ဒိုမီနီကန်သမ္မတနိုင်ငံ
ဟေတီ ကရီအောလ်စကားနဲ့ဟောပြောခြင်းလုပ်ငန်း
ဟေတီ ကရီအောလ်စကားနဲ့ ဟောပြောခြင်းလုပ်ငန်းစတင်
စပိန်ဘာသာစကားနဲ့ဟောပြောခြင်းလုပ်ငန်းဟာ အရမ်းကို တိုးတက်လာတယ်။ နောက်ပိုင်းမှာတော့ ဒိုမီနီကန်နိုင်ငံကိုပြောင်းရွှေ့လာတဲ့ ဘာသာခြားစကားပြောသူတွေလည်း သတင်းကောင်းကို တုံ့ပြန်လာတယ်။ အိမ်နီးချင်းဟေတီနိုင်ငံရဲ့ အများသုံးစကားက ဟေတီ ကရီအောလ်စကား ဖြစ်တယ်။ ဒိုမီနီကန်နဲ့ဟေတီရဲ့ နှစ်နိုင်ငံဆက်ဆံရေးက သိပ်မကောင်းပေမဲ့ ထောင်နဲ့ချီတဲ့ဟေတီနိုင်ငံသားတွေဟာ ဒိုမီနီကန်မှာ အလုပ်လာလုပ်ကြတယ်။ မကြာသေးခင်နှစ်တွေအတွင်း အဲဒီအလုပ်သမားအရေအတွက် သိသိသာသာ တိုးများလာတယ်။
နှစ်တွေတစ်လျှောက် ဒိုမီနီကန်နိုင်ငံမှာ အမှန်တရားကိုစိတ်ဝင်စားတဲ့ ဟေတီ ကရီအောလ် စကားပြောသူတွေဟာ စပိန်စကားပြောအသင်းတော်တွေနဲ့ ပူးပေါင်းခဲ့ရတယ်။ သူတို့ကို ကူညီပေးဖို့ ဂွာဒါလွတ်နိုင်ငံက အထူးရှေ့ဆောင်တွေကို ဖိတ်ခေါ်ပါဆိုပြီး ၁၉၉၃ ခုနှစ်မှာ အုပ်ချုပ်ရေးအဖွဲ့က ဂွာဒါလွတ်နိုင်ငံဌာနခွဲရုံးကို ညွှန်ကြားခဲ့တယ်။ ဒိုမီနီကန်ကိုပြောင်းရွှေ့လာတဲ့ စေတနာ့ဝန်ထမ်း မောင်နှံသုံးစုံထဲမှာ ဘာနဘီနဲ့ဇာမန် ဘီယာဘာနီတို့လည်းပါတယ်။ ဘာနဘီ အခုလိုပြောပြတယ်– “အဲဒီတုန်းက ဟေတီ ကရီအောလ်စကားနဲ့ ဘရိုရှာနှစ်စောင်ပဲရှိတယ်။ ကျန်တဲ့စာပေတွေက ပြင်သစ်စကားနဲ့ဆိုတော့ ဟေတီ ကရီအောလ်စကားနဲ့ ဘာသာပြန်ပေးရတယ်။”
၁၉၉၆၊ ဇန်နဝါရီလရောက်တော့ ဟေတီ ကရီအောလ်အုပ်စုကို ကူညီပေးတဲ့ကြေညာသူ အီဂွာမြို့မှာ ကိုးယောက်၊ စန်တို ဒိုမင်ဂိုမြို့မှာ ဆယ်ယောက် ရှိနေပြီ။ ဒါကြောင့် အဲဒီမြို့တွေမှာ အုပ်စုတစ်စုစီ ဖွဲ့စည်းခဲ့ပြီး မကြာခင်မှာ အုပ်စုနှစ်စုလုံးက အသင်းတော်တွေဖြစ်လာတယ်။ ဒါပေမဲ့ ဟေတီလူမျိုးအများစုက စပိန်စကားကို သင်ယူချင်ပြီး စပိန်အသင်းတော်မှာပဲ စည်းဝေးတက်ချင်ပုံရလို့ အသင်းတော်တွေကို ဖျက်သိမ်းလိုက်ရတယ်။ ဘာနဘီ အခုလိုပြောပြတယ်– “လုပ်ငန်းတော်ဌာနကညီအစ်ကိုတွေနဲ့ တွေ့ဆုံဆွေးနွေးတဲ့အခါ ဟေတီ ကရီအောလ်စကားနဲ့ ဟောပြောခြင်းလုပ်ငန်းကို ခဏရပ်ထားတာပိုကောင်းမယ်လို့ ကျွန်တော်တို့ကို အကြံပေးခဲ့တယ်။”
ဟေတီ ကရီအောလ်စကားနဲ့ဟောပြောခြင်းလုပ်ငန်း ပြန်တိုးတက်လာ
၂၀၀၃ ခုနှစ်မှာ အုပ်ချုပ်ရေးအဖွဲ့က ဟေတီ ကရီအောလ်စကားနဲ့ဟောပြောခြင်းလုပ်ငန်းကို ဦးဆောင်ဖို့ သာသနာပြုဇနီးမောင်နှံ ဒွန်နဲ့ဂလက်ဒါ့စ် ဘာ့ခ်တို့ကို ဒိုမီနီကန်နိုင်ငံမှာ တာ၀န်ခန့်အပ်တယ်။ အီဂွာမြို့မှာ နှစ်,နှစ်ကြာအမှုဆောင်ပြီးနောက် ရလဒ်ကောင်းတွေ ရလာတယ်။ ၂၀၀၅၊ ဇွန်လ ၁ ရက်မှာ ဟေတီ ကရီအောလ်စကားပြော အသင်းတော်ဖွဲ့စည်းနိုင်ခဲ့တယ်။ ဟေတီ ကရီအောလ်စကားပြောသူတွေကို ကူညီပေးဖို့ ဒွန် ဘာ့ခ်၊ ဘာနဘီ ဘီယာဘာနီနဲ့ နောက်သာသနာပြုတစ်ဦးဖြစ်တဲ့ စတီဗင် ရိုဂျာတို့ဟာ နိုင်ငံတစ်၀န်း မမောနိုင်မပန်းနိုင် ခရီးသွားခဲ့ကြတယ်။
လုပ်ငန်းတိုးတက်လာလို့ အသင်းတော်တွေ ထပ်ဖွင့်ခဲ့တယ်။ ၂၀၀၆၊ စက်တင်ဘာ ၁ ရက်မှာ ဟေတီ ကရီအောလ်စကားပြော တိုက်နယ်တစ်ခုကို ဦးဆုံးဖွဲ့စည်းခဲ့တယ်။ အဲဒီတိုက်နယ်မှာ အသင်းတော်ခုနစ်ခုနဲ့ အုပ်စုနှစ်စုရှိပြီး ဘာနဘီ ဘီယာဘာနီက တိုက်နယ်ကြီးကြပ်မှူးအဖြစ် အမှုဆောင်တယ်။
နောက်ပိုင်းနှစ်တွေမှာ ဟေတီ ကရီအောလ်စကားပြောသူတွေကို ကူညီပေးဖို့ နောက်ထပ်သာသနာပြုတွေကို ဒိုမီနီကန်နိုင်ငံမှာ တာဝန်ခန့်အပ်ခဲ့တယ်။ ကနေဒါ၊ ဥရောပ၊ အမေရိကန်နဲ့ တခြားနိုင်ငံတွေက စေတနာ့ဝန်ထမ်းတွေလည်း လာရောက်ကူညီကြတယ်။ ပြည်တွင်းပြည်ပကညီအစ်ကိုညီအစ်မတွေ ဟေတီ ကရီအောလ်စကား သင်ယူနိုင်အောင် သင်ရိုးညွှန်းတမ်းတစ်ခုပြင်ဆင်ဖို့ အရည်အချင်းရှိညီအစ်ကိုတချို့ကို တာ၀န်ပေးခဲ့တယ်။
ဟေတီလူမျိုးမဟုတ်ဘဲ ဟေတီ ကရီအောလ် စကားပြောရင် ယေဟောဝါ သက်သေပဲလို့ ယူဆကြ
ဒိုမီနီကန်နိုင်ငံက ညီအစ်ကိုညီအစ်မအတော်များများ ဟေတီ ကရီအောလ်စကားကို ကြိုးစားသင်ယူတာဟာ ဟေတီလူမျိုးတွေအတွက် တကယ်အကျိုးရှိတယ်။ အခုဆိုရင် ဒိုမီနီကန်လူမျိုးကြေညာသူတစ်ယောက်က ဟေတီ ကရီအောလ်စကားနဲ့ ကျမ်းစာအမှန်တရားအကြောင်းပြောပြတဲ့အခါ ဆက်ဆံရေးတင်းမာတာတွေ မရှိတော့ဘဲ သတင်းကောင်းကို လိုလိုလားလား နားထောင်ကြတယ်။ ညီအစ်ကိုညီအစ်မအများစုက အဲဒီစကားကို သင်ယူပြောဆိုနေကြတယ်။ ဒါကြောင့် ဟေတီလူမျိုးမဟုတ်ဘဲ ဟေတီ ကရီအောလ် စကားပြောရင် ယေဟောဝါသက်သေပဲလို့ လူအများယူဆကြတယ်။
ယဉ်ကျေးမှုမတူသူတွေအပေါ် စိတ်ဝင်စားမှုပြတာက သိပ်အကျိုးရှိမှန်း ထင်ရှားပါတယ်။ ဟေတီ ကရီအောလ်ဘာသာစကား သင်တန်းကိုတက်ခဲ့တဲ့ ဒိုမီနီကန်လူမျိုး ရှေ့ဆောင်ညီအစ်မတစ်ဦးရဲ့ အတွေ့အကြုံကို သုံးသပ်ကြည့်ပါ။ အဲဒီညီအစ်မက အမှုဆောင်နေတုန်း စိတ်၀င်စားတဲ့ဟေတီလူမျိုး မောင်နှံတစ်စုံနဲ့တွေ့ဆုံခဲ့ပြီး ကျမ်းစာသင်ပေးဖို့ သူတို့ဆီ ပြန်လည်ပတ်တယ်။ ညီအစ်မ ဒီလိုပြန်ပြောပြတယ်– “ဒိုမီနီကန်သူတွေရဲ့ ဓလေ့ထုံးစံအတိုင်း ကျွန်မက ဇနီးဖြစ်သူရဲ့ပါးကိုနမ်းပြီး နှုတ်ဆက်လိုက်တယ်။ ဒါနဲ့ သူငိုတော့တာပဲ။ ‘ဘာဖြစ်လို့လဲ’ လို့မေးတော့ ‘ဒီနိုင်ငံမှာ နေလာခဲ့တာကြာပြီ၊ ကျွန်မကို အခုလိုနမ်းပြီးနှုတ်ဆက်တာ ဒါပထမဆုံးပဲ’ လို့ပြောတယ်။”
ဒီလိုကြိုးစားလုပ်ဆောင်မှုတွေကို ယေဟောဝါကောင်းချီးပေးတဲ့အတွက် တစ်ရှိန်ထိုး တိုးတက်လာတယ်။ ၂၀၀၉၊ စက်တင်ဘာ ၁ ရက်မှာ ဟေတီ ကရီအောလ်စကားပြော အသင်းတော် ၂၃ ခုနဲ့ အုပ်စု ၂၀ ရှိလာလို့ ဒုတိယမြောက်တိုက်နယ်ကို ဖွဲ့စည်းခဲ့တယ်။ ၂၀၁၁ ခုနှစ်ရဲ့ အောက်မေ့ရာပွဲ တက်ရောက်သူအရေအတွက်က တိုးတက်မယ့်အလားအလာရှိမှန်း ဖော်ပြနေတယ်။ ဥပမာ၊ ကြေညာသူ ၁၁ ယောက်ရှိတဲ့ ရီအိုလင်ပိုမြို့လေးမှာ အောက်မေ့ရာပွဲတက်ရောက်သူ ၅၉၄ ယောက်ရှိတယ်။ ကြေညာသူတစ်ယောက်မှမရှိတဲ့ လက်စ်ရာရာစ် ဒီဗီယာခါမာမြို့မှာလည်း အောက်မေ့ရာပွဲကျင်းပဖို့ စီစဉ်တဲ့အခါ တက်ရောက်သူ ၁၇၀ ရှိခဲ့တယ်။ ၂၀၁၁၊ စက်တင်ဘာလရောက်တော့ အသင်းတော် ၃၃ ခုနဲ့ အုပ်စု ၂၁ စုရှိလာတယ်။ ဒါကြောင့် ၂၀၁၂ ခုနှစ်မှာ နောက်ထပ်တိုက်နယ်တစ်ခု ဖွဲ့စည်းခဲ့တယ်။
ဒိုမီနီကန်နဲ့ဟေတီဌာနခွဲတွေဟာ နှစ်နိုင်ငံစလုံးမှာရှိတဲ့ ညီအစ်ကိုတွေကို လေ့ကျင့်ပေးဖို့ ပူးပေါင်းလုပ်ဆောင်ကြတယ်။ တစ်ကိုယ်ရေညီအစ်ကိုများအတွက် ကျမ်းစာသင်တန်းငါးကြိမ်၊ ခရစ်ယာန်မောင်နှံများအတွက် ကျမ်းစာသင်တန်းလေးကြိမ်ကို ဟေတီ ကရီအောလ်စကားနဲ့ ကျင်းပပြီးပြီ။
ဟေတီ ကရီအောလ်စကား သင်ယူနေကြ