ဒိုမီနီကန်သမ္မတနိုင်ငံ
လွတ်လပ်စွာဟောပြောခွင့်
ထရူဟီယို လုပ်ကြံခံရ
၁၉၆၀ ပြည့်နှစ်မှာ ထရူဟီယိုရဲ့စစ်အုပ်ချုပ်မှုနဲ့ပတ်သက်ပြီး နိုင်ငံတကာပြစ်တင်ဝေဖန်မှုနဲ့ ပြည်တွင်းဆန့်ကျင်မှုတွေ ပိုတိုးများလာတယ်။ နိုင်ငံရေးအခြေအနေတင်းမာနေတဲ့ကြားမှာ ကမ္ဘာ့ဌာနချုပ်က ညီအစ်ကိုမီလ်တန် ဟဲန်ရှယ်လ် လာရောက်လည်ပတ်ပြီး ၁၉၆၁၊ ဇန်နဝါရီလမှာကျင်းပတဲ့ သုံးရက်ကြာစည်းဝေးပွဲကို တက်ရောက်ခဲ့တယ်။ လူထုစည်းဝေးပွဲမှာ တက်ရောက်သူ ၉၅၇ ယောက်ရှိပြီး ၂၇ ယောက် နှစ်ခြင်းခံတယ်။ လည်ပတ်ချိန်အတွင်း ညီအစ်ကိုဟဲန်ရှယ်လ်ဟာ လုပ်ငန်းပြန်ဖွဲ့စည်းဖို့နဲ့ ရပ်ကွက်မြေပုံပြန်ဆွဲဖို့ ညီအစ်ကိုတွေကို ကူညီပေးခဲ့တယ်။
တိုက်နယ်ကြီးကြပ်မှူး အန်ရီကီ ဂလပ်စ်နဲ့ ဂျူလီယန် လိုပက်ဇ်တို့ဟာ အသင်းတော်တွေကိုလည်ပတ်ဖို့ တာဝန်ရတယ်။ ဂျူလီယန် အခုလိုပြောပြတယ်– “နိုင်ငံအရှေ့ပိုင်းက အသင်းတော်နှစ်ခုနဲ့ မြောက်ပိုင်းက အသင်းတော်အားလုံးကို ကျွန်တော်လည်ပတ်တယ်။ အရှေ့ပိုင်းက ကျန်တဲ့အသင်းတော်တွေနဲ့ တောင်ပိုင်းတစ်ခုလုံးကိုတော့ အန်ရီကီလည်ပတ်တယ်။” ဒီလိုလည်ပတ်မှုတွေက အသင်းတော်အချင်းချင်းသာမက အဖွဲ့အစည်းနဲ့လည်း အဆက်အသွယ်ပြန်ရစေပြီး ညီအစ်ကိုအသင်းပင်းကို ၀တ်ပြုရေးဘက်တိုးတက်လာဖို့ ကူညီပေးတယ်။
၁၉၆၁ ခုနှစ်မှာ ဒိုမီနီကန်နိုင်ငံကိုသွားနေတဲ့ ဆာလ်ဗီနိုနဲ့ဟယ်လင် ဖာရာရီ
၁၉၆၁ ခုနှစ်မှာ ဒုတိယအကြိမ်မြောက် ဂိလဒ်ကျောင်းဆင်းတွေဖြစ်တဲ့ ဆာလ်ဗီနိုနဲ့ဟယ်လင် ဖာရာရီတို့ ရောက်လာတယ်။ ကျူးဘားနိုင်ငံမှာ သူတို့ရခဲ့တဲ့ သာသနာပြုအတွေ့အကြုံက ဒိုမီနီကန်နိုင်ငံရဲ့ ရိတ်သိမ်းခြင်းလုပ်ငန်းကြီးကို လုပ်ဆောင်ဖို့ အများကြီးထောက်ကူပေးတယ်။ ဆာလ်ဗီနိုဟာ သူသေဆုံးတဲ့ ၁၉၉၇ ခုနှစ်အထိ ဌာနခွဲကော်မတီဝင်အဖြစ် အမှုဆောင်ခဲ့တယ်။ ဟယ်လင်လည်း အချိန်ပြည့်လုပ်ငန်းမှာပါဝင်တာ ၇၉ နှစ်ရှိနေပြီး အချိန်အများစုကို သာသနာပြုလုပ်ငန်းမှာ အသုံးပြုခဲ့တယ်။
ဆာလ်ဗီနိုနဲ့ဟယ်လင်တို့ရောက်ပြီး သိပ်မကြာခင်၊ ၁၉၆၁၊ မေလ ၃၀ ရက်ညမှာ လုပ်ကြံသူတွေက ထရူဟီယိုစီးလာတဲ့ကားကို ဆန်ခါပေါက်ဖြစ်တဲ့အထိ သေနတ်နဲ့ပစ်ခဲ့တယ်။ ဒီနည်းနဲ့ ထရူဟီယိုရဲ့ ရက်စက်တဲ့အုပ်ချုပ်ရေး မရှုမလှဇာတ်သိမ်းသွားတယ်။ သူ့ကိုလုပ်ကြံလိုက်ပေမဲ့ နိုင်ငံရေးအခြေအနေကတော့ မတည်ငြိမ်လာဘူး။ နှစ်အတော်ကြာထိ နိုင်ငံတွင်းမှာ ပဋိပက္ခတွေနဲ့ မငြိမ်မသက်ဖြစ်နေဆဲပဲ။
ဟောပြောခြင်းလုပ်ငန်း ရှေ့ဆက်တိုးတက်
အဲဒီအတောအတွင်း သာသနာပြုတွေ ထပ်ရောက်လာတယ်။ ပထမအကြိမ်မြောက်ဂိလဒ်ကျောင်းဆင်း ဝီလျံ ဒီမဲန်နဲ့သူ့ဇနီး အက်စ်တဲလ်၊ ညီအစ်မသဲလ်မာ ခရဇ်၊ ညီအစ်မဖလေစီ ကိုရိုနာအိုတို့ဟာ ပွာတီရီကိုဌာနခွဲကနေ ဒိုမီနီကန်နိုင်ငံကို ပြောင်းရွှေ့ခံရတယ်။ ထရူဟီယိုလုပ်ကြံခံရပြီး နှစ်ရက်အကြာမှာပဲ ရောက်လာကြတာ။ ဝီလျံ အခုလိုပြောပြတယ်– “ကျွန်တော်တို့ရောက်သွားတဲ့အချိန်မှာ အခြေအနေမငြိမ်မသက်ဖြစ်နေပြီး စစ်တပ်က တော်တော်အလုပ်များနေတယ်။ တော်လှန်ရေးဖြစ်မှာကို ကြောက်လန့်နေပြီး စစ်သားတွေက အဝေးပြေးလမ်းမပေါ်မှာ လူတိုင်းကို ရှာဖွေစစ်ဆေးနေတယ်။ စစ်ဆေးရေးဂိတ်တွေမှာ ကျွန်တော်တို့ကိုရပ်ခိုင်းပြီး ခရီးဆောင်အိတ်တွေကို ရှာဖွေကြတယ်။ အိတ်ထဲက အသေးဆုံးပစ္စည်းကအစ အားလုံးထုတ်ပြီး စစ်ဆေးကြတယ်။” ဒီလိုနိုင်ငံရေးမတည်ငြိမ်မှုကြားမှာ ဟောပြောဖို့ဆိုတာ စိန်ခေါ်ချက်ပဲ။
သာသနာပြုအဖြစ် ၆၇ နှစ်ကြာ ဇွဲရှိရှိအမှုဆောင်ခဲ့ပြီး ဒိုမီနီကန်နိုင်ငံမှာ ဆက်အမှုဆောင်နေဆဲဖြစ်တဲ့ သဲလ်မာ ခရဇ်၊ အက်စ်တဲလ်နဲ့ဝီလျံ ဒီမဲန်
ဝီလျံ အခုလိုဆက်ပြောတယ်– “ယေဟောဝါသက်သေတွေဟာ ကွန်မြူနစ်တွေ၊ အဆိုးဆုံးလူတွေဖြစ်တယ်လို့ ထရူဟီယိုရဲ့ အာဏာရှင်စနစ်စိုးမိုးချိန်အတွင်း ပြည်သူလူထုသိခဲ့ကြတယ်။ . . . ဒါပေမဲ့ အဲဒီလိုတစ်ဖက်သတ်အစွဲတွေကို တဖြည်းဖြည်း ဖျောက်ဖျက်နိုင်ခဲ့တယ်။” ရလဒ်အနေနဲ့ စိတ်ရင်းမှန်သူများစွာ နိုင်ငံတော်သတင်းကို တုံ့ပြန်လာကြတယ်။ ၁၉၆၁ ခုနှစ် လုပ်ငန်းတော်နှစ်ကုန်ပိုင်းရောက်တော့ အထူးရှေ့ဆောင် ၃၃ ယောက်ရှိနေပြီ။