ဒိုမီနီကန်သမ္မတနိုင်ငံ
တိုးတက်လာတဲ့အခြေအနေကို ကိုင်တွယ်ဖြေရှင်းခြင်း
‘လူအမျိုးမျိုး ကယ်တင်ခံရရန်ဖြစ်’
ယေဟောဝါရဲ့အလိုတော်က “လူအမျိုးမျိုးတို့သည် ကယ်တင်ခံရ၍ အမှန်တရားဆိုင်ရာ တိကျမှန်ကန်သောအသိပညာကို သိရှိလာ” ဖို့ဖြစ်တယ်။ (၁ တိ. ၂:၄) ဒါကြောင့် ဒိုမီနီကန်နိုင်ငံမှာရှိတဲ့ ယေဟောဝါသက်သေတွေဟာ အကျဉ်းသားတွေအပါအဝင် နေရာတိုင်းမှာရှိတဲ့လူတွေဆီ သတင်းကောင်းရောက်ဖို့ ကြိုးစားကြတယ်။
၁၉၉၇ ခုနှစ်မှာ အထူးရှေ့ဆောင်နှစ်ယောက်က ဆန်ခရစ္စတိုဘယ်မြို့မှာရှိတဲ့ နာခါရိုထောင်ကို ပတ်စဉ်လည်ပတ်တယ်။ တစ်ကြိမ်မှာတော့ မူးယစ်ဆေးဝါးရောင်းဝယ်မှုနဲ့ ထောင်ကျနေတဲ့ ကိုလံဘီယာနိုင်ငံသူ ၂၃ နှစ်အရွယ် ဂလိုရီယာနဲ့တွေ့တယ်။ သူက မတရားထောင်ချခံရတဲ့ ညီအစ်မတစ်ယောက်နဲ့ ကျမ်းစာဆွေးနွေးဖူးတယ်။ သူသိချင်တဲ့ ကျမ်းစာမေးခွန်းတွေရဲ့အဖြေကို ရနိုင်ဖို့ ညီအစ်ကိုတွေက ကျိုးကြောင်းဆင်ခြင်စာအုပ်နဲ့ တခြားစာပေတွေ ယူလာပေးတယ်။ သူ့ရဲ့ ဇွဲရှိရှိ၊ ထက်ထက်သန်သန် သင်ယူလေ့လာမှုက တခြားအကျဉ်းသားတွေကိုလည်း အကျိုးပြုခဲ့တယ်။ ဒါကြောင့် ပတ်စဉ်လည်ပတ်မှုကို လက်ခံသူတွေ တိုးများလာတယ်။
အမှန်တရားကြောင့် ဂလိုရီယာ အကြီးအကျယ်ပြောင်းလဲလာပြီး ၁၉၉၉ ခုနှစ်မှာတော့ နှစ်ခြင်းမခံရသေးတဲ့ကြေညာသူ ဖြစ်လာတယ်။ ထောင်ထဲမှာ လစဉ် နာရီ ၇၀ ကျော်ဟောပြီး တိုးတက်တဲ့ကျမ်းစာသင်အံမှုခြောက်ခု ကျင်းပတယ်။ ၂၀၀၀ ပြည့်နှစ်မှာ လွတ်ငြိမ်းချမ်းသာခွင့်ရဖို့ လျှောက်ထားတဲ့အခါ သူ့ရဲ့အမူအကျင့်ကောင်းကြောင့် ရရှိခဲ့တယ်။ ထောင်ကလွတ်လာတော့ ကိုလံဘီယာနိုင်ငံကို ပြန်သွားတယ်။ မိသားစုက အပြင်းအထန်အတိုက်အခံလုပ်ပေမဲ့ သူ့နိုင်ငံကိုပြန်ရောက်ပြီး မကြာခင် ၂၀၀၁ ခုနှစ်မှာ နှစ်ခြင်းခံလိုက်တယ်။
ဂလိုရီယာ ကာဒိုနာဟာ ထောင်ထဲမှာ အမှန်တရားသိရှိခဲ့ပြီး ခင်ပွန်းနဲ့အတူ ရှေ့ဆောင်လုပ်နေ
နှစ်ခြင်းခံပြီးတာနဲ့ ရှေ့ဆောင်လုပ်တယ်။ နောက်တော့ အကြီးအကဲညီအစ်ကိုတစ်ယောက်နဲ့ အိမ်ထောင်ကျပြီး မှန်မှန်ရှေ့ဆောင် အတူတူလုပ်ကြတယ်။ အခု ကိုလံဘီယာနိုင်ငံက သာ၍လိုအပ်တဲ့ဒေသမှာ အမှုဆောင်နေကြတယ်။ ဂလိုရီယာဟာ လူတော်တော်များများကို ဆက်ကပ်အပ်နှံ နှစ်ခြင်းခံတဲ့အထိ ကူညီပေးခဲ့တယ်။ ယေဟောဝါအပေါ် အကြွေးတင်နေတယ်လို့ သူခံစားရတယ်။ အမှန်တရားသိလာအောင် သူ့ကို တခြားသူတွေကူညီပေးခဲ့သလို သူလည်း လူတွေအမှန်တရားသိလာအောင် ကူညီပေးချင်တယ်။ ဒါက ယေဟောဝါကို အကြွေးဆပ်တဲ့ အကောင်းဆုံးနည်းပဲလို့ သူပြောတယ်။
အကျဉ်းသားတွေ အသက်ကယ်အမှန်တရား မကြားရအောင် သံတိုင်တွေက မကာဆီးထားနိုင်ဘူးဆိုတာ ဂလိုရီယာရဲ့တွေ့ကြုံမှုက ဖော်ပြနေတယ်။ မကြာသေးခင်တုန်းက ဌာနခွဲကိုယ်စားလှယ်တွေဟာ ဗဟိုအကျဉ်းထောင်အရာရှိတွေနဲ့ တွေ့ဆုံပြီး အကျဉ်းသားတွေကို ကျမ်းစာသင်ပေးနိုင်ဖို့ ခွင့်တောင်းတယ်။ ဒါနဲ့ ညီအစ်ကို ၄၃ ယောက်နဲ့ ညီအစ်မ ၆ ယောက်ဟာ အကျဉ်းထောင် ၁၃ ခုမှာ ကျမ်းစာပညာပေးလုပ်ငန်း လုပ်ခွင့်ရခဲ့တယ်။
‘ကြိုးတို့ကို ရှည်စေလော့’
၂၀ ရာစုအကုန်ပိုင်းရောက်တော့ ဒိုမီနီကန်နိုင်ငံမှာ ကြေညာသူ ၂၁,၆၈၄ ယောက်၊ အသင်းတော်ပေါင်း ၃၄၂ ခုနဲ့ ကျမ်းစာသင်အံမှုပေါင်း ၃၄,၃၈၀ ခု ရှိနေပြီ။ အောက်မေ့ရာပွဲ တက်ရောက်သူ ၇၂,၆၇၉ ယောက်ရှိတယ်။ ဒီလိုတိုးတက်နေတာကြောင့် ယေဟောဝါရဲ့လူမျိုးက ဟေရှာယပြောတဲ့ ဒီစကားတွေကို အရေးတကြီးသဘောထားနဲ့ တုံ့ပြန်နေကြတယ်– “သင်၏တဲရာကို ကျယ်စေလော့။ သင်၏နေရာမျက်နှာကြက်ကို ကြက်ဦးလော့။ နှမြောသောစိတ်မရှိနှင့်။ ကြိုးတို့ကို ရှည်စေဦးလော့။”—ဟေရှာ. ၅၄:၂။
ဒါပေမဲ့ အခက်အခဲတစ်ခုက ကြေညာသူအများကြီးဆံ့တဲ့ စည်းဝေးပွဲခန်းမ မရှိသေးဘူး။ ဒါကြောင့် ၁၉၉၆ ခုနှစ်မှာ စန်တို ဒိုမင်ဂိုမြို့က ဌာနခွဲနဲ့ကပ်လျက်မြေကွက်မှာ စည်းဝေးပွဲခန်းမတစ်လုံး ဆောက်လုပ်ခဲ့တယ်။ အဲဒါက မြို့တော်နဲ့ပတ်ဝန်းကျင်နေရာက အသင်းတော်တွေအတွက် အတော်ပဲ။ ဒါပေမဲ့ ကျန်တဲ့အသင်းတော်တွေစုဝေးတဲ့ ဗီလာ ဂွန်ဇာလပ်ဇ်မြို့က စည်းဝေးပွဲခန်းမကို ပြုပြင်ဖို့ ဒါမှမဟုတ် အသစ်ဆောက်ဖို့ လိုအပ်နေတယ်။
၂၀၀၁ ခုနှစ်မှာ အုပ်ချုပ်ရေးအဖွဲ့က ဗီလာ ဂွန်ဇာလပ်ဇ်မြို့ စည်းဝေးပွဲခန်းမနေရာမှာ ထိုင်ခုံ ၂,၅၀၀ ဆံ့တဲ့ခန်းမဆောက်ဖို့ ခွင့်ပြုခဲ့တယ်။ (အခု သတင်းကောင်းဟောပြောသူများအတွက်သင်တန်းနဲ့ အစားထိုးလိုက်တဲ့) တစ်ကိုယ်ရေညီအစ်ကိုများအတွက်ကျမ်းစာသင်တန်း ကျင်းပဖို့ အဆောက်အအုံတစ်ခုကိုလည်း ဆောက်လုပ်မယ်ဆိုတာ ညီအစ်ကိုတွေသိရတော့ အရမ်းဝမ်းသာကြတယ်။ အဲဒီအဆောက်အအုံကို စည်းဝေးပွဲခန်းမနဲ့ကပ်လျက် ဆောက်လုပ်မှာဖြစ်ပြီး စာသင်ခန်း၊ စာကြည့်တိုက်၊ စားဖိုဆောင်၊ ထမင်းစားခန်းနဲ့ လူနေခန်းတွေ ပါဝင်မယ်။ ၂၀၀၄ ခုနှစ်မှာ အုပ်ချုပ်ရေးအဖွဲ့ဝင် သီအိုဒေါရ် ဂျဲရက်စ်က အဆောက်အအုံသစ်တွေအတွက် အပ်နှံပွဲဟောပြောချက် ပေးခဲ့တယ်။ အခုဆိုရင် အဲဒီအဆောက်အအုံမှာ သင်တန်း ၁၅ ကြိမ် ကျင်းပပြီးပြီ။