့သည် တက်ကြွလာပြီး ကျွန်ုပ်တို့၏ အမူအရာ အားလုံးသည် စိတ်အားထက်သန်မှု၊ လှိုက်လှိုက်လှဲလှဲရှိမှု ပေါ်နေသည်။ ကျွန်ုပ်တို့ ချစ်မြတ်နိုးရသူအကြောင်း ပြောသည့်အခါတွင် အထူးမှန်ကန်သည်။ ထိုသူအကြောင်း ကျွန်ုပ်တို့သိထားရာကို အခြားသူအားပြောပြရန် များသောအားဖြင့် စိတ်အားထက်သန်ကြသည်။ ထိုသူကို ကျွန်ုပ်တို့ ချီးမွမ်းသည်၊ ဂုဏ်တင်သည်၊ ကာကွယ်ပေးသည်။ ထိုသူနှင့် သူ၏အရည်အချင်းများကို ကျွန်ုပ်တို့ နှစ်သက်သကဲ့သို့ အခြားသူတို့ကိုလည်း နှစ်သက်စေလိုသောကြောင့် ယင်းသို့လုပ်ဆောင်ကြခြင်းဖြစ်သည်။
ဘုရားရေးရာ ရတနာ
သင်သည် အခြားသူများကို လန်းဆန်းစေသလော
အဆောက်အအုံ တစ်လုံးကို ဖြိုချခြင်းသည် အသစ်ဆောက်လုပ်ခြင်းထက် များစွာလွယ်ကူသည်။ ထိုမူသည် ကျွန်ုပ်တို့၏ အပြောအဆိုနှင့်လည်း သက်ဆိုင်၏။ မစုံလင်သော လူသားများအနေဖြင့် ကျွန်ုပ်တို့အားလုံးတွင် အားနည်းချက်၊ ချို့ယွင်းချက်များရှိသည်။ ဘုရင်ရှောလမုန်က “အပြစ်မပါဘဲ ကောင်းသောအကျင့်ကိုကျင့်သော သူတော်ကောင်း တစ်စုံတစ်ယောက်မျှ မြေကြီးပေါ်မှာမရှိ” ဟုဆိုခဲ့၏။ (ဒေ. ၇:၂၀) အခြားသူတစ်ဦး၏ အားနည်းချက်များကို ဖော်ပြပြီး ထိခိုက်နစ်နာစေသော စကားများဖြင့် ချိုးချိုးဖဲ့ဖဲ့ ပြောဆိုရန် လွယ်ကူသည်။ (ဆာလံ ၆၄:၂-၄) သို့သော် တည်ဆောက်မှုဖြစ်စေသော စကားကို ပြောဆိုရန်မှာ မလွယ်ကူပေ။ ကြိုးစားအားထုတ်မှု လိုအပ်၏။
ဇူလိုင် ၂၂-၂၈
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ ဆာလံ ၆၆-၆၈
ကျွန်တော်တို့ရဲ့ ဝန်တွေကို ယေဟောဝါ နေ့စဉ် ကူထမ်းပေး
ဆုတောင်းချက်တွေကို ယေဟောဝါ ဖြေပေးပုံ
၁၅ ဆုတောင်းချက်တွေကို ယေဟောဝါ ထူးထူးခြားခြား ဖြေချင်မှ ဖြေမယ်။ ဒါပေမဲ့ ရလာတဲ့ အဖြေဟာ ကျွန်တော်တို့ ဆက်သစ္စာရှိဖို့ လိုအပ်တာနဲ့ ကွက်တိပဲ။ ဒါကြောင့် ကိုယ့်ဆုတောင်းချက်တွေကို ဘုရား ဘယ်လို ဖြေပေးသလဲဆိုတာ မြင်အောင် ကြည့်ပါ။ ဆုတောင်းချက်တွေကို ဘုရား ဖြေမပေးဘူးလို့ ညီအစ်မ ယိုကို ခံစားနေရတယ်။ ဒါနဲ့ ဘုရားဆီ ဘာတွေ တောင်းထားသလဲဆိုတာ ချရေးလိုက်တယ်။ နောက်တော့ စာအုပ်ထဲ ပြန်ကြည့်တဲ့အခါ ဆုတောင်းချက် အားလုံးလိုလို အဖြေရတာ တွေ့လိုက်ရတယ်။ တချို့ ဆုတောင်းချက်တွေဆိုရင် ကိုယ်တိုင်တောင် မေ့နေပြီ။ ဒါကြောင့် ကျွန်တော်တို့လည်း ကိုယ့်ဆုတောင်းချက်တွေကို ဘုရား ဘယ်လို ဖြေပေးသလဲဆိုတာ မကြာမကြာ ပြန်စဉ်းစားသင့်တယ်။—ဆာ. ၆၆:၁၉၊ ၂၀။
ကြင်ဖော်မဲ့ မိဘတွေကို စာနာ ထောက်ထားပါ
ရှေးခေတ်က အစ္စရေးလူတွေ ဝတ်ပြုကိုးကွယ်တဲ့ အချိန်အခါတွေမှာ ဆာလံသီချင်းတွေကို သီဆိုခဲ့ရတယ်။ ယေဟောဝါ ဘုရားသခင်ဟာ မုဆိုးမတွေ၊ မိဘမဲ့ကလေးတွေရဲ့ “အဖ” နဲ့ “တရားသူကြီး” ဖြစ်ပြီး သူတို့ကို သက်သာခွင့်ပေးမယ်ဆိုတဲ့ သီချင်းစာသားတွေကို သီဆိုတဲ့အခါ သူတို့ဘယ်လောက် အားရှိလိုက်မလဲဆိုတာ မြင်ယောင်ကြည့်ပါ။ (ဆာလံ ၆၈:၅; ၁၄၆:၉) ကျွန်ုပ်တို့လည်း ကြင်ဖော်မဲ့မိဘတစ်ဦးအတွက် အကြာကြီး အမှတ်ရနေစေမယ့် အားပေးစကားတွေ ပြောဆိုနိုင်ပါတယ်။ ရုသ်လို့ခေါ်တဲ့ ကြင်ဖော်မဲ့မိခင်တစ်ဦးကို အတွေ့အကြုံရှိ ဖခင်တစ်ဦးက “ကလေးနှစ်ယောက်ကို ခင်ဗျား ကောင်းကောင်း ပြုစုပျိုးထောင်ပေးနိုင်တာ ချီးကျူးစရာပဲ။ စိတ်ဓာတ်မကျနဲ့၊ ဆက်ကြိုးစားပါ” လို့ပြောခဲ့တယ်။ အနှစ် ၂၀ ကျော်သွားပေမဲ့ ကနေ့ထက်ထိ အဲဒီစကားတွေကို ရုသ်အမှတ်ရနေဆဲပါ။ “သူ့ဆီက အဲဒီစကားတွေကို ကြားလိုက်ရတော့ ကျွန်မ အရမ်းအားရှိသွားတယ်” လို့ ရုသ်က ပြန်ပြောပြတယ်။ “ကြင်နာသောစကားသည် ဆေးစွမ်းကောင်းတစ်လက်ဖြစ်” ပြီး အဲဒါက ကျွန်ုပ်တို့မသိနိုင်တဲ့နည်းနဲ့ ကြင်ဖော်မဲ့မိဘတစ်ဦးအတွက် အားပေးမှုဖြစ်စေနိုင်ပါတယ်။ (သု. ၁၅:၄၊ Contemporary English Version) ကြင်ဖော်မဲ့မိဘတစ်ဦးကို စိတ်ရင်းမှန်နဲ့ ချီးမွမ်းစကားပြောဆိုဖို့ သင် စဉ်းစားနိုင်ပါသလား။
မိဘမရှိသောသူတို့၏အဘ
“ဘုရားသခင်သည် . . . မိဘမရှိသောသူတို့၏အဘ ဖြစ် . . . တော်မူ၏။” (ဆာလံ ၆၈:၅) စွမ်းအားတော်လမ်းညွှန်မှုဖြင့် ရေးသားထားသော ထိုစကားများက ယေဟောဝါဘုရားသခင်နှင့် ပိုရင်းနှီးစေသည့်အရာတစ်ခုကို သင်ကြားပေးသည်။ ယင်းမှာ ကိုယ်တော်သည် အကြောင်းမလှသူတို့၏ လိုအပ်ချက်များကို အကင်းပါးစွာ သိရှိသည်ဟူသောအချက် ဖြစ်သည်။ မိဘတစ်ဦး သေဆုံးသွားသော ကလေးတစ်ဦးအတွက် ကိုယ်တော်၏ စိုးရိမ်မှုကို အစ္စရေးလူတို့အား ပေးခဲ့သော ပညတ်တော်တွင် ထင်ရှားစွာ တွေ့မြင်နိုင်သည်။ “မိဘမရှိသောသူ” ဟူသည့် အသုံးအနှုန်းကို ကျမ်းစာတွင် ဦးစွာသုံးနှုန်းထားသည့် ထွက်မြောက်ရာ ၂၂:၂၂-၂၄ ကို ဆန်းစစ်ကြည့်ကြစို့။
သင် အောင်မြင်ဖို့ ယေဟောဝါ ကူညီနေ
၁၇ ဆာလံ ၄၀:၅ ကို ဖတ်ပါ။ တောင်တက်သမားရဲ့ ပန်းတိုင်ဟာ တောင်ထိပ် ရောက်ဖို့ပဲ။ ဒါပေမဲ့ လမ်းတစ်လျှောက် ခဏရပ်ပြီး ရှုခင်းကြည့်ဖို့ နားနေစခန်းတွေ အများကြီး ရှိတယ်။ အဲဒီလိုပဲ၊ အခက်အခဲ ကြုံနေရချိန်မှာတောင် အောင်မြင်အောင် ယေဟောဝါ ဘယ်လို ကူညီပေးသလဲဆိုတာ ခဏရပ် စဉ်းစားဖို့ အမြဲ အချိန်ယူပါ။ တစ်နေ့တာ ကုန်သွားတိုင်း ‘ဒီနေ့ ယေဟောဝါရဲ့ ကောင်းချီးကို ဘယ်လို ခံစားရသလဲ။ အခက်အခဲ ရှိနေတုန်း ဖြစ်ပေမဲ့ ခံရပ်နိုင်အောင် ယေဟောဝါ ဘယ်လို ကူညီပေးသလဲ’ လို့ ကိုယ့်ကိုယ်ကိုယ် မေးကြည့်ပါ။ အောင်မြင်ဖို့ ယေဟောဝါ ကူညီပေးတဲ့ ကောင်းချီး အနည်းဆုံး တစ်ခုတော့ တွေ့အောင် ရှာပါ။
ဘုရားရေးရာ ရတနာ
ဆာလံကျမ်းအပိုင်းနှစ်မှ ပေါ်လွင်ချက်များ
၆၈:၁၈—‘လူ့အသွင် ဆုလာဘ်များ’ ကား မည်သူတို့နည်း။ ဤသူတို့သည် ကတိထားရာပြည်ကို သိမ်းပိုက်ချိန်က ဖမ်းဆီးလာခဲ့သော သုံ့ပန်းများထဲမှ အမျိုးသားများဖြစ်၏။ နောက်ပိုင်းတွင် ထိုသူတို့သည် လေဝိသားတို့ကို ကူညီကြရသည်။—ဧဇရ ၈:၂၀။
ဇူလိုင် ၂၉–ဩဂုတ် ၄
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ ဆာလံ ၆၉
ယေရှုအကြောင်း ဆာလံ ၆၉ မှာ ကြိုပြောထားပုံ
သူတို့ မေရှိယကို စောင့်မျှော်ခဲ့ကြ
၁၇ မေရှိယဟာ အကြောင်းမဲ့အမုန်းခံရမယ်။ (ဆာ. ၆၉:၄) တမန်တော်ယောဟန်က ယေရှုရဲ့စကားကို ဒီလိုဖော်ပြတယ်– “ငါသည် မည်သူမျှ မပြုဖူးသောအမှုများကို ထိုသူတို့ရှေ့တွင်မပြုလျှင် သူတို့၌ အပြစ်ရှိမည်မဟုတ်။ ယခုမူကား သူတို့သည် ထိုအမှုများကို မြင်လျက်ပင် ငါနှင့် ငါ့ခမည်းတော်ကို မုန်းကြပြီ။ ‘သူတို့သည် အကြောင်းမဲ့ ငါ့ကိုမုန်းကြ၏’ ဟူသော သူတို့၏ပညတ်ကျမ်း၌ ရေးထားသောစကား ပြည့်စုံမည်အကြောင်းတည်း။” (ယော. ၁၅:၂၄၊ ၂၅) ဒီမှာဖော်ပြထားတဲ့ “ပညတ်ကျမ်း” ဆိုတဲ့ အသုံးအနှုန်းက အဲဒီအချိန်တုန်းကရနိုင်တဲ့ ကျမ်းစောင်အားလုံးကို ဆိုလိုတယ်။ (ယော. ၁၀:၃၄; ၁၂:၃၄) ယေရှုဟာ အမုန်းခံခဲ့ရတယ်၊ အထူးသဖြင့် ဂျူးဘာသာရေးခေါင်းဆောင်တွေရဲ့ မုန်းတီးမှုကို ခံခဲ့ရတယ်ဆိုတာ ခရစ်ဝင်ကျမ်းမှတ်တမ်းတွေက ဖော်ပြတယ်။ ဒါ့အပြင် ခရစ်တော်ဒီလိုပြောခဲ့တယ်– “လောကသည် သင်တို့ကိုမုန်းရန် အကြောင်းမရှိ။ ငါ့ကိုမူကား မုန်းကြ၏။ အကြောင်းမူကား ငါသည် လောက၏အကျင့် ဆိုးညစ်ကြောင်းကို သက်သေခံ၏။”—ယော. ၇:၇။
စစ်မှန်သောဝတ်ပြုရေးအတွက် စိတ်ထက်သန်ပါ
၇ ယေရှုအသက်တာရဲ့ အဖြစ်အပျက်တစ်ခုမှာ ကိုယ်တော်ရဲ့ စိတ်ထက်သန်မှုကို အထင်အရှား တွေ့ရတယ်။ အဲဒါက ကိုယ်တော့် မြေကြီးပေါ်အမှုဆောင်ခြင်းအစပိုင်း စီအီး ၃၀၊ ပသခါပွဲရာသီမှာ ဖြစ်တယ်။ ယေရှုနဲ့ ကိုယ်တော့်တပည့်တွေက ဂျေရုဆလင်မြို့ကို ရောက်လာတဲ့အခါ ဝတ်ပြုရာအိမ်တော်မှာ “သိုး၊ နွား၊ ချိုးငှက်ရောင်းသောသူတို့နှင့် ငွေလဲသောသူတို့ ထိုင်နေကြ” တာကို တွေ့ခဲ့တယ်။ ယေရှု ဘယ်လိုတုံ့ပြန်ခဲ့သလဲ၊ အဲဒီတုံ့ပြန်ပုံကိုကြည့်ပြီး တပည့်တွေ ဘာကိုသတိရခဲ့ကြသလဲ။—ယောဟန် ၂:၁၃-၁၇ ကိုဖတ်ပါ။
၈ အဲဒီတုန်းက ယေရှုပြောဆိုလုပ်ဆောင်ခဲ့ရာတွေက တပည့်တွေရဲ့စိတ်ထဲ ဆာလံဆရာဒါဝိဒ် ပြောခဲ့တဲ့ “ကိုယ်တော်၏ အိမ်တော်၌ စွဲလမ်းပူပန်ခြင်းစိတ် [“စိတ်ထက်သန်ခြင်း၊” ကဘ] သည် အကျွန်ုပ်ကို စားပါ၏” ဆိုတဲ့ ပရောဖက်ပြုချက်စကားကို သတိရစေတယ်။ (ဆာ. ၆၉:၉) အကြောင်းကတော့ အရမ်းအန္တရာယ်များတဲ့ကြားထဲက ယေရှုလုပ်ဆောင်ခဲ့လို့ဖြစ်တယ်။ ဝတ်ပြုရာအိမ်တော်မှာ အာဏာရှိတဲ့ ယဇ်ပုရောဟိတ်တွေ၊ ကျမ်းတတ်တွေနဲ့ အခြားသူတွေက အဲဒီအမြတ်ကြီးစား စီးပွားရေးလုပ်ငန်းကို နောက်ကွယ်ကနေ ကြိုးကိုင်ထားကြတယ်။ သူတို့ရဲ့လုပ်ရပ်ကို ဖော်ထုတ်ပြီး စီးပွားပျက်စေခြင်းက အဲဒီအချိန်က ဝတ်ပြုရေးခေါင်းဆောင်တွေကို ရန်စလိုက်တာနဲ့တူတယ်။ တပည့်တွေ မှန်ကန်စွာကောက်ချက်ချခဲ့သလို ‘ဘုရားသခင့် အိမ်တော်အတွက် စိတ်ထက်သန်မှု’ ဒါမှမဟုတ် စစ်မှန်တဲ့ဝတ်ပြုရေးအတွက် စိတ်ထက်သန်မှုကို အထင်အရှား တွေ့ခဲ့ရတယ်။ ဒါဆိုရင် စိတ်ထက်သန်ခြင်းဆိုတာ ဘာလဲ။ အဲဒါက အရေးတကြီးသဘောထားနဲ့ ကွာခြားသလား။
န၉၅ ၁၀/၂၂ ၃၁ ပိုဒ်. ၄
ရင်ကွဲနာကျပြီး သေနိုင်သလား
ယေရှုခရစ် သေဆုံးရတဲ့ အကြောင်းရင်းတစ်ခုဟာ ရင်ကွဲနာကျတာကြောင့်လို့ တချို့ဆိုတယ်။ “ကဲ့ရဲ့ခံရလို့ ကျွန်တော့်နှလုံး ကွဲကြေနေပြီ။ ဒီဒဏ်ရာ ကုလို့မရဘူး” လို့လည်း မေရှိယနဲ့ပတ်သက်ပြီး ကြိုဟောထားတယ်။ (ဆာလံ ၆၉:၂၀) ယေရှုရဲ့ ပကတိနှလုံး ကွဲခဲ့သလား။ ဖြစ်နိုင်ပါတယ်။ မသေဆုံးခင်မှာ ကိုယ်ကော၊ စိတ်ကော အလွန်အမင်း ထိခိုက်ခဲ့လို့ပါ။ (မဿဲ ၂၇:၄၆။ လုကာ ၂၂:၄၄။ ဟီဘရူး ၅:၇) နှလုံးကွဲ (rupture of the heart) သွားတဲ့အခါ ဒါမှမဟုတ် အဓိကသွေးလွှတ်ကြောပေါက်သွားတဲ့အခါ ရင်ခေါင်းထဲ ဒါမှမဟုတ် နှလုံးပတ်လည်က အရည်ကြည်အိတ် (နှလုံးအပြင်လွှာ) ထဲကို သွေးတွေ စီးဝင်သွားနိုင်တယ်။ ဒါကြောင့် အသက်ထွက်ပြီးခါစမှာ ယေရှုရဲ့နံရိုးနားကို လှံနဲ့ထိုးလိုက်တဲ့အခါ “သွေးနဲ့ရေတွေ” ထွက်လာတာ ဖြစ်နိုင်တယ်။ ဒါဟာ ရင်ကွဲနာကျတဲ့လက္ခဏာပါပဲ။—ယောဟန် ၁၉:၃၄။
it-2 ၆၅၀
အဆိပ်
မေရှိယကို “အဆိပ်ကျွေး” မယ်လို့ ကျမ်းစာ ကြိုဟောတယ်။ (ဆ ၆၉:၂၁) ယေရှုခရစ်ကို သစ်တိုင်ပေါ်မတင်ခင် ဆေးခါးနဲ့ရောတဲ့ စပျစ်ရည် တိုက်ချိန်မှာ ဒီကြိုဟောချက် ပြည့်စုံခဲ့တယ်။ ဝေဒနာ သက်သာစေတဲ့၊ ထုံထိုင်းစေတဲ့ ဒီအရည်ကို ယေရှု မြည်းကြည့်ပေမဲ့ မသောက်ဘူး။ ဂရိစက်ပ်တွားဂျင့်ကျမ်းရဲ့ ဆာလံ ၆၉:၂၁ မှာ ဆေးခါးဆိုတဲ့ ဂရိစကားလုံး ခိုလီ (kho·leʹ) ကို သုံးနှုန်းထားပြီး မဿဲ (၂၇:၃၄) မှာလည်း ထပ်တူ ဂရိစကားလုံး သုံးနှုန်းထားတယ်။ မာကုခရစ်ဝင်ကျမ်းမှာတော့ မုရန် (မာ ၁၅:၂၃) လို့ ဖော်ပြထားတဲ့အတွက် “အဆိပ်” ဒါမှမဟုတ် “ဆေးခါး” ဆိုတာ မုရန် ဖြစ်နိုင်တယ်။ ဆေးခါးနဲ့ မုရန်ရောထားတဲ့ မူးယစ်စေတဲ့အရည်လည်း ဖြစ်နိုင်တယ်။
ဘုရားရေးရာ ရတနာ
သစ္စာစောင့်သောလက်ကိုချီ၍ ဆုတောင်းခြင်း
၁၁ လူများစွာသည် တစ်စုံတစ်ခုတောင်းဖို့လောက်သာ ဆုတောင်းကြသော်လည်း ယေဟောဝါဘုရားသခင်အား ကျွန်ုပ်တို့ ချစ်မြတ်နိုးသောကြောင့် သီးသန့်နှင့် လူထုရှေ့ ဆုတောင်းရာတွင် ကိုယ်တော်အား ကျေးဇူးတင်ချီးမွမ်းဖို့ လှုံ့ဆော်ခံရသင့်သည်။ ပေါလုက ဤသို့ရေးသားခဲ့သည်– “အဘယ်အမှုကိုမျှ စိုးရိမ်ခြင်းမရှိဘဲ အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းခြင်းနှင့်တကွ ဆုတောင်း . . . သောအားဖြင့်၊ သင်တို့တောင်းပန်လိုသော အရာများတို့ကို ဘုရားသခင်အား ကြားလျှောက်ကြလော့။ ထိုသို့ပြုလျှင် အဘယ်သူမျှ ကြံ၍မမီနိုင်သော ဘုရားသခင်၏ ငြိမ်သက်ခြင်းသည် ယေရှုခရစ်အားဖြင့် သင်တို့၏စိတ်နှလုံးတို့ကို စောင်မလိမ့်မည်။” (ဖိလိပ္ပိ ၄:၆၊ ၇) မှန်ပါသည်၊ အသနားခံပန်ကြားခြင်းနှင့် တိုးလျှိုးတောင်းခံခြင်းအပြင် ဝိညာဉ်ရေးနှင့် ကာယရေးကောင်းချီးများအတွက် ယေဟောဝါအား ကျေးဇူးတင်ကြောင်း ဖော်ပြသင့်သည်။ (သု. ၁၀:၂၂) ဆာလံဆရာက ဤသို့သီဆိုခဲ့သည်– “ကျေးဇူးချီးမွမ်းခြင်းယဇ်ကို ဘုရားသခင်အား ပူဇော်လော့။ သစ္စာကတိထားသည်အတိုင်း၊ အမြင့်ဆုံးသောဘုရား၌ သစ္စာဝတ်ကိုဖြေလော့။” (ဆာလံ ၅၀:၁၄) ဒါဝိဒ်လှိုက်လှဲစွာ သီဆိုခဲ့သည့် တေးသံတစ်ပုဒ်တွင် ဤထိမိသော စကားများပါဝင်သည်– “ငါသည် ဘုရားသခင်၏ နာမတော်ကို ထောမနာသီချင်းဆိုမည်။ ကျေးဇူးတော်ကိုပြ၍ ဘုရားသခင်ကို ချီးမွမ်းမည်။” (ဆာလံ ၆၉:၃၀) ကျွန်ုပ်တို့သည် လူထုရှေ့နှင့် သီးသန့်ဆုတောင်းရာတွင် ထိုသို့မပြုသင့်ပေလော။
ဩဂုတ် ၅-၁၁
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ ဆာလံ ၇၀-၇၂
ဘုရားသခင်ရဲ့ တန်ခိုးအကြောင်း ‘နောက်မျိုးဆက်တွေကို ပြောပြ’ ပါ
လူငယ်များ—သင့်ပိုင်းခြားသိမြင်နိုင်စွမ်းကို လေ့ကျင့်လော့!
၁၇ စာတန့်ကျော့ကွင်းများကို ရှောင်ဖို့ အစဉ်မပြတ် သတိဝီရိယရှိဖို့—ရံဖန်ရံခါ အကြီးအကျယ် သတ္တိရှိဖို့လိုမည်။ တစ်ခါတစ်ရံ ရွယ်တူချင်းများနှင့်သာမက တစ်လောကလုံးနှင့်ပင် အဆင်မပြေသည့်အခါများရှိကြောင်း သတိထားမိပေမည်။ ဆာလံဆရာက ဤသို့ဆုတောင်းခဲ့သည်– “အရှင်ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်မျှော်လင့်ရာ ဖြစ်တော်မူ၏။ အကျွန်ုပ်ငယ်သောအရွယ်မှစ၍ အကျွန်ုပ်ကိုးစားရာ ဖြစ်တော်မူ၏။ အိုဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်ကို ငယ်သောအရွယ်မှစ၍ သွန်သင်တော်မူပါပြီ။ ယခုတိုင်အောင် အံ့ဖွယ်သောအမှုတော်တို့ကို အကျွန်ုပ်ပြပါပြီ။” (ဆာလံ ၇၁:၅၊ ၁၇) ဒါဝိဒ်သည် သူ၏ရဲစွမ်းသတ္တိကြောင့် ကျော်ကြားခဲ့သည်။ ထိုစိတ်ထားကို အဘယ်အချိန်တွင် သူမွေးမြူခဲ့သနည်း။ ငယ်ရွယ်စဉ်ကပင်! ဂေါလျတ်နှင့် သူ၏ကျော်ကြားလှသော ထိပ်တိုက်ရင်ဆိုင်မှုမတိုင်မီကပင် ဒါဝိဒ်သည် ဖခင်၏ သိုးအုပ်များကို ကာကွယ်ရာတွင် ထူးခြားသည့် ရဲစွမ်းသတ္တိ—ခြင်္သေ့တစ်ကောင်နှင့် ဝက်ဝံတစ်ကောင်ကို သတ်ခြင်း—တင်ပြခဲ့သည်။ (၁ ဓမ္မရာဇဝင် ၁၇:၃၄-၃၇) သို့သော် ဒါဝိဒ်က မိမိရဲရင့်ခဲ့သည်မှာ ယေဟောဝါကြောင့်ဖြစ်ကြောင်း ကိုယ်တော်အား “ငယ်သောအရွယ်မှစ၍၊ အကျွန်ုပ်ကိုးစားရာ” ဟုချီးကျူးခြင်းဖြင့် အပြည့်အဝ ဂုဏ်တင်ခဲ့သည်။ ယေဟောဝါအပေါ် မှီခိုအားထားတတ်သည့် ဒါဝိဒ်၏အရည်အသွေးက သူရင်ဆိုင်ခဲ့ရသည့် မည်သည့်အကျပ်အတည်းကိုမဆို ယှဉ်နိုင်စေခဲ့သည်။ အသင်လည်း ယေဟောဝါကို မှီခိုအားထားမည်ဆိုလျှင် “လောကကိုအောင်” နိုင်မည့် ရဲစွမ်းသတ္တိနှင့် ခွန်အားကို ကိုယ်တော်ပေးသနားပါလိမ့်မည်။—၁ ယောဟန် ၅:၄။
သက်ကြီးရွယ်အိုများကို မည်သို့ဆက်ဆံသင့်သနည်း
ဆာလံဆရာက ဤသို့ဆုတောင်းခဲ့၏– “အကျွန်ုပ်ကို အိုသောအခါ ပယ်တော်မမူပါနှင့်။ အားလျော့သောအခါ စွန့်ပစ်တော်မမူပါနှင့်။” (ဆာလံ ၇၁:၉) တည်ကြည်သော ကျေးကျွန်များသည် အသုံးမဝင်တော့ဟု သူတို့ကိုယ်၌ ခံစားကြရသည့်တိုင် သူတို့ကို ဘုရားသခင် “စွန့်ပစ်တော်” မမူချေ။ ယေဟောဝါ၏ စွန့်ပစ်ခြင်းကို ခံရသည်ဟု ဆာလံဆရာ မခံစားခဲ့ရချေ၊ ယင်းအစား အသက်အရွယ် အိုမင်းလာသည့်တိုင် မိမိ၏ဖန်ဆင်းရှင်အပေါ် အားထားမှီခိုဖို့ လိုအပ်ကြောင်း သူအသိအမှတ်ပြုခဲ့လေသည်။ ယေဟောဝါသည် ယင်းသို့တည်ကြည်မှုတင်ပြသူကို သူ့ဘဝတစ်လျှောက်လုံး ကူညီထောက်မပေးခြင်းဖြင့် တုံ့ပြန်တော်မူလေသည်။ (ဆာလံ ၁၈:၂၅) ယင်းသို့သောထောက်မကူညီမှုကို ခရစ်ယာန်ချင်းများထံမှတစ်ဆင့် ရလေ့ရှိ၏။
ဆိုးသောကာလမရောက်ခင် ယေဟောဝါရဲ့ အမှုဆောင်ပါ
၄ သင်ဟာ အတွေ့အကြုံတွေ အများကြီးရှိတဲ့ လူကြီးတစ်ယောက်ဖြစ်တယ်ဆိုရင် ‘ငါ့မှာ အစွမ်းခွန်အားတွေ ရှိနေသေးတယ်ဆိုတော့ အခု ငါဘာလုပ်မလဲ’ လို့ ကိုယ့်ကိုယ်ကို မေးကြည့်ပါ။ သင်က အတွေ့အကြုံရှိတဲ့ ခရစ်ယာန်တစ်ယောက်ဖြစ်လို့ တခြားသူတွေမှာမရှိတဲ့ အခွင့်အရေးတွေ သင့်မှာရှိနေတယ်။ ဥပမာ၊ ယေဟောဝါအကြောင်း သင် လေ့လာထားတာတွေကို လူငယ်တွေကို ပြန်သင်ပေးနိုင်တယ်။ ဘုရားသခင့် အမှုဆောင်ရာကနေ သင်ရရှိလာတဲ့ တွေ့ကြုံမှုတွေကို တခြားသူတွေကို ပြောပြနိုင်တယ်။ အဲဒီအခွင့်အရေးတွေရဖို့ ဘုရင်ဒါဝိဒ် ဒီလို ဆုတောင်းခဲ့တယ်– “အို ဘုရားသခင်၊ ကိုယ်တော်က ကျွန်တော့်ကို ငယ်ငယ်ကတည်းက သွန်သင်ပေးတယ်။ . . . ကျွန်တော်အသက်ကြီးပြီး ဆံပင်ဖြူသွားချိန်မှာ ကျွန်တော့်ကို မစွန့်ပစ်ပါနဲ့။ ဒါမှ နောက်မျိုးဆက်တွေကို ကိုယ်တော့်တန်ခိုးအကြောင်း၊ နောင်လာနောက်သားတွေကို ကိုယ်တော့်ခွန်အားအကြောင်း ပြောပြနိုင်မယ်။”—ဆာ. ၇၁:၁၇၊ ၁၈၊ ကဘ။
၅ နှစ်တွေတစ်လျှောက် သင် လေ့လာထားတဲ့ ဉာဏ်ပညာတွေကို ဘယ်လို ဝေမျှနိုင်သလဲ။ သင့်အိမ်မှာ လူငယ်တွေကို ဖိတ်ခေါ်ပြီး အားပေးမှုဖြစ်စေတဲ့ ပေါင်းသင်းမှု ပြုလုပ်နိုင်မလား။ ယေဟောဝါကို အမှုဆောင်ခြင်းကြောင့် သင်ခံစားရတဲ့ ရွှင်လန်းမှုကို သူတို့မြင်တွေ့နိုင်ဖို့ သူတို့နဲ့အတူ ဟောပြောဖို့ စီစဉ်နိုင်မလား။ ဧလိဟုက “အသက်ကြီးသူတွေ ပြောပါစေ။ ဉာဏ်ပညာအကြောင်းကို နှစ်ပေါင်းများစွာ အသက်ရှင်ခဲ့သူတွေ ပြောပါစေ” လို့ ပြောခဲ့တယ်။ (ယောဘ ၃၂:၇၊ ကဘ) တမန်တော်ပေါလုက အတွေ့အကြုံရှိတဲ့ ခရစ်ယာန်အမျိုးသမီးတွေကို သူတို့ရဲ့ စကားတွေနဲ့ ပုံသက်သေအားဖြင့် တခြားသူတွေကို အားပေးဖို့ ပြောခဲ့တယ်။ သူက “အသက်အရွယ်ကြီးသော အမျိုးသမီးတို့သည် . . . ကောင်းမြတ်သောအရာကို သွန်သင်ပေးသူဖြစ်ပါစေ” လို့ ရေးခဲ့တယ်။—တိ. ၂:၃။
ဘုရားရေးရာ ရတနာ
it-1 ၇၆၈
ယူဖရေးတီးမြစ်
အစ္စရေးနယ်မြေ အပိုင်းအခြား။ အာဗြဟံရဲ့မျိုးနွယ်ကို “အီဂျစ်မြစ်ကနေ ယူဖရေးတီးမြစ်ကြီးအထိ” ကျယ်တဲ့နယ်မြေပေးမယ်လို့ အာဗြဟံနဲ့ ဘုရားသခင် ပဋိညာဉ်ဖွဲ့တယ်။ (က ၁၅:၁၈) အစ္စရေးလူမျိုးကိုလည်း ဒီကတိ ပြန်ပြောင်းပြောပြတယ်။ (ထွ ၂၃:၃၁။ တရ ၁:၇၊ ၈။ ၁၁:၂၄။ ယရ ၁:၄) ဒါဝိဒ် နန်းမတက်ခင်မှာ ရုဗင်အနွယ်တချို့က “ဂိလဒ်ပြည်အရှေ့ဘက်” မှာနေကြတယ်။ (၁ရ ၅:၁၀) ဂိလဒ်ပြည်နဲ့ မိုင် ၅၀၀ အကွာလောက်မှာရှိတဲ့ ယူဖရေးတီးမြစ်နားအထိ တိုးချဲ့နေထိုင်တာတော့ မဟုတ်ဘူး။ ရာဇဝင်ချုပ် ပထမစောင် ၅:၉ အရ “ယူဖရေးတီးမြစ်နားက တောကန္တာရအစပ်အထိ၊” ယူဖရေးတီးမြစ်နဲ့ထိစပ်နေတဲ့ ဆီးရီးယားတောကန္တာရအစပ်နား (“တောအဝင်ဝ၊” သမ္မာကျမ်း) အထိပဲ အခြေချနေထိုင်ခဲ့တာ။ ဘုရင်ဒါဝိဒ်နဲ့ ရှောလမုန် လက်ထက်ကျမှပဲ ဦးဆုံးအကြိမ်အဖြစ် ယေဟောဝါရဲ့ကတိ အပ်ကျမတ်ကျ ပြည့်စုံခဲ့တယ်။ သူတို့လက်ထက်မှာ ဇောဘဘုရင်ရဲ့နယ်မြေကို အစ္စရေးလက်အောက်ခံ အဖြစ်သိမ်းသွင်းလိုက်လို့ ယူဖရေးတီးမြစ်အထိကျယ်ပြောတဲ့ မြောက်ပိုင်းဆီးရီးယားတစ်ခွင်တစ်ပြင်လုံးဟာ အစ္စရေးနယ်မြေဖြစ်လာတယ်။ (၂ရှ ၈:၃။ ၁ဘု ၄:၂၁။ ၁ရ ၁၈:၃-၈။ ၂ရ ၉:၂၆) ကျော်ကြားတဲ့မြစ်ဖြစ်တာကြောင့် “မြစ်ကြီး” လို့ပဲ ခေါ်လေ့ရှိတယ်။—ယရ ၂၄:၂၊ ၁၅။ ဆ ၇၂:၈။
ဩဂုတ် ၁၂-၁၈
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ ဆာလံ ၇၃-၇၄
ဘုရားကို မကိုးကွယ်တဲ့သူတွေကို မနာလိုမရှုဆိတ် ဖြစ်မိနေရင်
‘စိတ်ထောင်းကိုယ်ကြေ ဖြစ်နေသူတွေကို ယေဟောဝါ ကယ်တင်တယ်’
၁၄ ဆာလံ ၇၃ ကို ရေးသားသူဟာ လေဝိအမျိုးသား ဖြစ်ပြီး ယေဟောဝါရဲ့ ဝတ်ပြုရာအိမ်တော်မှာ အမှုဆောင်ခွင့် ရထားတယ်။ ဒါတောင် တစ်ကြိမ်မှာ အလွန်အမင်း စိတ်ဓာတ်ကျခဲ့တယ်။ လူဆိုးတွေ၊ မောက်မာသူတွေကို မနာလို မရှုဆိတ် ဖြစ်လာလို့ပဲ။ (ဆာ. ၇၃:၂-၉၊ ၁၁-၁၄) သူတို့ ကြီးပွားချမ်းသာပြီး အပူအပင် ကင်းကင်းနဲ့ ကောင်းစားနေကြတာကို မြင်တော့ စိတ်ဓာတ်ကျလွန်းလို့ “ငါ့စိတ်ကို ဖြူစင်အောင်ထားလည်း အလကားပဲ။ ငါ့လက်ကို အပြစ်မဲ့ခြင်းနဲ့ ဆေးရင်လည်း အလကားပဲ” လို့ ပြောခဲ့တယ်။ ယေဟောဝါနဲ့ ဆက်ဆံရေး ထိခိုက်နေပြီ။
‘စိတ်ထောင်းကိုယ်ကြေ ဖြစ်နေသူတွေကို ယေဟောဝါ ကယ်တင်တယ်’
၁၅ ဆာလံ ၇၃:၁၆-၁၉၊ ၂၂-၂၅ ကိုဖတ်ပါ။ လေဝိအမျိုးသားဟာ “ဘုရားသခင်ရဲ့ ခမ်းနားတဲ့ သန့်ရှင်းရာ ဌာနတော်ထဲ ဝင်” တယ်။ အဲဒီမှာ ယုံကြည်သူချင်းတွေနဲ့အတူ ဝတ်ပြုရင်း မိမိအခြေအနေအကြောင်း ဆုတောင်းပြီး အရှိအတိုင်း တည်တည်ငြိမ်ငြိမ် ဆန်းစစ်နိုင်ခဲ့တယ်။ ဒါကြောင့် ကိုယ့်အတွေးအခေါ် မှားနေမှန်း၊ ယေဟောဝါနဲ့ ဝေးကွာသွားစေနိုင်တဲ့ အန္တရာယ်လမ်းပေါ် ရောက်နေမှန်း မြင်လာတယ်။ လူဆိုးတွေဟာ “ချော်တဲ့ မြေပေါ်” မှာ ရှိနေပြီး “ဆိုးဆိုးရွားရွား ဇာတ်သိမ်း” သွားမယ်ဆိုတာကိုလည်း နားလည်လာတယ်။ မနာလိုစိတ်နဲ့ စိတ်ဓာတ်ကျမှုကို တိုက်လှန်ဖို့ ဆာလံဆရာဟာ ကိစ္စရပ်တွေကို ယေဟောဝါ ရှုမြင်သလို ရှုမြင်ဖို့ လိုအပ်ခဲ့တယ်။ ဒီလိုနဲ့ စိတ်ငြိမ်သက်မှု ပြန်ရပြီး ပျော်ရွှင်လာတယ်။ “[ယေဟောဝါ] ရှိနေသရွေ့ ဘာမှ မလိုအပ်ပါဘူး” လို့ ပြောနိုင်ခဲ့တယ်။
၁၆ ကျွန်တော်တို့အတွက် သင်ခန်းစာ။ ကြီးပွားကောင်းစားနေပုံရတဲ့ လူဆိုးတွေကို ဘယ်တော့မှ မနာလို မဖြစ်ပါနဲ့။ သူတို့ရဲ့ ပျော်ရွှင်မှုဟာ အပေါ်ယံပဲ၊ ခဏပဲ။ သူတို့မှာ တည်မြဲတဲ့ အနာဂတ် မရှိဘူး။ (ဒေ. ၈:၁၂၊ ၁၃) သူတို့ကို မနာလို ဖြစ်နေရင် ကိုယ်ပဲ စိတ်ဓာတ်ကျလာမယ်။ ဘုရားနဲ့ ဆက်ဆံရေး ထိခိုက်လာမယ်။ ဒါကြောင့် ကြီးပွားကောင်းစားနေပုံရတဲ့ လူဆိုးတွေကို မနာလို ဖြစ်နေပြီလို့ ကိုယ့်ကိုယ်ကိုယ် သတိထားမိရင် လေဝိအမျိုးသားလို လုပ်ပါ၊ ဘုရားရဲ့ မေတ္တာပါ အကြံဉာဏ်ကို လိုက်နာပါ။ ဘုရားအလိုဆောင်သူတွေနဲ့ ပေါင်းသင်းပါ။ အရာရာထက် ယေဟောဝါကို ချစ်မယ်ဆိုရင် စစ်မှန်တဲ့ ပျော်ရွှင်မှု ရမယ်။ “စစ်မှန်တဲ့ အသက်” ရစေမယ့် လမ်းပေါ် ဆက်ရှိနေနိုင်ပါလိမ့်မယ်။—၁ တိ. ၆:၁၉။
မောရှေရဲ့ယုံကြည်ခြင်းကို တုပပါ
၅ ‘အပြစ်နဲ့ဆိုင်တဲ့ ပျော်မွေ့ခြင်းကို ခဏခံစား’ ဖို့သွေးဆောင်တာကို ဘယ်လို တွန်းလှန်နိုင်သလဲ။ အပြစ်ရှိတဲ့ပျော်မွေ့ခြင်းဟာ ခဏပဲခံတယ်ဆိုတာ ဘယ်တော့မှ မမေ့ပါနဲ့။ “လောကနဲ့ လောကတပ်မက်ခြင်းတို့သည် ရွေ့သွားကွယ်ပျောက်ဆဲရှိ၏” ဆိုတာကို သိမြင်ဖို့ ယုံကြည်ခြင်းက ကူညီပေးပါလိမ့်မယ်။ (၁ ယော. ၂:၁၅-၁၇) နောင်တမရတဲ့အပြစ်သားတွေရဲ့ အနာဂတ်ကို စဉ်းစားကြည့်ပါ။ သူတို့တွေဟာ ‘ချော်တဲ့နေရာမှာရှိနေပြီး ကြောက်မက်ဖွယ်ဇာတ်သိမ်းသွားကြ’ တယ်။ (ဆာ. ၇၃:၁၈၊ ၁၉) အပြစ်လုပ်ဖို့ သွေးဆောင်ခံရတဲ့အခါမှာ ‘ငါ ဘယ်လိုအနာဂတ်မျိုး လိုချင်သလဲ’ လို့ ကိုယ့်ကိုယ်ကိုယ် မေးပါ။
သင့်ကို ဂုဏ်ကျက်သရေ မရရှိအောင်လုပ်ဖို့ ဘယ်အရာကိုမှ ခွင့်မပြုပါနဲ့
၃ ယေဟောဝါက မိမိကို ဂုဏ်ကျက်သရေပေးမယ်ဆိုတာ ဆာလံဆရာ ယုံကြည်စိတ်ချခဲ့တယ်။ (ဆာလံ ၇၃:၂၃၊ ၂၄ ကိုဖတ်ပါ။) နာခံတဲ့လူတွေကို ယေဟောဝါ ဘယ်လိုနည်းနဲ့ ဂုဏ်ကျက်သရေရှိစေသလဲ။ သူတို့ကို မျက်နှာသာပေးခြင်း၊ နည်းလမ်းမျိုးစုံနဲ့ ကောင်းချီးပေးခြင်းအားဖြင့် ဂုဏ်ကျက်သရေရှိစေတယ်။ ဥပမာ၊ ကိုယ်တော့်အလိုတော်ကို နားလည်ဖို့ ကူညီပေးတယ်၊ ကိုယ်တော်နဲ့ရင်းနှီးတဲ့ဆက်ဆံရေး ရရှိစေတယ်။—၁ ကော. ၂:၇; ယာ. ၄:၈။
၄ ယေဟောဝါက မိမိရဲ့ကျေးကျွန်တွေကို ဂုဏ်ရှိတဲ့ အမှုဆောင်လုပ်ငန်းကိုလည်း ပေးအပ်ထားတယ်။ (၂ ကော. ၄:၁၊ ၇) ဟောပြောခြင်းလုပ်ငန်းမှာ ကျွန်ုပ်တို့ပါဝင်ပြီး ယေဟောဝါကို ချီးမွမ်းတဲ့အခါ ကျွန်ုပ်တို့ဟာ ကိုယ်တော်ပေးတဲ့ ဂုဏ်ကျက်သရေကို ရရှိကြပြီး တခြားသူတွေလည်း အဲဒီကနေ အကျိုးရရှိကြတယ်။ ယေဟောဝါက “ငါ့ကို ဂုဏ်တင်ချီးမြှောက်သူတွေကို ငါ ဂုဏ်တင်ချီးမြှောက်” မယ်လို့ ကတိပေးထားတယ်။ (၁ ရာ. ၂:၃၀၊ ကဘ) ယေဟောဝါက အဲဒီလိုလူတွေကို နာမည်ကောင်း ဒါမှမဟုတ် မျက်နှာသာပေးခြင်းအားဖြင့် ဂုဏ်တင်ချီးမြှောက်တယ်၊ သူတို့က အသင်းတော်မှာလည်း နာမည်ကောင်းရတယ်။—သု. ၁၁:၁၆; ၂၂:၁။
၅ “ယေဟောဝါကိုမျှော်လင့်ပြီး ကိုယ်တော့်လမ်းစဉ်အတိုင်း လိုက်လျှောက်” သူတွေရဲ့အနာဂတ် ဘယ်လိုရှိသလဲ။ သူတို့ကို ယေဟောဝါ ဒီလို ကတိပေးတယ်– “သင့်ကို ချီးမြှောက်လိမ့်မယ်။ သင်က မြေကြီးကို ပိုင်ဆိုင်ရလိမ့်မယ်။ လူဆိုးတွေပယ်ရှင်းခံရတာကို မြင်ရလိမ့်မယ်။” (ဆာ. ၃၇:၃၄၊ ကဘ) ဘုရားသခင့်ကျေးကျွန်တွေမှာ ထာဝစဉ်အသက်ရှင်ရမယ်ဆိုတဲ့ ထူးမြတ်လှတဲ့ မျှော်လင့်ချက်ရှိတယ်။—ဆာ. ၃၇:၂၉။
ဘုရားရေးရာ ရတနာ
it-2 ၂၄၀
လဝိသန်
ဆာလံ ၇၄ ဟာ လူမျိုးတော်ကို ဘုရားသခင် ကယ်တင်တဲ့အကြောင်းဖြစ်တယ်။ အီဂျစ်လက်ကနေ အစ္စရေးတွေကို ကယ်တင်တဲ့အကြောင်းကို အခန်းငယ် ၁၃ နဲ့ ၁၄ မှာ တင်စားဖော်ပြထားတယ်။ “ရေသတ္တဝါကြီး” ဒါမှမဟုတ် “လဝိသန်” ရဲ့ခေါင်းတွေကို နင်းခြေတယ်ဆိုတာ အီဂျစ်ပြည်ကနေ ထွက်လာချိန်မှာ ဖာရောနဲ့စစ်တပ်ကို နင်းခြေအောင်ပွဲခံတာကို ဆိုလိုတာ ဖြစ်နိုင်တယ်။ အာရမိတ်တာဂွမ်ကျမ်းမှာ “လဝိသန်ရဲ့ခေါင်းတွေ” ဆိုတဲ့အသုံးအနှုန်းအစား “ဖာရောရဲ့အားအင်ကြီးသူတွေ” လို့ သုံးနှုန်းထားတယ်။ (နိုင်းမြစ်ရဲ့တူးမြောင်းတွေထဲက “ပင်လယ်သတ္တဝါကြီး” အဖြစ် ဖာရောကို တင်စားထားတဲ့ ယဇ ၂၉:၃-၅ နဲ့ နှိုင်းယှဉ်ပါ။ ယဇ ၃၂:၂ ကိုလည်းကြည့်ပါ။) ဟေရှာယ ၂၇:၁ မှာဖော်ပြထားတဲ့ လဝိသန် (“နဂါး၊” စက်ပ်တွားဂျင့်ကျမ်း) ဟာ အတိုင်းတိုင်းအပြည်ပြည်ကို ဩဇာလွှမ်းတဲ့ အင်ပါယာ၊ “မြွေ” နဲ့ “နဂါး” ဖြစ်သူ ကြီးစိုးတဲ့အင်ပါယာကို ကိုယ်စားပြုတယ်။ (ဗ ၁၂:၉) ဟေရှာယပရောဖက်ပြုချက်ဟာ အစ္စရေးနိုင်ငံပြန်လည်တည်ထောင်ခြင်းအကြောင်း ဖြစ်လို့ ယေဟောဝါ “ဒဏ်စီရင်” မယ့် လဝိသန်ဟာ ဗာဗုလုန်ဖြစ်ရမယ်လို့ ကောက်ချက်ချနိုင်သလို အခန်းငယ် ၁၂ နဲ့ ၁၃ အရ အဆီးရီးယားနဲ့ အီဂျစ်လည်း ပါဝင်တယ်။ ဒါကြောင့် ဟေရှာယ ၂၇:၁ မှာဖော်ပြထားတဲ့ လဝိသန်ဟာ ယေဟောဝါနဲ့ ကျေးကျွန်တွေကို ဆန့်ကျင်တိုက်ခိုက်တဲ့ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း ဒါမှမဟုတ် အင်ပါယာကို ရည်ညွှန်းတာ ထင်ရှားတယ်။
ဩဂုတ် ၁၉-၂၅
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ ဆာလံ ၇၅-၇၇
ဘာကြောင့် မဝါကြွားသင့်
လူတွေရဲ့ ခြားနားမှုကို ကြည့်ပါ
၄ ကိုယ့်ကိုယ်ကိုယ်ပဲ ချစ်တဲ့သူတွေ၊ ငွေကို တပ်မက်သူတွေ ဖြစ်ကြမယ်လို့ ဖော်ပြပြီးတဲ့နောက် ဝါကြွားသူ၊ မောက်မာသူ၊ မာနထောင်လွှားသူ ဖြစ်ကြမယ်လို့လည်း ပေါလု ရေးသားခဲ့တယ်။ ဒီအရည်အသွေးတွေဟာ ကိုယ့်အစွမ်းအစ၊ ရုပ်ရည်အသွင်အပြင်၊ စည်းစိမ်ချမ်းသာ၊ အဆင့်အတန်းတွေကြောင့် သူတစ်ပါးထက် သာလွန်တယ်လို့ ယူမှတ်စေတယ်။ ဒီလိုစရိုက်မျိုး ရှိတဲ့သူတွေဟာ လေးစားအထင်ကြီးမှု ရချင်ကြတယ်။ မာနကြီးသူဟာ “ငါသာလျှင် ငါ့ကိုးကွယ်ရာ” ဆိုပြီး ထင်နေတတ်တယ်လို့ ပညာရှင်တစ်ယောက် ရေးတယ်။ မာနကြီးလွန်းခြင်းဟာ မနှစ်မြို့ဖွယ်ကောင်းလို့ မာနကြီးသူကတောင် တခြားသူတွေ မာနကြီးတာကို မကြိုက်ဘူးလို့ တချို့ ဆိုကြတယ်။
၅ မာနကြီးတာကို ယေဟောဝါ စက်ဆုပ်တယ်။ “မောက်မာတဲ့မျက်လုံး” ကို မုန်းတယ်။ (ပညာ. ၆:၁၆၊ ၁၇) မာနက ဘုရားသခင်ထံချဉ်းကပ်ဖို့ အတားအဆီး ဖြစ်စေတယ်။ (ဆာ. ၁၀:၄) အဲဒါက မာရ်နတ်ရဲ့ စရိုက်ပဲ။ (၁ တိ. ၃:၆) ဝမ်းနည်းစရာက ယေဟောဝါရဲ့ သစ္စာရှိကျေးကျွန်တချို့တောင် မာနစိတ် ဝင်ခဲ့ကြတယ်။ ယုဒဘုရင် ဩဇိဟာ နှစ်များစွာ သစ္စာရှိခဲ့တယ်။ “ဒါပေမဲ့ ဩဇိဟာ အင်အားကြီးလာတာနဲ့အမျှ မောက်မာလာတဲ့အတွက် ပျက်စီးဖို့ အကြောင်းဖန်လာတယ်။ သူက ယေဟောဝါဘုရားကို သစ္စာဖောက်ပြီး နံ့သာပေါင်းပလ္လင်မှာ နံ့သာပေါင်းမီးရှို့ဖို့ ယေဟောဝါရဲ့ ဗိမာန်တော်ထဲ ဝင်သွားတယ်” လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။—၂ ရာ. ၂၆:၁၆။ ၃၂:၂၅၊ ၂၆။
ဆာလံကျမ်းအပိုင်းသုံးနှင့် အပိုင်းလေးမှ ပေါ်လွင်ချက်များ
၇၅:၄၊ ၅၊ ၁၀—“ဦးချို” ဟူသောအသုံးအနှုန်းက အဘယ်အရာကို ပုံတင်ပြသနည်း။ တိရစ္ဆာန်တစ်ကောင်၏ ဦးချိုသည် အသုံးဝင်သော လက်နက်တစ်ခု ဖြစ်သည်။ ထို့ကြောင့် “ဦးချို” ဟူသော အသုံးအနှုန်းက တန်ခိုး သို့မဟုတ် အစွမ်းခွန်အားကို ပုံဆောင်သည်။ ယေဟောဝါသည် မိမိလူမျိုးတော်၏ ဦးချိုများကို ချီးမြှောက်ပြီး ‘မတရားသောသူတို့၏ ဦးချိုအပေါင်းကိုကား ချိုးတော်မူမည်။’ မာနထောင်လွှားသော သဘောထား တင်ပြခြင်းဖြင့် ကျွန်ုပ်တို့၏ “ဦးချိုကို မချီးမြှောက်ကြ” ရန် သတိပေးထားသည်။ ယေဟောဝါသာ ချီးမြှောက်ခွင့်ရှိသောကြောင့် အသင်းတော်တာဝန်များကို ကိုယ်တော်ခန့်အပ်သည်ဟု ယူမှတ်ရမည်။—ဆာလံ ၇၅:၇။
ဘုရားရေးရာ ရတနာ
ဆာလံကျမ်းအပိုင်းသုံးနှင့် အပိုင်းလေးမှ ပေါ်လွင်ချက်များ
၇၆:၁၀—“လူတို့၏ဒေါသသည်” ယေဟောဝါအား မည်သို့ချီးမွမ်းနိုင်သနည်း။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ ကျေးကျွန်များဖြစ်သောကြောင့် ကျွန်ုပ်တို့ကို လူတို့ဒေါသထွက်ခြင်းသည် အကျိုးရှိနိုင်သည်။ ကျွန်ုပ်တို့ ကြုံတွေ့ရမည့် အခက်အခဲသည် ကျွန်ုပ်တို့အတွက် ပဲ့ပြင်မှုဖြစ်နိုင်သည်။ ကျွန်ုပ်တို့ကို ဘုရားသခင် လေ့ကျင့်မှုပေးဖို့အတွက်လောက်သာ ဆင်းရဲခံစေပါသည်။ (၁ ပေတရု ၅:၁၀) ‘ကြွင်းသောဒေါသကိုလည်း ကိုယ်တော် ခါးပန်းစည်းတော်မူမည်။’ သေသည်အထိ ဆင်းရဲခံရမည်ဆိုလျှင်ကော။ ယင်းကလည်း ယေဟောဝါအား ချီးမွမ်းစရာ ဖြစ်စေနိုင်သည်။ အကြောင်းမှာ ကျွန်ုပ်တို့၏ တည်ကြည်မှုကို တွေ့မြင်သူတို့က ဘုရားသခင်အား ဂုဏ်တင်လာနိုင်သောကြောင့် ဖြစ်သည်။
ဩဂုတ် ၂၆–စက်တင်ဘာ ၁
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ ဆာလံ ၇၈
အစ္စရေးတွေရဲ့ သစ္စာမဲ့မှုက သတိပေး ပုံနမူနာဖြစ်
“အထက်ကာလအချိန်ကို အောက်မေ့ကြလော့” အဘယ်ကြောင့်နည်း
ဝမ်းနည်းစရာမှာ ဣသရေလလူမျိုးသည် မေ့လျော့ခြင်းအပြစ်ကို မကြာခဏ ပြုခဲ့ကြသည်။ သို့ဖြစ်၍ အဘယ်ရလဒ်ပေါ် လာသနည်း။ “ဘုရားသခင်ကို အဖန်ဖန်စုံစမ်း၍ ဣသရေလအမျိုး၌ သန့်ရှင်းတော်မူသော ဘုရားကို ဆန့်ကျင်ဘက်ပြုကြပါသည်တကား။ တန်ခိုးတော်ကိုလည်းကောင်း၊ ဒုက္ခထဲက ကယ်လွှတ်တော်မူသော နေ့ရက်ကာလကိုလည်းကောင်း မအောက်မေ့ကြ။” (ဆာလံ ၇၈:၄၁၊ ၄၂) နောက်ဆုံးတွင် ယေဟောဝါ၏ အမိန့်တော်များကို သူတို့မေ့လျော့ကြခြင်းကြောင့် ကိုယ်တော်၏ စွန့်ပယ်ခြင်းကို ခံခဲ့ကြရသည်။—မဿဲ ၂၁:၄၂၊ ၄၃။
“ထာဝရဘုရား၏ အမှုတော်တို့ကို အောက်မေ့ပါမည်။ ရှေးကာလ၌ ကိုယ်တော်ပြုဖူးသော အံ့သြဖွယ်တို့ကို အောက်မေ့ပါမည်။ ပြုတော်မူသမျှတို့ကို ဆင်ခြင်၍ စီရင်တော်မူသောအရာတို့ကို မြွက်ဆိုပါမည်” ဟုရေးသားခဲ့သော ဆာလံဆရာသည် ပုံသက်သေကောင်း တင်ပြခဲ့ပြီ။ (ဆာလံ ၇၇:၁၁၊ ၁၂) အထက်ကာလအချိန်က သစ္စာရှိမှုနှင့် ယေဟောဝါ၏ မေတ္တာရှိသော လုပ်ရပ်များကို ဤသို့အောက်မေ့ခြင်းက ကျွန်ုပ်တို့လိုအပ်သော စေ့ဆော်မှု၊ အားပေးတိုက်တွန်းမှုနှင့် ကျေးဇူးတင်လေးစားမှု ရှိစေမည်။ ထို့ပြင် “အထက်ကာလအချိန်ကို အောက်မေ့ကြခြင်း” ဖြင့် မောပန်းခြင်းပျောက်လွင့်ပြီး ကျွန်ုပ်တို့ အတတ်နိုင်ဆုံး အမှုဆောင်ရန်နှင့် သစ္စာရှိသော ခံနိုင်ရည်ကို တင်ပြရန် စေ့ဆော်တွန်းအားပေးနိုင်ပါသည်။
ညည်းညူ“မြည်တမ်းခြင်း” မပြုကြနှင့်
၁၆ ညည်းညူခြင်းက မိမိနှင့် မိမိပြဿနာများကိုသာ အာရုံစိုက်စေရာ ယေဟောဝါသက်သေများအနေနှင့် ရရှိထားသောကောင်းချီးများကို မျက်ကွယ်ပြုရာရောက်သည်။ ထို့ကြောင့် ညည်းညူလိုစိတ်ကိုနိုင်နင်းဖို့ အဆိုပါကောင်းချီးများကို အာရုံစိုက်နေရမည်။ ဥပမာ၊ ကျွန်ုပ်တို့တစ်ဦးစီသည် ယေဟောဝါ၏နာမတော်ကို ခံယူခွင့်ရရှိထားကြ၏။ (ဟေရှာယ ၄၃:၁၀) ကိုယ်တော်နှင့်ရင်းနှီးသောဆက်ဆံရေးရှိဖို့ ပြုစုပျိုးထောင်နိုင်ကြသည်၊ ‘ဆုတောင်းခြင်းကို နားထောင်တော်မူသောအရှင်’ ထံ ကျွန်ုပ်တို့အချိန်မရွေး စကားပြောဆိုနိုင်ကြသည်။ (ဆာလံ ၆၅:၂; ယာကုပ် ၄:၈) စကြဝဠာအကြွင်းမဲ့ပိုင်သအုပ်စိုးမှုအရေးကိစ္စကို သဘောပေါက်ပြီး ဘုရားသခင်အပေါ် သမာဓိစောင့်သိနိုင်သည့်အခွင့်ထူးရှိကြောင်း သိရ၍ ကျွန်ုပ်တို့၏ဘဝသည် အဓိပ္ပာယ်ရှိသည်။ (သု. ၂၇:၁၁) ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ဟောပြောခြင်းလုပ်ငန်းတွင် ကျွန်ုပ်တို့မှန်မှန် ပါဝင်နိုင်ကြသည်။ (မဿဲ ၂၄:၁၄) ယေရှုခရစ်၏ ရွေးဖိုးပူဇော်ရာယဇ်ကို ယုံကြည်ခြင်းက ကိုယ်ကိုကိုယ်သိသောစိတ် ကြည်လင်စေနိုင်သည်။ (ယောဟန် ၃:၁၆) ကျွန်ုပ်တို့သည် မည်သည့်အခက်အခဲများကိုပင် ခံရပ်နေရပါစေ အဆိုပါကောင်းချီးများကို ခံစားနေကြရ၏။
ယေဟောဝါဘုရားသခင်မှာ ခံစားချက်ရှိသလား
‘သူတို့သည် ကိုယ်တော်ကို တော၌ ကြိမ်ဖန်များစွာ ပုန်ကန်ကြသည်တကား’ လို့ ဆာလံဆရာက ပြောပြတယ်။ (အခန်းငယ် ၄၀) နောက်အခန်းငယ်မှာကျတော့ ‘ဘုရားသခင်ကို အဖန်ဖန် စုံစမ်းကြသည်’ လို့ ဖော်ပြထားတယ်။ (အခန်းငယ် ၄၁) အကြိမ်ကြိမ် ပုန်ကန်မှုနဲ့ပတ်သက်ပြီး ကျမ်းရေးသူရဲ့ ဖော်ပြချက်ကို သတိပြုကြည့်ပါ။ အီဂျစ်ပြည်ကနေ ထွက်လာတာဖြင့် မကြာသေးဘူး၊ တောကန္တာရထဲကိုလည်း ရောက်ရော မရိုမသေပြုမှုနဲ့ ပုန်ကန်မှု စတင်လာပါတော့တယ်။ ဘုရားသခင် သူတို့ကို ဂရုစိုက်ပါ့မလား၊ ဂရုစိုက်ပေးချင်တဲ့စိတ်ရော ရှိရဲ့လားဆိုပြီး သံသယစိတ်တွေနဲ့ ညည်းညူလာခဲ့ကြတယ်။ (တောလည်ရာ ၁၄:၁-၄) ‘သူတို့သည် ကိုယ်တော်ကို ပုန်ကန်ကြသည်’ ဆိုတဲ့စကားကို နောက်တစ်နည်းနဲ့ပြောရရင် ‘ဘုရားသခင်ကို ခေါင်းမာမာနဲ့ ဆန့်ကျင်ခဲ့ကြတယ်’ ဒါမှမဟုတ် ‘ဘုရားသခင်ကို ငြင်းပယ်ခဲ့ကြတယ်’ ဆိုပြီး ကျမ်းစာဘာသာပြန်သူတွေအတွက် လက်စွဲစာအုပ်တစ်အုပ်မှာ ဖော်ပြထားတယ်။ ဒါပေမဲ့ သူတို့ နောင်တယူတဲ့အခါ ဘုရားသခင်က သနားကြင်နာစွာ ခွင့်လွှတ်ခဲ့တယ်။ ခွင့်လွှတ်ခံရပြီးတဲ့နောက်ပိုင်းမှာ သူတို့တွေဟာ အရင်အတိုင်း ပြန်ပုန်ကန်ပါလေရော။ ဒီလိုနဲ့ ပုန်ကန်မှုသံသရာက မဆုံးတော့ဘူး။—ဆာလံ ၇၈:၁၀-၁၉၊ ၃၈။
အပြောင်းအလဲမြန်တဲ့ အစ္စရေးလူတွေ ပုန်ကန်တဲ့အခါတိုင်း ဘုရားသခင် ဘယ်လို ခံစားခဲ့ရသလဲ။ ‘သူတို့သည် ကိုယ်တော်ကို စိတ်တော်နာဖွယ်ပြုကြသည်’ လို့ အခန်းငယ် ၄၀ မှာဖော်ပြထားတယ်။ ခေတ်သုံးမြန်မာသမ္မာကျမ်းမှာတော့ “ကိုယ်တော်အား စိတ်မချမ်းမသာ ဖြစ်စေခဲ့ကြပါသည်” လို့ ပြန်ဆိုထားတယ်။ ကျမ်းစာအကိုးအကားတစ်ခုက ဒီလိုရှင်းပြတယ်– “ဒီနေရာမှာ ဟီဘရူးလူတွေရဲ့ ပြုမူပုံက စကားနားမထောင်တဲ့ ကလေးဆိုးရဲ့ အပြုအမူလိုမျိုး စိတ်ကို နာကျင်စေတယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်တယ်။” ဆိုဆုံးမရခက်တဲ့ ကလေးတစ်ဦးဟာ မိဘတွေကို အကြီးအကျယ် စိတ်ဆင်းရဲစေသလို ပုန်ကန်တဲ့ အစ္စရေးလူတွေဟာ ‘သန့်ရှင်းတော်မူသောအရှင့် အမျက်တော်ကို နှိုးဆော်ကြ၏ [“စိတ်တော်နာစေကြ၏၊” ကဘ]။’—အခန်းငယ် ၄၁။
ဘုရားရေးရာ ရတနာ
ဆာလံကျမ်းအပိုင်းသုံးနှင့် အပိုင်းလေးမှ ပေါ်လွင်ချက်များ
၇၈:၂၃-၂၅—မန္နမုန့်ကို “ကောင်းကင်ဆန်စပါး” နှင့် “ကြီးမြတ်သောသူတို့၏အစာ” ဟု အဘယ်ကြောင့် ခေါ်ထားသနည်း။ မန္နမုန့်သည် ကောင်းကင်တမန်တို့၏အစာ ဖြစ်သည်ဟု ထိုအသုံးအနှုန်းများက မဆိုလိုပါ။ ယင်းသည် ကောင်းကင်မှ ကျလာသောကြောင့် “ကောင်းကင်မုန့်” ဖြစ်သည်။ (ဆာလံ ၁၀၅:၄၀) ကောင်းကင်တမန်များ သို့မဟုတ် “ကြီးမြတ်သောသူတို့” သည် ကောင်းကင်တွင် နေထိုင်ကြသောကြောင့် “ကြီးမြတ်သောသူတို့၏အစာ” ဟူသောစကားစုသည် ကောင်းကင်တွင် ကျိန်းဝပ်တော်မူသော ဘုရားသခင် ပြင်ဆင်ပေးသောအစာဟုသာ ဆိုလိုနိုင်သည်။ (ဆာလံ ၁၁:၄) ထို့ပြင် ဣသရေလလူမျိုးအတွက် မန္နမုန့်ချပေးရာတွင် ကောင်းကင်တမန်များကို ယေဟောဝါ အသုံးပြုခဲ့ပေမည်။